← Chapters

တောရိုင်းတိစ္ဆာန်လား.. ဝက်ဝံမည်းလား

Vol. 14 Ch. 210

တောရိုင်းတိစ္ဆာန်လား.. ဝက်ဝံမည်းလား

Vol. 14 Ch. 210

အခန်း ၂၁၀ - တောရိုင်းတိစ္ဆာန်လား.. ဝက်ဝံမည်းလား

Translator – Than Toe Aung

ပေါက်လာမည့်အကောင်က မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင်သာ ဖြစ်လျှင် အရမ်းကောင်းမှာပဲဟု ဆူဇီမိုသည်လည်း စိတ်ကူးယဉ်ခဲ့၏။

သို့သော်လည်း.. ဤသက်ရှိလေး မွေးဖွားလာချိန်တွင်.. သူမျိုးဆက်သွေးထဲမှ ဝိုးတဝါး ချိတ်ဆက်မှုတစ်ခုကို သူခံစားမိနေ၏။ ၎င်းက အရမ်း မသိမသာဖြစ်ပြီး လျှို့ဝှက်အသိရခက်၏။

ဆူဇီမိုက ခပ်ရေးရေး ပြုံးလိုက်၏။

ဤသားရဲတောကောင်၏ မျိုးဆက်သွေး သို့မဟုတ် အလားအလာက မည်သို့ပင် ရှိပါစေ.. ဆူဇီမိုသည် သူ့ကို အနားမှာထားကာ ပြုစုပျိုးထောင်မြှင့်တင်ပေးရပေမည်။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည်လည်း.. အလယ်တွင်ရှိသော ကွဲကြေလာသည့်ဥကို တောင့်တင်းစွာ ကြည့်လိုက်ကြ၏။ သူတို့သည် သိချင်စိတ်ဖြင့် မျက်လုံးအပြူးသား ဖြစ်နေကြ၏။

မျောက်နှင့် ကြိုးကြာလေးတို့၏ နုလုံးသားထဲတွင် ဤရောင်ရင်းလေးက သူတို့၏ သွေးနှောကလေးတစ်ယောက်လိုပင်။

သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင်ဖြစ်စေ၊ ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ဖြစ်စေ၊ နောက်ဆုံးယုတ်ဆွအဆုံး.. ပိုးကောင်လေးတစ်ကောင်ပင် ဖြစ်ပါစေ.. သူတို့သည် သူ့ကို သေချာ‌စောင့်ရှောက်ရမည်ဖြစ်ပြီး အနာဂတ်တွင် တစ်ခုခု အထိခိုက်ခံမှာ မဟုတ်ပေ။

စိတ်ဝိညာဉ်ကျား၏ နုလုံးသားထဲတွင်တော့ ထိုကောင်လေးက သာမန်တောကောင်လေးတစ်ကောင် ဖြစ်ပါစေဟုသာ မျှော်လင့်ဆုတောင်းနေ၏။ တစ်ကယ်တမ်းပြောရလျှင် သူက ပိုအားနည်းလေး ပိုကောင်းလေပင် ဖြစ်လေသည်။

ထိုမှသာလျှင် သူ၏ ရပ်တည်မှုက မြင့်တက်လာပြီး အမြဲတမ်း အနိုင်ကျင့်ခံဘဝကနေ လွတ်မြောက်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင်.. ထိုကောင်လေးက သူ့လက်အောက်ငယ်သား ဖြစ်လာပေလိမ့်မည်။ သူ့စိတ်ခံစားချက် မကောင်းသည့်အခါ စိတ်ထွက်ပေါက်အနေနှင့် ထိုကောင်လေးကို အနိုင်ကျင့်ချင်ရင်တောင် ကျင့်လို့ရနိုင်လေသည်။

စိတ်ဝိညာဉ်ကျားသည် ပါးစပ်အဟောင်းသား စိတ်ကူးယဉ်နေပြီး သားရေများ ကျလာကာ ညစ်ကျယ်ကျယ် ပြုံးလိုက်၏။ သူသည် သူ၏ လှပလာတော့မည့် ‌နေ့ရက်များအကြောင်းကို စိတ်ကူးယဉ်လို့ ကောင်းနေ၏။

ဖောက်!

နောက်ထပ် လက်သည်းတစ်ဖက်က ထပ်ထွက်လာ၏။ ၎င်းသည် နက်မှောင်နေပြီး.. ဥခွံကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်၏။

ဥခွံပေါ်ရှိ အက်ကြောင်းက ပို၍ကြီးလာ၏။

ထိုသည်ကို မြင်သောအခါ လိုဏ်ဂူတိုက်ခန်းတွင်းရှိ လူတိုင်းသည် ပို၍ စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး.. ခေါင်းခါ သက်ပြင်းချလိုက်ကြ၏။

အဲ့မှာ လောကဆိုင်ရာနမိတ်တွေ မပြဘူး၊ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲ မဟုတ်ဘူးဆိုရင်လည်း ထားပါတော့။

ဒါပေမယ့်.. အခု ဥခွံက ကွဲလာတာတောင် ဘာလို့ ထူးခြားတောက်ပတဲ့ အရောင်တွေကို မမြင်ရတာလဲ။

အဲ့ဒါက ဘာကို ပြောချင်တာလဲ။

ဆိုလိုတာကတော့.. ထိုတောကောင်က ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ပင် မဟုတ်ဟူ၍ပင်။

ဆန်းကြယ်တောင်ထွတ်မှ ထိပ်သီးကျင့်ကြံသူများသည် ဤနေရာမှာ စိတ်လှုပ်ရှားရင်ခုန်စွာနှင့် လာရောက်စုရုံးနေကြ၏_ သာမန်တောကောင်လေးတစ်ကောင် ပေါက်ဖွားတာကို လာကြည့်ဖို့ အတွက်တဲ့လား။

ဤရိုက်နှက်ချက်က တစ်ကယ် ပြင်း၏။

ဂိုဏ်းက ဤကဲ့သို့ သာမန်တောကောင်များကို မရေမတွက်နိုင်အောင် မွေးခဲ့ဖူးလေသည်။

ဖောက်!

ဥခွံက ထပ်မံပွင့်ဟသွားပြီး အနက်ရောင်ဦးခေါင်းလေးက ပြူထွက်လာ၏။ ၎င်းက  သူ၏ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး.. ခွေးတစ်ကောင်နှင့်ဆင်တူကာ အလွန်တရာ အားနည်းလွန်းလှ၏။

တောကောင်လေးက ဆာလောင်နေပုံရပြီး.. သူ့နှာခေါင်းကို ရှုံ့ချည်ပွချည် ပြုလုပ်၍ အနံ့ခံကာ သူ့ဘေးတွင် ကျနေသော ဥခွံဖတ်များကို ဆွဲယူကာ သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။

တစ်ခဏလေးအတွင်းမှာပင်.. တောကောင်လေးက လက်သီးဆုပ်လောက်ရှိသည့် ဥခွံဖတ်များကို စား‌သောက်ပြီးသွားလေပြီ။

ယခုအခါမှာတော့ တောကောင်လေး၏ သွင်ပြင်အပြည့်အစုံက အားလုံးရှေ့တွင် ပေါ်လာခဲ့ပေပြီ။

၎င်းသည် လုံးဝအနက်ပြောင်ဖြစ်ပြီး.. အရမ်းကို သာမန်ဆန်လွန်းလှ၏။ သူသည် အခုလေးတင် ဥခွံများကို စားထားသောကြောင့် သူ့ခန္ဓာကိုယ်က နည်းနည်းတော့ ဖောင်းကားနေ၏။

လိုဏ်ဂူတိုက်ခန်းက နောက်တစ်ဖန် တိတ်ဆိတ်ကျသွားပြန်လေသည်။

လေထုက တစ်မျိုးတစ်မည် ထူးဆန်းလာ၏။

လူတိုင်းသည် တောကောင်လေးကို တစ်မူထူးစွာ ကြည့်လိုက်ကြပြီး.. ရယ်ရမလား ငိုရမလား မသိတော့ပေ။

ဤကောင်လေးက မူလ‌သွေးမျိုးဆက်သားရဲလည်းမဟုတ်၊ ရှေးဦးအဆက်နွယ်သားရဲလည်းမဟုတ် ဆိုတာကို လူတိုင်းက သိထားကြပြီး ဖြစ်သော်လည်း.. ယခုမြင်ရသည်က အရမ်းကို သာမန်ဖြစ်လွန်းနေ၏။

အဖိုးအိုတစ်ယောက်က ခေါင်းခါလိုက်၏။

“အဲ့မှာ လောကဆိုင်ရာနမိတ်တွေ၊ တောက်ပတဲ့အရောင်တွေ မရှိတာ ထားပါတော့.. သာမန်တောကောင်တစ်ကောင်ဆိုရင်တောင် သူ့မိခင်ဝမ်းထဲမှာ ဒီလောက်အကြာကြီး နေလာခဲ့ရတာ သူ့မှာ သားရဲချီတော့ ပါလာရမယ်မလား.. သားရဲချီက ပိုသိပ်သည်းလေလေ၊ အဲ့တောကောင်ကလည်း ပိုသန်မာလေမလား.. အခုတော့ ကြည့်ပါဦး ဒီကောင်လေးကို.. အာ..”

အဖိုးအိုက ဆက်မပြော‌တော့ပေ။ သို့သော်လည်း သူပြောလိုသည်ကို အားလုံးသိလိုက်ကြ၏။

ဥခွံထဲက ထွက်လာကတည်းက အခုချိန်အထိ.. ဤတောကောင်လေးတွင် သားရဲချီနည်းနည်းလေးမျှတောင် မတွေ့ရပေ။

ဆိုလိုသည်မှာ သူ့ကို သားရဲ‌တောကောင်တစ်ကောင်ဟုပင် သတ်မှတ်လို့မရပေ။ သူ့ကို တောရိုင်းတိရစ္ဆာန်တစ်ကောင်ဟုသာ သတ်မှတ်ရပေတော့မည်။

“ဒီတောကောင်လေးက ဉာဏ်ရည်တောင် ပါမလာဘူး.. သူ့မျက်လုံးသူတောင် ဘယ်လိုဖွင့်ရမလဲ မသိရှာဘူး.. အရမ်းချိနဲ့လွန်းတယ်” ဘေးဘက်ရှိ အမျိုးသမီးအိုကြီးတစ်ယောက်က ခေါင်းခါပြောလိုက်၏။

သူမ၏ စကားလုံးက မညှာမတာ ရက်စက်ရာကျသော်လည်း မှန်နေ၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်ပြီး.. သူဖတ်ခဲ့သော ရှေးဟောင်းစာအုပ်ထဲက အချက်အလက်များကို ပြန်လည်စဉ်းစားကြည့်လိုက်၏။ သူသည် ထိုတောကောင်လေး၏ သွင်ပြင်နှင့် သားရဲတောကောင်များ၊ ရှေးဦးအဆက်နွယ်သားရဲများ၊ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများ၏ သွင်ပြင်များအားလုံးကို တစ်ခုချင်း လိုက်နှိုင်းယှဉ်ကြည့်လိုက်၏။

နောက်ဆုံးတွင်.. ထိုတောကောင်လေးက တခြားမည်သည့်အကောင်နှင့်မျှ မတူသည်ကို ဆူဇီမိုသည် သိရှိလိုက်ရ၏။

ခပ်ဆင်ဆင်တူတာကို ပြောရလျှင် ထိုတောကောင်လေးက ဝက်ဝံမည်းလေးတွေနှင့် သွားတူလေသည်။

လွန်ခဲ့သည့်နှစ်‌ပေါင်းငါးထောင်က အဆုံးစွန်မီးတာအိုသခင်သည် ဝက်ဝံမည်းလေးတစ်ကောင် ပေါက်လာမည့် သားရဲဥတစ်လုံးကို သူ့အသက်နှင့်ရင်း၍ စွန့်စားကာ ယူလာခဲ့၏။

ဆူဇီမို၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။

အဆုံးစွန်မီးတာအိုအရှင်သာ အခုနေ အသက်ပြန်ရှင်လာခဲ့လျှင်.. ဤသည်ကိုကြည့်ကာ ဒေါသထွက်လွန်း၍ တစ်ဖန်ပြန်သေသွားနိုင်လေသည်။

သူ၏ ခန္ဓာကိုယ်က အနည်းငယ် ဖောင်းနေပြီး.. ခေါင်းကတော့ ခွေးတစ်ကောင်နှင့်တူ၏။ သူ့လက်ဖဝါးကလေးများက ရဲရဲနီနေပြီး.. လက်သည်းများက ဝက်ဝံမည်းများထက် ပိုရှည်ကာ လွတ်လွတ်လပ်လပ် အသွင်းအထုတ် ပြုလုပ်နိုင်လေသည်။

“ဟီး..ရ!

တောကောင်လေးက သူ့ပါးစပ်ကို အကောင်းဆုံး ဖွင့်ဟလိုက်ပြီး အသံပြုလိုက်၏။ ၎င်းသည် သားရဲတောကောင်များက အားကြီးသော ဟိန်းဟောက်သံတစ်ခုနှင့် မတူပေ။ ထို့အစား.. ၎င်းက ယခုမှ စကားပြောသင်နေသော ကလေးငယ်လေးတစ်ယောက်၏ အသံလိုဖြစ်နေ၏။

“ဟဟ.. ခိခိ..”

ရယ်သံများက ပတ်ပတ်လည် ထွက်လာ၏။

ဤတောကောင်လေး၏ မူလဇာတ်မြစ်မျိုးနွယ်ကို မည်သူမျှ မသိကြသော်လည်း.. များစွာသော အချက်အလက်များက ဤကောင်လေးသည် အရမ်းသာမန်ဆန်သော တောင်ရိုင်းတိရစ္တာန်လေးတစ်ကောင်သာ ဖြစ်ကြောင်း ဖော်ပြနေလေသည်။

စိတ်ဝိညာဉ်ကျားက ကျေနပ်သဘောကျသွား၏။ အရာအားလုံးက သူ့ထင်ထားသည့်အတိုင်း ချော‌ချောမွေ့မွေ့ပင် ဖြစ်လေသည်။

နောက်ဆုံးမှာတော့ သူအနိုင်ကျင့်လို့ရမည့် လက်အောက်ငယ်သားတစ်ယောက် ရရှိလာပေပြီ။

တောကောင်လေးက ကတုန်ကယင်နှင့် ထရပ်လိုက်ပြီး လမ်းလျှောက်ဖို့ ကြိုးစားလိုက်၏။ သူသည် ဘယ်ညာလှုပ်ရမ်းနေပြီး အချိန်မရွေး လဲကျတော့မည် အနေအထားပင်။

“ဟီး.. ရ!”

နောက်တစ်ကြိမ်ထပ်အော်လိုက်ပြီး တစ်စုံတစ်ရာကို ရှာ‌ဖွေနေသလို.. တောကောင်လေးက နှာခေါင်းရှုံ့ အနံ့ခံလိုက်၏။

သူ့မျက်လုံးက တင်းကျပ်စွာ ပိတ်နေဆဲဖြစ်ပြီး.. သူသည် အနံ့ခံအာရုံမှတစ်ဆင့်သာ ရှာဖွေနိုင်လေသည်။

မျောက်၊ ကြိုးကြာလေးနှင့် စိတ်ဝိညာဉ်ကျားတို့သည် ချက်ချင်းပင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။

သူတို့သည် အရင်က သဘောတူထားခဲ့ကြ၏။ ‌တောကောင်လေး မွေးလာပြီးလျှင် သူက ဘယ်သူ့နောက်ကိုပဲ လိုက်လိုက်၊ ထိုသူက သူတို့၏ ခေါင်းဆောင်လုပ်ရမည် ဟူ၍ပင်။

တောကောင်လေးက ခဏကြာ နေရာမှာပင် မတ်တပ်ရပ်နေပြီးနောက် ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူက တဖြည်းဖြည်းနှင့် စိတ်ဝိညာဉ်ကျားရှိရာသို့.. ကတုန်ကယင်နှင့် လျှောက်သွား၏။

စိတ်ဝိညာဉ်ကျားက ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး ဣန္ဒြေပင် မဆယ်နိုင်တော့ဘဲ.. ရူးသွပ်စွာ ထ၍ ဟိန်းဟောက်လိုက်၏။

ပျော်စရာများက ရုတ်တရတ်ဆန်လွန်းစွာ ပေါ်လာခဲ့၏။

အစတုန်းကတော့ စိတ်ဝိညာဉ်ကျားက သူ့မှာ လက်အောက်ငယ်သား တစ်ယောက် ရလာပြီဖြစ်သည့်အတွက် မဆိုးလှဟု တွေးနေ၏။ ယခု အနေအထားအရ.. သူသည် ခေါင်းဆောင်လုပ်ရဖို့ အခွင့်အရေးတောင် ရှိလာလေပြီ။

“ကံကြမ္မာအလှည့်အပြောင်းဆိုတာ အဲ့ဒါပဲကွ.. အရင်တုန်းက ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် ကောင်းတာတွေလဲ ရောက်လာနိုင်သေးပါလား”

စိတ်ဝိညာဉ်ကျားသည် အ‌ကောင်းဆုံး ခက်ခက်ခဲခဲ ကြိုးစား၍ လမ်းလျှောက်လာနေသော တောကောင်လေးကိုကြည့်ကာ မျက်ရည်များပင် ဝဲလာ၏။

တစ်ဖက်တွင်တော့ မျောက်နှင့် ကြိုးကြာလေးတို့သည် မချင့်မရဲ ဖြစ်နေကာ သူ့တို့၏ မျက်နှာများက စိတ်ပျက်အလိုမကျမှုတို့ဖြင့် ထင်းနေ၏။

ခံစားချက်က အတော်လေးကောင်းလာပြီး.. စိတ်ဝိညာဉ်ကျားသည် မျောက်ကို မျက်စပစ်ပြ၍ ခေါင်းခါပြလိုက်ကာ.. အရှက်မရှိ သူ့လျှာကိုပင် ထုတ်ပြလိုက်၏။

မျောက်က အံကြိတ်၍ လက်သီးကို ကျစ်နေအောင်ဆုပ်လိုက်သောကြောင့် အရိုးအဆစ်များက တစ်ဖျောက်ဖျောက် မြည်လာ၏။ သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။

မျောက်၏ ပုံစံကို မြင်ရသောအခါ စိတ်ဝိညာဉ်ကျားက ကြောက်စိတ်ဝင် တုန်လှုပ်လာပြီး.. သူ့လျှာကို ကမန်းကတမ်း ပြန်သိမ်းလိုက်၏။

ထိုအချိန်မှာပင်.. တောကောင်လေးက စိတ်ဝိညာဉ်ကျား၏ အရှေ့တည့်တည့်ကို ရောက်လာပြီဖြစ်၏။

စိတ်ဝိညာဉ်ကျားက ထိုကောင်လေး၏ မျက်နှာကို လျှာဖြင့်လျှက်လိုက်ပြီး.. တောက်ပစွာပြုံးကာ သူ၏ ကြင်နာမှုကို ပြသလိုက်၏။

ခဏမျှ ရပ်တန့်လိုက်ပြီး.. တောကောင်လေးက စိတ်ဝိညာဉ်ကျား၏ ကြီးမားသည့်မျက်နှာကြီးကို ကွေ့ပတ်ကာ ရှေ့သို့ ဆက်ထွက်သွားလိုက်၏။

“အက်...”

စိတ်ဝိညာဉ်ကျား၏ မျက်နှာပေါ်က အပြုံးက တောင့်ခဲသွား၏။

“သောက်ရမ်း ရှက်ဖို့ ကောင်းလိုက်တာကွာ...”

စိတ်ဝိညာဉ်ကျားသည် ငိုချင်စိတ်ပေါက်သွားပြီး စိတ်ထဲကနေ ကျိတ်ပြီး ကျိန်ဆဲလိုက်၏။

“သောက်ဝက်ဝံမည်းလေး.. မင်းက ငါ့ကို လာနောက်နေတာပဲ.. မင်းကတော့ သေတော့မှာ သိပ်မကြာတော့ဘူး”

စိတ်ဝိညာဉ်ကျားသည် မျောက်ဘက်ကို မလုံးမလဲနှင့် လှမ်းကြည့်လိုက်၏။

မျောက်က စိတ်ဝိညာဉ်ကျားကို လုံးဝလျစ်လျူရှုထားပြီး တောကောင်လေးကိုသာ လိုက်ကြည့်နေ၏။

တောကောင်လေးက မျက်လုံးပင် မပွင့်သေးဘဲ.. ယခုမှ လမ်းလျှောက်သင်ကာစသာ ဖြစ်သော်လည်း.. သူသည် လူအုပ်ကြီးကို ဖြတ်ကျော်ကာ ဆူဇီမို၏ အရှေ့သို့ ခက်ခက်ခဲခဲ ကြိုးစား၍ ရောက်လာ၏။

All Chapters