လှည့်စားခံရခြင်း
Vol. 14 Ch. 198
အခန်း ၁၉၈ - လှည့်စားခံရခြင်း
Translator - Than Toe Aung
ဆူဇီမို၏ အကြည့်က စံပြဝံပုလွေအပေါ် ရောက်ရှိလိုက်သည့်အချိန်မှာပင် ထိုသတ္တဝါက တစ်စုံတစ်ရာကို ခံစားသိရှိမိလိုက်သလို ရုတ်တရတ် အနည်းငယ် လှုပ်ရှားလိုက်၏။
"အဲ့!"
ဆူဇီမို ရင်တစ်ချက် ထိတ်သွား၏။
သူသည် သူ့အကြည့်ကို အလွန်တရာ သိုဝှက်ထားသောကြောင့် အခြေတည်အဆင့် ဝံပုလွေဆယ်ကောင်ပင်လျှင် သူကြည့်နေသည်ကို သတိမထားမိပေ။
စံပြဝံပုလွေက သူ့အကြည့်ကို သတိထားမိသည်ဆိုလျှင် ထိုသတ္တဝါက ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲဖြစ်ဖို့ ၈၀%လောက် သေချာလေသည်။
ဆူဇီမိုက ဆက်လက်အကဲခတ်ကြည့်နေလိုက်၏။
စံပြဝံပုလွေက လှုပ်သည်ဆိုရုံမျှသာ လှုပ်လိုက်ပြီး.. တခြားထူးသည့် လှုပ်ရှားမှုမျိုး မရှိပေ။ သတ္တဝါက မျက်လုံးကိုပင် မဖွင့်ဘဲ သူ့ကိုယ်သူ သက်တောင့်သက်သာရှိအောင် အနည်းငယ်နေရာပြင်လိုက်ပုံသာ ဖြစ်၏။
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
"ဝူး...အူ"
ထိုအချိန်၌ စိတ်ဝိညာဉ်သားရဲ၀ံပုလွေငါးကောင်သည် အသာအယာ မာန်ဖီလိုက်ပြီး ဒေါမာန်ထနေသော အမူအယာနှင့် လိုဏ်ဂူ၀ဆီ တဖြည်းဖြည်း ချည်းကပ်သွား၏။လိုဏ်ဂူပေါက်၀က ကျဉ်းကြုတ်လှ၏။
ဝံပုလွေငါးကောင်သည် လိုဏ်ဂူထဲသို့ အရမ်းကာရော မ၀င်ရဲဘဲ၊ အရှေ့၌သာ လှည့်ပတ်လျှောက်သွားနေ၏။
"အု အု!"
မကြာမီ လိုဏ်ဂူအတွင်းမှ လှောင်ပြောင်ရန်စနေသော ရင်းနှီးနေကျ အသံတစ်သံက ထွက်လာ၏။
ဆူဇီမို၏ မျက်လုံးက ၀င်းလက်သွား၏။ သူသည် နောက်ထပ် သံသယမရှိတော့ပေ။
ထိုအရာက စိတ်ဝိညာဉ်မျောက်၏ အသံပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်မျောက်က အလွန်တရာ ဉာဏ်ကောင်း၏။ သူသည် နေရာအားသာချက်ကို အရယူပြီး လိုဏ်ဂူ အပေါက်၀၌ စောင့်ကာ ဝံပုလွေများကို တစ်ကောင်ပြီးတစ်ကောင် ရိုက်သတ်နေခြင်းဖြစ်၏။
သို့သော်လည်း ထိုအရာက ယာယီဖြေရှင်းမှုသာ ဖြစ်လေသည်။
စိတ်ဝိညာဉ်မျောက်သည် ဝံပုလွေများ၏ ချောင်းမြောင်းတိုက်ခိုက်မှု မခံရစေရန် အချိန်တိုင်းသတိနှင့် စောင့်ကြည့်နေရ၏။ သူ့မှာ အနားယူရချိန် လုံး၀မရှိပေ။
ဤပုံစံအတိုင်းသာ ဆက်သွားနေလျှင်၊ စိတ်ဝိညာဉ်မျောက်သည် နောက်ဆုံးတွင် သက်လုံကျကာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဝံပုလွေများက ၁၀၀၀၀ကျော်နေပြီး စိတ်ဝိညာဉ်မျောက်က တစ်ကောင်တည်းဖြစ်၏။
၀င်ပေါက်၀နားမှ ဝံပုလွေငါးကောင်သည် စိတ်ဝိညာဉ်မျောက်၏ ရန်စမှုအောက် ကျရောက်မသွားခဲ့ပေ။
သူတို့၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များက လက်နေပြီး.. လိုဏ်ဂူ၏ ရှေ့နားတွင် ဟိုဟိုသည်သည်သာ လှည့်ပတ်သွားလာနေ၏။
ဆူဇီမို၏ အကြည့်က အစိမ်းရောင်ကျောက်ဆောင်ပေါ်တွင် ရှိနေသော စံပြဝံပုလွေပေါ်သို့ ပြန်လည်ရောက်ရှိသွား၏။
ထိုသတ္တဝါကသာ ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲဖြစ်နေလျှင်၊ စိတ်ဝိညာဉ်မျောက်သည် သေနှင့်နေပြီမှာ ကြာနေလောက်ပေပြီ။ ယခုအချိန်ထိ ရှိနေနိုင်မှာ မဟုတ်ပေ။
ထိုသို့ တွေးလိုက်ပြီးနောက် ဆူဇီမိုသည် ဆက်လက် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်လိုက်ပြီး သစ်ပင်ပေါ်ကနေ ခုန်ချလိုက်၏။ လေထဲအရောက် သူ့ခြေထောက်အောက်တွင် ဓါးပျံတစ်လက်က ပေါ်လာ၏။
ရွှစ်..!
ဓါးရိပ်တစ်ခုက လေထဲတွင် ဖြတ်သန်းလာ၏။ ဆူဇီမိုသည် ထူထပ်သိပ်သည်းသော ဝံပုလွေအုပ်ကြီး အပေါ်ကနေ ဖြတ်ကျော်လာ၏။ သူသည် ဝံပုလွေများ၏ မာန်ဖီဟိန်းဟောက်သံများကို လျစ်လျူရှုလိုက်ပြီး လိုဏ်ဂူဆီသို့ တန်းသွားလိုက်၏။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကျောက်ဆောင်ပေါ်ရှိ စံပြဝံပုလွေသည် သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်သောအခါ ကောက်ကျစ်စဉ်းလဲသော အရောင်က ထွက်ပေါ်လာ၏။
ရွှစ်! ရွှစ်! ရွှစ်!
လေထဲတွင် ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး သူ့မျက်လုံးများက ကြည်လင်နေ၏။ သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်သောအခါ ဓါးပျံခြောက်လက်က သူ့သိုလှောင်အိတ်ထဲကနေ ပျံထွက်လာ၏။
"ဆဋ္ဌဂံဓါး၀င်္ကပါ!"
သူသည် ညင်သာစွာ အော်လိုက်ပြီး ဓါးပျံခြောက်လက်ကို ထိန်းချုပ်၍ လေထဲတွင် လျှင်မြန်စွာ ရွေ့လျားစေကာ တိကျသော လမ်းကြောင်းတစ်ခုစီကို ပုံဖော်လိုက်၏။ ဓါးသွားရာလမ်းကြောင်းအနောက်တွင် ဓါးချီများက ကျန်ရစ်ခဲ့ပြီး ကြီးမားသည့် ဆဋ္ဌဂံဓါး၀င်္ကပါတစ်ခုကို ဖြစ်ပေါ်လာစေ၏။
"ဇီ..!"
၀င်္ကပါလမ်းကြောင်းများမှ အလင်းရောင်များက ပြိုးပြိုးပြက်ပြက်လင်းလက် ထွက်ပေါ်လာ၏။
ဇီ! ဇီ! ဇီ!
ဆူဇီမိုသည် ကြီးမားသည့် ဓါးပျံ၀င်္ကပါကို ထိန်းချုပ်လိုက်ပြီး လိုဏ်ဂူရှေ့တွင် ဝေ့လည်ကြောင်ပတ်လုပ်နေသော ဝံပုလွေငါးကောင်ဆီသို့ ပစ်လွှတ်လိုက်၏။ ဝင်္ကပါဖြတ်သွားရာလမ်းတစ်လျှောက် သတ္တုချင်းထိခတ်သံများက ထွက်ပေါ်နေပြီး.. ရန်လိုမှုနှင့် သိပ်သည်းသော ဓါးချီများကို သယ်ဆောင်လာ၏။
“ဂါး!”
ထိုအရာက ဘယ်လောက်ထိစွမ်းအားကြီးသလဲ မသိရှိသော ဝံပုလွေတစ်ကောင်သည် ဒေါမာန်ထနေသောအမူအယာနှင့် ရှေ့သို့ခုန်တက်လိုက်၏။ သူ၏ ထက်ရှသော လက်သည်းများကို ရှေ့ထုတ်ပြီး ဓါးဝင်္ကပါကို လှမ်း၍ ကုတ်ဆွဲလိုက်၏။
ထန်.. ထန်.. ထန်!
ဓါးဝင်္ကပါနှင့် ဝံပုလွေလက်သည်းတို့ ဆုံတွေ့ချိန်တွင် ဆတ်တောက်တောက် အသံများက ထွက်ပေါ်လာ၏။
ထို့နောက် သွေးစက်များက ဖွားကနဲထွက်လာပြီး လက်ချောင်းများက လွင့်ပျံထွက်လာ၏။
ဆဋ္ဌဂံဓါးဝင်္ကပါနှင့် ရင်ဆိုင်တွေ့ပြီးနောက် စိတ်ဝိညာဉ်သားရဲဝံပုလွေသည် အသားစင်းကော ဖြစ်သွားရှာ၏။
“မျောက်ငတုံး.. ထွက်လာခဲ့တော့ဟ.. ငါ မင်းကို ဒီကနေ ခေါ်ထုတ်ပေးမယ်!”
ဆူဇီမိုက အော်ဟစ်ရင်း.. ဆဋ္ဌဂံဓါးဝင်္ကပါကို ထိန်းချုပ်ကာ အခြားဝံပုလွေလေးကောင်နောက်သို့ လိုက်စေလိုက်၏။
ခဏကြာပြီးနောက်.. ပိန်းပိတ်အောင်မှောင်နေသော တွင်းပေါက်ထဲမှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ထွက်လာ၏။ သူသည် မဟူရာတောင်ဝှေးတစ်ချောင်းကို ကိုင်ထားပြီး.. သူ၏ လက်တံများက မြေပြင်သို့ ထိလုနီးပါး ရှည်လျားနေ၏။
ဆူဇီမိုကို မြင်တွေ့ရချိန်တွင်.. စိတ်ဝိညာဉ်မျောက်သည် ပျော်ရွှင်မှုဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွာ၏။
ထို့နောက် ချက်ချင်းပင် သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး.. ပျော်ရွှင်မှုက အကြောက်တရားသို့ ပြောင်းလဲသွား၏။
“အို့..အူး..”
စိတ်ဝိညာဉ်မျောက်သည် အမွေးများထောင်ထလာသည်အထိ ဆူဇီမိုအား အနောက်ကို သတိထားဖို့ လက်ဟန်ပြ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အားကောင်းသော အန္တရာယ်ကို ခံစားလိုက်မိပြီး တစ်ခုခု လွဲမှားနေတာကို သိရှိလိုက်သလို.. သူ့အမူအယာက ပြောင်းလဲသွား၏။
အနောက်သို့ သူပြန်မလှည့်နိုင်ခင်မှာပင် အနိဋ္ဌာရုံ လေအဟုန်က သူ့နောက်ကျောကို ရိုက်ခတ်လာလေပြီ။
ဆူဇီမိုသည် ယခုအချိန် ဓါးပျံပေါ်မှာ ရှိနေ၏။ ဝံပုလွေတစ်ကောင်ကသာ သူ့နောက်ကနေ ပေါ်လာသည်ဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိ၏။
လေထဲတွင် ပျံနိုင်သော ဝံပုလွေက ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲပင်!
“ငါတော့ လှည့်စားခံလိုက်ရပြီ!”
ကျောက်ဆောင်ပေါ်တွင် ဝပ်တွားနေသော စံပြဝံပုလွေ၏ ပုံရိပ်က ဆူဇီမို၏ စိတ်ထဲ ပြန်လည်ပေါ်လာ၏။
စံပြဝံပုလွေကို သူ့ကြည့်လိုက်တုန်းက ၎င်းသည် အနည်းငယ် လှုပ်ရှားသွားခဲ့၏။
တိုက်ဆိုင်မှုသာ ဖြစ်လိမ့်မည်ဟု ဆူဇီမိုသည် တွေးခဲ့၏။
သို့သော် အခုတော့ သူသဘောပေါက်သွားလေပြီ။
ထိုအချိန်က စံပြဝံပုလွေသည် သူရောက်နေသည်ကို အာရုံခံမိလိုက်ပြီး အမှတ်တမဲ့ တုန့်ပြန်မှု ပြုလိုက်ခြင်းဖြစ်၏။
သို့သော် ထိုအချိန်တုန်းက ၎င်းသည် မျက်လုံးကိုပင် ဖွင့်မကြည့်ဘဲ မသိလိုက်မသိဖာသာနှင့်သာ ဆက်လက်အိပ်ဟန်ဆောင်နေခဲ့၏။ ထိုအပြုအမူအားလုံးက ဆူဇီမို ထွက်လာဖို့ မြားခေါ်လိုက်ခြင်းပင် ဖြစ်လေသည်။
ဝံပုလွေများ၏ ကောက်ကျစ်စဉ်းလဲဉာဏ်က ကျောချမ်းစရာပင် ဖြစ်လေသည်။
ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်က ခွန်အားအရ ဆူဇီမိုကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်းရှိ၏။ အကြိတ်အနယ် တိုက်ခိုက်နေစရာပင် မလိုပေ။
အားကောင်းသော အော်ရာက သူ့နုလုံးခုန်ကိုပင် ရပ်တန့်စေလောက်၏။
ဆူဇီမိုသည် ခန္ဓာကျောက်ရုပ်ကို ပုံဖော်လိုက်ပြီး ရှေ့သို့ ရှိသမျှ အားနှင့် ခုန်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဆဋ္ဌဂံဓါးဝင်္ကပါကို သူ့နောက်ကျောဆီသို့ ခုခံဖို့ရာ ဆွဲယူလိုက်၏။
ရွှစ်..
အဆက်မပြတ် လှည့်ပတ်ရင်း.. ဆဋ္ဌဂံဓါးဝင်္ကပါမှ တစ်ဖျတ်ဖျတ်တစ်လက်လက် တောက်ပသော ဓါးအလင်းတန်းများက ထွက်ပေါ်လာကာ.. ကြီးမားသည့် ကြေးမုံတစ်ချပ်လို ဆူဇီမို၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထား၏။
လေထဲတွင် ပျံသန်းလာရင်း.. စံပြဝံပုလွေ၏ မျက်လုံးထဲတွင် လှောင်ပြောသရော်မှုက ထင်ဟပ်လာ၏။ သူ၏ ထက်ရှသော လက်သည်းများဖြင့် ဆဋ္ဌဂံဓါးဝင်္ကပါ၏ မျက်နှာပြင်ကို သာမန်ကာလျှံကာ ရိုက်ပုတ်လိုက်၏။
ဘုန်း..!
နားကွဲလောက်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ဆဋ္ဌဂံဓါးဝင်္ကပါသည် မလည်ပတ်နိုင်တော့ဘဲ.. ဆူဇီမိုဘက်သို့ ပြင်းထန်စွာ ပြန်ကန်လွင့်လာ၏။
သူ့အမူအယာက ပြောင်းလဲသွားပြီး သွေးများကို အန်ထုတ်ကာ လေထဲကနေ ပြုတ်ကျလာ၏။
ဓါးဝင်္ကပါက ပျက်ပြယ်သွား၏။ ဓါးပျံခြောက်လက်ပေါ်တွင် အက်ကြောင်းရာများ ပေါ်လာပြီး အရောင်မှိန်ကျလာ၏။ ထို့နောက် ဓါးပျံများအားလုံးက ကျိုးပဲ့ထွက်သွား၏။
ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုက အဆင့်နိမ့်ဓါးပျံခြောက်လက်ကို အမှန်တစ်ကယ် ဖျက်ဆီးပစ်လိုက်ပေပြီ။
ဘယ်လောက်ကြောက်စရာကောင်းလိုက်တဲ့ ခွန်အားလဲ!
“အု..!”
စံပြဝံပုလွေက လေထဲတွင် ရပ်တန့်လိုက်၏။ သူ၏ ပါးစပ်ကို ဖွင့်ဟ၍ ရွံ့ရှာထိတ်လန့်ဖွယ်ရာ သွားစွယ်များနှင့် နီရဲနေသောလျှာကို ထုတ်ပြကာ.. နားပင်းမတတ် ဟိန်းဟောက်လိုက်၏။ ထိုဟိန်းဟောက်သံက တောအုပ်ကို တုန်ခါသွားစေပြီး တောင်တန်းများပေါ်မှ ကျောက်ခဲများကိုပင် ပြုတ်ကျလာစေ၏။
၎င်းက ခမ်းနားထည်ဝါပြီး ဒေါမာန်ကြီးမှုနှင့် လွှမ်းမိုးနိုင်စွမ်းရှိမှုတို့ကို ပိုင်ဆိုင်ထား၏။
စိတ်ဝိညာဉ်မျောက်က ကြောက်လန့်တကြား ထခုန်လိုက်ပြီး လေထဲမှ ပြုတ်ကျလာသော ဆူဇီမိုကို ပြေးဖမ်းကာ လိုဏ်ဂူထဲသို့ ပြန်ဝင်ဖို့ ကြိုးစားလိုက်၏။
သို့သော်လည်း သူ့နောက်ရှိ လိုဏ်ဂူပေါက်ဝက ယခုအခါ များစွာသောဝံပုလွေများနှင့် ပိတ်ဆို့နေပေပြီ။
စံပြဝံပုလွေက အထက်စီးကနေ မြေပြင်ပေါ်ရှိ လူတစ်ယောက်နှင့် မျောက်တစ်ကောင်ကို ကြည့်လိုက်၏။ သူ့မျက်လုံးသည် အထင်အမြင်သေးမှုနှင့် ပြည့်နှက်နေ၏။ သို့သော်လည်း သူက ဆက်လက်မတိုက်ခိုက်ပေ။
ဘေးပတ်ပတ်လည်ရှိ ဝံပုလွေများက သူတို့နှစ်ယောက်ကို တစ်လွှာပြီးတစ်လွှာ ဝိုင်းပတ်လိုက်ကြ၏။
“အူး..!”
စိတ်ဝိညာဉ်မျောက်က ဆူဇီမိုကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်း.. သူ့ရန်သူများကို အံကြိတ်၍ ခေါင်းထုတ်ပြလိုက်၏။ သူ့မျက်လုံးများက သွေးရောင်တောက်ပလာပြီး.. ခြိမ်းခြောက်သလို နှာမှုတ်လိုက်၏။
“ငမျောက်.. ငါ့ကို ချပေး”
ထိုအချိန်မှာပင် အားနည်းနေသော ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“အောင်း”
စိတ်ဝိညာဉ်မျောက်သည် ခဏမျှ ကြောင်အနေပြီးနောက်.. ဆူဇီမိုကို မတ်တပ်ရပ်နိုင်ဖို့ ကူညီပေးလိုက်၏။
ဆူဇီမိုသည် သူနှုတ်ခမ်းထောင့်မှ သွေးများကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး.. အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူမျိုချလိုက်၏။ သူ့မျက်နှာက ဖြူလျော့နေသေးသော်လည်း သူ့အသက်ရှူသံက ပုံမှန်ပြန်ဖြစ်လာ၏။
ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲက အလွန်တရာ သန်မာလှ၏။
ဆဋ္ဌဂံဓါးဝင်္ကပါနှင့် ဆန်းကြယ်ရွှေပိုးချပ်ဝတ်တို့နှင့်တောင်မှ.. ဆူဇီမို၏ ကိုယ်တွင်းအင်္ဂါများသည် အပြင်းအထန် တုန်ခါသွားပြီး နေရာများပင် ရွေ့ကုန်ပြီထင်၏။
ဆဋ္ဌဂံဓါးဝင်္ကပါနှင့် ဆန်းကြယ်ရွှေပိုးချပ်ဝတ်တို့သာ မရှိလျှင် ဆူဇီမိုသည် စိစိညက်ညက်သေကြေနေလောက်ပြီမှာ စဉ်းစားကြည့်ဖို့ မခက်လှပေ။
လူသားနှင့် ဝံပုလွေက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
စံပြဝံပုလွေက သူ့ခေါင်းကို ဝင့်ကြွားစွာ မော့လိုက်ပြီး အစိမ်းရောင်ကျောက်ဆောင်ပေါ်သို့ ပြန်တက်ကာ ဆက်လက်တိုက်ခိုက်လိုဟန် မရှိတော့ပေ။
စံပြဝံပုလွေ၏ အမြင်အရ ဆူဇီမိုသည် မသေသေးသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေပြီ။
သူ၏ အားကိုးရာ ဓါးပျံများကိုလည်း ဆုံးရှုံးသွားရပြီဖြစ်သောကြောင့်.. ဤလူသားနှင့် မျောက်သည် ဝံပုလွေအုပ်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ကြုံရသည်အခါ သေချာပေါက် သေရပေလိမ့်မည်။