ဖယောင်းမီး ဓါး၀င်္ကပါ
Vol. 14 Ch. 202
အခန်း ၂၀၂ - ဖယောင်းမီး ဓါး၀င်္ကပါ
တာအိုအရှင်အဆုံးစွန်မီးက အလွန်တရာ စွမ်းအားကြီးသည်ဟုဆိုလျှင် သူ့ခန္ဓာကိုယ်ထဲရှိအဆိပ်က ပိုလို့တောင် ကြောက်စရာကောင်းသေး၏။
နှစ်၅၀၀၀ကြာသွားတာတောင် တာအိုအရှင် အဆုံးစွန်မီးက ရှုံးနိမ့်နေဆဲဖြစ်၏။
တာအိုအရှင်အဆုံးစွန်မီး၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်က ကြောက်စရာကောင်းသည်ဟုဆိုလျှင် သူ၀င်ရောက်ခဲ့သော အပျက်အဆီးနယ်မြေက တွေးကြည့်ရုံနှင့်ပင် ကြက်သီးထလောက်၏။
"ပြီးခဲ့တဲ့ နှစ်နှစ်က၊ ငါ မင်းကို တွေ့ခဲ့တယ်"
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်၏။
"ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မင်းက ကျင့်ကြံသူတစ်ယောက် မဖြစ်သေးဘူး.. ဒီနှစ်နှစ်လောက်အချိန်ကလေးနဲ့ မင်းက အခြေတည်အဆင့်ထိ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး"
"တစ်ယောက်ယောက်က မင်းရဲ့ ကံကြမ္မာကို ပြောင်းပေးခဲ့တယ်.. အဲ့လိုလုပ်နိုင်တာ တစ်ကယ့်ကို အံ့မခန်း မယုံနိုင်စရာပဲ"
ဆူဇီမိုသည် ဆိတ်ဆိတ်သာနေ၏။
တျဲယွဲ့ကြောင့်သာ မဟုတ်လျှင် သူသည် ယနေ့ ဒီလိုနေရာအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။
တာအိုအရှင် အဆုံးစွန်မီးသည် အလွန် စွမ်းအားကြီးသော်လည်း၊ တျဲယွဲ့သည် သူ၏ အထင်ကြီးလေးစားမှုကို ခံရ၏။
"ငါ့ရဲ့ အဖိုးတန်ပစ္စည်းတွေ အကုန်လုံးက ငါ့သိုလှောင်အိတ်ထဲမှာ.. မနောဝိညာဉ်မရှိဘဲနဲ့ မင်း အဲ့ဒါကို ဖွင့်လို့ရမှာ မဟုတ်ဘူး.. နောက်ပြီး အဲ့ထဲက ပစ္စည်းတွေကို အသုံးပြုဖို့အတွက် မင်းရဲ့ကျင့်ကြံမှုအဆင့်က နိမ့်လွန်းသေးတယ်.. ငါ့သိုလှောင်အိတ်ကို မင်းသိမ်းထားလိုက်.. တစ်နေ့.. မူလနတ္ထိအဆင့်ကို မင်းရောက်တဲ့အခါ ဖွင့်ကြည့်ပေါ့"
တာအိုအရှင် အဆုံးစွန်မီးက သူ့အားဆင့်ခေါ်ရခြင်းသည် သူ၏ နောက်ဆုံးဆန္ဒများကို မှာကြားဖို့အတွက်ဆိုတာ ဆူဇီမိုသည် နောက်ဆုံး သဘောပေါက်လိုက်၏။
"ငါ ဒီကျောက်တုံးဖြူလေးကို အပျက်အဆီးနယ်မြေကနေ ယူလာခဲ့တာ.. အဲ့ဒါက ငါ့သိုလှောင်အိတ်ထဲကို ထည့်လို့မရဘူး ဖြစ်နေတယ်.. အဲ့ဒါကို ဘယ်လိုသုံးရမလဲဆိုတာလဲ ငါမသိဘူး.. မင်းပဲ ယူထားလိုက်တော့"
တာအိုအရှင် အဆုံးစွန်မီး၏ ခေါင်းအုံးဘေးတွင် သူ၏ သိုလှောင်အိတ်နှင့် နို့နှစ်ရောင် ဘဲငန်းဥအရွယ်လောက် ကျောက်တုံးတစ်တုံး ရှိနေ၏။
ကျောက်တုံး၏ မျက်နှာပြင်က ချောမွတ်ပြီး တလက်လက်တောက်နေ၏။
ဆူဇီမိုသည် ထိုကျောက်တုံးကို ငေးကြည့်နေရင်း.. သူ့အကြည့်ကို အထဲသို့ ဆွဲခေါ်နေသလို ခံစားလိုက်ရ၏။
အမှုမဲ့အမှတ်မဲ့နှင့် သူသည် ကျောက်တုံးကို မ,ယူကြည့်လိုက်၏။
ဆူဇီမို၏ လက်ချောင်းများက ကျောက်တုံးကို ထိတွေ့ဆုပ်ကိုင်လိုက်ချိန်တွင် ထိုကျောက်တုံးက ရုတ်တရတ် ပျောက်ကွယ်သွား၏။
ထိုအရာက သူ့လက်ဖဝါးမှတစ်ဆင့် သူ့ကိုယ်ထဲသို့ တိုး၀င်ပျောက်ကွယ်သွားသလိုပင်!
ရုတ်တရတ်ဆိုသလို!
ဆူဇီမို၏ ဦးခေါင်းသည် မခံမရပ်နိုင်လောက်အောင် အပြင်းအထန်နာကျင်ကိုက်ခဲလာပြီး သူသည် သတိလစ်တော့မတတ်ပင် ဖြစ်လာ၏။
ထိုအချိန်၌ သူ မသိလိုက်သည်မှာ သူ့ညာဘက်မျက်လုံးက အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်၏။
ပကတိ အဖြူရောင်ဖြစ်၏။
သူ၏ ညာဘက်မျက်လုံးတစ်ခုလုံးက အပြည့်အဝ အဖြူရောင်ဖြစ်သွား၏။ ၎င်းက မြင်ရသည်မှာ ကြောက်စရာကောင်းလှ၏။
နောက်တစ်ခဏအတွင်း.. ဆူဇီမို၏ ညာဘက်မျက်လုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး.. နာကျင်မှုကလည်း တဖြည်းဖြည်း လျော့ကျသွား၏။
တစ်ချိန်တည်းမှာပင်.. ဆူဇီမို၏ စိတ်အာရုံထဲ၌ လျှို့ဝှက်ပညာရပ်တစ်ခုက ပေါ်လာ၏။
အတိအကျပြောရလျှင် ထိုအရာက ဓါးဝင်္ကပါတစ်ခုပင်ဖြစ်၏_ ဖယောင်းမီးဓါးဝင်္ကပါ!
ဆူဇီမိုသည် ထိုဓါးဝင်္ကပါကို တစ်ခဏမျှ အကြမ်းဖျင်း ကြည့်ရှုလိုက်ရုံမျှနှင့် ပြောစရာစကားမဲ့သွားရ၏။
သူသည် ထိုပညာရပ်ကို မကျင့်ကြံရသေး၊ နားမလည်သေးသော်လည်း.. ဖယောင်းမီးဓါးဝင်္ကပါ၏ စွမ်းအားက ဆဋ္ဌဂံဓါးဝင်္ကပါထက် အပြတ်အသတ် သာလွန်ကြောင်း ခန့်မှန်းနိုင်လိုက်၏။
ဖယောင်းမီးဓါးဝင်္ကပါ၌ အဆင့် ကိုးဆင့်ပါရှိ၏။
ဖယောင်းမီးဓါးဝင်္ကပါအဆင့်၁ကို ပုံဖော်ဖို့အတွက်ပင်.. ဓါးပျံ ၉လက်က စပြီးလိုအပ်၏။
အဆင့်၂အတွက်ဆိုလျှင် ဓါးပျံ၁၈လက် လိုအပ်၏။
ဤပုံစံအတိုင်း.. ဖယောင်းမီးဓါးဝင်္ကပါ အဆင့်၉ကို အသက်သွင်း ပုံဖော်ဖို့အတွက်ဆိုလျှင် သူ့မှာ ဓါးပျံ ၈၁လက် ရှိရပေမည်။
အခုလောလောဆယ်မှာတော့ ဆူဇီမိုသည် ဖယောင်းမီးဓါးဝင်္ကပါအကြောင်းကို သိပ်အာရုံမစိုက်နိုင်သေးဘဲ.. ခေါင်းကိုငုံ့ကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။
စောစောက ကျောက်တုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ဆူဇီမိုသည် ၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ဟု ထင်ယောင်နေမိ၏။
သို့သော်လည်း.. မည်သို့ပင် ရှာဖွေသော်လည်း ဘာကိုမျှ သူ မတွေ့ရှိရပေ။
“ငါ့ခုတင်အောက်မှာ သားရဲဥတစ်လုံးလဲ ရှိသေးတယ်.. ငါ အဲ့ဒါကိုလဲ အဲ့ဒီအပျက်အဆီးနယ်မြေက ရလာခဲ့တာပဲ.. မင်း အဲ့ဒါကို ယူသွားပြီး ပြုစုပျိုးထောင်ပေးပါ.. အဲ့ဒါက အရမ်းထူးခြားတဲ့ မျိုးစိတ်တစ်ခုတောင် ဖြစ်ရင်ဖြစ်နေမှာ”
ဆူဇီမိုသည် အနောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ခုတင်အောက်ကို ငုံ့ကြည့်လိုက်သောအခါ လက်သီးဆုပ်အရွယ်လောက်ရှိသော ဘဲဥသဏ္ဌာန်ဥတစ်လုံးကို တွေ့လိုက်ရ၏။
သေချာသာ အာရုံစိုက်မကြည့်ဘူးဆိုလျှင် ထိုအရာက သာမန်ကျောက်တုံးတစ်ခုအလားပင် အထင်မှားရနိုင်၏။
သို့သော် ယခုအခါ ဆူဇီမိုသည် သေချာစူးစိုက်ကြည့်လိုက်သောအခါ.. တွေ့ရှိရမှုက သူ့ကို တုန်လှုပ်သွားစေ၏။ ထိုအပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သော မှောင်အင်းကွက်များ ပါရှိနေပြီး.. သားရဲဥ၏ မျက်နှာပြင်ပေါ်တွင် သိပ်သည်းလေးနက်စွာ အရေးအကြောင်းများ ပေါ်နေ၏။
သူသည် သားရဲဥကို ကိုင်မကြည့်ပေ။
ထိုအပျက်အဆီးနယ်မြေမှ ပစ္စည်းများက အနည်းငယ် ထူးဆန်းနေ၏။ ဆူဇီမိုသည် ထိုဥကို ထိတွေ့လိုက်တာနှင့် ၎င်းက သူ့ခန္ဓာကိုယ်ထဲ ဝင်သွားမှာကို စိုးရိမ်နေ၏။
“မင်းက ဓါးဝင်္ကပါသခင်တစ်ယောက်ပဲ.. ဟုတ်တယ်မလား”
တာအိုအရှင်အဆုံးစွန်မီးက ရုတ်တရတ် မေးလိုက်၏။ သူ့အသံက စောစောကထက်ပင် ပို၍ အားနည်းလာ၏။
“ဟုတ်ကဲ့”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သူသည် စောစောက အပြင်ဘက်တွင် ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့စဉ်.. ဆဋ္ဌဂံဓါးဝင်္ကပါကို ထုတ်သုံးခဲ့၏။ ထိုသည်ကို တာအိုအရှင်အဆုံးစွန်မီးကလည်း မြင်မှာပဲပင်။
“ဓါးဝင်္ကပါတွေနဲ့ ပတ်သတ်ပြီး ငါသိပ်နားလည်ပါဘူး.. ဒါပေမယ့်လို့ ဓါးဝင်္ကပါသခင်တွေအတွက် ဓါးပျံတွေက အရေးကြီးတယ်မလား.. အဲ့မှာသုံးရမယ့် ဓါးပျံတွေက အရွယ်အစား၊ အလေးချိန်နဲ့ အရည်အသွေး ဆင်တူနေရမယ်.. သူတို့အကုန်လုံးက ထပ်တူညီနေရင်တော့ အကောင်းဆုံးပေါ့”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ.. ကျတော်က နတ်ပန်းပဲဆရာတစ်ယောက်ဆိုလဲ ဟုတ်တယ်.. ကျတော်သုံးခဲ့တဲ့ ဓါးပျံတွေအကုန်လုံးက ကျတော့်ဘာသာ သွန်းလုပ်ထားတာတွေပဲ”
“အို့”
တာအိုအရှင် အဆုံးစွန်မီးက ရုတ်တရတ် ရွှင်ပျသွား၏။
“မင်း ဘယ်လောက်အဆင့် စိတ်ဝိညာဉ်လက်နက်တွေ သွန်းလုပ်နိုင်လဲ”
“ကျတော် အခုချိန်ထိတော့ အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တွေကိုပဲ လုပ်နိုင်သေးတယ်” ဆူဇီမိုက ရိုးသားစွာ ပြန်ဖြေလိုက်၏။
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“တစ်ကယ်တော့.. ငါက တစ်သီးပုဂ္ဂလအုပ်စုလေးစုက.. အသွန်းတစ်ရာဂိုဏ်းကပဲ.. ထျန်ဟွမ်ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်ပြောမယ်ဆိုရင်တောင်.. လက်နက်သွန်းလုပ်ခြင်းနည်းစနစ်တွေမှာဆို.. အသွန်းတစ်ရာဂိုဏ်းက ထိပ်တန်းမှာပဲရှိတယ်.. နှမြောစရာပဲ၊ မင်းက ငါတို့ဂိုဏ်းသားမဟုတ်တော့.. ဂိုဏ်းက လက်နက်သွန်းလုပ်ခြင်း လျှို့ဝှက်နည်းစနစ်တွေကို ငါမင်းကို သင်ပေးလို့မရဘူး”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။
သူသည် အမှတ်တမဲ့နှင့် နတ်ဆိုးမကျိပြောတာကို ကြားဖူးခဲ့၏။ ထျန်ဟွမ်ကမ္ဘာ၏ ထိပ်သီးအုပ်စုများထဲတွင် တစ်သီးပုဂ္ဂလအုပ်စုလေးစုလဲ ပါဝင်၏။
သူတို့၏ ရပ်တည်မှုက မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းနှင့် ရင်ဘောင်တန်းနိုင်၏။
“ဒါပေမယ့်လဲ..”
တာအိုအရှင် အဆုံးစွန်မီးက ထပ်ပြောလိုက်၏။
“ငါ မင်းရှေ့မှာ လက်နက်တစ်ခု သွန်းလုပ်ပြလို့တော့ရတယ်.. ဖြစ်စဉ်တစ်ခုလုံးကို သေချာလိုက်ကြည့်ပါ.. မင်းဘယ်လောက်ထိ နားလည်ရယူနိုင်မလဲဆိုတာကတော့ မင်းရဲ့ ပါရမီအပေါ်မှာပဲ မူတည်တယ်”
လက်နက်သွန်းလုပ်ခြင်းအရာတွင် အသွန်းတစ်ရားဂိုဏ်းက ထိပ်တန်းမှာရှိ၏။
ထိုစကားတစ်ခုတည်းနှင့်ပင် အသွန်းတစ်ရာဂိုဏ်းက လက်နက်သွန်းလုပ်ခြင်းအရာတွင် မည်မျှ စွမ်းအားကြီးကြောင်း သိရှိနိုင်၏။ ထို့အပြင် သူက အသွန်းတစ်ရာဂိုဏ်းမှ တာအိုအရှင်တစ်ယောက်ဖြစ်၏။
ဤသည်က ရှားရှားပါးပါး အခွင့်အရေးဖြစ်၏။
တာအိုအရှင်အဆုံးစွန်မီး၏ နဖူးတည့်တည့်မှ ပုံရိပ်တစ်ခုက ရုတ်တရတ် ပျံထွက်လာ၏။
ပျံထွက်လာသူသည် ကြက်သွေးရောင်ဝတ်ရုံကိုပင် ဝတ်ဆင်ထားပြီး.. ရုပ်ရည်သွင်ပြင်အရ တာအိုအရှင်အဆုံးစွန်မီးနှင့် ထပ်တူနီးပါးဖြစ်၏။ သူပုံစံက အနည်းငယ်အရောင်မှိန်၍ သေးငယ်နေရုံကလွဲလို့ ဖြစ်၏။
“ဒါက ငါ့ရဲ့ အဆီအနှစ်ဝိညာဉ်ပဲ.. သိပ်မကြာတော့ဘူး ပျောက်ကွယ်တော့မှာ”
တာအိုအရှင်အဆုံးစွန်မီးက ထိုသို့ ပြောပြီးသည်နှင့် သူ၏ အဆီအနှစ်ဝိညာဉ်က လက်ကို ညင်သာစွာ ဝေ့ရမ်းလိုက်သောအခါ.. ခုတင်ရှေ့ရှိ သိုလှောင်အိတ်ထဲမှ ကြီးမားသည့် မီးဖိုကြီးတစ်လုံးနှင့် များစွာသော ပစ္စည်းများက ပျံထွက်လာ၏။
ရွှစ်..!
မီးဖိုအောက်ခြေတွင် အလျှံငြီးငြီး မီးတောတစ်ခုက ပေါ်ထွက်လာ၏။
အပူပေးခြင်း.. ပစ္စည်းရွေးချယ်ခြင်း.. အရည်ဖျော်ခြင်း.. ပုံသွင်းခြင်း..
ထိုအဆင့်များက အကြမ်းဖျင်းအားဖြင့် ဆင်တူကြ၏။ သို့သော်လည်း တာအိုအဆုံးစွန်မီး၏ နည်းစနစ်များက လုံးဝ သေသပ်တင့်တယ်ခမ်းနားနေ၏။
ဆူဇီမို၏ မျက်လုံးထဲတွင်.. တာအိုအရှင်အဆုံးစွန်မီး၏ လက်နက်သွန်းလုပ်ခြင်း ဖြစ်စဉ်တစ်ခုလုံးက လေပြင်ကဲ့သို့ ချောမွေ့ပြေပြစ်နေ၏။ သူသည် လက်နက်တစ်ခုသွန်းလုပ်နေသည်နှင့် မတူဘဲ.. အဖိုးအထိုက်တန်ဆုံး ရတနာတစ်ခုကို ပြုလုပ်နေသလိုပင်။
ဆူဇီမိုသည် အခြေခံနတ်ပန်းပဲဆရာတစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း..
ဤအချိန်၌ သူနားလည်သွားသည်မှာ.. တစ်ကယ့်ပညာရှင်များနှင့်ယှဉ်လျှင်.. သူ၏ နတ်ပန်းပဲကျွမ်းကျင်မှုက အမှိုက်လိုသာပင်။
ပုံသွင်းခြင်းပြီးနောက်.. မီးဆေးခြင်းဖြစ်၏။
ဤအဆင့်ကား ဆူဇီမိုအတွက် အားအနည်းဆုံးအဆင့်ဖြစ်၏။
တာအိုအရှင်အဆုံးစွန်မီး၏ နည်းလမ်းများကို သူသည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
တာအိုအရှင်အဆုံးစွန်မီးက သူ၏ လက်ဆယ်ချောင်းကို အလွန်တရာ ပေါ့ပါးဖျတ်လတ်စွာ ထိန်းချုပ်ကာ.. ဓါး၏ ကိုယ်ထည်တစ်လျှောက် ရွေ့လျားရင်း.. နည်းနည်းချင်းစီး ခပ်စိတ်စိတ် လိုက်တောက်နေ၏။
သူ့လက်ချောင်းထိပ်လေးများ ကျဆင်းလာတိုင်း.. လက်ချောင်းထိပ်ဖျားလေးတွင် သေသပ်လှပသော တူသေးသေးလေးတစ်ခုက စုဖွဲ့လာသည်ဟု ထင်ရ၏။
ကလင်! ကလန်!
လက်ဆယ်ချောင်းက ဓါးကို စည်းချက်ညီစွာ အချိုးကျ ရိုက်ခတ်ရင်း.. သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်တစ်ခုလို ထွက်ပေါ်လာနေ၏။ အသံများ၏ ကြားပိုင်းကာလလေးများက အတိအကျ တူညီနေ၏။
“ဒါကတော့ အသွန်းတစ်ရာဂိုဏ်းက လျှို့ဝှက်ပညာရပ်တစ်ခု.. မီးဆေးလက်တစ်ထောင်”
တာအိုအရှင် အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာ၏။
“ဒီပညာရပ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကိုတော့ ငါရှင်းမပြတော့ဘူး.. မင်း သေချာသာ အနီးကပ်ကြည့်နေ.. ပြီးရင် အလေးအနက်တွေးပြီး မင်းရဲ့ကိုယ်ပိုင်အမြင်တစ်ခု ရလာတဲ့အထိ လေ့ကျင့်...”
သိပ်မကြာမီ.. မီးဆေးခြင်းဖြစ်စဉ်က ပြီးဆုံးသွားပြီး.. စိတ်ဝိညာဉ်စုဆောင်းခြင်းက စတင်လေပြီ။
“ဇီ..”
ချက်ချင်းဆိုသလိုပင်.. ဓါးပေါ်တွင် ပထမဆုံး စိတ်ဝိညာဉ်အင်းကွက်က ပေါ်လာ၏။
ဆူဇီမိုသည် လုံးဝမှင်တက်သွား၏။
ထိုစိတ်ဝိညာဉ်စုဆောင်းခြင်း အမြန်နှုန်းက အရမ်းကို လွန်လွန်း၏။
“ဒါကတော့ ငါတို့ဂိုဏ်းရဲ့ နောက်ထပ်လျှို့ဝှက်အတတ်တစ်ခု.. အသွန်းတစ်ရာ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းပဲ.. မင်း အဲ့ဒါကို အကဲခတ်လေ့လာရုံနဲ့တော့ နားလည်မှာ မဟုတ်ဘူး.. ဘာလို့ဆို အဲ့လိုလုပ်နိုင်ဖို့.. မန္တရားတွေနဲ့ မနောဓါတ်ကျင့်ကြံမှု နည်းစနစ်တွေ လိုသေးတယ်”
သူစကားပြောနေစဉ်မှာပင်.. ဒုတိယစိတ်ဝိညာဉ်အင်းကွက်တစ်ခုက ထပ်ပေါ်လာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင်.. တတိယတစ်ခုကပါ လိုက်ပါလာ၏။
ပြီးတော့.. စတုတ္ထမြောက်!