မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲလား
Vol. 14 Ch. 209
အခန်း ၂၀၉ - မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲလား
Translator – Than Toe Aung
အချိန်ကာတစ်ခုအတွင်း ဆူဇီမိုသည် ပုံမှန်လုပ်နေကျ ကျင့်ကြံခြင်းများကိုသာ လုပ်ဆောင်ခဲ့၏။
သူ့၏ နေ့ဘက်အချိန်တစ်ချို့ကို ကျင့်ကြံမှုအဆင့် မြှင့်တင်ဖို့အတွက် ပေးခဲ့ပြီး.. အချိန်အများစုကိုတော့ လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ လေ့လာခြင်းများတွင် ပေးခဲ့၏။
ညဘက်ရောက်လျှင်.. ဆူဇီမိုသည် သူ့လိုက်ဂူတိုက်ခန်းတံခါးကို အသေပိတ်လိုက်ပြီး.. ဝင်္ကပါအစီအရင်တစ်ခုကို အသက်သွင်းလိုက်ကာ.. သားရဲကျင့်ကြံခြင်း၊ အင်္ဂါသန့်စင်ခြင်းကို ကျင့်ကြံလေ့ကျင့်လေတော့၏။
အင်္ဂါသန့်စင်ခြင်းကို လေ့ကျင့်သည့်အခါ အဆုံးမရှိ ကြွယ်ဝသော သားရဲချီစီးကြောင်းများကို ထွက်ပေါ်လာစေသောကြောင့်.. ဝင်္ကပါအစီအရင်သည် အပြင်ဘက်မှ ဝင်ရောက်လာမည့်သူများကို တားဆီးပေးနိုင်ရုံသာမက.. လိုဏ်ဂူအတွင်းမှ အော်ရာများကိုလည်း အပြင်သို့ မပြန့်ရအောင်လည်း တားဆီးဖုံးကွယ်ပေးနိုင်လေသည်။
နောက်တစ်နေ့ မနက်ခင်းသို့ ရောက်သည့်အခါ.. ဆူဇီမိုက သားရဲချီများကို ကုန်စင်အောင် စုပ်ယူဝါးမျိုပစ်လိုက်လိမ့်ပေမည်။
ဤရက်များအတွင်း.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည် သားရဲဥကို တစ်လှည့်စီ ဝပ်ခဲ့ကြ၏။
မျောက်က ဆယ်နာရီဝပ်ပြီးလျှင် ကြိုးကြာလေး၏ အလှည့်ဖြစ်၏။
နေ့စဉ်နေ့တိုင်း ညနက်ပိုင်းသို့ ရောက်မှသာလျှင် စိတ်ဝိညာဉ်ကျားအတွက် အချိန်လေးနာရီက အလှည့်ကျလေသည်။
စိတ်ဝိညာဉ်ကျားသည် သားရဲဥကို ရင်ခွင်ထဲတွင် ပိုက်ထားပြီး.. မကြာမကြာ ၎င်းကို လျှာဖြင့် လျှက်လိုက်၏။ သူသည် မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက်လုပ်၍ သက်ပြင်းချလိုက်၏။
“ဒီပုံစံအတိုင်းဆိုရင်တော့ ဘယ်သူပဲ ခေါင်းဆောင်ဖြစ်ဖြစ်.. ငါကတော့ အနှိမ်ခံပဲ ဖြစ်နေရဦးမှာပဲ”
စိတ်ဝိညာဉ်ကျားသည် သားရဲဥကိုကြည့်ပြီး သူ့ဘာသာ တွေးလိုက်၏။
“ဟေ့ကောင်လေး.. မြန်မြန်သာ ထွက်လာခဲ့တော့.. အဲ့ဒါမှပဲ ငါလဲ လက်အောက်ငယ်သားတစ်ယောက်ရမှာ.. မဟုတ်ရင် နေ့ရက်တိုင်းက ငရဲပဲ.. ဟိုမျောက်နဲ့ ကြိုးကြာက အားအားရှိ ငါ့ကိုပဲ အနိုင်ကျင့်ဗိုလ်ကျနေကြတာ...”
တစ်ခဏအတွင်းမှာပင် လေးနာရီက ကုန်ဆုံးသွားပေပြီ။
စိတ်ဝိညာဉ်ကျားသည် သားရဲဥကို ပိုက်ပြီး အတွေးလွန်နေတုန်း ရှိသေး၏။ ထိုအရာက ကောင်းကောင်းတောင် မနွေးတတ်သေးခင်မှာပင်.. မျောက်က ရောက်ချလာပြီး ဥကို ဆတ်ကနဲ ဆွဲယူကာ အဝေးသို့ ထွက်သွားလေ၏။
စိတ်ဝိညာဉ်ကျားက စိတ်ထဲမှာ မကျေနပ်လှသော်လည်း ခုခံခြင်းငှာ မဝံ့ရဲဘဲ ဒီအတိုင်း သနားစရာ လက်ပိုက်၍သာ ကြည့်နေနိုင်၏။
ဘာကြောင့်ရယ် မသိသော်လည်း.. စိတ်ဝိညာဉ်ကျား၊ မျောက်နှင့် ကြိုးကြာလေးတို့သည် ထိုသားရဲဥကို အလွန်တရာ တန်ဖိုးထား ဂရုတစိုက်ရှိကြသည်ဟု ဆူဇီမိုသည် ထင်မိလေသည်။ သူတို့သုံးယောက်ကလွဲလျှင် ထိုဥအား မည်သူ့ကိုမှ ထိခွင့်မပေးပေ။
ရက်အနည်းငယ်ကြာပြီးနောက်.. သားရဲဥက တုန့်ပြန်မှု ပြုလာ၏။
အထဲ၌ အသက်ဓါတ်၏ လက္ခဏာက စတင်ပြသလာ၏။
အစတုန်းကတော့ ၎င်းက မသိသာသော်လည်း.. အချိန်ကြာလာသည်နှင့်အမျှ ၎င်းက ပို၍ ပို၍ သိသာလာ၏။
ဆူဇီမိုသည် အပျက်အဆီးနယ်မြေတစ်ခုမှ သားရဲဥတစ်လုံးကို ယူလာခဲ့သည်ဆိုတာကို လျှို့ဝှက်သော အစောင့်အရှောက်သားရဲ၊ စီနီယာကြိုးကြာက ကြားသိသောအခါ.. နှစ်ခေါက်လောက် လာကြည့်ခဲ့ပြီး သူကလည်း သားဖောက်ခြင်း လုပ်ငန်းစဉ်အပေါ် အတော်လေး စိုးရိမ်ပူပန်နေပုံရ၏။
ဤအချိန်များအတွင်း.. ဆူဇီမိုကလည်း သားရဲများနှင့် ပတ်သတ်သော ရှေးဟောင်းကျမ်းစာများကို ရှာဖွေဖတ်ရှုခဲ့၏။
သူသည် အမျိုးမျိးသော သားရဲတောကောင်များ၊ ရှေးဦးအဆက်နွယ်သားရဲများနှင့် မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကိုပါ သေချာ စွဲမြဲစွာ မှတ်သားခဲ့၏။
စီနီယာကြိုးကြာပြောပုံအရ.. မူလမျိုးဆက်သွေးကြမ်းကြုတ်သားရဲတစ်ကောင် မွေးဖွားလာလျှင်.. ကောင်းကင်က သတိပေးလိမ့်မည်ဖြစ်ပြီး၊ လောကဆိုင်ရာ ထူးခြားနမိတ်တစ်ခု သေချာပေါက် ပြလိမ့်မည် ဖြစ်လေသည်။
ကြမ်းကြုတ်သားရဲ၏ မျိုးဆက်သွေးကား ပိုသန်မာလေလေ.. နောက်ကလိုက်ပါလာမည့် လောကဆိုင်ရာ ထူးခြားနမိတ်က ပို၍ ကြောက်စရာကောင်းလိမ့်မည် ဖြစ်လေသည်။
ပြောကြသည်မှာ ပီဖန်(ငှက်တစ်မျိုး)တစ်ကောင် မွေးဖွားလာပြီဆိုလျှင်.. ကောင်းကင်တစ်ခုလုံးသည် ဟင်္သပဒါးရောင်ဖြင့် ရဲရဲနီနေမည် ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးမိုးများဖြင့် ရွာချတတ်သည်ဟု ဆိုကြလေသည်။
တန်ပြန်နဂါးတစ်ကောင် မွေးဖွားလာပြီဆိုလျှင်.. ကောင်းကင်တစ်ခွင် တိမ်များဖြင့် အုံ့ဆိုင်းနေမည်ဖြစ်ပြီး မိုးများက သည်းထန်စွာ ရွာချလိမ့်ပေမည်။ ထိုဖြစ်စဉ်က အနည်းဆုံး ခုနှစ်ရက်နှင့် ခုနှစ်ည ကြာလိမ့်မည်ဖြစ်ပြီး.. မြစ်များ၊ ချောင်းများက ရေကြီးရေလျှံကာ အလွန်အားကြီးသော ရေလွှမ်းမိုးမှုကိုပင် ဖြစ်စေနိုင်လေသည်။
ကျူးယန်(ဒဏ္ဍာရီလာမျောက်ဝံတစ်မျိုး)တစ်ကောင် ရောက်ရှိလာပြီဆိုလျှင်.. ကမ္ဘာတစ်ခုလုံးသည် အုတ်သော်အောင်နင်း ပဋိပက္ခများ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး စစ်မီးများက ဆက်တိုက်တောက်လောင်လာနိုင်လေသည်။
တစ်ချို့ကြမ်းကြုတ်သားရဲများ မွေးဖွားလာသည့်အခါ.. တိုင်းပြည်များ၊ အင်ပါယာများအတွက် ဆိုးဆိုးရွားရွား ဘေးဒုက္ခကပ်ဘေးများကိုပင် ကျရောက်စေနိုင်လေသည်။
ဤဥပမာများက ရှေးခေတ်ကတည်းက မှတ်တမ်းတင်ထားခဲ့ကြသော အကြောင်းအရာများ ဖြစ်၏။
အဆက်နွယ်သားရဲတစ်ကောင် မွေးဖွားလျှင်တော့.. လောကဆိုင်ရာ နမိတ်များ ပြမှာ မဟုတ်သော်လည်းပဲ.. တောက်ပသစ်လွင်သော အရောင်အဆင်းနှင့် သူတို့၏ ထူးခြားသော မျိုးဆက်သွေးကို ပြသမှာဖြစ်ပြီး.. သူတို့၏ အနာဂတ်က သာမန်သားရဲများနှင့် မတူကြောင်း သက်သေပြပေလိမ့်မည်။
တစ်လကြာပြီးနောက်.. သားရဲဥအတွင်းမှ အသက်ဓါတ်သည် ပို၍ ပြင်းထန်လာပြီး ၎င်း၏ အထွတ်အထိပ်အနေအထားသို့ ရောက်ရှိလာ၏။
ဆိုလိုသည်မှာ သားရဲဥအတွင်းရှိ သက်ရှိလေးက အချိန်မရွေး ထွက်လာတော့မည့် အနေအထားပင်။
ရုတ်တရတ် ဆူဇီမိုသည် စိတ်ထဲတင်းကျပ်နေသလို ခံစားလာရ၏။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည်လည်း တစ်ချိန်လုံးလိုလို အလုပ်ရှုပ်နေကြပြီး သူတို့၏ အချိန်အများစုကို သားရဲဥအား အာရုံစိုက်ခြင်းဖြင့်သာ ကုန်ဆုံးနေကြ၏။
သာရဲဥပေါက်လာပြီးနောက် မည်သည့်သားရဲတောကောင်လေး ထွက်လာမည်ဆိုတာကို ဆူဇီမိုသည် တစ်ကယ်ကို မပြောတတ်ပေ။
တစ်နေ့.. မျောက်သည် သားရဲဥပေါ်၌ ဆောင့်ကြောင့်ထိုင်နေရင်းနှင့် ရုတ်တရတ် ဆတ်ကနဲ ထရပ်လိုက်၏။
မျောက်၏ ထူးခြားသော အပြုအမူက စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့၏ အကြည့်ကို ဆွဲဆောင်မိသွား၏။
ဆူဇီမိုသည်လည်းပဲ.. သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်၏။
မလှမ်းမကမ်း မြေပြင်ပေါ်တွင် သားရဲဥက လှုပ်ခါလာ၏။ သက်ရှိအသစ်လေးတစ်ကောင်က ဤကမ္ဘာမြေကို ရောက်ရှိလာဖို့အတွက် ရုန်းကန်ကြိုးစားနေ၏။
ရုတ်တရတ်ဆိုသလို..
ဆံပင်အနီရောင်နှင့် အမျိုးသမီးတစ်ယောက်က လိုဏ်ဂူတိုက်ခန်းထဲသို့ ရောက်ချလာ၏။ သူက စီနီယာကြိုးကြာ၏ လူသားသွင်ပြင် ဖြစ်လေသည်။ သူမ၏ မျက်နှာက တည်တံနေပြီး.. နှုတ်ခမ်းကို တင်းတင်းစေ့၍ သားရဲဥကို စူးစိုက်ကြည့်နေလိုက်၏။
ရွှက်!
ဆူဇီမို၏ အမြင်အာရုံသည် ဝေဝေဝါးဝါး ဖြစ်သွားပြီးနောက်.. လိုဏ်ဂူတိုက်ခန်းထဲတွင် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ထပ်ပေါ်လာ၏။ ထိုသူသည် သိပ်သည်းသောအော်ရာနှင့် ပြတ်သားစူးရှသောအကြည့်ကို ပိုင်ဆိုင်ထားပြီး.. သူကား ဂိုဏ်းချုပ်လင်းယွမ်ပင် ဖြစ်လေသည်။
ဂိုဏ်းချုပ်လင်းယွမ်က သည့်အရင်က တစ်ခါမျှ ပေါ်မလာခဲ့သော်လည်း သူသည်လည်း ဤကိစ္စအပေါ် အာရုံစိုက်ထားသည်မှာ သိသာလေသည်။
သိပ်မကြာမီ တောင်ထွတ်သခင်ငါးယောက်ပါ ထပ်ရောက်လာကြ၏။
ထို့နောက်.. ဂိုဏ်းမှ မဟာအကြီးအကဲများစွာပါ ဆက်တိုက်ရောက်လာကြ၏။ သူတို့အများစုသည် မုတ်ဆိတ်ဖြူဖြူ အဖိုးကြီးများနှင့် သစ်သားတောင်ဝှေးနှင့် အဘွားကြီးများ ဖြစ်ကြ၏။
အားလုံးက မြေပြင်ပေါ်ရှိ သားရဲဥကို မျှော်လင့်စောင့်စားစွာဖြင့် စိုက်ကြည့်နေကြ၏။
ဂိုဏ်းထဲတွင် မဟာအကြီးအကဲ ဖြစ်လာကြသူတိုင်းမှာ.. နိုးထဝိညာဉ်အဆင့်၊ ပကတိအရှင်များ ဖြစ်ကြ၏။
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
ဤသည်က အတော်လေးကို လူစည်ကားသည်ဟု ပြောလို့ရပေသည်။ ဂိုဏ်းသည် ပြင်ပရန်သူများ တိုက်ခိုက်ခံရတာ သို့မဟုတ် ကြီးကြီးမားမား ကပ်ဘေးတစ်ခုခုနှင့် မကြုံတွေ့ရမချင်း.. ယခုလောက် လူအများကြီးကို တစ်နေရာထဲမှ တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။
ဤလူများအားလုံးသည် ဆန်းကြယ်တောင်ထွတ်၏ ထိပ်သီးပညာရှင် ကျင့်ကြံသူများ ဖြစ်ကြ၏။
မူလက အတော်အတန် ကျယ်ဝန်းသော တိုက်ခန်းသည် ယခုအခါ ရောက်ရှိလာသောလူများနှင့် ကျပ်သိပ်သွားလေပြီ။
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က ဖိုခနောက်ဆိုင် ထိုင်နေကြပြီး သားရဲဥကို အလယ်မှာထားကာ ကာကွယ်ထားကြ၏။
ဆူဇီမိုသည် လူအုပ်ကြီးကို ဖြဲခွဲ၍ ဝင်လိုက်၏။
ထိုအရာက သာမန်သားရဲဥတစ်လုံး ပေါက်မှာသာဖြစ်လျှင် သည်လောက်လူအများကြီး စုရုံးအာရုံစိုက်နေစရာ အကြောင်းမရှိပေ။
သို့သော်လည်း.. သားရဲဥသည် အပျက်အဆီးနယ်မြေမှ ရရှိလာခဲ့ခြင်း ဖြစ်သည်ဆိုတာကို သူတို့အားလုံး သတင်းရထားကြ၏။ ထို့အပြင် သားရဲဥအခွံပေါ်၌ ရှေးကျ၍ ရှုပ်ထွေးနက်နဲသော သင်္ကေတအရေးအကြောင်း အကွက်အပြောက်များလည်း ရှိနေ၏။
ဤအရာက လူအများ အာရုံစိုက်ခံထိုက်သည့် တစ်စုံတစ်ရာ ဖြစ်လာလေသည်။
“ဟုတ်တယ်ဟ.. အဲ့အင်းကွက်အပြောက်တွေက တစ်ကယ့်ကို ဆန်းကြယ်တာပဲ.. ငါ့ရဲ့အတွေ့အကြုံတွေနဲ့တောင် အဲ့ဒါက ဘာတွေလဲဆိုတာ ငါမပြောနိုင်ဘူး” နိုးထဝိညာဉ်အဖိုးအိုတစ်ယောက်က သားရဲဥကို အတန်ကြာ စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
အမျိုးသမီးအိုကြီးတစ်ယောက်ကလည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“အဲ့ဒါက အမွေအနှစ်ပညာရပ်တစ်ချို့ကို ပုံဖော်ထားတာဖြစ်မယ်ထင်တယ်”
“ဒီသားရဲက အတော်လေး အင်အားကြီးမားတဲ့ နောက်ခံရှိပုံပဲ.. ဒါက လုံးဝရိုးရိုးသာမန် မဟုတ်ဘူး” အခြားတစ်ယောက်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်၏။
ထိုအချိန်မှာပင်.. မူလက လှုပ်ခါနေသော သားရဲဥသည် ရုတ်တရတ် ရပ်တန့်သွားပြီး လူအများ အာရုံစိုက်စရာ ဖြစ်သွား၏။
သူတို့အားလုံးသည် အသက်ရှူသံကို ထိန်းချုပ်လိုက်ကြ၏။
လိုဏ်ဂူတိုက်ခန်းတစ်ခုလုံးက ပကတိ တိတ်ဆိတ်ငြိမ်သက်သွားပြီး.. အပ်ကျသံကိုပင် ကြားနိုင်လောက်၏။
ချပ်!
အက်ကွဲသည့်အသံတစ်သံက ထွက်ပေါ်လာ၏။
လူတိုင်း၏ မျက်လုံးက ဝင်းလက်သွား၏။
သားရဲဥအပေါ်၌ အက်ကွဲရာများက ပေါ်လာ၏။
ခဏမျှ ရပ်တန့်သွားပြီးနောက်..
.
ချပ်.. ချပ်.. ချပ်!
သားရဲဥ၏ မျက်နှာပြင်ပေါ်မှ အက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ခဏလေးအတွင်းမှာပင်.. ဥခွံပေါ်၌ နောက်ထပ် အက်ကွဲကြောင်းသုံးခုက ထွက်ပေါ်လာ၏။ အက်ကွဲသံများက ပို၍ ကြည်လင်လာပြီး.. ဥတစ်ခုလုံးသည် သိပ်သည်းသော အက်ကွဲရာများဖြင့် ပြည့်သွား၏။
ရုတ်တရတ်ဆိုသလို..
ဖောက်!
သားရဲဥ၏ ထိပ်မှ သေးငယ်သည့် အပေါက်လေးတစ်ပေါက်က ကွဲထွက်လာ၏။
ဘေးအခွံများကို နည်းနည်းစီ တွန်းဖယ်လိုက်ပြီး.. နက်မှောင်နေသော လက်သည်းလေးတစ်ခုကို အရင်ဆုံး မြင်လိုက်ရလေသည်။
လူသားအသွင်ပြောင်းထားသော ဆံပင်နီနှင့် အမျိုးသမီးသည် အနည်းငယ် စိတ်ပျက်သွားသလို သူမ၏မျက်လုံးများက အရောင်မှိန်သွား၏။
ဂိုဏ်းချုပ်လင်းယွမ်သည်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
နိုးထဝိညာဉ်အဆင့် မဟာအကြီးအကဲအချို့သည် သူတို့၏ မနောဝိညာဉ်ကို လိုဏ်ဂူတိုက်ခန်း အပြင်ဘက်သို့ လွှတ်၍ ထောက်လှမ်းလိုက်၏။ အဲ့ဒီမှာ ထူးခြားမှုတစ်စုံတစ်ရာ ဘာမျှ မရှိသည်ကို သိလိုက်ရသောအခါ သူတို့၏ မနောဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။
အပြင်ဘက်တွင် အလွန်တရာ တည်ငြိမ်နေပြီး လောကဆိုင်ရာနမိတ်ပြမှုမျိုး ဘာတစ်ခုမျှ ရှိမနေပေ။
ဆိုလိုသည်မှာ ယခုသူတို့ရှေ့မှ ပေါက်ဖွားလာသော သားရဲသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲနှင့် မည်သည့်ပတ်သတ်ဆက်နွယ်မှုမျှ မရှိဟူ၍ပင်။
များစွာသော မဟာအကြီးအကဲများသည် ခေါင်းခါလိုက်ကြ၏။
မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင်ကိုများ တွေ့ရမလားဟူသော မျှော်လင့်ချက်နှင့် သူတို့သည် သည်နေရာကို လာခဲ့ကြရ၏။
ထိုအရာကသာ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင်ဖြစ်လျှင် ဂိုဏ်း၏ နှစ်ထောင်ချီသမိုင်းတစ်လျှောက်အတွင်း အထူးခြားဆုံး ကိစ္စကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
အားလား...
စိတ်လှုပ်ရှားစွာနှင့် ရောက်လာကြသူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။