သွေးကျီးကန်းနန်းတော်
Vol. 14 Ch. 208
အခန်း ၂၀၈ - သွေးကျီးကန်းနန်းတော်
Translator – Than Toe Aung
မဟူရာကျီးတောင်ကုန်း..
မဟာကျိုးအင်ပါယာ၏ အနောက်မြောက်ဘက် ထောင်စွန်းတစ်ရာတွင်ရှိပြီး.. ကျယ်ပြောသော နေရာတစ်ခုဖြစ်ကာ တောင်ကောင်များ ကျင်လည်ကျက်စားရာနေရာတစ်ခု ဖြစ်လေသည်။
ထိုတောထဲတွင် ကျီးကန်းများ များစွာရှိပြီး.. အများစုမှာ အသိဉာဏ်ကြွယ်ဝကြလေသည်။ ထိုအထဲတွင် မဟူရာကျီးသားရဲတစ်မျိုးရှိပြီး သူတို့သည် ကြောက်စရာကောင်းသော ခွန်အားနှင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိကြပြီး.. အဆင့်မြင့်မြင့်ကျင့်ကြံနိုင်ကြလေသည်။
ပြောကြသည်မှာ တစ်ခါက ရွှေအူတိုင်အဆင့်ကျင့်ကြံသူတစ်ယောက်သည် မဟူရာကျီးတောင်ကုန်း၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး နောက်ဘယ်တော့မှ သူ့ကို ပြန်မတွေ့ရတော့ဟု ဆိုကြလေသည်။
လွန်ခဲ့သည့်လေးငါးနှစ်လောက်က မကောင်းဆိုးရွားဆန်ဆန် တောက်ပနေသည့် စိမ်းညိုရောင်မျက်လုံးများရှိသော သက်လတ်ပိုင်းရွယ်လူတစ်ယောက်သည် မဟူရာကျီးတောင်ကုန်း၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး လုံးဝပြန်ထွက်မလာတော့ပေ။
ထိုနေ့မှစ၍ ထိုတောင်ကုန်းရှိ ကျီးကန်းများသည် အလွန်တရာ အမျက်ဒေါသကြီးလာကြပြီး.. သူတို့၏ မျက်လုံးများက သွေးနီရောင်ဖြစ်လာ၏။
ထို့နေ့မှစ၍ မဟူရာကျီးတောင်ကုန်း၏ အထက်ကောင်းကင်က တစ်နှစ်ပတ်လုံး သွေးမြူများဖြင့် ရစ်သိုင်းနေတတ်တော့၏။
ထိုတော၏ အနက်ဆုံးအပိုင်းတစ်နေရာတွင် သွေးကျီးကန်းနန်းတော်ဟု အမည်ရသော ခန်းမတစ်ခုက ပေါ်ထွက်လာခဲ့၏။
နှစ်အနည်းငယ်အတွင်းမှာပင် မဟူရာကျီးတောင်ကုန်း၏ အနီးတစ်ဝိုက်ရှိ ဂိုဏ်းများအားလုံးသည် သွေးကျီးကန်းနန်းတော်လက်အောက်သို့ အညံ့ခံလိုက်ကြရ၏။
ဤနေ့တွင် မျက်လုံးစိမ်းစိမ်း၊ မျက်နှာဖြူလျော့လျော့နှင့် လူငယ်လေးတစ်ယောက်သည် သွေးကျီးကန်းနန်းတော်၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူသည် ပကတိအခြေတည်အဆင့်တစ်ယောက်ဖြစ်ပြီး.. ဒူးတစ်ဖက်ထောက်ကာ ထိုင်၍ ခန်းမဘက်သို့ လက်သီးဆုပ်ဂါဝရပြုလိုက်၏။
“ဆရာ.. ပြီးခဲ့တဲ့တစ်နှစ်က ကျတော့်ရဲ့ သွေးကျွန်တစ်ယောက်က လင်းဖုန်းမြို့ရဲ့ အပြင်ဘက်မှာ အသတ်ခံလိုက်ရတယ်.. လူသတ်သမားက ဘယ်သူဆိုတာ ကျတော် ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါပြီ”
“သူ့နာမည်က ဆူဇီမိုတဲ့.. ဆန်းကြယ်တောင်ထွတ်က အတွင်းစည်းတပည့်တစ်ယောက်ပဲ”
တောအုပ်အတွင်းရှိ သွေးမြူခိုးများ၏ အလယ်တွင် ရှေးကျသော အငွေ့အသက်များနှင့် သွေးကျီးကန်းနန်းတော်ကို ဝိုးတဝါး မြင်နိုင်၏။ ၎င်းက မကောင်းဆိုးဝါးဆန် ကြောက်စရာကောင်းနေပြီး ရေခဲတမျှ အေးစက်သောအော်ရာကို ထုတ်ပေးနေ၏။
လူငယ်ကျင့်ကြံသူက စကားပြောပြီးနောက်.. သွေးကျီးကန်းနန်းတော်က သေလောက်အောင် တိတ်ဆိတ်ကျသွား၏။
သူသည် ထိုအရာနှင့် အသားကျနေသလို.. လူငယ်ကျင့်ကြံသူက ဆက်ပြောလိုက်၏။
“အဲ့တိုက်ပွဲမှာတုန်းက ကျတော်တို့ဘက်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တကြောတစ်ခုရယ်၊ အခြေတည်အဆင့် ကျင့်ကြံသူ သုံးဆယ်ကျော်လောက်ရယ် ဆုံးရှုံးခဲ့ရတယ်.. သူတို့အကုန်လုံးက အတွင်းစည်းတပည့်တွေဆိုပေမယ့်လဲ.. ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပဲ”
“ကျတော်သတင်းတစ်ခု ကြားထားတာရှိတယ်.. ဆန်းကြယ်တောင်ထွတ်က စိတ်ဝိညာဉ်ရေကန်က ချိတ်စည်းဖွင့်တော့မယ်တဲ့.. အဲ့အခါကျရင် ဆန်းကြယ်တောင်ထွတ်က သူတို့ရဲ့ ပကတိအခြေတည်အဆင့် တပည့်တွေကို ရေချိုးမင်္ဂလာပြုဖို့အတွက်.. အဲ့ရေကန်ကို လွှတ်ကြလိမ့်မယ်”
“ကျတော် အဲ့ကို လူတစ်ချို့ခေါ်သွားပြီး သူတို့ကို အပြတ်ရှင်းပစ်ချင်တယ်.. အဲ့ကျရင်.. ဆန်းကြယ်တောင်ထွတ်က အမွေခံတပည့်ကိုလဲ တစ်ခါတည်းနဲ့ ကျတော်ရဲ့ သွေးကျွန်တွေ လုပ်ပစ်လိုက်လို့ ရတာပေါ့ မဟုတ်ဘူးလား”
အတန်ကြာပြီးနောက် သွေးကျီးကန်းနန်းတော်ထဲမှ အသံတစ်သံက ထွက်ပေါ်လာ၏။
“ကောင်းပြီလေ.. ဂရုလဲစိုက်ဦး.. မင်းနဲ့ လူဆယ်ယောက်ခေါ်သွားလိုက်”
လူငယ်ကျင့်ကြံသူက ခေါင်းကိုငုံ့ထားလိုက်၏။
“စိတ်မပူပါနဲ့ ဆရာ”
“ယူဖေးနဲ့ ဖန်းယွဲ့ကိုပါ မင်းနဲ့ခေါ်သွား”
ခဏမျှ ရပ်နားပြီးနောက်.. သွေးကျီးကန်းနန်းတော်အပြင်ဘက်သို့ အသံတစ်သံက ထွက်ပေါ်လာပြန်၏။
လူငယ်ကျင့်ကြံသူက ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီး ပြန်ဖြေလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာ”
“အမ်း.. အဲ့ကိစ္စပြီးသွားရင် ပြန်လာပြီး တံခါးပိတ်ကျင့်တော့.. နောက်သုံးနှစ်နေလို့ ရှေးဟောင်းတိုက်ပွဲမြေ ဖွင့်လှစ်တဲ့အခါကျရင်.. အဲ့ထဲမှာ မင်းရဲ့ တစ်ကယ့်ပြိုင်ဘက်တွေနဲ့ တွေ့ရလိမ့်မယ်”
ထိုသို့ပြောပြီးနောက်.. သွေးကျီးကန်းနန်းတော်က နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
များမကြာမီ.. အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူနှစ်ယောက်က လမ်းလျှောက်ထွက်လာ၏။ သူတို့သည် အမူအယာကင်းမဲ့နေကြပြီး.. ရံဖန်ရံခါတွင် သူတို့၏ မျက်လုံးများထဲမှ အစိမ်းရောင်အလင်းက တစ်ချက်တစ်ချက် လက်သွားတတ်၏။
“နှုတ်ဆက်ပါတယ် သခင်လေး”
အမျိုးသားနှစ်ယောက်သည် လူငယ်ကျင့်ကြံသူ၏ ရှေ့သို့ လျှောက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်ကြကာ သံပြိုင်အော် နှုတ်ဆက်လိုက်ကြ၏။
လူငယ်ကျင့်ကြံသူက ကျေနပ်သဘောကျစွာ ခေါင်းညိတ်လိုက်၏။
သူ့ရှေ့မှ နှစ်ယောက်ကား ရွှေအူတိုင်အဆင့်များဖြစ်ကြ၏။ သူတို့သည် သူ့ဆရာ၏ သွေးကျွန်များ ဖြစ်ကြလေသည်။
သူ့ဆရာ သွေးကျွန်အဖြစ် လက်ခံထားသော သူများက သာမန်ထက် ထူးကဲပါရမီရှိကြသူများသာဖြစ်ကြ၏။
သူ့ဆရာဆိုသူမှာ.. သွေးကျီးကန်းနန်းတော်ကို တည်ထောင်ထားသော နန်းတော်သခင်ပင် ဖြစ်လေသည်။
သူ့ဆရာနှင့် သူ၏ ဆရာတပည့်ဆက်ဆံရေးအရ.. သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်သော်လည်း.. သွေးကျီးကန်းနန်းတော်တွင် သူ၏ အဆင့်အတန်းက အလွန်တရာ မြင့်မား၏။
“ဆန်းကြယ်တောင်ထွတ်.. ဆူဇီမို.. တဲ့လား.. ဟဟား..”
. . .
ဆန်းကြယ်တောင်ထွတ်တွင်..
ဆူဇီမိုသည် ပြန်ရောက်သည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း.. ဒီအတိုင်း ငြိမ်ငြိမ် မနေရပေ။
ဖက်တီးလေး၊ ရွှယ်ယိနှင့် နတ်ပန်းပဲတောင်ထွတ်မှ တပည့်များစွာသည် သူ့ထံသို့ လာရောက်လည်ပတ်ကြ၏။
ဤအချိန်အတောအတွင်း.. လမ့်ရိုသည်လည်း လည်ရောက်လည်ပတ်၍ ဆူဇီမိုနှင့် စကားစမြည် အနည်းငယ် ပြောကြားကာ ပြန်သွားခဲ့၏။
ရွှယ်ယိနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ထိုအရာက ချီးကျူးဂုဏ်ပြုစရာတစ်ခု ဖြစ်လေသည်။
တစ်ဂိုဏ်းလုံး၌.. လမ့်ရိုကိုယ်တိုင်လာရောက်လည်ပတ်ရသူမှာ.. ဆူဇီမိုတစ်ယောက်တည်းသာလျှင် ရှိလေသည်။
သည့်အရင်က သူမသည် သူ့အား အထူးတလည်ပြုလုပ်ထားသော အဆောင်လက်ဖွဲ့နှစ်ခုကို ပေးခဲ့ဖူး၏။
ဆူဇီမိုသည် ထိုအဆောင်နှစ်ခုကို သိုလှောင်အိတ်ထဲ ထည့်သိမ့်ထားပြီး အခုထိ ထုတ်မသုံးရသေးပေ။
ထိုအရာက အရမ်းတန်ဖိုးကြီးမားသည့်အရာ မဟုတ်သည့်တိုင်အောင်.. တစ်ဖက်လူက အတော်လေး အားသွန်ခွန်စိုက်ထားရသည်မှာ သိသာလေသည်။
ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းတွင် အမြင်တစ်ချို့ ရရှိပြီးနောက် အလယ်အလတ် သို့မဟုတ် သာလွန်အဆင့် လက်နက်တစ်ခု သွန်းလုပ်ကာ လမ့်ရိုကို ပြန်ပေးဖို့ စိတ်ကူးထားလေသည်။
ဆူဇီမို ဂိုဏ်းသို့ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့တွင်.. ဖိုသီဖတ်သီအဖိုးအိုထံသို့ သူသွားမလည်ရသေးခင်မှာပင် ထိုသူက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာ၏။
“မင်း ငရှုပ်ကောင်.. ပြီးခဲ့တဲ့ သုံးလလုံးလုံး စာမလာ သတင်းမကြားနဲ့ ဘယ်တွေလျှောက်သွားနေတာလဲ”
တွေ့တွေ့ချင်းမှာပင် ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမိုကို မာန်မဲလိုက်၏။
ဆူဇီမိုက အမှားအမှန် တစ်ဝက်စီရော၍ ပြန်ပြောလိုက်၏။
“ကျတော် အိမ်ကို သတိရလို့ ပြန်သွားတာပါ”
“အမ်း ငါသိပြီ”
ထိုသည်ကို ကြားပြီးနောက် ဖိုသီဖတ်သီအဖိုးအို၏ အမူအယာက ပျော့ပြောင်းသွားပြီး.. ခေါင်းညိတ်လိုက်၏။
“အဟမ်း.. အဟမ်း”
သူသည် ညင်သာစွာ ချောင်းဟန့်၍ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ချက်ချင်းဆိုသလိုပင်.. ရှေ့ဟောင်းကျမ်းစာတစ်ခုက သူ့လက်ထဲသို့ ရောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ရော့ ယူလိုက်.. ဒါက ရှေးဟောင်းမီးဆေးကျမ်းတစ်ခုပဲ”
သူထင်တာ မှန်လေသည်။
ဖိုသီဖတ်သီအဖိုးအိုက ရတနာ့ကောင်းကင်လေလံအိမ်တော်ကနေ ဤစာအုပ်ကို သူ့အတွက် ဝယ်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
“ဒီကျမ်းစာအုပ်ကို ရေးခဲ့တဲ့ပုဂ္ဂိုလ်က ရှုကျန့်တဲ့.. သူက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အဆင့်မြင့် နတ်ပန်းပဲဆရာတစ်ယောက်ပဲ.. သူ၏ အအောင်မြင်ဆုံး အချိန်တွေတုန်းက သူက ထိပ်တန်းအဆင့်လက်နက် ဆယ်ခုထက်မနည်း ဖန်တီးခဲ့တယ်တဲ့.. ပြောကြတာတော့ သူက ပကတိအဆင့် လက်နက်တစ်ခုကိုတောင် သွန်းလုပ်ခဲ့ဖူးတယ်တဲ့”
“သူ့ရဲ့ လက်နက်သွန်းလုပ်ခြင်း ရုပ်သံမှတ်တမ်းတွေက မကျန်ရှိတော့ဘူးဆိုပေမယ့်.. မင်း ဒီရှေးဟောင်းကျမ်းစာအုပ်ကို လေ့လာလို့တော့ရတယ်.. မင်းရဲ့ ပန်းပဲအမြင်နဲ့ဆို.. နောက်ကျရင် အလယ်အလတ်အဆင့် လက်နက်တစ်ခုကို ဖန်တီးဖို့က ဘာမှ ခဲယဉ်းမှာ မဟုတ်တော့ဘူး.. သာလွန်အဆင့်လက်နက်တွေတောင် ဖြစ်ရင်ဖြစ်လာဦးမှာ”
ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမိုအပေါ် အလွန်တရာ ယုံကြည်မှု ရှိလေသည်။
ဆူဇီမိုသည် ဤရှေးဟောင်းမီးဆေးကျမ်းစာအုပ်က ဘယ်ကနေ ထွက်ပေါ်လာသလဲဆိုတာ ကြိုသိထားပြီး ဖြစ်သော်လည်း.. သူက အလွန်တည်ငြိမ်ပြနေလျှင်.. ဖိုသီဖတ်သီအဖိုးအိုက သူ့အပေါ် သံသယဝင်လာနိုင်လေသည်။
ဆူဇီမိုသည် လွန်စွာ ကျေနပ်နှစ်ခြိုက်ဟန်ပြလိုက်ပြီး.. မေးလိုက်၏။
“ဆရာ.. ဒီရှေးဟောင်းကျမ်းစာအုပ်ကို ရဖို့ဆိုရင်.. စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးခဲ့ရမှာပေါ့နော်.. ဟုတ်တယ်မလား”
“ဟမ့်.. ဟုတ်တာပေါ့”
ဖိုသီဖတ်သီအဖိုးအိုက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“အဲ့တုန်းက ဒီစာအုပ်ကို ရဖို့ ယှဉ်ပြိုင်မှုက အရမ်းကို အကြိတ်အနယ်ရှိခဲ့တာကွ.. အစတုန်းက ငါအဲ့ဒါကို မရတော့မလို့ပဲ.. နောက်ဆုံးမှာတော့.. မထင်မှတ်ဘဲ ငါ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ သွားဆုံခဲ့မိတယ်လေ....”
ထိုနေရာမှစ၍ ဖိုသီဖတ်သီအဖိုးအိုသည် ကြွားလုံး၊ လှိမ့်လုံးတွေသုံးပြီး စိတ်အေးလက်အေးပုံစံနှင့် လျှောက်ဖောလေတော့၏။
“ဟ.. ငါ့မိတ်ဆွေက အရမ်းကို နောက်ခံအင်အားတောင့်တာနော်.. စကားကို နှစ်ခါမပြောဘူး.. နေရာမှာတင် အဲ့စာအုပ်ကို ငါ့ကို တန်းပေးလိုက်တာ”
ဖိုသီဖတ်သီအဖိုးအိုသည် သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ့မျက်လုံးများက ဂုဏ်ယူဝင့်ကြွားမှုနှင့် ပြည့်လာ၏။
“ဇီမို.. ငါမင်းကို ပြောရဦးမယ်.. အဲ့တုန်းကလေ မြင်ကွင်းကကွာ.. ..ကျွတ် ကျွတ်.. လေလံပွဲတစ်ခုလုံးကကွာ.. အကုန်တိတ်ကျသွားတာ.. သူတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိရင်တောင် ဘယ်သူ့မှ အဲ့ဒါကို မသုံးနိုင်ကြတော့ဘူး.. ဘယ်သူက တားနိုင်မှာလဲ.. ငါ့မိတ်ဆွေက အဲ့ဒါကို ငါ့ကို ပေးလိုက်တာလေ”
“အကုန်လုံးက မနာလိုငေးမောပြီး ငါ့ကို ငေးနေကြရုံပဲ”
ဖိုသီဖတ်သီအဖိုးအိုက ဟောင်ဖွာဟောင်ဖွာနှင့် ပြောနေသည်ကို ကြားရသောအခါ.. ဆူဇီမိုသည် မနေနိုင်တော့ဘဲ ခေါင်းငုံ့၍ ခိုးရယ်လိုက်၏။
“ဇီမို ဘာလို့လဲ.. ငါ့ကို မယုံဘူးလား” ဖိုသီဖတ်သီအဖိုးအိုသည် ဆူဇီမို၏ မူမမှန်မှုကို သတိထားမိလိုက်ပြီး မျက်ခုံးပင့်လိုက်၏။
“မဟုတ်ပါဘူး”
ဆူဇီမိုက ကပျာကယာ လက်ကာပြလိုက်၏။
“အဟမ်း.. အဟမ်း.. တော်ပါပြီ.. မင်း.. သေချာကျင့်ကြံတော့”
ဖိုသီဖတ်သီအဖိုးအိုသည် အနည်းငယ် လိပ်ပြာ်မလုံသလို ဖြစ်လာပြီး ဆူဇီမိုအား မှာကြားစရာရှိသည်များကို မှာကြားကာ စကားစဖြတ်လိုက်ပြီး ပြန်သွားတော့၏။
တစ်ကယ်တော့ ထိုရှေးဟောင်းကျမ်းစာသက်သက်နှင့်သာဆိုလျှင် ဆူဇီမိုသည် အနာဂတ်တွင် လက်နက်သွန်းလုပ်ခြင်း၌ အောင်မြင်မှုများစွာ ရရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း.. အဆုံးစွန်မီးတာအိုသခင်က အေးစက်ရေကန်အောက်တွင် ဆူဇီမိုအတွက် လက်နက်တစ်ခုကို နမူနာ သွန်းလုပ်ပြခဲ့ပြီး.. ထိုမှ ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်သည့် အမြင်များစွာ ရရှိခဲ့၏။
ထိုအရာက လုံးဝအပြစ်ဆိုဖွယ်ရာမရှိ၊ ပြီးပြည့်စုံသည့် လက်နက်သွန်းလုပ်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ခဲ့၏။
ယခု သူ့လက်ထဲမှာ ရှေးဟောင်းမီးဆေးခြင်းကျမ်းစာကလည်း ရှိနေပြီဆိုတော့.. ဆူဇီမို၏ ကိုယ်ပိုင်စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းလမ်းနှင့်ဆိုပါက.. သူသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကိုပင် သွန်းလုပ်နိုင်ဖို့ ယုံကြည်မှုရှိလေသည်။
သူ၏ လက်နက်သွန်းလုပ်နိုင်ဖို့ အခွင့်သည် ရံဖန်ရံခါ ကံကောင်းထောက်မမှသာ မဟုတ်ပေ။
ထိုအရာက အောင်မြင်ဖို့ ၁၀၀% သေချာမှု ရှိလေသည်။