သွေးဝါးမျိုခြင်း
Vol. 14 Ch. 204
အခန်း ၂၀၄ - သွေးဝါးမျိုခြင်း
လိုဏ်ဂူတိုက်ခန်းထဲတွင် မည်သည့်အရာမျှ မကျန်ရှိတော့ပေ။
ဆူဇီမို၏ အကြည့်က နောက်ဆုံး သားရဲဥပေါ်သို့ ကျရောက်သွား၏။
တစ်ကယ်တော့.. သူသည် ထိုဥပေါ်၌ မျှော်လင့်ချက်များစွာ သိပ်မရှိပေ။
ဤသားရဲဥသည် လွန်ခဲ့သည့်နှစ်၅၀၀၀ကတည်းက အပျက်အဆီးနယ်မြေကနေ ရလာခဲ့တာဆိုတော့..
ထိုဥ၏ သက်တမ်းက နှစ်ငါးထောင်ကျော်နေပေပြီ။
သားရဲတစ်ကောင်ပင်လျှင် ထိုမျှလောက်ထိ အသက်ရှည်နိုင်မှာမဟုတ်ပေ။ သားရဲဥဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
သို့သော်လည်း နောက်တစ်ဖန် ပြန်စဉ်းစားကြည့်သည့်အခါ.. ထိုအပျက်အဆီးနယ်မြေမှ ပစ္စည်းများသည် ရိုးရိုးသာမန်နှင့်မတူ ကွဲထွက်နေကြောင်း ဆူဇီမို သဘောပေါက်လိုက်၏။
ကျောက်တုံးက ဆူဇီမို၏ ကိုယ်ထဲကို ဝင်သွားခဲ့ပြီး ဖယောင်းမီးဓါးဝင်္ကပါက သူ့မှတ်ဉာဏ်ထဲတွင် ပေါ်လာခဲ့၏။ ထိုမှ အဆိပ်တစ်မျိုးက တာအိုအရှင်တစ်ယောက်ကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏...
ထိုသို့တွေးပြီးနောက် ဆူဇီမိုသည် သားရဲဥနားသို့ လျှောက်သွားကာ စစ်ဆေးကြည့်လိုက်၏။
ရုတ်တရတ်..
ဆူဇီမိုသည် ရင်ထိတ်သွား၏။
အဆုံးစွန်မီးတာအိုအရှင်သည် သူအဆိပ်မိနေစဉ် ထိုသားရဲဥကို အပျက်အဆီးနယ်မြေကနေ ယူလာခဲ့တာဆို.. ထိုဥကရော ဘာလို့ အဆိပ်မစွန်းထင်းရတာလဲ။
အဆုံးစွန်မီးတာအိုအရှင်၏ အဆီအနှစ်ဝိညာဉ်တောင် ချမ်းသာရာမရတာ.. ဒီသားရဲဥကျတော့ အကောင်းအတိုင်းပါလား။
အဲ့ဒါက အဆိပ်ပီးတာများလား။
ဆူဇီမိုသည် ခဏမျှ တွေးတောလိုက်ပြီးနောက် သားရဲဥကို ကောက်ယူကာ သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။
သူ ထည့်လို့ မရချေ!
နားလည်သဘောပေါက်သွားသလို သူ့မျက်လုံးက ဝင်းလက်သွား၏။
လက်နက်များ၊ ဆေးလုံးများကဲ့သို့ သက်မဲ့အရာများကိုသာ သိုလှောင်အိတ်ထဲသို့ ထည့်လို့ရ၏။
အသက်ဓါတ်ရှိသော သက်ရှိများကိုကား သိုလှောင်အိတ်ထဲသို့ ထည့်လို့မရပေ။
ယခု သားရဲဥကို သိုလှောင်အိတ်ထဲ ထည့်လို့မရဘူးဆိုတော့.. ထိုဥအတွင်း၌ အသက်ဓါတ်ရှိနေသည်မှာ သေချာလေပြီ!
အဲ့ဒါက အသက်ဓါတ်ဝင်နေပြီလား..
ဆူဇီမိုသည် ထပ်ကာထပ်ကာ တွေးတောလိုက်၏။
သူသာ စိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို ပြုစုပျိုးထောင်မွေးမြူနိုင်မည်ဆိုလျှင် အဲ့ဒါက မကောင်းတာတော့ မဟုတ်ပေ။
နောက်ပြီး.. အမျိုးအမည်မသိရသော အပျက်အဆီးနယ်မြေမှ ရောက်လာခဲ့သည့် ဤစိတ်ဝိညာဉ်တောကောင်က အဆိပ်ဓါတ်ကို ခုခံနိုင်ပုံရ၏။
ဤကဲ့သို့သော သားရဲဥမျိုးက ထျန်ဟွမ်ပြည်မကြီးတစ်ခုလုံးမှာပင် အလွန်ရှားပါး၏။ ထိပ်သီးအဖွဲ့အစည်းများသာလျှင် အဲ့လိုအရာများကို ပိုင်ဆိုင်ကြပြီး.. အဲ့ဒါကို သူတို့က သူတို့ဂိုဏ်းများ၏ အထွတ်အထိပ်လူငယ်ပါရမီရှင်များအတွက် ရည်ရွယ်ပြင်ဆင်ပေးကြပေလိမ့်မည်။
သားရဲများ၏ မျိုးဆက်သွေးက သန်မာအားကောင်းပြီး မျိုးစိတ်က ရှားပါးလေလေ.. သူတို့ထံမှ သူတို့၏ သားရဲဥကို ရရှိနိုင်ဖို့က ခက်ခဲလေလေဖြစ်ပြီး အလွန်တရာ အဖိုးတန်လေလေ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ.. ထိုကဲ့သို့သောသားရဲဥများကို အလွန်တရာ စွမ်းအားကြီးသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများက နေ့နေ့ညည စောင့်ရှောက်နေပေလိမ့်မည်။ ထို့အပြင် သူတို့သည် တောတောင်များ၏ လူသူမရောက်ပေါက်သော အနက်ရှိုင်းဆုံးနေရာများတွင်သာ နေတတ်ကြလေသည်။
ဤကဲ့သို့သော သားရဲဥတစ်လုံးကို ရရှိဖို့ဆိုလျှင် ဂိုဏ်းများ၏ ထိပ်ဆုံးအဆင့် ပညာရှင်များပင်လျှင် သွေးသန့်စင်မျိုးဆက်နွယ်တောကောင်များနှင့် အကြိတ်အနယ် တိုက်ခိုက်ရပေမည်။ ထိုသို့ဆိုလျှင်တောင် အောင်မြင်စွာ ရရှိမည်၊ မရှိမည်ကား မသေချာပေ။
သားရဲဥမှ ပေါက်ဖွားလာသော စိတ်ဝိညာဉ်တောကောင်များက သူတို့၏သခင် ကျင့်ကြံသူများအပေါ်တွင် အလွန်တရာ သစ္စာရှိပြီး မည်သည့်အခြေအနေတွင် ကျရောက်ပါစေ.. သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။
ဆန်းကြယ်တောင်ထွတ်သည် မဟာကျိုးအင်ပါယာ၏ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော်လည်း.. သူတို့မှာ သားရဲဥတစ်လုံးတောင်မရှိပေ။ သို့သော် သူတို့မှာ သားရဲဥအား မည်သို့ဝပ်တွားပြုစုရမည်ဆိုသော ညွှန်ကြားချက်များတော့ရှိ၏။
ပထမဆုံးအနေနှင့် သွေးကို လိုအပ်၏။
ထိုအရာက အရမ်း ရှုပ်ရှုပ်ရှက်ရှက် မဟုတ်ဘဲ.. သားရဲဥပေါ်သို့ သွေးစက်ချကာ ၎င်းနှင့် ပိုင်ရှင်အကြား သံယောဇဉ်ချည်နှောင်ဖို့ပင် ဖြစ်လေသည်။
သဘောတရားကတော့ ရိုးရှင်း၏။ သွေးစက်ချရခြင်း၏ ရည်ရွယ်ချက်မှာ သားရဲဥပေါ်ရှိ မိခင်အော်ရာကို ဖယ်ထုတ်ပြီး.. ပိုင်ရှင်၏ သွေး၏ အစားထိုးဖို့ပင် ဖြစ်လေသည်။
ထိုသို့ဖြင့် သားရဲဥက အကောင်ပေါက်လာသည့်အခါ သူသည် ပိုင်ရှင်၏ သွေးရနံ့ကို မှတ်မိနေပြီး.. ထိုသူနှင့် ရင်းနှီးကာ အနီးကပ်နေပေလိမ့်မည်။
ဆူဇီမိုသည် ခဏမျှ တွေးတောနေပြီးနောက်.. အဆုံးစွန်မီးတာအိုအရှင် သွန်းလုပ်ခဲ့သော ထိပ်တန်းအဆင့်ဓါးပျံကို ထုတ်ယူကာ အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။
စိတ်ဝိညာဉ်အင်းကွက်လေးခုက တစ်ပြိုင်နက်တည်းလင်းလက်လာပြီး.. အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက်အော်ရာကို ထုတ်လွှတ်ပေးနေ၏။
ဆူဇီမို၏ ရုပ်ပိုင်းဆိုင်ရာ မာကြောမှုအရ.. ဓါးပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်များကိုသာ အသက်မသွင်းလျှင် ထိုဓါးက သူ့အရေပြားကို လှီးဖြတ်နိုင်မှာ မဟုတ်ပေ။
ဓါးထိပ်ဖျားက သူ့ဘယ်ဘက်လက်ဝါးကို ထိုးခွဲသွားပြီး သွေးရဲရဲဒဏ်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမိုသည် ချက်ချင်းပင် သူ့ဘယ်လက်ဖြင့် သားရဲဥကို အုပ်ကိုင်လိုက်ပြီး စတင်ပွတ်သပ်လိုက်၏။
သားရဲဥတစ်ခုလုံးကို သူ၏ သွေးများ ပေကျံအောင် သုတ်လိမ်းပြီးနောက်.. သူ့ဘယ်ဘက်လက်ဖဝါးကို တစ်စုံတစ်ရာကို ဆွဲယူကိုက်ငင်လိုက်သလို သားရဲဥပေါ်မှ ခွာမရတော့ပေ။
“အို့.. ဘာလဲဟ”
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
ထိုအချိန်မှာပင်.. သားရဲဥအတွင်းမှ အလွန်အားကောင်းသော စုပ်အားတစ်ခုက ထွက်ပေါ်လာ၏။
သူ့ဘယ်လက်လက်ဖဝါးရှိ ဒဏ်ရာမှ သွေးများသည် အထိန်းအကွပ်မဲ့စွာဖြင့် သားရဲဥအတွင်းသို့ စီးဝင်သွားနေ၏။
သားရဲဥက အလွန်တရာ သွေးဆာနေပြီး သူ၏ သွေးများကို အငမ်းမရ ဝါးမျိုစုပ်ယူနေသည်ဟု သူခံစားမိလာ၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ သားရဲဥကို ဆတ်ကနဲ ခါရမ်းချလိုက်၏။
သို့သော်လည်း. သားရဲဥက သူ့လက်ဖဝါးတွင် မြဲမြံ့စွာကပ်တွယ်နေပြီး ခါချလို့ မကျတော့ပေ။
ရုတ်တရတ်ဆိုသလို..
သားရဲဥပေါ်တွင် ရှုပ်ထွေးခက်ခဲနက်နဲဆန်းကြယ်သော အကွက်အပြောက်များက ပေါ်လာပြီး.. တစ်ဖျတ်ဖျတ်လက်လာ၏။ ၎င်းက သွေးရောင်ဖြင့် ထူးဆန်းစွာ တောက်ပနေ၏။
သားရဲဥ၏ သွေးများကို ဝါးမျိုစုပ်ယူသော အမြန်နှုန်းက သူထင်ထားသည်ထက် အဆများစွာ ပိုမြန်လာ၏။
အာ!
ဆူဇီမိုသည် လေအေးများကို ရှိုက်သွင်းလိုက်ပြီး ရီဝေဝေဖြစ်လာ၏။
ဤနှုန်းအတိုင်းသာ ဆက်သွားနေလျှင် သိပ်မကြာမီ.. သူသည် ခြောက်ကပ်သော အလောင်းကောင်တစ်ခုအဖြစ်သို့ ကူးပြောင်းရပေတော့မည်။
သူ့ဓါးပျံကို သိမ်းလိုက်ပြီး ဆူဇီမိုသည် သားရဲဥကို သူ့ညာဘက်လက်ဖြင့် ဆွဲကိုင်ခွာဖြဲကြည့်လိုက်၏။
သို့သော်လည်း သားရဲဥ သူ့ဘယ်ဘက်ကို မြဲမြံ့စွာ ကပ်တွယ်ထားပြီး မည်သို့ပင်ကြိုးစားပါစေ.. ဖယ်ခွာဖို့ ငြင်းဆန်နေ၏။ ထို့အပြင် ၎င်းက သူ့သွေးများအား စုပ်ယူနေခြင်းကိုလည်း ရပ်တန့်မည့်ဟန် မပြပေ။
“သောက်ခွေးပဲ.. ငါသဘောပေါက်သင့်တယ်.. အဲ့သောက်နေရာက ပစ္စည်းတွေကို နမော်နမဲ့ သွားမထိသင့်ဘူးဆိုတာ!”
ဆူဇီမို၏ မျက်နှာသည် ဖြူလျော့လာပြီး.. ကျိတ်ပြီး ကျိန်ဆဲလိုက်၏။
ယခု သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိ၏။ သူ့ဘယ်ဘက်လက်ကို ဖြတ်ပစ်လိုက်ဖို့ သို့မဟုတ် ခြောက်ကပ်သော အလောင်းကောင်ဘဝသို့ ကူးပြောင်းဖို့ပင် ဖြစ်လေသည်။
ရုတ်တရတ်.. ဆူဇီမို၏ ခေါင်းထဲတွင် စိတ်ကူးတစ်ခုက ပေါ်လာပြီး သူသည် လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်လိုက်၏။
ယခုအခါ သူ့သွေးများက ကုန်စင်အောင် စုပ်ယူမခံရသေးဘဲ သူ့မှာ ခွန်အားက ကျန်ရှိနေသေး၏။ ဆူဇီမိုသည် သူ့ရှိသမျှ ခွန်အားနှင့် အေးစက်ရေကန်၏ အပေါ်သို့ ပြန်လည်ကူးခတ်တက်လိုက်၏။
နောက်တစ်ခဏ၌ သူသည် ရေကန်ထဲကနေ ခုန်တက်လိုက်၏။ သူသည် ဒယီးဒယိုင်နှင့် ပြိုလဲကျလုတော့မတတ် ဖြစ်နေပေပြီ။
“အောင်း”
စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုထွက်လာပုံကို မြင်ရသောအခါ အံ့သြမှင်တက်သွား၏။
မတွေ့ရတာဖြင့် ခဏလေးရှိသေးသည်.. ဆူဇီမို၏ အသွေးအသားများသည် ခြောက်ကပ်ညှိုးနွမ်းနေပြီး အတော်လေးကို ပိန်ကျသွား၏။ နောက်ပြီး သူ၏ ဘယ်ဘက်လက်၌ သွေးရောင်တောက်ပနေသော ဥတစ်လုံးက တွဲလောင်းပါလာသေး၏။
စိတ်ရှုပ်ထွေးစွာနှင့် စိတ်ဝိညာဉ်မျောက်က ခုန်ဝင်လာမလို့ လုပ်လိုက်စဉ်မှာပင် ဆူဇီမိုက အော်လိုက်၏။
“မလာနဲ့!”
စိတ်ဝိညာဉ်မျောက်က ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ဆူဇီမိုကို မျက်လုံးပြူး၍ ကြည့်လိုက်၏။
ဆူဇီမိုသည် ဝံပုလွေအလောင်းများ ပြန့်ကျဲနေသော စောစောက တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာကို ရောက်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ လေများကို နက်နက်နဲနဲ ရှိုက်သွင်းလိုက်ပြီး.. သူသည် အနိဋ္ဌာရုံသုတ္တန်တစ်ခုကို ရွတ်ဖတ်လိုက်၏။ သူ့မျက်လုံးများက သွေးနီရောင် တောက်ပလာ၏။
“သွေးဝါးမျိုးခြင်း နည်းစနစ်!”
ထိုအရာသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ လျှို့ဝှက်အတတ်ပညာတစ်ခုဖြစ်၏။
ဆူဇီမိုသည် သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်၏။ ဝံပုလွေအလောင်းအချို့မှ အသွေးအသားများသည် အငွေ့ပျံသွားပြီး သွေးစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ပါးစပ်အတွင်းသို့ စီးဝင်လာ၏။
အခြားတစ်ဖက်တွင် သားရဲဥက ဆူဇီမို၏ သွေးများကို အဆက်မပြတ် ဝါးမျိုနေ၏။
တစ်ဖက်မှာတော့.. ဆူဇီမိုသည် ဝံပုလွေများ၏ သွေးများကို ဝါးမျိုကာ သူ့အသက်ကို မသေရအောင် ကယ်တင်ဖို့ ကြိုးစားနေ၏။
အချိန်ကြာလာသည်နှင့်အမျှ.. ဝံပုလွေအလောင်းများ၏ အရေအတွက်သည် လျော့နည်းလာပြီး.. မြေပြင်ပေါ်တွင် ဝံပုလွေအရိုးဖြူဖြူများသာ ကျန်ရစ်ခဲ့၏။
အချိန်အတန်ကြာလာပြီးနောက် ဆူဇီမိုက တောင့်မခံနိုင်တော့သော အချိန်မှာပင်.. သားရဲဥက သူ့လက်ဖဝါးမှ ဖုတ်ကနဲကွာကျသွားပြီး.. မြေပြင်ပေါ်တွင် သုံးလေးပတ်လိမ့်သွားကာ နောက်ဆုံး မလှုပ်မယှက် ရပ်တန့်သွား၏။
သားရဲဥပေါ်မှ သွေးရောင်ကလည်း တစ်ဖြည်းဖြည်း မှိန်ဖျော့သွားကာ သာမန်အတိုင်းပြန်ဖြစ်သွား၏။
ဆူဇီမိုသည် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး.. သားရဲဥကို အကြောက်မပြေသေးဘဲ ကြည့်ကာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်၏။
သူကိုယ်တိုင်သာ မျက်မြင်ကိုယ်တွေ့မဟုတ်ခဲ့လျှင်.. ဤသေးငယ်သော သားရဲဥကလေးက သူ့ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံးကို ဝါးမျိုနိုင်စွမ်းရှိသည်ဆိုသည်မှာ ယုံနိုင်ဖွယ်ရာကို မရှိပေ။
“အိုး.. အောင်း”
စိတ်ဝိညာဉ်မျောက်က ရောက်လာပြီး မေးမြန်းလိုက်၏။
ဆူဇီမိုသည် ကြိုးစားပြုံးပြရင်း ပြန်ဖြေလိုက်၏။
“ငါအဆင်ပြေပါတယ်.. သောက်ဥကလေးတစ်လုံးက ဝါးမျိုတာကို ခံရတော့မလို့လေးပဲ”