← Chapters

အင်္ဂါသန့်စင်ခြင်း

Vol. 14 Ch. 205

အင်္ဂါသန့်စင်ခြင်း

Vol. 14 Ch. 205

အခန်း ၂၀၅ - အင်္ဂါသန့်စင်ခြင်း

Translator – Than Toe Aung

မလှမ်းမကမ်းတွင်ရှိသော သားရဲဥကိုကြည့်ရင်း.. ဆူဇီမိုသည် ကပ်ဘေးတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာသလို ခံစားလိုက်ရ၏။

သူသာ အတော်အတန် အဆင့်မြင့်သော ခြင်ဆီသန့်စင်ခြင်းနည်းစနစ်များနှင့် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်တို့ကိုသာ တတ်မြောက်မထားဘူးဆိုလျှင် သူသည် သားရဲဥတစ်လုံး၏ စားသုံးဝါးမျိုခြင်းကို ခံရပြီး သေနေလောက်ပေပြီ။

“ဥလား”

စိတ်ဝိညာဉ်မျောက်သည် သားရဲဥနားသို့ လျှောက်သွားပြီး.. မျက်တောင်ခတ်၍ ကြည့်နေ၏။ သူသည် ထိုအရာကို ဆွဲယူလိုက်ပြီး သိချင်စိတ်ဖြင့် စူးစမ်းချိန်ဆကြည့်လိုက်၏။

ဝန်းကျင်တစ်ခွင်ကို လှည့်ပတ်ကြည့်ရှုရင်း ဆူဇီမို၏ အကြည့်က နေရာတစ်ခုသို့အရောက်တွင် ရပ်တန့်သွားပြီး သူ့မျက်လုံးက အရောင်လက်သွား၏။

စံပြဝံပုလွေ၏ အလောင်းအောက်တွင်.. လက်သီးဆုပ်အရွယ် လုံးဝိုင်းသော အမြုတေတစ်ခုက ရှိနေ၏။ ၎င်းက အနီရောင်‌ဖျော့ဖျော့လက်နေ၏။

သားရဲအတွင်းအမြုတေ!

စံပြဝံပုလွေ၏ ရိုက်ပုတ်ချက်တစ်ချက်ကတောင် အလွန်ကြောက်စရာကောင်းသော အားလှိုင်းများအဖြစ် ပေါ်ထွက်လာခဲ့သည်မှာ ဤလုံးဝိုင်းသော အမြုတေပစ္စည်းလေးကြောင့်ပင် ဖြစ်လေသည်။

တစ်ကယ်တမ်းပြောရလျှင် ၎င်းက ဆူဇီမို၏ အဆင့်နိမ့်ဓါးပျံခြောက်လက်ကိုပင် ဖျက်ဆီးပစ်လိုက်၏။

အတွင်းအမြုတေများက အရောင်အမျိုးမျိုး ကွဲကြပြီး.. ထိုအရာက သားရဲမျိုးစိတ်အ‌ပေါ်မူတည်လေသည်။

ရေမှာနေသော သားရဲများ၏ အမြုတေသည် အများအားဖြင့် ရေဒြပ်စင်ဓါတ်ရှိကြပြီး အများစုမှာ အပြာရောင်ဘက်ကို သန်းကြလေသည်။

မြက်တောများ သစ်ခက်များကြားမှာနေသော သားရဲများ၏ အမြုတေသည် အများအားဖြင့် အစိမ်းရောင်ဘက်ကို သန်းကြလေသည်။

အတွင်းအမြုတေများက အဆင့်အမျိုးမျိုးရှိကြ၏။

မည်သည့်အရောင်ဖြစ်စေ.. အရောင်က ပိုသန့်စင်လေလေ.. အဆင့်ပိုမြင့်လေဖြစ်၏။

နီညိုရောင်ရှိလျှင် ထိုအမြုတေက သာလွန်အဆင့်ဖြစ်ပြီး.. အနီရင့်ရင့်ဖြစ်လျှင် ထိပ်တန်းအဆင့်ဖြစ်လေသည်။

အမြုတေတစ်ခုက ကြက်သွေးနီရောင် ရဲရဲတောက်လက်နေလျှင်တော့.. ထိုအရာက ပကတိအဆင့်ဖြစ်လေသည်။

သန့်စင်သောမျိုးဆက်သောသွေးနှင့် ရှေးကျသောရက်စက်ကြမ်းကြုတ်သည့်သားရဲမျိုးများပင်လျှင် ပကတိအမြုတေတစ်ခုကို ဖွဲ့တည်နိုင်ဖို့က အလွန်တရာခဲယဉ်း၏။ သာမန်သားရဲမျိုးများနှင့် ရှေးဦးအဆက်နွယ်သားရဲမျိုးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

အဆင်နိမ့်အတွင်းအမြုတေရှိသော သားရဲဆယ်ကောင်က အလယ်အလတ်အတွင်းအမြုတေရှိသော သားရဲတစ်ကောင်ကိုပင် ခွန်အားအရ ယှဉ်နိုင်မှာ မဟုတ်ပေ။

စံပြဝံပုလွေက သာမန်သားရဲမျိုးစိတ်တစ်ခုသာဖြစ်၏။ သူ့အနေနှင့် အလယ်အလတ်အဆင့် အတွင်းအမြုတေတစ်ခုကို ဖွဲ့တည်ထားနိုင်တာပင် အတော်ဟုတ်လှပြီ ဖြစ်လေသည်။

ဆူဇီမိုသည် စံပြဝံပုလွေ၏ အတွင်းအမြုတေကို ကောက်ယူလိုက်ပြီး စိတ်ဝိညာဉ်မျောက်ကို လက်ပြကာ လိုဏ်ဂူထဲသို့ ဝင်သွားလိုက်၏။

ကောင်းကင်က မှောင်မဲလာပြီဖြစ်ပြီး မိုးချုပ်တော့ပေမည်။

လူသားနှင့် မျောက်တို့၏ ခွန်အားက အရင်ကထက် များစွာ တိုးတက်လာခဲ့သော်လည်း.. ညဘက် ကန်းလန်ရိုးမအပြင်ဘက်တွင် ကြန့်ကြာနေခြင်းက လွန်စွာအန္တရာယ်များလေသည်။

လိုဏ်ဂူထဲသို့ရောက်သောအခါ.. ဆူဇီမိုသည်  အတွင်းအမြုတေကို နှစ်ပိုင်း ပိုင်းလိုက်ပြီး.. တစ်ပိုင်းကို စိတ်ဝိညာဉ်မျောက်အား ပြုံး၍ ကမ်းပေးလိုက်၏။

“ငမျောက်.. ဒါက ဟိုဝံပုလွေရဲ့ အတွင်းအမြုတေ.. အရမ်းအားရှိတယ်.. အဲ့ဒါကိုစားပြီး ကျင့်ကြံချေ”

စိတ်ဝိညာဉ်မျောက်က မူမနေဘဲ.. ၎င်းကို ဆွဲယူကာ ဝါးပင်မဝါးဘဲ မျိုချလိုက်၏။

ခဏကြာပြီးနောက် စိတ်ဝိညာဉ်မျောက်၏ မျက်လုံးက အရောင်လက်သွားပြီး.. သူ့အမူအယာက ပြောင်းလဲသွား၏။

သူသည် ကမန်းကတန်းပင် ခါးကိုမတ်မတ်ပြု ထိုင်လိုက်ပြီး.. အတွင်းအမြုတေထဲရှိ စွမ်းအင်များကို ခြေဖျက်ရင်း.. သူ့အသက်ရှူသံက လေးလံသိပ်သည်းလာ၏။

ဆူဇီမိုသည်လည်း စံပြဝံပုလွေ၏ အတွင်းအမြုတေတစ်ဝက်ကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးလိုက်၏။

အတွင်းအမြုတေက မာကြောမနေဘဲ.. အနည်းငယ်ပင် နူးညံ့နေ၏။ ၎င်းက ဆူဇီမို၏ အစာအိမ်ထဲ ရောက်သွားပြီးနောက်.. အလွန်များပြားသော စွမ်းအင်များက ပေါက်ကွဲရုန်းကြွထွက်ပေါ်လာ၏။

ဖြာထွက်လာသော စွမ်းအင်များသည် အနည်းငယ်နွေးထွေးနေပြီး.. သူ့ခြေလက်များနှင့် အင်္ဂါအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့စီးဝင်လာ၏။

အရင်တစ်ခါတုန်းက ဆူဇီမိုသည် ကြက်သွေးရောင်မီးတောက်သစ်သီးမှ ဖြာထွက်လာသော စွမ်းအင်များကြောင့် ပေါက်ကွဲထွက်တော့မလို ဖြစ်ခဲ့ဖူး၏။

ထို့ကြောင့် ယခုအခါ သူသည် နမော်နမဲ့ မလုပ်ရဲဘဲ.. အင်္ဂါသန့်စင်ခြင်းသုတ္တန်ကို အလောတကြီး ကျင့်ကြံကာ.. ဝင်လေထွက်လေရှူမှတ်၍ သူ့ခန္ဓာကိုယ်ထဲတွင် အရူးအမူးလှည့်ပတ်လာသော အတွင်းအမြုတေ၏ စွမ်းအားများကို သန့်စင်ချေဖျက်လိုက်၏။

အချိန်များက တစ်ဖြည်းဖြည်း ကုန်ဆုံးသွား၏။

လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် မျက်လုံးများကို စေ့စေ့မှိတ်၍ လိုဏ်ဂူထဲတွင် ထိုင်နေကြဆဲဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များမှ အခိုးအငွေ့များက ထွက်လာပြီး သူတို့ကို မြူခိုးလွှာများက ရစ်သိုင်းထား၏။

ပြောရမည်ဆိုလျှင်.. ဤစံပြဝံပုလွေ၏ အတွင်းအမြုတေကြောင့်သာ မဟုတ်လျှင်.. ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းကို နှစ်နှစ်၊ သုံးနှစ် အပတ်တကုပ်ကြိုးစားအားမထုတ်ဘဲ.. ကျင့်ကြံလေ့ကျင့်နိုင်ဖို့က မဖြစ်နိုင်ပေ။

သို့သော် ယခုအခါမှာတော့.. အတွင်းအမြုတေ၏ ကျေးဇူးနှင့်.. သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်း၏ အဟန့်အတားတစ်ခုကို ချိုးဖျက်နိုင်ဖို့ နီးကပ်လာလေပြီ။

အခြေခံအားဖြင့် အတွင်းအမြုတေများသည် မျိုးဆက်သွေးတို့.. အင်္ဂါငါးခုချီတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၏။ တစ်စုံတစ်ယောက်၏ ချီနှင့် သွေးများကို ပေါင်းစပ်ရောနှောလိုက်ခြင်းဖြင့်.. အူတိုင်အမြုတေတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်၏။

အတွင်းအမြုတေကို သန့်စင်ချေဖျက်နေရင်းနှင့်.. ဆူဇီမိုသည် သူ၏ အင်္ဂါများအား မည်သို့သန့်စင်ရမည်ကို ခံစားနားလည်သဘောပေါက်လာ၏။

အင်္ဂါငါးခုကို သန့်စင်ခြင်းအားဖြင့်.. အင်္ဂါငါးခုမှ အဆီအနှစ်ချီများကို ထုတ်ပေးလိမ့်ပေမည်။

အင်္ဂါငါးခုဆိုသည်မှာ.. အရေပြား၊ အသား၊ အရွတ်၊ အရိုးနှင့် ခြင်ဆီတို့ကို ကိုယ်စားပြုလေသည်။

အင်္ဂါသန့်စင်ခြင်းသည် အင်္ဂါငါးခုကို တိုးတက်စေရုံသာမက.. ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးလိုက်သလို ပြောင်းလဲသွားပေလိမ့်မည်။ ထိုအရာသည် မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ပထမဆုံးအပိုင်းများ၏ အနှစ်ချုပ်လည်း ဖြစ်လေသည်။

တစ်ညကြာပြီးသော်လည်း.. ဆူဇီမိုသည် ဆက်လက်လေ့ကျင့်နေဆဲဖြစ်၏။

မသိလိုက်မသိဖာသာနှင့်ပင်.. စံပြဝံပုလွေနှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ရာများသည် တိတ်တဆိတ် အနာကျက်ကာ ပျောက်ကင်းကုန်ပြီဖြစ်လေသည်။

အင်္ဂါငါးခုအဆီအနှစ်ချီ၏ အားဖြည့်ပေးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်ထဲတွင် ကြွင်းကျန်နေသေးသော ပဋိပက္ခသည် ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။ (ထိုပဋိပက္ခဆိုသည်မှာ ဆူဇီမို ခြင်ဆီသန့်စင်ခြင်းကို လေ့ကျင့်တုန်းက သူ့သွေးကို လှည့်ပတ်လိုက်တာနှင့် သားရဲသွင်ပြင်ပြောင်းလဲလာတတ်ခြင်းကို ဆိုလိုလေသည်။)

နေထွက်လာသည့်အခါ စိတ်ဝိညာဉ်မျောက်၏ ကျင့်ကြံမှုက အဆုံးသတ်သွားလေသည်။

ကျင့်ကြံနေဆဲဖြစ်သော ဆူဇီမိုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး.. စိတ်ဝိညာဉ်မျောက်က သူ့ကို နှောင့်ယှက်မနေတော့ဘဲ.. ထောင့်တစ်ထောင့်တွင် သွားဝပ်နေလိုက်၏။

စိတ်ဝိညာဉ်မျောက်သည် ဘေးပတ်လည်ကို မလုံမလဲနှင့် လှည့်ကြည့်လိုက်ပြီး၊ မည်သူမျှ ရှိမနေတာ သေချာ‌သောအခါ.. သားရဲဥကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ထိုအရာကို သူ့တင်ပါးအောက်တွင် ထားလိုက်၏။

စိတ်ဝိညာဉ်မျောက်သည် ထိုင်နေကျမဟုတ်သည့်ပုံစံနှင့် ဆောင့်ကြောင့်ထိုင်နေပြီး.. နေရာမကျဖြစ်နေကာ တစ်မျိုးပြီးတစ်မျိုး အနည်းငယ် ပြင်ထိုင်နေ၏။

အခြားတစ်ဖက်တွင် ဆူဇီမိုကတော့ ကျင့်ကြံလေ့ကျင့်နေဆဲဖြစ်၏။

လိုဏ်ဂူတစ်ခုလုံးသည် ဟင်္သပဒါးရောင်မြူများဖြင့် လွှမ်းခြုံလာ၏။ သားရဲချီများက ပေါများစွာ ထွက်ပေါ်လာပြီး.. ကြည့်မိသူတိုင်းကို ရင်တစ်လျှပ်လျှပ် ဖြစ်သွားစေလောက်၏။

ထိုအော်ရာကို အာရုံခံမိသောအခါ အနီးအနားရှိ စိတ်ဝိညာဉ်တောကောင်များသည် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။

ထူထပ်သိပ်သည်းသော သားရဲချီများ၏ အတွင်း၌ ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်နိုင်၏။ သူ့အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်း.. သူ့နှာခေါင်း အနီးတစ်ဝိုက်တွင် လေစီးကြောင်းတစ်ခုက ဖြစ်ပေါ်လာပြီး.. ရှေးဦးသားရဲတစ်ကောင်က ကမ္ဘာတစ်ခုလုံးကို ဝါးမြိုတော့မည်အလား ထင်ရ၏။

နောက်ထပ် တစ်ရက်နှင့် တစ်ညက ကုန်ဆုံးသွား၏။

ရုတ်တရတ်ဆိုသလို..

ဟင်္သပဒါးမြူခိုးထဲမှ သားရဲဆန်ဆန်အလင်းလုံးနှစ်ခုက တောက်ပလာ၏။

မျက်လုံးတစ်စုံဖြစ်၏။

ဆူဇီမို၏ ကျင့်ကြံမှုက ပြီးဆုံးသွားပေပြီ။ သူ့ဘေးပတ်လည်ရှိ ထူထဲသော သားရဲချီများကို ကြည့်ပြီး.. ရုတ်တရတ် သူ့ပါးစပ်ကို ဖွင့်ဟကာ စုပ်ယူလိုက်၏။

သိပ်သည်းပြင်းထန်သော သားရဲချီများက ဆူဇီမို၏ ပါးစပ်ထဲသို့ အငမ်းမရ တိုးဝင်သွားကြ၏။

နောက်တစ်ခဏအတွင်း.. အကုန်လုံးက ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုသည် မတ်တပ်ရပ်လိုက်ပြီး လည်ပင်းကို လှုပ်ခါကာ ခြေလက်များကို ဆန့်ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်အတွင်းမှ ဗျိုးဗျိုးဗျစ်ဗျစ်မြည်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

စံပြဝံပုလွေ၏ အတွင်းအမြုတေက ဆူဇီမိုကို အများကြီး အကူအညီဖြစ်စေခဲ့၏။

နှစ်ညလောက် ကျင့်ကြံရုံမျှနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အင်္ဂါငါးခုချီများ၏ အာဟာရပြုမှုဖြင့် နောက်ထပ်အဆင့်တစ်ခုသို့ တက်ရောက်သွားခဲ့၏။

သို့သော်လည်း.. တစ်ချိန်တည်းမှာပင် အင်္ဂါသန့်စင်ခြင်းအပိုင်းကို ကျင့်ကြံခြင်းမှ.. သူ့ခန္ဓာကိုယ်တွင်းတွင် သားရဲကျင့်စဉ်၏ နောက်ထပ်ပဋိပက္ခတစ်ခု(သားရဲသွင်ပြင်)ကို ဖြစ်ပေါ်လာစေခဲ့၏။

သားရဲချီ!

ဆူဇီမို၏ ခန္ဓာကိုယ်သည် သားရဲချီများကို ထုတ်‌ပေးနေ၏။

သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းကို လေ့ကျင့်ခဲ့တုန်းက သွေးဖလှယ်ခြင်းကြောင့် ဆူဇီမို၏ အသစ်ဖြစ်ပေါ်လာသော မျိုးဆက်သွေးကား လုံးဝသားရဲဆန်နေခဲ့၏။

သားရဲမျိုးဆက်သွေးကား.. ဆူဇီမို၏ ခန္ဓာကိုယ်နှင့် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပစ်နိုင်၏။

ကံကောင်း‌ထောက်မစွာနှင့် သူသည် မိုးကြိုးထစ်ချုန်းတောင်ကြား၌ ဗလာနယ်မိုးကြိုးပညာရပ်ကို မတော်တဆရရှိခဲ့၏။

ထိုအရာက ပြီးပြည့်စုံသောပညာရပ်တစ်ခု မဟုတ်သော်လည်း.. ထိုတွင်ပါဝင်သော မိုးကြိုးခြင်ဆီရှင်းလင်းခြင်းက သူ့ခန္ဓာကိုယ်ထဲရှိ သားရဲသွေးပဋိပက္ခကို ယာယီဖြေရှင်းပေးနိုင်ခဲ့၏။

သို့သော် ယခုအခါ သူ့အင်္ဂါများမှ သားရဲချီများက ထွက်ပေါ်လာပြန်၏။ မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်က ခြင်ဆီကိုသာ ရှင်းလင်းပေးနိုင်၏။ အင်္ဂါများကိုတော့ မရပေ။

သို့သော်လည်း ဒီတစ်ကြိမ် အခြေအနေက အရင်တစ်ခါတုန်းကနှင့် အနည်းငယ်တော့ ခြားနား၏။

အရင်တစ်ခေါက် ပဋိပက္ခတုန်းက သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်တာနှင့် သူ့ပုံစံက သားရဲပုံစံသို့ လုံးဝပြောင်းလဲသွားခဲ့၏။

သို့သော်လည်း ယခုတစ်ခေါက် ထွက်ပေါ်လာသော သားရဲချီကတော့ ဆူဇီမို၏ ခန္ဓာကိုယ်နှင့် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေမှာ မဟုတ်ပေ။

ဆိုလိုသည်မှာ ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းကို ဆက်လက်လေ့ကျင့်နိုင်ပြီး.. ဖြစ်ပေါ်လာသော သားရဲချီများကို အသုံးချကာ သူ့အရေပြား၊ အသား၊ အသား၊ အရွတ်၊ အရိုးနှင့် ခြင်ဆီတို့ကို အာဟာရပြုပေးနိုင်လေသည်။ ထိုအခါ သူ့ခန္ဓာကိုယ်က ပို၍ပို၍ သန်မာကြံ့ခိုင်လာပေလိမ့်မည်။

သူသည် လူ‌ရှေ့သူရှေ့၌ သားရဲချီစွမ်းအားကို ထုတ်မသုံးသရွေ့.. အခြားသူများက သူ့ကို သတိပြုမိမှာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေ.. သားရဲချီက လူသားတစ်ယောက်၏ အော်ရာနှင့် လုံးဝကွဲပြားခြားနား၏။

မည်သည့်ကျင့်ကြံသူမဆို ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံနှင် သိနိုင်လေသည်။

All Chapters