← Chapters

နှစ်ပေါင်း ငါးထောင်

Vol. 14 Ch. 201

နှစ်ပေါင်း ငါးထောင်

Vol. 14 Ch. 201

အခန်း ၂၀၁- နှစ်ပေါင်း ငါးထောင်

Translator - Than Toe Aung

ဆူဇီမိုသည် ရင်တထိတ်ထိတ်နှင့် သူ့နောက်ရှိ ပိန်းပိတ်အောင်မှောင်နေသော လိုဏ်ဂူကို လှည့်ကြည့်လိုက်မိ၏။

ခဏမျှ ငေးကြောင်နေပြီးနောက် သူသည် စိတ်ဝိညာဉ်မျောက်ကို အလိုလို လှည့်ကြည့်လိုက်၏။

ဘာပဲပြောပြော ဤနေရာသို့ သူပြန်မရောက်ခဲ့သည်မှာ နှစ်နှစ်ကြာသွားပေပြီ။ စိတ်ဝိညာဉ်မျောက်ကတော့ လိုဏ်ဂူထဲမှာ ဘာရှိသလဲဆိုတာ သိနိုင်ကောင်းလောက်၏။

သူထင်သလို မဟုတ်ဘဲ.. ဆူဇီမို၏ အကြည့်နှင့်ဆုံချိန်တွင် စိတ်ဝိညာဉ်မျောက်က စိတ်ရှုပ်ထွေးစွာနှင့် ခေါင်းခါပြလိုက်၏။

"ရေကန်အေး... အောက်.. လိုဏ်ဂူထဲ.. ၀င်ခဲ့"

ရုတ်တရတ်ဆိုသလို ဆူဇီမိုသည် မရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံက အလွန်တရာ အားပျော့နေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။

ထိုအသံက ဆူဇီမို၏ စိတ်အာရုံထဲကပဲ ထွက်‌ပေါ်လာသလိုလို ရုတ်ချည်း ဆိုင်းမဆင့်ဗုံမဆင့် ပေါ်လာခြင်းဖြစ်၏။

လိုဏ်ဂူထဲမှာ တစ်ယောက်ယောက် ရှိနေတာလား..

သူက အေးစက်ရေကန်အောက်ကလား..

ငါ့ကို လာပြီး လှည့်စားနေတာလား..

ဆူဇီမိုက သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်ပြီး စိတ်ဝိညာဉ်မျောက်ကို ကြည့်ကြည့်လိုက်၏။

တစ်ခုခု မူမမှန်တာကို ‌စိတ်ဝိညာဉ်မျောက်က သိရှိဟန် မရပေ။

ဒါဆို ထိုအသံကို ကြားလိုက်ရတာက သူတစ်ယောက်တည်းပေါ့!

တစ်ဖက်လူ၏ သရုပ်သကန်နှင့် ဘာဖြစ်ချင်သည်ဆိုတာကို ဆူဇီမိုသည် လုံး၀ မသိရပေ။ သူသည် နည်းနည်းတော့ စိတ်ထဲ ထင့်နေမိ၏။

သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်ပါက၊ ထိုပုဂ္ဂိုလ်ကြောင့်သာ မဟုတ်လျှင်.. သူသည် အခုချိန်မှာ စံပြဝံပုလွေလက်ချက်နှင့် အသက်ပျောက်နေလောက်ပေပြီ။

အဆိုးဆုံးဖြစ်လာခဲ့လျှင်တောင် သူသည် နောက်တစ်ကြိမ် ပြန်သေရရုံပင်။

ဆူဇီမိုသည် ခဏမျှ ချင့်ချိန်ပြီးနောက် ဤအကြောင်းကို စိတ်ဝိညာဉ်မျောက်အား မပြောပြဖို့ ဆုံးဖြတ်လိုက်၏။

ထိုလျှို့ဝှက်သောသူ၏ အသံကို စိတ်ဝိညာဉ်မျောက်က မကြားခဲ့ရဘူးဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိ၏။ ထိုပုဂ္ဂိုလ်က ထိုအကြောင်းကို စိတ်ဝိညာဉ်မျောက်အား မသိစေချင်သောကြောင့် ဖြစ်ရပေမည်။

ထို့အပြင် အေးစက်ရေကန်၏ အောက်ခြေတွင် မည်သည့်အန္တရာယ်များက စောင့်ဆိုင်းနေမည်ကို ဆူဇီမိုသည် မသိရပေ။ သူသည် စိတ်ဝိညာဉ်မျောက်အား မလိုအပ်ဘဲနှင့် အန္တရာယ်ကို မရယူစေလိုပေ။

"ငမျောက်.. ငါ့ကို ဒီကနေစောင့်နေ.. ငါ အထဲကို တစ်ချက်၀င်ကြည့်လိုက်ဦးမယ်" ဆူဇီမိုသည် ပြင်းထန်သော နာကျင်မှုများကို တောင့်ခံရင်း လူးလဲကျုံးထလိုက်၏။

"အိုး အို့!"

စိတ်ဝိညာဉ်‌မျောက်က အနည်းငယ် အော်ဟစ်၍ ဆူဇီမိုကို လက်တစ်ဖြင့် တွဲထူရင်း အခြားတစ်ဖက်က လက်ဟန်ပြကာ သူပါ အတူလိုက်၀င်မည်ဟု ပြောနေခြင်းဖြစ်၏။

"ငါ့ကို အပြင်ကပဲစောင့်.. ငါ သေချာ ပြန်လာမှာပါ.. ဘာမှ မပူနဲ့ ဟုတ်ပြီလား"

ဆူဇီမိုက ပြောလိုက်ပြီး ဖြည်းဖြည်းချင်း လိုဏ်ဂူထဲသို့ ၀င်သွားလိုက်၏။

အထဲသို့ ရောက်သည်နှင့် ဆူဇီမို၏ မျက်နှာသည် ရှုံ့တွသွား၏။ အရင်ဆုံး သူ့ဆီသို့ ၀င်ရောက်လာသည်မှာ မျောက်ငတုံး၏ ချေးနံ့ပင်ဖြစ်လေသည်။

လိုဏ်ဂူထဲတွင် ပြောင်းလဲမှုက များစွာမရှိပေ။ ဆူဇီမိုသည် ပတ်၀န်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် အေစက်ရေကန်ဆီသို့ တန်းသွားလိုက်၏။

အေးစက်တောင့်ခဲနေသော ရေမျက်နှာပြင်ကို မြူခိုးအလွှာဖြူဖြူက လွှမ်းခြုံထား၏။

ဆူဇီမိုသည် တုံ့ဆိုင်းခြင်းမရှိ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက်၊ ရေကန်ထဲသို့ ခုန်ချ၀င်သွားလိုက်၏။

သူသည် ဆန်းကြယ်‌ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်ထားသောကြောင့် အလွန်လျှင်လျှင်မြန်မြန်ပင် အောက်သို့နစ်မြုပ်သွား၏။

လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူသည် အရွတ်အသွင်ပြောင်းလဲခြင်းကို စတင်လေ့ကျင်ကာစသာ ရှိသေး၏။ ထိုအချိန်တုန်းက.. ရေကန်အနက်၏ တစ်၀က်လောက်ကို ဖြတ်ကျော်ချိန်မှာပင် သူ့သွေးများက စတင်‌တောင့်ခဲလာခဲ့၏။

ယခု အောက်သို့ သူနစ်မြုပ်နေစဉ်၊ ဆူဇီမို၏ သွေးများသည် အရူးအမူး ရုန်းကြွလာပြီး အေးစက်မှုနှင့် အဆက်မပြတ် တုပြိုင်နေ၏။

နောက်တစ်ခဏကြာပြီးနောက် ဆူဇီမို၏ ခြေထောက်သည် မြေကြီးနှင့် ထိတွေ့သွားပြီး၊ အေးစက်ရေကန်၏ အောက်ခြေသို့ ရောက်ရှိလာခဲ့၏။

သူ့ရှေ့တွင် ကြီးမားသည့် ကျောက်ဆောင်ကြီးတစ်ခုရှိပြီး ၎င်းပေါ်တွင် စာတန်းတစ်ခု ရေးထိုးထား၏။

အဆုံးစွန်မီး တာအိုဂေဟာ!

ဆူဇီမိုသည် ရင်ထဲ ထိတ်ကနဲဖြစ်သွားပြီး ရေအေးများက ပါးစပ်ထဲသို့ ၀င်ရောက်လာ၏။

သူ့၀မ်းဗိုက်ထဲ ရေအေးများ ရောက်သွားပြီး အအေးဓါတ်က ပေါက်ကွဲထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွား၏။

'တာအို‌ဂေဟာ'ဟူသော စကားလုံးက လူတိုင်း အသုံးမပြုနိုင်ပေ။

ရွှေအူတိုင်အဆင့်များကို ပကတိသက်ရှိဟု ခေါ်ပြီး နိုးထဝိညာဉ်အဆင့်များကိုတော့ ပကတိအရှင်ဟု ခေါ်ကြ၏။ နိုးထဝိညာဉ်၏ အထက်တွင်တော့ မူလနတ္ထိအဆင့်ရှိပြီး ထိုအဆင့်သို့ ရောက်ရှိမှသာ တာအိုသက်ရှိဟု အမည်နာမတပ်ခေါ်နိုင်လေသည်။

ထို့ကြောင့် ဤတာအိုဂေဟာ၏ ပိုင်ရှင်သည် မူလနတ္ထိအဆင့် တာအိုသက်ရှိဖြစ်ဖို့ ဖြစ်နိုင်ခြေများလေသည်။

မူလနတ္ထိ တာအိုသက်ရှိ.. ဆူဇီမိုနှင့် ထိုအဆင့်နှင့် များစွာ အလှမ်းကွာနေသေး၏။

ပြောကြသည်မှာ ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းချုပ်သည်ပင်လျှင် နိုးထဝိညာဉ်အဆင့်မှာသာ ရှိသေးပြီး မူလနတ္ထိအဆင့်ကို မတက်လှမ်းနိုင်သေးဟုပင်။

ဆူဇီမိုသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးကြည့်လိုက်၏။

ကြီးမားသည့်ကျောက်ဆောင်ကြီး၏ အောက်ဘက်တွင် ကျောက်တံခါးတစ်ချပ်ကို တွေ့လိုက်ရ၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုသည် ကျောက်တံခါးကို လက်နှစ်ဖက်ဖြင့် တွန်းဖွင့်လိုက်၏။

အသံတချို့မြည်၍ တံခါးရွက်နှစ်ဖက်သည် ပွင့်ဟသွားပြီး ရှေးကျကျ ဆွေးမြည့်မှိုင်းထိုင်းသော အော်ရာက ထွက်ပေါ်လာ၏။

သူသည် အံကိုကြိတ်၍ တာအိုဂေဟာထဲသို့ လှမ်း၀င်လိုက်၏။

မမြင်ရသော အားတစ်ခုက တားဆီးထားသလို အပြင်ဘက်မှ ရေများက ဂေဟာထဲသို့ ၀င်မလာခဲ့ပေ။ တံခါးရွက်များက ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။

တာအိုဂေဟာထဲ ရောက်လာပြီးနောက် ဆူဇီမိုသည် ပါးစပ်အဟောင်းသားနှင့် နေရာမှာပင် အမြစ်တွယ်ရပ်နေမိ၏။

သူမျှော်လင့်ထားသလို မဟုတ်ဘဲ၊ တာအိုအိမ်တော်က အတော်လေးကျဉ်းကြုတ်နေပြီး တစ်ချက်ကြည့်ရုံနှင့် အခန်းတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်၏။ ဤနေရာက ဆန်းကြယ်တောင်ထွတ်ရှိ ဆူဇီမို၏ လိုဏ်ဂူတိုက်ခန်းထက်ပင် ပိုကျဉ်းနေ၏။

တာအိုအိမ်တော်က အလှအပ ပြင်ဆင်ခြယ်သထားမျိုးလည်း မရှိပေ။ ဆူဇီမို၏ ရှေ့တည့်တည့်တွင် ကျောက်ခုတင်တစ်လုံးရှိပြီး ကြက်သွေးရောင်၀တ်ရုံနှင့် အမျိုးသားတစ်ယောက်က လှဲလျောင်းနေ၏။ သူ၏ အင်္ကျီလက်မောင်းတွင် ကြီးမားသည့် သုံးချောင်းထောက်မီးဖိုပုံစံတစ်ခုကို ခပ်နှိပ်ထား၏။

ဆူဇီမိုသည် ထိုကဲ့သို့သော အမှတ်တံဆိပ်ကို တစ်ခါမျှ မမြင်ဖူးပေ။

ထိုလူကို ဘေးတိုက်အနေအထား မြင်ရပုံအရ၊ သက်လတ်ပိုင်းရွယ်လူတစ်ယောက်ထက် ပိုအိုမနေပေ။ သို့သော်လည်း သူ့မျက်နှာက မကောင်းဆိုးရွားဆန်ဆန် အစိမ်းရောင်သန်းနေပြီး မည်းနက်နေ၏။

ကျောက်ခုတင်ထက်တွင် စိမ်းတိမ်းတိမ်းအနက်ရောင် အသားအရေနှင့် ပါးကပ်နေအောင် လှဲလျောင်းနေသော ထိုအမျိုးသားသည် နှစ်ပေါင်းများစွာအကြာကတည်းက ဤနေရာတွင် လာတင်ထားသော အလောင်းတစ်လောင်းလို ကြောက်စရာကောင်းနေ၏။

"မင်း.. ဘာမှ မကြောက်နဲ့.. ငါ့မှာ အသက်ဓါတ်က သိပ်မကျန်တော့ဘူး.. ငါမင်းကို အန္တရာယ် မပြုပါဘူး"

ကြက်သွေးရောင် ၀တ်ရုံနှင့်လူ၏ နှုတ်ခမ်းက လှုပ်ရှားမှုမရှိသော်လည်း စောစောကအသံက သူ့ခေါင်းထဲတွင် မြည်လာ၏။

"ငါ မင်းနဲ့ဆက်သွယ်ဖို့အတွက်.. ငါ့ရဲ့ မနောဝိညာဉ်ကို သုံးခဲ့ရတယ်၊ စောစောက ဝံပုလွေသေသွားတာလဲ ငါ့ရဲ့ မနောဝိညာဉ်ကြောင့်ပဲ"

မနော ဝိညာဉ်!

ရွှေအူတိုင်များသည် နိုးထဝိညာဉ်အဆင့်ကို ရောက်ရှိတာနှင့် အသိဉာဏ်ပင်လယ်ကို ဖွင့်လှစ်နိုင်ပြီး.. မနောဝိညာဉ်တစ်ခုကို ပိုင်ဆိုင်လာလိမ့်မည်ဟု ဆိုကြလေသည်။

မနောဝိညာဉ်ဆိုသည်မှာ ‌နောက်ထပ် စွမ်းအင်ပုံစံတစ်မျိူးဖြစ်ပြီး လူတစ်ယောက်၏ အမြင်အာရုံထက် ပိုထက်ရှကြောက်ဖို့ကောင်းလေသည်။ ၎င်းသည် နေရာတိုင်းတွင် ရှိသော အရာများကို ထောင့်ကွယ်များပါမကျန် မခြွင်းမချန် မြင်နိုင်လေသည်။

မနောဝိညာဉ်နှင့် ရင်ဆိုင်အတွေ့၌၊ ရွှေအူတိုင်အဆင့် စံပြဝံပုလွေသည် သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်ပမာ၊ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရ၏။

ဆူဇီမိုက မေးလိုက်၏။

"စီနီယာခင်ဗျာ.. ကျတော်က ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ"

"အဆုံးစွန်မီး.. တာအိုအရှင်!"

မနောဝိညာဉ်ကနေ ပို့လွှတ်လိုက်သော အသံက အလွန်တရာ အားနည်းနေသော်လည်း ဆူဇီမို၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းသွား၏။

တာအို အရှင်!

ကျင့်ကြံရေးလောကတွင် ကျင့်ကြံမှုအဆင့်အလိုက် ဘွဲ့ထူးအမျိုးမျိုးရှိကြ၏။ ၎င်းသည် လူတစ်ယောက်၏ ရာထူးအဆင့်အတန်းနှင့် ခွန်အားကို ကိုယ်စားပြုပြီး ‌အကြောင်းမဲ့သက်သက် အသုံးပြုလို့ မရပေ။

မူလနတ္ထိအဆင့်သို့ရောက်လျှင် တာအိုသက်ရှိဟူသောဘွဲ့ကို အသုံးပြုကြောင်းကိုသာ ဆူဇီမိုသည် သိထား၏။

သို့သော်လည်း တာအိုအရှင်ဆိုသည်မှာ မည်သည့်အဆင့်ကိုခေါ်သလဲ သူ မကြားဖူးပေ။

ယုတ္တိကျကျပြောရလျှင်၊ တာအိုအရှင်ဆိုသည်မှာ မူလနတ္ထိအဆင့်၏ အထက်မှာ ဖြစ်ရပေမည်။

"ကျ‌တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျတော် ဘာများ ကူညီပေးရမလဲ မသိဘူး"

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက မေးလိုက်၏။

မေးပြီးမှသာ သူကူညီပေးနိုင်သာ မသေချာကြောင်း နားလည်လိုက်၏။

တာအိုအရှင် အဆုံးစွန်မီးက သူပြောသလိုသာ အသက်ဓါတ်သိပ်မကျန်တော့ဘူးဆိုလျှင် ‌အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဆူဇီမိုက ဘာများကူညီပေးနိုင်ပါမည်လဲ။

"လွန်ခဲ့တဲ့ နှစ်၅၀၀၀လောက်က.. ငါ.. ရှေးဟောင်း အပျက်အဆီးနယ်မြေတစ်ခုထဲကို ချိုးဖျက်၀င်ခဲ့တယ်.. အဲ့မှာရှိတဲ့.. သက်ရှိတစ်မျိုးက ငါ့ကို ဒဏ်ရာရစေခဲ့ပြီး အပြင်းအထန် အဆိပ်မိစေခဲ့တယ်.. အဲ့ဒီနောက်.. ငါလဲ တည်နေရာရွှေ့ပြောင်း ပင်မအ‌ဆောင်တစ်ခုကို ချိုးပြီး အသက်ဘေးကနေ ထွက်ပြေးလိုက်တာ၊ အခုဒီနေရာကို ရောက်လာခဲ့တာပဲ"

တာအိုအရှင် အဆုံးစွန်မီး၏ အသံက အနည်းငယ် ပြတ်တောက်ပြတ်တောက် ဖြစ်နေသော်လည်း ကြားလိုက်ရသော ဆူဇီမိုသည် ကြက်သေသေနေမိ၏။

လွန်ခဲ့တဲ့ နှစ်ငါးထောင်!

ရွှေအူတိုင်များ၏ ဘ၀သက်တမ်းက အလွန်ဆုံး နှစ်၅၀၀ဖြစ်၏။

သို့သော်လည်း ယခုသူ့ရှေ့မှလူကား လွန်ခဲ့သည့် နှစ်၅၀၀၀မတိုင်ခင်ကတည်းက ဖြစ်ပြီး အခုထိလဲ အသက်ရှင်နေသေး၏။

ပို၍ ကြောက်စရာကောင်းသည်မှာ တာအိုအရှင်အဆုံးစွန်မီးအား ဒဏ်ရာရစေခဲ့သော အပျက်အဆီးနယ်မြေမှ သက်ရှိဖြစ်လေသည်။

တာအိုအရှင်တစ်ယောက်တောင် ခံနိုင်ရည် မရှိလောက်သည့် အဆိပ်က ဘယ်လိုအဆိပ်မျိုးပါလိမ့်!

တည်နေရာရွှေ့ပြောင်းပင်မအဆောင်ဆိုတာကိုလဲ ဆူဇီမိုသည် တစ်ခါမျှ မကြားဖူးပေ။

"ငါ.. ဒီနေရာကို.. ဖွင့်လှစ်ပြီး ရောက်လာနိုင်ခဲ့တယ်.. ဒါပေမယ့် အဲ့အချိန် ငါ့ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်တွေနဲ့ ပြည့်နေပြီ.. ငါ မထွက်နိုင်တော့ဘူး.. အဆိပ်တွေက အခုငါ့ရဲ့ ဝိညာဉ်အဆီအနှစ်ကိုပါ တိုက်စားနေပြီ.. ငါ နောက် တစ်နာရီထက် ပိုခံနိုင်မှာ မဟုတ်တော့ဘူး"

"ငါ့မှာ ရွေးချယ်စရာ မရှိတာနဲ့.. ငါ့ရဲ့ မနောဝိညာဉ်ကိုသုံးပြီး အဆိပ်ရဲ့တိုက်စားမှုကို နှစ်၅၀၀၀ကြာအောင် ခုခံခဲ့ရတယ်.. .. အခုတော့ ထပ်ပြီး ကြာကြာ ငါတောင့်မခံနိုင်တော့ဘူး"

တာအိုအဆုံးစွန်၏ အသံက နောင်တရမှု၊ မခံမရပ်နိုင်မှုတို့နှင့် ပြည့်နှက်နေပြီး စိတ်သက်သာရာရမှု တစ်စွန်းတစ်စလဲ ပါ၀င်နေ၏။

ဆူဇီမိုသည် သူ့နုလုံးထဲမှာ မုန်တိုင်း၀င်တိုက်သွားသလို တာအိုအရှင် အဆုံးစွန်မီးအား တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်၏။

ဤနေရာ ကျဉ်းကျဉ်းကြုတ်ကြုတ်ကလေးထဲမှာ.. နေ့အလင်းရောင်ကို မမြင်ရ၊ ဘယ်မှာလဲ မသွားလာရဘဲ.. တာအိုအရှင်အဆုံးစွန်မီးသည် သူ့ခန္ဓာကိုယ်ထဲက အဆိပ်များနှင့် နှစ်၅၀၀၀ကြာအောင် တစ်ယောက်တည်း ခုခံတိုက်ခိုက်နေခဲ့ရ၏။

ထိုသို့ လုပ်နိုင်ဖို့အတွက် သူ၏ စိတ်က ဘယ်လောက်တောင် ကြံ့ခိုင်သန်မာလိုက်ပါသလဲ!

All Chapters