← Chapters

သားရဲကောင်၏အတွင်းအမြူတေ

Vol. 14 Ch. 203

သားရဲကောင်၏အတွင်းအမြူတေ

Vol. 14 Ch. 203

အခန်း ၂၀၃ - သားရဲကောင်၏အတွင်းအမြူတေ

စက္ကန့်အနည်းငယ်ကလေး အတွင်းမှာပင်.. ထိုဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်‌လေးခုက စုဖွဲ့ပေါ်လာခဲ့ပြီးပြီဖြစ်၏။

ထိုအရာက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သွားပေပြီ!

ထိုအရာက ပကတိအဆင့်ကိုရောက်ဖို့ နောက်ထပ်တစ်ဆင့်သာ လိုတော့လေသည်။

လက်နက်သွန်းလုပ်ခြင်းတွင် စိတ်ဝိညာဉ်စုဆောင်းခြင်းကား အခက်ခဲဆုံးအဆင့်ဖြစ်၏။ သို့သော်လည်း တာအိုအရှင် အဆုံးစွန်မီးက ထိုအရာကို သက်တောင့်သက်သာနှင့်ပင် လုပ်ပြသွား၏။

သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်လျှင်ပင်.. ထိုသူကို အဆင့်မြင့် နတ်ပန်းပဲဆရာဟု ခေါ်လို့ရ၏။

အဆင့်မြင့်နတ်ပန်းပဲဆရာများ၏ အထက်တွင် မဟာနတ်ပန်းပဲဆရာဆိုတော့ ဘွဲ့ထူးနာမည်ရှိ၏။

အဆုံးစွန်မီးတာအိုအရှင်က မည်သည့်ဘွဲ့ကို ပိုင်ဆိုင်ထားပါသနည်း။

လက်နက်သွန်းလုပ်ခြင်းနည်းစနစ်များကို ဆူဇီမို ကောင်းကောင်းမြင်နိုင်၊ ကြည့်နိုင်ဖို့အတွက်.. အဆုံးစွန်မီးတာအိုအရှင်က သူ၏ ပန်းပဲမီးဖိုကို ဖယ်ရှားပစ်လိုက်ပြီး မီးဆေးခြင်းနှင့် စိတ်ဝိညာဉ်စုဆောင်းခြင်း အဆင့်များကို လုပ်ဆောင်ခဲ့၏။

စိတ်ဝိညာဉ်အင်းကွက်လေးခုကို စုဖွဲ့ပြီးနောက်.. အဆုံးစွန်မီးတာအိုအရှင်က ရပ်တန့်မည့်ဟန်မရဘဲ.. ပဉ္စမမြောက်စိတ်ဝိညာဉ်အင်းကွက်ကို စုဖွဲ့ဖို့ ကြိုးပမ်းလိုက်၏။

“အို့”

ထိုအချိန်မှာပင် ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်က မြည်လာ၏။

ထိုအန္တရာယ်အငွေ့အသက် သတိပေးချက်က ရဲရဲနီနေအောင် အပူပေးထားသော ဓါးပျံဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သူသည် ထိုခံစားချက်ကို ရင်းနှီး၏_ စိတ်ဝိညာဉ်စုဆောင်းမှု ကျရှုံးတော့မည့် လက္ခဏာဖြစ်၏။

“မလုပ်နဲ့တော့!”

အဆုံးစွန်မီးတာအိုအရှင်က ရပ်တန့်လိုဟန်မရသည်ကို မြင်ရသောအခါ.. ဆူဇီမိုသည် အမှတ်တမဲ့ လန့်အော်လိုက်၏။

အဆုံးစွန်မီးတာအိုအရှင်က ခဏမျှ ရပ်တန့်လိုက်ပြီး ဆူဇီမိုကိုကြည့်ကာ တိုးတိုးပြောလိုက်၏။

“ဟုတ်တာပေါ့.. ငါက ပကတိအဆင့်လက်နက်တစ်ခု လုပ်ပေးလိုက်ရင်တောင်.. မင်းရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ အဲ့ဒါကို သုံးနိုင်မှာမှ မဟုတ်တာ”

ဆူဇီမို၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအင်အရ.. သူသည် ပကတိအဆင့်လက်နက်တစ်ခုကို သိပ်ပြီးကြာကြာ ကိုင်ဆောင်အသုံးပြုနိုင်မှာ မဟုတ်ပေ။

စိတ်ဝိညာဉ်အင်းကွက်ငါးခုစလုံးကို အသက်သွင်းလိုက်လျှင်.. ‌ပေးသွင်းရမည့် စိတ်ဝိညာဉ်စွမ်းအင်ကလည်း အတော်များပေလိမ့်မည်။

ဆူဇီမိုသည် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထဲကနေ ကျိတ်ပြီးရေရွတ်လိုက်၏။

“အသွန်းတစ်ရာဂိုဏ်းရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်က တစ်ကယ့်အံ့မခန်းဆိုပေမယ့်လဲ.. အောင်မြင်နိုင်ခြေက ၁၀၀%ရှိနေတာတော့ မဟုတ်ဘူးပဲ.. ငါ့ရဲ့စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်က ပိုနှေးတယ်ဆိုပေမယ့်လဲ၊ အဲ့ဒါက အာမခံချက်ရှိတယ်”

တစ်နည်းအားဖြင့်.. ဆူဇီမိုသည်သာ ပစ္စည်းရွေးချယ်ခြင်း၊ အရည်ဖျော်ခြင်း၊ ပုံသွင်းခြင်းနှင့် မီးဆေးခြင်းအဆင့်တို့၌ ပြီးပြည့်စုံလာခဲ့လျှင်.. သူသည် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ဖို့ ၁၀၀%သေချာလေသည်။

ထိုအကြောင်းအရာသည်သာ ကျင့်ကြံရေးလောကတွင် ပျံ့နှံ့သွားခဲ့လျှင် ဆူဇီမိုသည် နာမည်အကြီးဆုံး နတ်ပန်းပဲဆရာတစ်ယောက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။

“ဒီထိပ်တန်းအဆင့် ဓါးပျံက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပေါ့.. ရော့ယူလိုက်”

ရွှစ်..

ဆူဇီမို၏ရှေ့ မြေပြင်ပေါ်သို့ ဓါးတစ်‌လက်က လာရောက်စိုက်ဝင်သွားလေ၏။

“အာ.. ငါက အနှစ်၅၀၀၀လောက် အသက်ရှင်နိုင်အောင် ကြိုးစားခဲ့ရတယ်.. ဒါပေမယ့်လဲ အားလုံးက အလကားပါပဲလား...”

အစိမ်းရောင်သန်းနေသော အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်က စတင်ညိုပုပ်လာပြီဖြစ်၏။

ဆူဇီမိုသည် မျက်မှောင်တွန့်၍ သူ့ရင်ထဲက တုန်လှုပ်မှုကို ဖြေဖျောက်ဖို့ အကောင်းဆုံး ကြိုးစားလိုက်၏။

အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်သည် သူ့နဖူးကြားက ပျံထွက်လာသည့် ခဏ၌သာ သူ့သက်ရှိခန္ဓာကိုယ်နှင့် ထိတွေ့ခဲ့မိခြင်းဖြစ်၏။ ထိုသို့ဆိုလျှင်တောင် ၎င်းက အဆိပ်မိသွားခဲ့သေး၏။

အဆိပ်၏ ကူးစက်ပျံ့နှံ့နိုင်စွမ်းက အလွန်ကြောက်စရာပင်။

“အပြင်ဘက်.. ဝံပုလွေ.. ကိုယ်ထဲ... အတွင်းအမြူတေ..ရှိ... အဲ့ဒါက မင်းအတွက် .. မဟာအားတိုးဆေးပဲ.. ထုတ်ယူဖို့ မမေ့နဲ့..”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

အင်မော်တယ်ကျင့်ကြံရေးလမ်းကြောင်းတွင်.. အူတိုင်ဖွဲ့တည်နိုင်သော ကျင့်ကြံသူများက သူတို့၏ ဒန်ထျန်ထဲတွင် တစ်လက်လက်တောက်ပနေသော ရွှေအူတိုင်အမြုတေတစ်ခုရှိ၏။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် ဖော်ပြထားမှုအရ.. အူတိုင်အဆင့်ရောက်ရှိပြီးသော သားရဲများ၏ ခန္ဓာကိုယ်ထဲတွင်လည်း အတွင်းအမြုတေတစ်ခုကို ဖွဲ့တည်နိုင်၏။

အတွင်းအမြုတေနှင့် ရွှေအူတိုင်အမြုတေတို့က ဆင်တူ၏။ သူတို့၏ ကျင့်ကြံသူ၏ အဆီအနှစ်ကို သိုလှောင်ပေးထား၏။

သို့သော်လည်း ရွှေအူတိုင်အမြုတေက စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖွဲ့စည်းထားပြီး.. အတွင်းအမြုတေကတော့ အင်္ဂါငါးခု၏ အဆီအနှစ်ချီများဖြင့် ဖွဲ့စည်းထား၏။

အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် ဖော်ပြထားမှုအရ.. အင်္ဂါသန့်စင်ခြင်းပြီးနောက် အင်္ဂါငါးခုမှ ထွက်ပေါ်လာသော အဆီအနှစ်ချီများသည် မတူညီသော အဆီအနှစ်ချီငါးခုအဖြစ်.. ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအဆီအနှစ်ချီများက အရေပြား၊ အသား၊ အရွတ်၊ အရိုးနှင့် ခြင်ဆီတို့ကို အာဟာရပြုပေးကာ.. ခန္ဓာကိုယ်ကို အကြီးအကျယ် ပြောင်းလဲစေပေလိမ့်မည်။

စွမ်းအားအရာမှာဖြစ်စေ၊ အမြန်နှုန်းအရာမှာဖြစ်စေ.. သိသာထင်ရှားသော နောက်တစ်ဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

အင်္ဂါငါးခုသို့ အဆီအနှစ်ချီများ၏ အာဟာရပြုမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားပြီးလျှင် နောက်တစ်ဆင့်၊ ဒွါရရှင်းလင်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ဒွါရရှင်းလင်းခြင်းအဆင့်၌ စွမ်းအားနှင့် အမြန်နှုန်းတို့က များစွာသိသာတိုးတက်လာမှာ မဟုတ်ပေ။ သို့သော်လည်း.. သားရဲကျင့်ကြံသူတစ်ယောက်၏ ပျှမ်းမျှခွန်အားက သိသာရှင်းလင်းစွာ တိုးတက်လာပေလိမ့်မည်။

ဒွါရရှင်းလင်းခြင်းသည် အင်္ဂါငါးခုအဆီအနှစ်ချီတို့ကို အသုံးပြုပြီး.. ထိုသူ၏ ပါးစပ်၊ မျက်လုံး၊ နားနှင့် နှာခေါင်းတို့ကို နောက်တစ်ဆင့်သို့ ဖွင့်လှစ်လိုက်ခြင်းကို ဆိုလိုလေသည်။

ထိုဒွါရအပေါက်များကို ဖွင့်လှစ်ပြီးလျှင်.. သားရဲကျင့်ကြံသူတစ်ယောက်၏ အာရုံငါးပါးသည် လွန်စွာ စူးရှထက်မြက်တိုးတက်လာမှာဖြစ်ပြီး.. ထိုသူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့ခံအာရုံတို့က နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအရာများသည် အပေါ်ယံပြောင်းလဲမှုများသာဖြစ်၏။

သားရဲကျင့်ကြံသူတစ်ယောက်၏ ကိုယ်တွင်းတွင် သိသာထင်ရှားသော ပြောင်းလဲမှုများလည်း ဖြစ်ပေါ်ဦးပေမည်။

အင်္ဂါငါးခု..  အရေပြား၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီတို့နှင့်.. အာရုံငါးပါးတို့အကြား.. အချိတ်အဆက်သည် လွန်စွာစပ်ဟပ်မိလာပြီး လုံးဝလိုက်လျောညီထွေရှိလာပေလိမ့်မည်။

ဒွါရရှင်းလင်းခြင်းကို ကျွမ်းကျင်ပြီးနောက်.. ခန္ဓာကိုယ်၏ မာကျောခက်ထန်မှုနှင့် ကျုံ့နိုင်ဆန့်နိုင်မှုတို့သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ တစ်သားတည်းကျလာပေလိမ့်မည်။

အဆီအနှစ်ချီငါးခု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားချိန်သည်.. အတွင်းအမြုတေဖွဲ့တည်ချိန် ဖြစ်လေသည်။

အတွင်းအမြုတေတစ်ခုကို မျိုးဆက်သွေးများနှင့် အင်္ဂါငါးခုချီများက စုဖွဲ့ပေးထား၏။ စံပြဝံပုလွေ၏ တစ်သက်တာကျင့်ကြံမှုအဆီအနှစ်များက ထိုအထဲတွင် ပါဝင်၏။ ထိုအရာက ဆူဇီမိုအတွက်လည်း လွန်စွာအရေးကြီး၏။

အတွင်းအမြုတေကို ဝါးမျိုလိုက်လျှင်.. ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် သူ တစ်စို့နေသောနေရာကို ကျော်ဖြတ်နိုင်ဖို့ အခွင့်များလေသည်။

“ကျင့်ကြံ‌ရေးလမ်းကြောင်းက တစ်ကယ်ရှည်လျားပြီးတော့.. အင်မတန် ခက်ခဲကြမ်းတမ်းတာပဲ.. ခြေလှမ်းတစ်လှမ်းမှားသွားတာနဲ့.. လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ကျင့်ကြံထားမှုတွေက အကုန်ပျောက်ကွယ်သွားရမှာပဲ.. သနားစရာ.. စိတ်ပျက်စရာ.. ကြောက်စရာပဲ..”

အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်က မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ တီးတိုးစကားများရေရွတ်ရင်း.. သူ့မျက်ခုံးနှစ်ခုအကြားမှ အကန့်အသတ်မဲ့ ရှေးကျသောအငွေ့အသက်များက ထွက်ပေါ်နေ၏။ နောက်ဆုံးမှာတော့.. သူ့မျက်လုံးများက မှိတ်ကျသွားလေသည်။

ထိုအချိန်၌ ဆူဇီမိုသည် ကိုယ်ချင်းစာမိလိုက်ပြီး.. အနည်းငယ် ဝမ်းနည်းလာသလို ခံစားလိုက်ရ၏။

အဆုံးစွန်မီးတာအိုအရှင်က သူ့ထက် အဆများစွာ စွမ်းအားကြီး၏။ သို့သော်လည်း နောက်ဆုံးမှာ သူသည် ဤကဲ့သို့ အဆုံးသတ်ရ၏။

ဆူဇီမို၏ အနာဂတ်ကရော.. သူဘယ်လောက်ဝေးဝေးထိ ရောက်အောင် သွားနိုင်မလဲ။

နောက်ပြီး.. သူလျှောက်ရမည့်လမ်းက ပိုလို့ပင် ခက်ခဲကြမ်းတမ်း ဆူးညှောင့်ခလုတ်များနိုင်၏။

“ကျတော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အပြင်.. တာအိုကိုလည်း သင်ကြားပေး၊ ရတနာတွေကိုလဲ ‌ပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ဆူဇီမိုသည် အဆုံးစွန်မီးတာအိုအရှင်၏ ရုပ်အလောင်းကို အလေးအနက် ဂါဝရပြု ဦးညွှတ်လိုက်၏။

ယခုအခါမှာတော့ အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်သည် ညိုမည်းနေပြီဖြစ်ကာ အသက်ဓါတ်မကျန်ရှိတော့ပေ။ သူက အသက်မရှိတော့ပြီမှာ ထင်ရှားလေသည်။

“အား..”

ဆူဇီမိုသည် သက်ပြင်းချလိုက်၏။ သူသည် ခုတင်ဘေးသို့ လျှောက်ကာ အဆုံးစွန်မီးတာအိုအရှင် ချန်ထားရစ်ခဲ့သော သိုလှောင်အိတ်ကို ဖြုတ်ယူဖို့ လုပ်လိုက်၏။

သိုလှောင်အိတ်က အဆုံးစွန်မီးတာအိုအရှင်၏ မနောဝိညာဉ်ဖြင့် ပိတ်ဆို့ထားသောကြောင့်.. ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနှင့် ထိုအိတ်ကို မဖွင့်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင် ထိုအရာက ထိန်းသိမ်းထားဖို့ ထိုက်တန်လေသည်။

တစ်သီးပုဂ္ဂလအုပ်စုလေးခုမှဖြစ်သော တာအိုအရှင်တစ်ယောက်၏ သိုလှောင်အိတ်ထဲတွင် မည်မျှ အဖိုးထိုက်တန်သည့် ပစ္စည်းများ ပါရှိနိုင်မလဲ တွေးကြည့်နိုင်၏။

ဆူဇီမိုသည် သိုလှောင်အိတ်ကို သိမ်းလိုက်ပြီး.. မြေပြင်ပေါ်ရှိ ထိပ်တန်းအဆင့်ဓါးပျံကို သူ့သိုလှောင်အိတ်ထဲသို့ ကောက်ထည့်လိုက်၏။

“အဲ့”

ဆူဇီမိုသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။

သူ သိုလှောင်အိတ်ကို ပိတ်လိုက်သည့်ခဏ၌ သူ့သို့လှောင်အိတ်ထဲရှိ ‌ဗုဒ္ဓပုတီးစေ့မှ ထူးဆန်းသော ပြောင်းလဲမှုကို သူခံစားလိုက်ရ၏။

သူသည် ဗုဒ္ဓပုတီးစေ့ကို ချက်ချင်းပင် ထုတ်ကြည့်လိုက်၏။

ထိုအရာကို ထိတွေ့ကိုင်ကြည့်လိုက်ပြီးနောက်.. ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ သူသည် ပိုလိုပင် စဉ်းစားရကျပ်သွား၏။

ဗုဒ္ဓပုတီးစေ့ကို ကိုင်ကြည့်လိုက်သည့်အခါ အမှန်တစ်ကယ်ပင် နွေးထွေးနေ၏။

“တစ်ခုခုပဲ”

ကျောက်သားခေါင်းတလားထဲမှ ဗုဒ္ဓပုတီးစေ့ကို သူရရှိခဲ့ချိန်ကတည်းက ထိုအရာက တစ်ခါမျှ ပြောင်းလဲမှု မဖြစ်ပေါ်ဖူးပေ။ ဤတစ်ကြိမ်က ပထမဆုံး ဖြစ်လေသည်။

ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နက်နက်နဲနဲ တွေးလိုက်၏။

သူအထင်မမှားဘူးဆိုလျှင်.. ဤလိုဏ်ဂူတိုက်ခန်း သို့မဟုတ် ဤနေရာမှာရှိသော တစ်ခုခုက ဗုဒ္ဓပုတီးစေ့နှင့် ပတ်သတ်ဆက်နွယ်မှု ရှိနေရပေမည်။

ဗုဒ္ဓပုတီးစေ့ကို လက်ထဲမှာ ကိုင်ထားရင်း.. ဆူဇီမိုသည် လိုဏ်ဂူတိုက်ခန်းထဲတွင် လှည့်ပတ်လျှောက်သွားကြည့်လိုက်၏။

ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက်.. သူသည် ရုတ်တရတ် ရပ်တန့်၍ ဆောင့်ကြောင့်ထိုင်ချကာ မလှမ်းမကမ်းတွင်ရှိသော အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်ကို ကြည့်လိုက်၏။ သူသည် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။

တစ်ခဏနေပြီးနောက် ဆူဇီမိုသည် သူ့လက်ကို ဆန့်တန်းကာ အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်နားသို့ တိုးကပ်သွားကြည့်လိုက်၏။

ရွှစ်..

အလင်းတန်းတစ်ခု!

ဆူဇီမို၏ အကြည့်အောက်မှာပင်.. အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်သည် ဗုဒ္ဓပုတီးစေ့၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး မျက်တစ်မှိတ်အတွင်းမှာပင် ချက်ချင်း ပျောက်ကွယ်သွား၏။

“အို့”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး ဗုဒ္ဓပုတီးစေ့ကို မြေပြင်ပေါ်သို့ ကမန်းကတမ်း ပစ်ချလိုက်၏။

အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်က အဆိပ်များဖြင့် စွန်းထင်းနေ၏။ ယခု ထိုအရာက ဗုဒ္ဓပုတီးစေ့ထဲကို ဝင်ရောက်သွားသောကြောင့် ပုတီးစေ့သည်လည်း အဆိပ်များဖြင့် စွန်းထင်းသွားလောက်ပေပြီ။

အတန်ကြာသည့်အထိ စောင့်ကြည့်ပြီးသော်လည်း.. ဗုဒ္ဓပုတီးစေ့က မည်သို့မျှ ပြောင်းလဲခြင်းမရှိသည်ကို ဆူဇီမိုသည် တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။

သူသည် အရမ်းကာရော မပြုမူရဲသေးဘဲ.. မြေပြင်ပေါ်မှ တုတ်တစ်ချောင်းကို ရှာကောက်ကာ ဗုဒ္ဓပုတီးစေ့ကို တွန်းထိုးကြည့်လိုက်၏။

ထိုတုတ်ချောင်းကလည်း ဘာမျှ ပြောင်းလဲမှု မရှိပေ။

ဆိုလိုသည်မှာ.. ဗုဒ္ဓပုတီးစေ့က ထိုကြောက်စရာအဆိပ်၏ စွန်းထင်းသက်ရောက်ခြင်းကို မခံရဟုပင်။

ယခုကဲ့သို့ သူအစိုးရိမ်ကြီးနေသည်မှာ အပြစ်ပြောလို့တော့ မရပေ။ ထိုအဆိပ်က အရမ်းကို စွမ်းအားကြီးလွန်းလှ၏။

အဆုံးစွန်မီးတာအိုအရှင်လို စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်ပင်လျှင် နှစ်၅၀၀၀ကြာ တောင့်ခံပြီးနောက်.. ယခုကဲ့သို့ အဆုံးသတ်သွားရ၏။ ဆူဇီမိုက ပိုလို့ပင် ဂရုစိုက်ရပေမည်။

သူသည် ဗုဒ္ဓပုတီးစေ့ကို ကောက်ယူ၍ ခဏကြာ လေ့လာကြည့်ရှုပြီးနောက် သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

All Chapters