ကြောက်မက်ဖွယ်ရာ ခွန်အား
Vol. 14 Ch. 200
အခန်း ၂၀၀ - ကြောက်မက်ဖွယ်ရာ ခွန်အား
Translator – Than Toe Aung
အနာကွန်ဒါ ဝါးမျိုခြင်း!
ထိုအရာသည် အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်းမှ လျှို့ဝှက်ပညာရပ်ဖြစ်၏။
ဆူဇီမို၏ ရင်အုပ်က ထိတ်လန့်ချင်စရာကောင်းလောက်အောင် နိမ့်လိုက်မြင့်တက်လိုက် ဖြစ်လာ၏။ များစွာသောဝံပုလွေများ၏ မျက်လုံးများထဲတွင် မြင်ကွင်းတစ်ခုကို မြင်ယောင်လာ၏။
အနာကွန်ဒါက သူ့ခန္ဓာကိုယ်ကို ရစ်ခွေကာ ခေါင်းကို မော့ထားရင် လကို ဝါးမျိုနေ၏။ သူ၏ ဝမ်းဗိုက်က လုံးဝန်းလာပြီး ဦးချိုနှစ်ဖက်ကို ထောင်ကာ ကောင်းကင်ထက်သို့ ပျံတက်၍ နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲတော့မည်ဟု ထင်လာရ၏။
စံပြဝံပုလွေ၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုမှုက ထင်ဟပ်လာ၏။
သူ့ရှေ့မှလူက မည်သို့ပင် ကြိုးစားလုပ်ဆောင်ပါစေ.. အချည်းနှီးပင်။
အူတိုင်ရှိသော မည်သူမဆို.. အခြေတည်အဆင့် ကျင့်ကြံသူများကို ယုံမှားသံသယမရှိစွာ နင်းချေနိုင်၏။
ကမ္ဘာဦးခေတ်မှ စတင်၍ .. နှစ်စဉ်နှင့်အမျှ မရေမတွက်နိုင်သော မွန်းစတားပါရမီရှင်များက ထွက်ပေါ်လာခဲ့ကြ၏။ သို့သော်လည်း ထိုအထဲတွင်မှ.. အခြေတည်အဆင့်မျှနှင့် အူတိုင်ဖွဲ့စည်းပြီးသော သက်ရှိကို သတ်ဖြတ်နိုင်စွမ်းရှိသူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိ၏။
ထိုလက်တစ်ဆုပ်စာထဲတွင် ပါရှိသော လူတိုင်းသည် သူတို့ခေတ်သူတို့အခါက ပြိုင်ဘက်ကင်း၊ ကြောက်စရာအကောင်းဆုံး သက်ရှိများ ဖြစ်ကြပြီး.. ခေတ်အဆက်ဆက် နာမည်တစ်ခု ချန်ရစ်နိုင်ခဲ့သူများ ဖြစ်ကြ၏။
ယခု သူ့ရှေ့မှ ဤလူသားငနဲလေးက ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟူ၍ စံပြဝံပုလွေက မယုံကြည်ပေ။
ရွှစ်..!
တစ်ချက်ခုန်လိုက်ရုံနှင့်.. စံပြဝံပုလွေသည် ရန်လိုပြင်းထန်သော တိုက်ခတ်လေများကို သယ်ဆောင်လာ၏။
ထိုအရာက အရမ်းကို မြန်ဆန်လွန်းလှ၏။
ထိုအရာသည် ဆူဇီမို၏ အသိစိတ်က လိုက်ပါတုန့်ပြန်နိုင်စွမ်းထက် လုံးဝကျော်လွန်နေပေပြီ။
ဆူဇီမိုသည် သူ့မျက်လုံးကို မှိတ်ချလိုက်၏။ သူ၏ ထက်ရှသော အာရုံခံသတိစိတ်ကို အသုံးချကာ.. အန္တရာယ်လာမည့်လမ်းကြောင်းကို ဆုံးဖြတ်၍ စံပြဝံပုလွေ၏ ခန့်မှန်းခြေတည်နေရာကို တွက်ဆလိုက်၏။
မိစ္ဆာနှိမ်နင်းခြင်းပုံရိပ်က သူ့စိတ်အာရုံထဲတွင် ပေါ်လာပြီး.. သူ့လက်မနှင့် လက်ခလယ်ကို ထိတွေ့ကာ လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။ ရှေ့သို့ ဖိချလိုက်ပြီး.. တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်၏။
“သတ်!”
အနာကွန်ဒါ ဝါးမျိုခြင်းနှင့် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းတို့သည် မိစ္ဆာနှိမ်နင်းချိတ်စည်းနှင့်အတူ တစ်ပြိုင်တည်း တွဲဖက်၍ ပေါက်ကွဲထွက်ပေါ်လာ၏။
ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့စဉ် တစ်လျှောက်လုံး.. ဆူဇီမိုသည် ထိုဝှက်ဖဲများကို တစ်ခုမျှ ထုတ်မသုံးခဲ့သလို.. သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ချွေတာထားခဲ့၏။ အခုအချိန်မှာတော့ သူသည် အားလုံးကို အိတ်သွန်ဖာမှောက် ဖွင့်ထုတ်လိုက်ပေပြီ။
ထိုဝှက်ဖဲများအား ထုတ်ဖော်ရသည့် သူ့၏ ရည်ရွယ်ချက်မှာ.. စံပြဝံပုလွေအား ခဏလောက်ကလေး အာရုံထွေပြား နှောင့်နှေးသွားစေဖို့ ဖြစ်လေသည်။
တဒင်္ဂလေးပဲ ဖြစ်လျှင်တောင်မှပေါ့!
ဆူဇီမို၏ တစ်ကယ့် သတ်ဖြတ်ခြင်းတိုက်ကွက်က သူ့ညာဘက်လက်သာ ဖြစ်လေသည်။
ရွှစ်..!
သူ့ညာဘက်ကို ဓါးတစ်လက်လို ဆွဲစုလိုက်ပြီး.. ရှေ့သို့ ပစ်သွင်းလိုက်၏။
စတုတ္ထမြောက်ဝှက်ဖဲက ဆက်တိုက်ထွက်ပေါ်လာ၏။
စံပြဝံပုလွေအား အရင်ဆုံး ရိုက်ခတ်လာသည်က အနာကွန်ဒါ ဝါးမျိုခြင်းနှင့် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းတို့ ဖြစ်၏။
နားကွဲလောက်သည့် ဟိန်းဟောက်သံကြီးမှ ကမ္ဘာနှင့် ကြယ်များကိုပင် ကြေမွပျက်ဆီးသွားနိုင်လောက်သည့် မိုးကြိုးစွမ်းအားက ထွက်ပေါ်လာ၏။
ဘေးပတ်ပတ်လည်ရှိ ဝံပုလွေများသည် နာကျင်မှုပုံစံကို ထုတ်ပြလာကြပြီး.. အလိုအလျောက် အနောက်သို့ ဆုတ်လိုက်ကြ၏။
သို့သော်လည်း မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းနှင့် တိုက်ရိုက်ရင်ဆိုင်နေရသော စံပြဝံပုလွေကတော့ လုံးဝ ရပ်တန့်မသွားခဲ့ပေ။
ရုတ်တရတ်ဆိုသလို.. စံပြဝံပုလွေ၏ ရင်အုပ်ဆီမှ ကြက်သွေးရောင် လေစီးကြောင်းတစ်ခုက ရုန်းကြွထွက်ပေါ်လာပြီး.. သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မျိုးဆက်သွေးအား လှည့်ပတ်လိုက်သောအသံနှင့်အတူ.. စံပြဝံပုလွေ၏ အော်ရာက နောက်ထပ်တစ်ဆင့်သို့ မြင့်တက်သွား၏။
အူတိုင်အစီအရင်၏ စွမ်းအားက ရုတ်တရတ် ဆင်းသက်ထွက်ပေါ်လာပြီး.. လေထုသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပင် ဖမ်းချုပ်နိုင်လောက်သော သားရဲချီများဖြင့် ပြည့်နှက်သွား၏။
စံပြဝံပုလွေသည် လက်နှစ်ဖက်ကို ရှေ့ထုတ်လိုက်ပြီး.. လေထုထဲမှ ဆင်းသက်လာသော ရွှေရောင်လက်ဟန်ချိတ်စည်းကို အသာအယာ ပုတ်ထုတ်လိုက်၏။
ထိုသတ္တဝါသည် ရပ်တန့်သွားခြင်း မရှိဘဲ.. ရှေ့သို့ ဆက်တက်ကာ ဆူဇီမို၏ လည်ပင်းအား သူ၏ ချွန်ထက်သောသွားများဖြင့် ကိုက်ဖြတ်ဖို့ လုပ်လိုက်၏။
ထိုအချိန်မှာပင် ဆူဇီမို၏ ညာလက်ကလည်း ဖြတ်ဝင်လာ၏။
အချိန်တစ်ခုတည်းမှာပင်.. စံပြဝံပုလွေက ဆူဇီမို၏ လည်ပင်းအား ကိုက်ဖြတ်တော့မည့်ဆဲဆဲ ဖြစ်နေသလို.. ဆူဇီမို၏ ညာလက်ကလည်း စံပြဝံပုလွေဆီသို့ တိုးဝင်လာ၏။
ထိုအရာသည် ရိုးရှင်းသော တုံ့ပြန်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း ဘာကြောင့်ရယ်မသိ.. စံပြဝံပုလွေသည် အန္တရာယ်အငွေ့အသက်ကို ခံစားလာရ၏။
တခြားစိတ်ဝိညာဉ်သားရဲများသာြဖစ်လျှင်.. သူတို့သည် ထိုတိုက်ခိုက်မှုကို ရှောင်မည်မဟုတ်ဘဲ.. ဆူဇီမို၏ လည်ပင်းကိုသာ အရင်ကိုက်ဖို့ လုပ်လိမ့်ပေမည်။
သို့သော်လည်း.. ဝံပုလွေများက အလွန်ဉာဏ်များ၏။ သူသည် သေချာပေါက် အန္တရာယ်အရောက်ခံ စွန့်စားမည် မဟုတ်ပေ။
ဆူဇီမို၏ ညာလက်နှင့် ရင်ဆိုင်ရချိန်တွင်.. စံပြဝံပုလွေသည် သူ့လှုပ်ရှားမှုကို ရုတ်တရတ် ရပ်တန့်လိုက်၏။ သူသည် ဆူဇီမို၏ ရင်အုပ်ကို လက်သည်းဖြင့် ပုတ်လိုက်ပြီး.. နောက်ပြန်ကန်အားကို ယူကာ ဆူဇီမိုနှင့် ခွာလိုက်၏။
ဖုန်း!
ဆူဇီမို၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခံလိုက်ရသလို အထိန်းအကွပ်မဲ့စွာ လွင့်စင်ထွက်သွားပြီး.. သူ့မျက်နှာက ဖြူလျော့သွား၏။
သူ၏ တိုက်ခိုက်မှုက လွဲချော်သွားပေပြီ။
စံပြဝံပုလွေက လွန်စွာဖျတ်လတ်၍ သတိအလွန်ကြီး၏။ ၎င်းသည် ဆူဇီမို၏ ညာလက်နှင့် တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့ရုံသာမက.. သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားအောင်ပင် အခွင့်အရေးကို အသုံးချနိုင်ခဲ့၏။
ထိုရိုက်ပုတ်ချက်က တစ်ကယ်ဆို ဆူဇီမို၏ ဝမ်းဗိုက်ကို ပွင့်ထွက်သွားစေနိုင်၏။ သို့သော်လည်း ၎င်းကို ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ပိတ်ဆို့ခဲ့၏။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်သည် ပျက်ဆီးနေသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပင်ဖြစ်ပြီး.. ၎င်းသည် စံပြဝံပုလွေ၏ လက်သည်းချက်များရဲ့ ထက်ရှမှုကို ခုခံနိုင်ခဲ့သော်လည်း.. တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအားများကိုတော့ ခံနိုင်ရည် မရှိခဲ့ပေ။
ထိုသည်မှာ စံပြဝံပုလွေ၏ အင်းအားပြည့် မဟုတ်ဘဲ ခပ်ပေါ့ပေါ့ ရိုက်ပုတ်ချက်ပင် ဖြစ်သော်လည်း.. ဆူဇီမို၏ ရင်အုပ်ထဲရှိ အရိုးတော်တော်များမှာ ကျိုးကြေကုန်ပေပြီ။
သူ၏ အတွင်းကိုယ်အင်္ဂါများမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ဆုတ်ပြဲကုန်ပြီထင်၏။
ဆူဇီမိုသည် သွေးချောင်းဆိုးလိုက်ပြီးနောက်.. သူ့ဆီသို့ လျှောက်လှမ်းလာနေသော စံပြဝံပုလွေကိုကြည့်ကာ သက်ပြင်းချလိုက်၏။
“နောက်ထပ် အခွင့်အရေး မကျန်တော့ဘူးပဲ”
စံပြဝံပုလွေအား အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့စဉ်မှာတောင် သူသည် အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ယခုအခါ ဆူဇီမိုသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး.. သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးနေပေပြီ။ သူသည် စံပြဝံပုလွေအား သတ်နိုင်စရာအကြောင်း မရှိတော့ပေ။
“ငါသာ အင်္ဂါသန့်စင်ခြင်းအပိုင်းကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့ရင်.. ငါ့ရဲ့ ပျမ်းမျှခွန်အားက သိသိသာသာ တိုးတက်လာမှာပဲ.. ခွန်အားအရာမှာပဲဖြစ်ဖြစ်၊ တုန့်ပြန်မှုအရာမှာပဲဖြစ်ဖြစ်.. အကုန်လုံးက တိုးတက်လျှင်မြန်လာမှာပဲ.. အခုလိုနည်းအတိုင်းပဲ တိုက်ခိုက်ရင်တောင် ငါ ဒီဝံပုလွေကို သတ်နိုင်ရင် သတ်နိုင်နေမှာ.. .. အာ အခုမှတော့ ပြောနေလဲ အလကားပါပဲကွာ”
ထိုသည်မှာ သူ့အစီအစဉ်များက အလုပ်မဖြစ်ခဲ့သောကြောင့် မဟုတ်ပေ။ သူတို့ကြားက ခွန်အားကွာဟချက်မှာ အလွန်ကြီးမားနေသောကြောင့်သာ ဖြစ်လေသည်။ အူတိုင်ဖွဲ့တည်ပြီးသော စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ခွန်အားက ဆူဇီမို မျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေ၏။
အခြားတစ်ဖက်တွင် စိတ်ဝိညာဉ်မျောက်သည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်၏။ မြေပြင်ပေါ် ပစ်လဲကျသွားကာ.. သူ့တောင်ဝှေးကို ဘေးသို့ပစ်ချလိုက်ပြီး မောပန်းနေ၏။
ကမ္ဘာကိုအုပ်စိုးသော ဘုရင်တစ်ပါးလို စံပြဝံပုလွေသည် လူတစ်ယောက်နှင့် မျောက်တစ်ကောင်ဆီသို့ လျှောက်လှမ်းလာ၏။ သူသည် ဆူဇီမို၏ ညာလက်ကို စူးစမ်းလိုစိတ်၊ သံသယစိတ်များဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်၏။
ဘယ်အရာဖြစ်လို့များ.. သူ့ကို ရင်တထိတ်ထိတ် ကြောက်လန့်တကြား ဖြစ်သွားရအောင် ခံစားရစေတာပါလိမ့်!
သူပဲထင်ယောင်ထင်မှား ဖြစ်သွားတာလား။
ထိုလူသားကို ကိုက်သတ်ပြီးမှသာ သူ့ညာလက်ကို သေချာစစ်ဆေးကြည့်ရမည်ဟု စံပြဝံပုလွေက ဆုံးဖြတ်လိုက်၏။
“အု... အူ...!”
ဘေးပတ်ပတ်လည်ရှိ ဝံပုလွေများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြပြီး.. နောက်ဆုံးသတ်ဖြတ်မှုကို မစောင့်နိုင်အောင်ပင် ဖြစ်နေကြ၏။
ရှေ့သို့ လှမ်းလာပြီးနောက် စံပြဝံပုလွေသည် ဆူဇီမို၏ အရှေ့တည့်တည့်တွင် သူ့ခေါင်းကို စောင်းငဲ့လိုက်၏။ သူ့နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်ထဲမှ ညှီစို့စို့အနံ့ကြီးက ထွက်လာပြီး.. စေးကပ်ကပ် သွားရည်များက ဆူဇီမို၏ ကိုယ်ပေါ်သို့ စီးကျလာ၏။
ခုခံဖို့ခွန်အား လုံးဝမကျန်ရှိတော့ဘဲ.. ဆူဇီမိုသည် စံပြဝံပုလွေကို အေးစက်စက်သာ စိုက်ကြည့်နိုင်တော့၏။
စံပြဝံပုလွေ၏ မျက်နှာက အထင်သေးမှုဖြင့် ပြည့်နေပြီး.. ပါးစပ်ကို ဖွင့်ကာ သွားစွယ်များကို ထုတ်ပြလိုက်၏။ သူသည် ကိုက်ဖြတ်တော့မည်ကဲ့သို့ လုပ်နေစဉ်မှာပင်.. သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး.. သူ့မျက်လုံးထဲမှ အမျက်ဒေါမာန်များက ကြောက်ရွံ့တုန်လှုပ်မှုသို့ ပြောင်းလဲသွား၏။
ဆူဇီမိုသည်လည်း အံ့သြငေးမောသွား၏။
သူ မတုန့်ပြန်နိုင်ခင်မှာပင်.. သူ့နောက်ဘက်ရှိ လိုဏ်ဂူထဲမှ အလွန်အမင်း လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော စွမ်းအင်ဂယက်လှိုင်းများက ထွက်ပေါ်လာပြီးနောက် ရုတ်တရတ်ဆိုသလို အရှိန်အဟုန်ဖြင့် ဆန့်ထွက်သွား၏။
ထိုခဏမျှ အချိန်အတွင်း.. ဆူဇီမိုသည် ပုံရိပ်ယောင်တစ်ခုလို မြင်လိုက်ရ၏။
ကမ္ဘာတစ်ခုလုံးက ရပ်တန့်သွားသလိုပင်။
ပတ်ဝန်းကျင်တစ်ခွင်က သတ်ဖြတ်လိုသောအော်ရာနှင့် ပြည့်နှက်သွားပြီး လေထုက တောင်ခဲသွား၏။
အပ်ကျသံပင်ကြားရလောက်အောင် ပကတိတိတ်ဆိတ်ကျသွား၏။
ထိုကဲ့သို့ စွမ်းအင်ဖြာထွက်မှုများက အလွန်တရာစိမ်းသက်နေပြီး.. ဆူဇီမိုသည် ဤကဲ့သို့အရာမျိုးကို တစ်ခါမျှ မကြုံတွေဖူးပေ။ ထိုအရာက စိတ်ဝိညာဉ်တိုက်ကွက်များနှင့် တူဟန်မရပေ။ အလွန်တရာ ကြောက်စရာကောင်းလှ၏။
ဖောင်း!
ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။
အားလုံး၏ ရှေ့မှောက်မှာပင်.. ဆူဇီမိုနှင့် လက်မနည်းနည်းလောက်သာ ကွာဝေးတော့သော စံပြဝံပုလွေ၏ ဦးခေါင်းသည် တစ်စုံတစ်ရာသောအားနှင့် ရစ်ပတ်ဖျစ်ညှစ်လိုက်သလို.. ရုတ်တရတ် ပေါက်ကွဲထွက်သွား၏။
သွေးစက်သွေးမှုန်များက လေထုထဲ ပြည့်နှက်သွားပြီး ဆူဇီမိုအပေါ်သို့ ပြန့်ကျဲကျလာ၏။
ဆူဇီမိုသည် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး.. ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာ ငေးကြည့်နေ၏။ သူ့ခန္ဓာကိုယ်အနှံ့ ပေကျံနေသော အော့အန့်ချင်စရာအနံ့နှင့် စေးပျစ်ပျစ်သွေးများကိုပင် သတိမရတော့ပေ။
စိတ်ဝိညာဉ်မျောက်တောင်မှ.. လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး နေရာမှာပင် ငူငူကြီး ရပ်နေမိ၏။
စံပြဝံပုလွေက ဆူဇီမိုကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသော စွမ်းအားကြီးသည့် ရွှေအူတိုင်ဖြစ်၏။ သို့သော် ထိုစွမ်းအင်လှိုင်းနှင့် ရင်ဆိုင်ရချိန်တွင် သူသည် နည်းနည်းကလေးတောင် ခုခံနိုင်ခြင်းမရှိဘဲ တန်းသေသွားရ၏။
သူ့ကိုယ်တိုင်သာ မြင်တွေ့ရခြင်းမဟုတ်လျှင် ဆူဇီမိုအတွက် ထိုအရာက ယုံနိုင်စရာ မရှိပေ။
ဤမြင်ကွင်းက သူ့အတွက် ရိုက်ချက်ပြင်းလှ၏။
ခေါင်းမရှိတော့သော ဝံပုလွေ၏အလောင်းက သူ့ခန္ဓာကိုယ်ပေါ်သို့ လဲကျလာသောအခါမှသာလျှင် ဆူဇီမိုသည် တွေဝေငေးငိုင်နေမှုမှ နိုးထလာခဲ့၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက်.. ထောင်ပေါင်းများစွာသော ဝံပုလွေများသည် တစ်အီအီအသံပြုကာ အမြီးကိုကုပ်၍ နောက်သို့ ပြန်မကြည့်ဘဲ တစ်ချိုးတည်း တန်းပြီးထွက်ပြေးကြကုန်လေတော့၏။
နောက်တစ်ခဏ၌ ထိုနေရာတွင် လူတစ်ယောက်၊ မျောက်တစ်ကောင်နှင့် သွေးသံရဲရဲ ဝံပုလွေအလောင်းပုံကြီးသာလျှင် ကျန်ခဲ့လေတော့သည်။