ရင်ဘောင်အတူတန်းလို့ တိုက်ကြပါစို့
Vol. 14 Ch. 199
အခန်း ၁၉၉ - ရင်ဘောင်အတူတန်းလို့ တိုက်ကြပါစို့
Translator – Than Toe Aung
ဆူဇီမိုသည် အစိမ်းရောင်ကျောက်ဆောင်ပေါ်က စံပြဝံပုလွေကို ကြည့်လိုက်ပြီး သူ့ကိုယ်တွင်းအင်္ဂါများဆီမှ နာကျင်မှုကို တောင့်ခံလိုက်၏။ သူသည် ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများကို စဉ်းစားရင်း ဦးနှောက်ခြောက်လာ၏။
ဖြစ်နိုင်ခြေက အလွန်တရာ နည်းလွန်းလှ၏။
ပထမတစ်ချက်.. စံပြဝံပုလွေက အလွန်တရာ သန်မာ၏။
ထိုသတ္တဝါသည် ဆူဇီမိုအား လုံးဝ အမှုန့်ချေနိုင်၏။ သူကား ဆူဇီမိုတစ်ယောက် ပြန်လှန်ခုခံခြင်းငှာ မစွမ်းသာသော တည်ရှိမှုဖြစ်၏။
ဒုတိယတစ်ချက်.. စံပြဝံပုလွေက အလွန်တရာ မြန်ဆန်၏။
သူ့မှာသာ အာရုံခံသတိစိတ်မရှိလျှင် ဆူဇီမိုသည် စောစောကတည်းက သေနှင့်နေပြီဖြစ်၏။
ဆူဇီမို၏ တစ်ခုတည်းသော လောက်လောက်လားလား အားထားရာမှာ သူ၏ သွေးရိုးလက်ဝါးသာ ရှိတော့လေသည်။
ထိုသွေးရိုးလက်ဝါးက ဘာဆိုတာကို ဆူဇီမိုသည် ယခုအချိန်ထိ သေချာရေရာ မသိသေးပေ။
သို့သော်လည်း ထိုအရာသည် မဖျက်ဆီးနိုင်သော၊ ကြောက်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ကြောင်း သူသိလေသည်။ သူသည် ထိုအရာနှင့် စံပြဝံပုလွေကိုသာ အမိအရ ထိုးနှက်နိုင်လျှင် ထိုသတ္တဝါကို အပြင်းအထန် ဒဏ်ရာရသွားစေတာမျိုးဖြစ်ဖို့ အခွင့်များလေသည်။
“ဝု..!”
ဘေးပတ်ပတ်လည်ရှိ အခြေတည်အဆင့် ဝံပုလွေဆယ်ကောင်ကျော်ကျော်သည် သူတို့၏ သွားစွယ်များကို လှစ်ဟပြ၍ ခေါင်းကိုငုံ့ကာ သွေးဆာနေသလို အော်ဟစ်လိုက်ကြ၏။
“ဝု.. အူ..!”
ဝံပုလွေအူသံများက တောင်တန်းတစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ လွှမ်းခြုံသွားပြီး ငှက်များစွာကို ချောက်ချားတုန်လှုပ်သွားစေ၏။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး.. စိတ်အေးလက်အေးအမူအယာနှင့် ပြုံးလိုက်၏။
“မျောက်ငတုံး.. ငါတို့ နှစ်ယောက် ရင်ဘောင်တန်းပြီး အတူမတိုက်ရတာ.. နှစ်နှစ်တောင် ရှိသွားပြီမှတ်လား”
“အောင်း.. အောင်း!”
စိတ်ဝိညာဉ်မျောက်သည် ဝံပုလွေများ၏ အလယ်တွင် ရောက်နေပြီး အချိန်မရွေး အသက်ဆုံးရှုံးရတော့မည့် အခြေအနေကို ရောက်နေသော်လည်း.. သူသည် နည်းနည်းကလေးမျှ ကြောက်ရွံ့တုန်လှုပ်ဟန် မပြပေ။ ထို့အစား သူသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေပြီး ပျော်ရွှင်လာပုံပင်ရ၏။
ပျော်ရွှင်မှုက ဆူဇီမိုနှင့် ပြန်လည်ဆုံတွေ့ရသောကြောင့်ဖြစ်၏။
စိတ်ဝိညာဉ်မျောက်ထံမှ စိတ်ခံစားချက်များကို သိရှိလိုက်ပြီး.. ဆူဇီမိုသည် ရယ်ချလိုက်၏။
“ပြီးခဲ့တဲ့နှစ်နှစ်ကဆို.. ငါတို့ ဒီကောင်တွေနဲ့ တစ်ခါမှ ထိပ်တိုက်ဆိုင်မတိုက်ရဲခဲ့ဘူး.. ဒီနေ့ကတော့ ရှားရှားပါးပါး အခွင့်အရေးကို ရတာပဲ.. လုပ်စမ်းကွာ.. ငါတို့ စိတ်နုလုံးကျေနပ်အားရတဲ့အထိ တိုက်ကြတာပေါ့.. ငမျောက်.. ငါ့ကို ပြကြည့်ပါဦး.. ဒီနှစ်နှစ်အတွင်း မင်းဘယ်လောက်ထိ တိုးတက်လာခဲ့သလဲဆိုတာ!”
“ဟား!”
ထိုသည်ကို ကြားသောအခါ စိတ်ဝိညာဉ်မျောက်က မာန်ဖီဟိန်းဟောက်လိုက်၏။
သူ၏ သွေးများက လျှင်မြန်စွာ ရုန်းကြွလာပြီး.. အသားများက ပွတက်လာကာ သူ၏ ခန္ဓာကိုယ်က ကြီးမားလာ၏။ သူ့လက်ထဲက တောင်ဝှေးကို ဝေ့ယမ်းလိုက်ပြီး ဝံပုလွေအုပ်ထဲသို့ အရင်ဆုံး ခုန်ဝင်သွားလိုက်တော့၏။
ထိုတောင်ဝှေးက သိပ်သည်းပြင်းထန်သော စွမ်းအား၊ အင်အားများနှင့် ပြည့်နှက်နေ၏။ သူနှင့် ရင်ဆိုင်ရသော ဝံပုလွေသည် အခြေတည်အဆင့်ဖြစ်သော်လည်း သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုက ထင်ဟပ်လာပြီး.. ထိုတောင်ဝှေးကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ဘေးသို့ခုန်ရှောင်လိုက်၏။
ဖောင်း!
ရှေ့ဆုံးက ဝံပုလွေက ခုန်ရှောင်လိုက်နိုင်သော်လည်း သူ့နောက်ကကောင်ကတော့ ကံမကောင်းရှာပေ။ စိတ်ဝိညာဉ်မျောက်၏ တောင်ဝှေးနှင့် ရိုက်ခတ်ခံလိုက်ရတိုင်း.. ဝံပုလွေများသည် ဦးနှောက်များထွက်ကာ သေပွဲဝင်ရရှာကုန်၏။
ဝှစ်..!
ဆူဇီမိုသည် သူ့သွေးများကို လှည့်ပတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ရာ အသံများက ထွက်ပေါ်လာ၏။ သူ့အရေပြားပေါ်တွင် အပြာရောင်လျှပ်စီးကြောင်းတစ်ခုက ပေါ်လာပြီး တစ်ဖျောက်ဖျောက်မြည်ကာ.. ပြိုးပြိုးပြက်ပြက် ဝင်းလက်သွား၏။
ဝုန်း!
သူ့လက်ကို နောက်ပြန်ဝေ့ယမ်းလိုက်သောအခါ.. လက်မောင်းလုံးလောက်ရှိသော မိုးကြိုးလျှပ်စီးကြောင်းတစ်ခုက ဝံပုလွေအုပ်ထဲသို့ ပြုတ်ကျလာပြီး ပေါက်ကွဲထွက်သွား၏။ လျှပ်စစ်မီးပွားများက အဘက်ဘက်သို့ ဖြာထွက်သွားပြီး.. အစိမ်းရောင်မီးခိုးများက အူထွက်လာ၏။
ကြောက်စရာမိုးကြိုးစွမ်းအားအောက်တွင်.. စိတ်ဝိညာဉ်တောကောင်ဝံပုလွေများသည် နေရာမှာပင် လျှပ်စစ်ဓါတ်လိုက်၍ သေကုန်ကြ၏။ အခြေတည်အဆင့် ဝံပုလွေနှစ်ကောင်သည်လည်း.. လျှပ်စစ်ဓါတ်ဖြင့် အမွှေးများ ကောက်ကွေးကာ သနားစဖွယ် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
ရွှစ်..!
အခြား အခြေတည်အဆင့် ဝံပုလွေနှစ်ကောင်သည် ဘေးဘက်ကနေ ခုန်ဝင်လာကြ၏။ သူတို့၏ ချွန်ထက်သော လက်သည်းများက အေးစက်စက်လက်နေပြီး.. သွားစွယ်များကိုထုတ်ကာ ဆူဇီမို၏ လည်ပင်းကို ခုန်ကိုက်ဖို့ လုပ်လိုက်ကြ၏။
ဆူဇီမိုသာ အကိုက်ခံရလျှင် သူ၏ သန်မာလှပါသည်ဆိုသော ခန္ဓာကိုယ်ပင် ထိုအရာကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဒီကောင်ကတော့ သေချင်နေပြီ!”
သူ့မျက်လုံးများက တောက်ပစွာ လင်းလက်သွားပြီး.. ဟိန်းဟောက်လိုက်၏။ သူ့ဘယ်ဘက်လက်ကို လွှဲရမ်းလိုက်သောအခါ လေထဲတွင် ကြီးမားသော စက်ဝန်းသဏ္ဌာန်က ဖြစ်ပေါ်လာ၏။ သူသည် လက်သီးကို တံဆိပ်တုံးလို တစ်ခုသဘောထားလိုက်ပြီး ရုတ်တရတ် အောက်သို့ ရိုက်ချလိုက်၏။
ဘုန်း..
ကြီးမားသည့် တံဆိပ်တုံးကြီးက ဝံပုလွေတစ်ကောင်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး.. အရိုးကွဲအက်သံများက ထွက်ပေါ်လာ၏။
အသံတစ်ချက်ပင် မထွက်နိုင်ဘဲ.. အခြေတည်အဆင့်ဝံပုလွေက လေထဲကနေ ကားကနဲ ပြုတ်ကျလာ၏။
အပေါ်ယံကြည့်လျှင်တော့.. ထိုဝံပုလွေက မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သလိုပင်။ သို့သော်လည်း သူ့ဦးခေါင်းတွင်းမှာတော့ အင်္ဂါများက ကြေမွပျက်ဆီးနေရာရွေ့ကုန်ပေပြီ။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ့ညာဘက်ကို လှုပ်ရှားမှုပြုလုပ်လိုက်ပြီး လက်ဝါးကိုဖြန့်ထားကာ အခြားဝံပုလွေတစ်ကောင်၏ ရင်ညွှန့်ကို ရိုက်ချလိုက်၏။
“အု!”
ထိုဝံပုလွေသည် ဝမ်းနည်းဖွယ်ရာ မြည်သံပြုလိုက်ပြီး သူ့ကိုယ်က ဆူဇီမိုဆီသို့ ပြိုဆင်းလာ၏။
ဘန်း..
ချက်ချင်းဆိုသလိုပင်.. အခြေတည်အဆင့်ဝံပုလွေသည် အရိုးများ ကျိုးကြေကာ လွင့်စင်ထွက်သွား၏။ မြေပြင်ပေါ်သို့ မရောက်ခင်မှာပင် ထိုသတ္တဝါက အသက်ပျောက်သွားလေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင်.. ဆူဇီမိုသည် အခြေတည်အဆင့် ဝံပုလွေနှစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်၏။ သူ့အော်ရာသည် သိသိသာသာ မြင့်တက်လာပြီး.. ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့် ရန်လိုစိတ်က လေထုထဲတွင် ပြည့်နှက်လာ၏။
စိတ်ဝိညာဉ်မျောက်ကလည်း သူ၏ တောင်ဝှေးကို အားမာန်တက်ကြွစွာဖြင့် အရူးအမူး လှည့်ပတ်နေပြီး.. ရေပက်လို့ပင် မဝင်နိုင်လောက်ပေ။
ဖောင်း.. ဖောင်း.. ဖောင်း!
စိတ်ဝိညာဉ်မျောက်၏ အကြည့်က စူးရဲပြင်းထန်လာ၏။ သူ၏ အရပ်အမောင်း၊ အလုံးအထည်၊ ရှည်လျားသောလက်တံနှင့် သန်မာသောခွန်အားတို့ကြောင့်.. သူ့တောင်ဝှေးနှင့် ထိတွေ့မိသော ဝံပုလွေတိုင်းသည် မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရရှိကုန်ကြ၏။
စိတ်ဝိညာဉ်မျောက်၏ အနောက်တွင် ဆူဇီမို၏ အမူအယာက တည်ငြိမ်နေ၏။ အခြေအနေက သိပ်မဟန်လှသော်လည်း သူ့မျက်လုံးက အေးမြနေပြီး ကြောက်ရွံ့တုန်လှုပ်ဟန် ပြမနေပေ။
အဆင့်နိမ့် ဓါးပျံခြောက်လက်က ရွှေအူတိုင်အဆင့်ဝံပုလွေ၏ ရိုက်ပုတ်ချက်တစ်ချက်နှင့်ပင် ပျက်ဆီးသွားခဲ့ရ၏။
ဆူဇီမို၏ အေးမြစန္ဒာဆေဘာနှင့် မျှော်လင့်ချက်သလင်းလေးတို့က မိစ္ဆာဂိုဏ်းများ၏ အမွေအနှစ်ကုန်းမြေ၌ ကျကျန်ရစ်ခဲ့ပြီး.. သူသည် ၎င်းတို့ကို အချိန်မီပြန်လည် မသိမ်းဆည်းနိုင်ခဲ့ပေ။
ယခုအချိန်မှာတော့.. သူသည် ဝံပုလွေများနှင့် တိုက်ခိုက်ဖို့အတွက် သူ၏ ကိုယ်ကာယသက်သက်ကိုသာ အားကိုးရပေတော့မည်။
ထိုသို့ဆိုလျှင်တောင် ဆူဇီမို၏ ကိုယ်ကာယခွန်အားသည် ထိုဝံပုလွေများ တောင့်ခံခုခံနိုင်သောအရာ မဟုတ်ပေ။
ဘန်း.. ဘုန်း.. ဘန်း..!
သူ၏ ဒီအတိုင်း သာမန်ကာလျှံကာ ထိုးနှက်ချက်၊ ကန်ချက်များကပင် အလွန်ကြီးမားသော အားကို သယ်ဆောင်ထားပြီး.. လေထုကို ပေါက်ကွဲထွက်သွားစေ၏။
များစွာသော ဝံပုလွေများသည် ဆူဇီမိုအပေါ်သို့ စုပြုံ၍ ခုန်အုပ်လိုက်ကြ၏။ သူသည် ဝံပုလွေအုပ်ထဲ နစ်မြှုပ်သွားသလို.. ခဏလေးမျှ ရပ်တန့်သွားပြီးနောက်.. တစ်ခဏမှာပင် ဆူဇီမိုရှိသော နေရာမှ ဝံပုလွေများသည် လွင့်ပျံစင်ထွက်လာကြပြီး အများစုမှာ လေထဲမှာပင် သေကုန်ကြ၏။
တစ်ခဏလေးအတွင်းမှာပင် လူတစ်ယောက်နှင့် မျောက်တစ်ကောင်က ခြေရင်း၌ ဝံပုလွေအလောင်းများက ပုံထပ်လာ၏။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေ၏။
သူတို့၏ ခွန်အားအစွမ်းအစက ထိုလူနှင့် ထိုမျောက်တို့ကို ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိကြောင်း.. အလွန်တရာ ဉာဏ်ကောင်းသော ဝံပုလွေများက သတိထားမိလာကြ၏။ ထို့ကြောင့် သူတို့သည် အရမ်းကာရော ခုန်မဝင်ကြတော့ဘဲ.. ဘေးပတ်ပတ်လည် လှည့်ပတ်ကာ တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် ချောင်းမြောင်းလာကြ၏။
ဝံပုလွေများက အလွန်တရာ စိတ်ရှည်တတ်၏။
စိတ်ဝိညာဉ်မျောက်ဖြစ်စေ၊ လူသားဖြစ်စေ.. အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ သက်လုံခွန်အားက ကျလာတတ်ကြောင်း.. ဉာဏ်ကောင်းသော ဝံပုလွေများက သိထားကြလေသည်။
လူသားနှင့် မျောက်တို့သည် ရုပ်ပိုင်းဆိုင်ရာ ယုတ်လျော့လာပြီး.. စိတ်ပိုင်းဆိုင်ရာ ကျဆင်းလာသည်နှင့်အမျှ.. သူတို့၏ ခံစစ်တွင် ဟာကွက်များက ပေါ်လာပေမည်။ ထိုအခိုက်အတန့်သည် သေကွင်းသတ်ကွက်သို့ တစ်ခါတည်း တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုဝံပုလွေကိုးကောင်သည်.. စိတ်ပျက်လက်ပျက် ဖြစ်လာကြ၏။
စိတ်ဝိညာဉ်မျောက်က သိသိသာသာ မောပန်းပင်ပန်းလာပုံရပြီး.. သူ၏ အမြန်နှုန်းနှင့် ခွန်အားက အရင်ကထက် များစွာယုတ်လျော့လာ၏။
သို့သော်လည်း စိတ်ဝိညာဉ်မျောက်၏ ဟာကွက်များကို ထိုလူသား၏ ကြောက်မက်ဖွယ်ရာ ခွန်အားက အကွက်စေ့အောင် ဖာထေးသွား၏။
ထိုလူသားက အကန့်အသတ်မရှိသော သက်လုံခွန်အားကို ပိုင်ဆိုင်ထားပုံရ၏။ အပြင်းအထန် တိုက်ခိုက်နေရသော်လည်း.. သူ့မျက်လုံးများက ကြည်လင်ပြီးတောက်ပနေ၏။ ထိုမျက်လုံးများက တိုက်ပွဲဝင်စိတ်၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် အရောင်လက်နေ၏။
ထိုမျှသာမက.. ထိုသူသည် တိုက်ရင်း တိုက်ရင်းနှင့် ပို၍ သန်မာလာသည်ဟုပင် ထင်ရ၏။
ဤလူသား၏ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာက သူတို့ထက်ပင် ပို၍ သန်မာနေပုံရ၏။
ဤလူသားက.. အစစ်အမှန် စိတ်ဝိညာဉ်သားရဲတစ်ကောင်နှင့် ပိုတူနေ၏။
မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်းပညာရပ်သည် အစကတည်းက မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးကြောင်း သူတို့ မသိရှိကြပေ။
ထို့အပြင် ဆူဇီမိုသည် သူ့သွေးအဆင့်အား ဆူနာမီနှင့် မိုးကြိုးအသံအထိ ရောက်အောင်.. ဗလာနယ်မိုးကြိုးအတတ်၊ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် အခြားသော လျှို့ဝှက်ပညာရပ်များကိုပါ ကျင့်ကြံလေ့ကျင့်ထားခဲ့၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာက အလွန်တရာ သန်မာလှပြီး ထိုဝံပုလွေများက သူ၏ပြိုင်ဘက်လုံးဝ မဟုတ်ပေ။
သူတို့သည် သားရဲများ ဖြစ်ကြလျှင်တောင်.. ထိုဝံပုလွေများ၏ မျိုးဆက်သွေးက လွန်စွာသာမန်သာဖြစ်၏။
ကန်းလန်ရိုးမအား သူတို့အုပ်စိုးနိုင်ခဲ့သည်မှာ.. သူတို့၏ များပြားလှသော အကောင်အရေအတွက်နှင့် ပါးရည်နပ်ရည်ရှိမှုကြောင့်သာ ဖြစ်လေသည်။
သူတို့၏ ဘေးကနေ စောင့်ကြည့်နေသော ရွှေအူတိုင်အဆင့် စံပြဝံပုလွေသာ မရှိလျှင် .. ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်နှင့်အတူ ဤနေရာကနေ ထွက်ပြေးလာခဲ့သည်မှာ ကြာနေလောက်ပေပြီ။
ဝံပုလွေများက များစွာရှိသော်လည်း.. ဆူဇီမိုနှင့် ရင်ဆိုင်အတွေ့တွင် ၎င်းတို့သည် ကြက်ကလေး၊ ငှက်ကများလို ရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိကြပေ။
“အူး..ဝူ!”
ထိုအချိန်မှာပင်.. စံပြဝံပုလွေက အစိမ်းရောင်ကျောက်တုံးပေါ်ကနေ ထလိုက်ပြီး.. နားကွဲမတတ် ဟိန်းဟောက်လိုက်၏။
သူသည် ဆက်လက်သည်းခံနိုင်တော့ပုံ မရပေ။
အစက သူတွေးထင်ထားသည်မှာ ဆူဇီမိုသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သောကြောင့်.. သူ့လက်အောက်မှ ဝံပုလွေများက ထိုလူနှင့် မျောက်ကို အသာအယာ သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟူ၍ပင်။ ဝံပုလွေများ၏ တိုက်ခိုက်ရည်ကို မြှင့်တင်လေ့ကျင့်ဖို့အတွက် ဤသည်က အခွင့်အရေးကောင်းဖြစ်၏။
သို့သော်.. အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခုတော့ လွဲနေပြီဖြစ်ကြောင်း စံပြဝံပုလွေသည် စတင်နားလည်လာ၏။
ဤအတိုင်းသာ ဆက်သွားနေလျှင်.. ဝံပုလွေအုပ်က များစွာထိခိုက်နစ်နာ ဆုံးရှုံးရပေတော့မည်။
စံပြဝံပုလွေက ထိုလူနှင့်မျောက်ကို ကိုက်ဖြတ်သတ်ပစ်ဖို့အတွက်.. ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလှုပ်ရှားတော့မည်ဟု ဆုံးဖြတ်လိုက်၏။
“ရှူး.. ရှူး.. ရှူး...!”
စံပြဝံပုလွေ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်ပြီး.. ဆူဇီမိုက ဖြည်းဖြည်းချင်း အသက်ကို လေးနက်စွာ ရှူသွင်းလိုက်၏။
ကြီးမားသည့် လေစီးကြောင်းတစ်ခုက သူ၏လည်မျိုကို ဖြတ်စီးဝင်လာပြီး ထူးဆန်းသော အသံတစ်ခုကို ထွက်ပေါ်လာစေ၏။ လေစီးကြောင်း၏ တိုးဝင်အားကြောင့် သူ့လည်မျိုတွင်း အရေပြားများမှ သွေးများပင် စိမ့်ထွက်လာ၏။
စံပြဝံပုလွေနှင့် သူ့အကြား တိုက်ပွဲက သူတို့နှစ်ယောက်၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်ကြောင်း သူနားလည်လိုက်၏။