← Chapters

အမှောင်ထဲကနေ အကွက်ချကြံစည်နေခြင်း

Vol. 14 Ch. 207

အမှောင်ထဲကနေ အကွက်ချကြံစည်နေခြင်း

Vol. 14 Ch. 207

အခန်း ၂၀၇ - အမှောင်ထဲကနေ အကွက်ချကြံစည်နေခြင်း

Translator – Than Toe Aung

ဤနေ့တွင် လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် ဆန်းကြယ်တောင်ထွတ်အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

မြူလွှာဝင်္ကပါကို ဖြတ်ကျော်လာပြီးနောက်.. ပင်မတောင်ထွတ်ပေါ် သူတို့၏ ရောက်ရှိလာမှုက အများ၏ အာရုံစိုက်စရာဖြစ်သွား၏။

“အာ.. ဂျူနီယာညီလေးဆူက ပြန်ရောက်လာပြီကွ”

“သူ့ဘေးက ပါလာတဲ့မျောက်က သူ့ရဲ့နောက်ထပ် စိတ်ဝိညာဉ်တောကောင်လား”

“ဂျူနီယာညီလေးဆူကို ကြည့်ရတာ.. တောကောင်တွေနဲ့ ထူးခြားတဲ့ဆက်သွယ်ချက် ရှိသလိုပဲနော်.. အခု ဒီမျောက်နဲ့ဆို.. သူ့မှာ နှစ်ကောင်တောင် ရှိသွားပြီ”

“လူတစ်ယောက်က စိတ်ဝိညာဉ်တောကောင်တွေ အများကြီး လျှောက်မွေးမယ်ဆိုရင်.. သွေးသစ္စာတွေက လျော့ရဲလာပြီး သေချာပေါက် အားနည်းလာမှာပဲ.. အဲ့ဆူဇီမိုက အနှေးနဲ့အမြန်ဆိုသလို ဒုက္ခလှလှတွေ့တော့မှာ စောင့်ကြည့်နေလိုက်”

လူတစ်ယောက်နှင့် မျောက်တစ်ကောင်ကို တွေ့ကြရသောအခါ.. များစွာသောဂိုဏ်းသားများသည် ရှုထောင့်အမျိုးမျိုးကနေ မြင်ကြပြီး.. အားတက်သရော် ဆွေးနွေး၊ ဝေဖန်ကြကုန်လေ၏။

ဆူဇီမိုသည် အတွင်းစည်းဂိုဏ်းကို စတင်ဝင်ရောက်ကာစတုန်းက.. သူသည် စွန်း‌ထောင်နှင့် အပေါင်းအပါများအပေါ် မိုးကြိုးနည်းစနစ်များကိုသုံး၍ လွှမ်းမိုးခြယ်လှယ်အနိုင်ယူခဲ့ပြီး အတော်လေး အုတ်သော်အောင်းနင်းဖြစ်သွားစေခဲ့၏။

“ဂါး”

စိတ်ဝိညာဉ်မျောက်သည် သူစိမ်းလူအများကြီးကို မြင်ရသောအခါ စိတ်ထဲသိပ်မကြည်တော့ပေ။ သူသည် သွားကိုဖြဲ၍ အနီးနားရှိ ကျင့်ကြံသူများကို မာန်ဖီဟိန်းဟောက်လိုက်သောအခါ.. သတ်ဖြတ်လိုစိတ်နှင့်အတူ သားရဲချီများက ပေါက်ကွဲထွက်ပေါ်လာ၏။

သူ၏ အမွှေးများသည် ထောင်ထလာပြီး သူ့ခန္ဓာကိုယ်ကို ပို၍ ကြီးမားလာစေကာ.. ကြောက်မက်ဖွယ်ကောင်းလာ၏။

သူ့ဘေးမှာ ဆူဇီမိုရှိနေသောကြောင့်သာ မဟုတ်လျှင်.. သူ၏ အရိုင်းဆန်သော သဘာဝအရ.. လူအုပ်ထဲသို့ ပြေးဝင်၍ တိုက်ခိုက်သတ်ဖြတ်နေလောက်ပေပြီ။

ကျင့်ကြံသူများလည်း တုန်လှုပ်သွားကြ၏။

စိတ်ဝိညာဉ်မျောက်၏ လက်က မရေအတွက်နိုင်လောက်အောင် သွေးများဖြင့် ပေကျံခဲ့ဖူး၏။

ကန်းလန်ရိုးမလိုနေရာမှာ အသက်ရှင်သန်နိုင်ဖို့ဆိုလျှင်.. နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲများဖြင့် လုံးပမ်းနေရ၏။ သူသည် တစ်ကယ့်သေခြင်းရှင်ခြင်း တိုက်ပွဲများကို မရေမတွက်နိုင်အောင် တွေ့ကြုံဆင်နွှဲခဲ့ဖူး၏။

စိတ်ဝိညာဉ်မျောက်၏ အော်ရာက စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ထက် ပို၍ပြင်းထန်၍ သွေးဆာရက်စက်၏။

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ့လက်ဖဝါးကို မြောက်လိုက်ပြီး ‌မျောက်၏ ပုခုံးကို အသာအယာပုတ်ပေးကာ စိတ်လျှော့ဖို့ အချက်ပြလိုက်၏။

စောစောက လမ်းခရီးမှာတုန်းက.. ဆန်းကြယ်တောင်ထွတ်ကို ရောက်သည့်အခါ သူ၏ တောတွင်းဗီဇကို လျှော့ချဖို့ ဆူဇီမိုက စိတ်ဝိညာဉ်မျောက်အား ထပ်ကာထပ်ကာ သတိပေးခဲ့လေသည်။ ဆန်းကြယ်တောင်ထွတ်၌ အချိန်တိုင်း ဒေါမာန်ထကာ စိတ်ရှိတိုင်း ဝုန်းဒိုင်းကြဲနေဖို့ အဆင်မပြေပေ။

စိတ်ဝိညာဉ်မျောက်သည် နှာခေါင်းရှုံ့လိုက်၏။ သူ့နှာခေါင်းပေါက်မှ လေစီးကြောင်းနှစ်ခုက ထွက်လာကာ.. သူ့ခန္ဓာကိုယ်ပေါ်မှ ဇောင်းမွှေးများသည် တဖြည်းဖြည်း ပြန်ကျသွား၏။

သိပ်မကြာမီ လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

“ဟမ့်.. တော်တော်ဇောင်းကြွတဲ့ တိရစ္ဆာန်!”

“ဂျူနီယာညီလေးဆူ အနားမှာ ရှိနေလို့ပေါ့ကွာ.. မဟုတ်ရင် အဲ့ကောင် ငါ့လက်ချက်နဲ့ သေသွားလောက်ပြီ.. ငါတို့ကိုတောင် သူက လာပြီး အော်နေသေးတယ် ဟမ့်!”

ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်တို့ မရှိတော့မှသာလျှင် ကျင့်ကြံသူအချို့က ငေါက်ငမ်းကြိမ်းမောင်းလိုက်ကြ၏။

. . .

လိုဏ်ဂူတိုက်ခန်းတစ်ခုက ဟိုးလို့ဟောင်းလောင်းပွင့်နေပြီး.. အထဲတွင် စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က လှည့်ပတ်သွားလာ အနားယူနေကြ၏။

ကြိုးကြာလေးက အရင်ဆုံး တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး လှမ်းမျှော်ကြည့်လိုက်၏။

ဆူဇီမိုကို မြင်သောအခါ သူက ဝမ်းသားအားရ အော်ဟစ်လိုက်၏။

စိတ်ဝိညာဉ်ကျားက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ပျင်းရိလေးတွဲစွာ လှမ်းကြည့်လိုက်၏။ ဆူဇီမိုကို မြင်သောအခါ သူသည် ချက်ချင်းပင် တက်ကြွသွားပြီး ခုန်ထလိုက်၏။

ကျားတစ်ကောင်နှင့် ကြိုးကြာတစ်ကောင်ကို တွေ့ရသောအခါ.. မျောက်က သိပ်ပြီး အံ့သြဟန်မပြဘဲ.. အထင်သေးသလို နှုတ်ခမ်းကို သပ်လိုက်၏။

ဆူဇီမိုအနောက်ကနေ မျောက်က ကားကား ကားကားနှင့် လျှောက်လာ၏။

“ဒါကတော့ ကန်းရိုးရိုးမမှာနေတဲ့ မျောက်ပဲ.. ငါတို့နှစ်ယောက်က သေခြင်းရှင်ခြင်းတွေကို အတူဖြတ်ကျော်ခဲ့ကြဖူးတယ်”

ဆူဇီမိုက စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကို တစ်ဖန်ပြန်မိတ်ဆက်ပေးလိုက်၏။

“ဒါကတော့ စိတ်ဝိညာဉ်ကျား.. သူ့ကိုတော့ ကြိုးကြာလေးလို့ခေါ်တယ်.. အခုကစပြီး မင်းတို့သုံးယောက်အတူနေကြ.. ရန်မဖြစ်ကြနဲ့”

“ချီ..!”

ထိုသည်ကိုကြားသောအခါ.. မျောက်က လှောင်ရယ်၍ သူ၏ လက်ညိုးတစ်ချောင်းကို ထုတ်ကာ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ရှေ့တွင် ဘယ်ညာဝေ့ရမ်းပြလိုက်ပြီး.. လှောင်ပြောင်ရန်စသလို ပြုမူလိုက်၏။

မျောက်က စကားတစ်ခွန်းမျှ ထုတ်မပြောသော်လည်း သူလုပ်ပြသည့် အဓိပ္ပါယ်က ရှင်း၏_ မင်းတို့ရန်ဖြစ်ချင်ရင်တောင် ငါ့ကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူးဆိုသည့် အထာပင်!

စိတ်ဝိညာဉ်ကျားက သိပ်မကြာသေးခင်ကမှ အခြေတည်အဆင့်သို့ ဝင်ရောက်လာတာဖြစ်ပြီး သွေးကြွနေသော အချိန်ဖြစ်၏။

ထို့အပြင် စိတ်ဝိညာဉ်ကျားသိထားသည်မှာ သူက ဆူဇီမိုနှင့်အတူ အရင်နေလာခဲ့တာဖြစ်၏။

နောက်မှရောက်လာသောမျောက်၏ အနိုင်ကျင့်စော်ကားတာကို ငြိမ်ခံနေရမည်ဆိုလျှင် သူသည် နောင်အခါ မျက်နှာဘယ်လိုပြရပါမည်နည်း။

ထို့ကြောင့် မျောက်၏ ရန်စစော်ကားသောအမူအယာကို မြင်ရသည့်အခါ စိတ်ဝိညာဉ်ကျားက ဆက်လက်သည်းမခံနိုင်တော့ပေ။

“ဝေါင်း!”

သူသည် မြေတွင် ဝပ်၍ အားယူလိုက်ပြီး သားကောင်ကို ခုန်အုပ်တော့မည်ကဲ့သို့ ပြုမူကာ သူ့မျက်လုံးများက အရိုင်းဆန်လာ၏။ သူက အချိန်မရွေး တိုက်ခိုက်တော့မည် အနေအထားဖြစ်၏။

“ကော်း.. ကော်း”

တစ်ဖက်တွင် ကြိုးကြာလေးကလည်း သည်အတိုင်း ငြိမ်မနေပေ။ သူသည် တစ်ချက်နှစ်ချက် အော်မြည်သံပြုကာ မျောက်ကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။

ဘာပဲပြောပြော.. ကြိုးကြာလေးသည် စိတ်ဝိညာဉ်ကျားနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိ၏။

လိုဏ်ဂူတွင်းမှ အော်ဟစ်သံများကို နားထောင်ပြီး ဆူဇီမိုသည် ချက်ချင်းပင် ခေါင်းကိုက်လာ၏။

“ဘုန်း!”

သိပ်မကြာမီ မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ကို ပြင်းထန်စွာ ပစ်တိုက်လိုက်ကြ၏။

မည်သည့် လှည့်စားချက်မျှမပါဘဲ ခွန်းအားသက်သက် ယှဉ်ပြိုင်လိုက်ကြခြင်းဖြစ်၏။

နောက်တစ်ခဏ၌ မျောက်၏လက်ချက်နှင့် စိတ်ဝိညာဉ်ကျားက လွင့်စင်ထွက်သွား၏။

စိတ်ဝိညာဉ်ကျား၏ ခန္ဓာကိုယ်သည် အနောက်ဘက်ရှိ နံရံနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး.. လိုဏ်ဂူတိုက်ခန်းက တုန်ခါသွားကာ ဖုန်များက လုံးကနဲထလာ၏။ စိတ်ဝိညာဉ်ကျား၏ အရွတ်များ၊ အရိုးများက ပျက်ဆီးကျိုးပဲ့ကုန်ပြီဟု ထင်ရ၏။

မျောက်သည် မူလက သူ့မှာ သာမန်မျိုးဆက်‌သွေးသာရှိသော်လည်း တျဲယွဲ့သင်ကြားပေးခဲ့သော ကျင့်ကြံခြင်းနည်းစနစ်က သူ့ကို ပြောင်းလဲသွားစေခဲ့၏။

စိတ်ဝိညာဉ်ကျားကတော့ အခုချိန်ထိ သာမန်တောကောင်တစ်ကောင်ထက် ဘာမျှ မပိုပေ။

သူတို့နှစ်ကောင်အကြား ကျင့်ကြံမှုအဆင့်ကွာဟနေတာကို အပထား.. အဆင့်တူနေလျှင်တောင်.. စိတ်ဝိညာဉ်ကျားက မျောက်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ကောင်အကြား မျိုးဆက်သွေး ကွာဟချက်က ကြီးမားလွန်း၏။

ဖျတ်ကနဲဆိုသလို.. မျောက်သည် စိတ်ဝိညာဉ်ကျား၏ ကိုယ်ပေါ်ကို တက်စီးလိုက်ပြီး.. သူ၏ ဦးခေါင်းကို လက်သီးဖြင့် အဆက်မပြတ် ထုနှက်လေတော့၏။

ဒုံ.. ဒုံ.. ဒုံ!

ဆက်တိုက်ထုနှက်ချက်များအောက်တွင် စိတ်ဝိညာဉ်ကျားသည် မူးဝေမှင်တက်လာပြီး သတိလက်လွတ်ချင်သလိုပင် ဖြစ်လာ၏။

ရွှစ်!

ကြိုးကြာလေးက ဘေးဘက်ကနေ ထိုးဝင်လာ၏။ သူ၏ အေးစက်စက်လက်နေသော ချွန်ထက်သည့် လက်သည်းများကို ထုတ်ကာ မျောက်၏ ကျောကုန်းကို ထိုးကုတ်ဖို့ လုပ်လိုက်၏။

နောက်ကိုပင် ပြန်လှည့်မကြည့်ဘဲ.. မျောက်က တောင်ဝှေးဖြင့် ရိုက်ချလိုက်၏။

လေခွင်းသံက ဝီကနဲ မြည်လာ၏။

ကြိုးကြာလေးသည် တုန်လှုပ်ချောက်ချားသွားကာ တောင်ဝှေးကို ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘဲ.. ဘေးဘက်သို့ ကပျာကယာ ရှောင်တိမ်းလိုက်ရ၏။

“အို့.. အိုး..”

“ကော်း.. ကော်း”

ကြိုးကြာလေးက အသံကိုမြှင့်၍ မကျေမနပ်‌ အော်ဟစ်လိုက်၏။

မျောက်၏ ‌အောက်မှ စိတ်ဝိညာဉ်ကျားကလည်း ရံဖန်ရံခါ ဟိန်းဟောက်လိုက်၏။

သားရဲသုံးကောင်၏ အသံက ပြိုင်၍ ထွက်နေပြီး.. သူတို့ဘာပြောနေကြသလဲဆိုတာ ဆူဇီမိုသည်လည်း နားမလည်နိုင်တော့ပေ။

သို့သော်လည်း သူသည် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်မှာ.. မျောက်က သူတို့သုံးယေက်၏ ခေါင်းဆောင်ဖြစ်လိုနေခြင်း ဖြစ်၏။

သို့သော်လည်း စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကလည်း မကျေမနပ်နှင့် ခွင့်မပြုနိုင်ဖြစ်နေကြ၏။

မျောက်သည် ဆူဇီမို၏ လက်ထဲမှ သားရဲဥကို ဆွဲယူလိုက်ပြီး ၎င်းကို ပြကာ ခဏကြာ စကားများ ပြောလိုက်၏။

သိပ်မကြာမီ.. စိတ်ဝိညာဉ်တောကောင်သုံးကောင်သည် ဘုံသဘောတူညီမှု ရရှိသွားလေသည်။

သူတို့သည် သားရဲဥကို တစ်လှည့်စီ ဝပ်ကြရမည်ဖြစ်ပြီး.. သားရဲဥအား အကောင်ပေါက်အောင် ဝပ်နိုင်သူသည် ခေါင်းဆောင်လုပ်ခွင့်ရမည် ဖြစ်လေသည်။

တစ်ရက်မှာ ၂၄နာရီရှိသည်ဖြစ်သောကြောင့်.. သူတို့သည် တစ်ဦးကို ရှစ်နာရီစီ အလှည့်ကျ ဝပ်ကြရပေမည်။

သို့သော်လည်း.. စိတ်ဝိညာဉ်ကျားက သနားစဖွယ် အနိုင်ကျင့်ခံရပြန်၏။

သူ့အတွက် ဝေစု ရှစ်နာရီကို မျောက်နှင့် ကြိုးကြာလေးတို့က ထပ်မံ၍ လုယူလိုက်ကြပြီး နောက်ဆုံး သူ့အတွက် ခွဲတမ်းဝေစုက လေးနာရီသာ ကျန်လေတော့သည်။

. . .

ဆန်းကြယ်တောင်ထွတ်၏ အခြား လိုဏ်ဂူတိုက်ခန်းတစ်ခုတွင်...

မှောင်မိုက်ပြီး တိတ်ဆိတ်နေ၏။ ဖုန်ဟောက်ယွီသည် တင်ပျဉ်ခွေခြေချိတ်ထိုင်နေပြီး သူ့ဘေးပတ်လည်တွင် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို ချထား၏။

ယခုအခါ သူသည် ပကတိအခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မရီးဒါန်တစ်ခုကိုပင် ဖွင့်လှစ်ခဲ့ပြီးပေပြီ။

ရုတ်တရတ်..

မကောင်းဆိုးဝါးဆန်ဆန် လေအေးများက တိုက်ခတ်လာ၏။

ဖုန်ဟောက်ယွီက သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူသည် တစ်စုံတစ်ရာ ‌ရောက်ရှိလာမှာကို ကြိုတင်သိရှိသလို လှည့်ကြည့်ဖို့ အလောတကြီး ရှိမနေဘဲ အတွေးလွန်၍သာနေ၏။

“ဆူဇီမိုက ပြန်ရောက်လာပြီ”

သိပ်မကြာမီ မှန်းဆ၍ မရသော အက်ကွဲကွဲ အသံကြီးတစ်ခုက ဖုန်ဟောက်ယွီ၏ လိုဏ်ဂူတိုက်ခန်းထဲ၌ ထွက်ပေါ်လာ။

ဖုန်ဟောက်ယွီက မျက်မှောင်ကြုတ်လိုက်၏။

အမှောင်ထဲမှလူက ဆက်ပြောလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင်.. ရတနာ့ကောင်းကင်လေလံအိမ်တော်ကနေ ဖိုသီဖတ်သီအဖိုးအို ရလာခဲ့တဲ့ မီးဆေးခြင်းနည်းစနစ်ကျမ်းစာအုပ်က သူ့အတွက်ပဲ”

“ဆူဇီမိုကို သတ်ဖို့က လွယ်ပါတယ်”

ဖုန်ဟောက်ယွီက လေသံနှိမ့်၍ ပြောလိုက်၏။

“ဒါပေမယ်လို့.. ဆန်းကြယ်တောင်ထွတ်ရဲ့ အမွေခံတပည့်သုံးယောက်ကို တစ်ပြိုင်နက်တည်း ကျုပ်တို့ ဘယ်လိုရှင်းမလဲ.. ကျုပ်တို့ တစ်ယောက်အပေါ် လက်တင်လိုက်ရင် ကျန်တဲ့သူတွေက အထိတ်တလန့် ဖြစ်ကုန်ကြမှာပဲ.. သူတို့လေးယောက်စလုံးကို တစ်ပြိုင်ထဲ သုံးစားမရအောင် လုပ်နိုင်မှ ဆန်းကြယ်တောင်ထွတ်က အထိနာမှာ.. အဲ့ဒါဆို ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် အဆင့်သတ်မှတ်စာရင်းလေးခုစလုံးမှာ သူတို့ ဘာအောင်မြင်မှုမှ ရမှာ မဟုတ်တော့ဘူး”

“အဲ့အတွက် ပူမနေနဲ့တော့.. အခွင့်အရေးက ပေါ်လာပြီ”

အက်ကွဲကွဲအသံကြီးက ထပ်ပြောလိုက်၏။

“အဲ့ဒီတိုက်ပွဲပြီးတာနဲ့.. မင်းရော ငါရော.. နာမည်ကောင်းနဲ့ ဂိုဏ်းကို ပြန်ကြရုံပဲ”

All Chapters