← Chapters

ရွှီချင်းရဲ့ အတိတ်

Vol. 28 Ch. 419

ရွှီချင်းရဲ့ အတိတ်

Vol. 28 Ch. 419

“ ညီလေး၊ မငိုနဲ့ ”

ဝတ်ရုံနက်လူငယ်သည် ရွှီချင်း၏ မျက်ရည်များကို ကြည့်၍ သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

“ ငယ်ငယ်တုန်းကလို ငိုနေတုံးပဲလား ”

ရွှီချင်းသည် ရင်းနှီးသော်လည်း မရင်းနှီးသလို ဖြစ်နေသော မျက်နှာကို ကြည့်ကာ တုန်ရီသွားသည်။

သူ့ရှေ့မှလူသည် သူ၏အစ်ကိုကြီး ဖြစ်သည်။ သူ၏မှတ်ဉာဏ်များထဲတွင် သူ့ရှေ့တွင် တောင်ကြီးတစ်လုံးပမာ မရေမတွက်နိုင်လောက်အောင် ရပ်ဖူးသည်။ သူ ငိုသည့်အခါတိုင်း သူ့ခေါင်းကို ပွတ်သပ်ကာ နူးညံ့ညင်သာသောစကားကို ဆိုတတ်သည်။

ယင်းသည် ရွှီချင်း၏မှတ်ဉာဏ်များထဲရှိ အလှပဆုံးမြင်ကွင်းတစ်ရပ်ဖြစ်သည်။ ထိုမြင်ကွင်းသည်လည်း ခက်ခဲကြမ်းတမ်းသောအခြေအနေများကို ကျော်ဖြတ်ရာတွင် သူ့ကို ထောက်ပံ့ပေးနေသည့် သူ၏ကြမ်းတမ်းသောအလွှာအောက်မှ အထိအရှလွယ်သော အဖိုးတန်နေရာလေး ဖြစ်သည်။

ထိုအချိန်၌ အလွှာလေး ပျက်စီးကြေပွသွားသည်။

ဝတ်ရုံနက်လူငယ်သည် ရွှီချင်း၏မျက်လုံးများထဲသို့ ကြည့်၍ ကြင်နာသောလေသံဖြင့် ပြောလိုက်သည်။

“ ညီလေး၊ အရင်ဘဝက အစ်ကို့မှာ ညီအစ်ကိုမောင်နှမတွေအများကြီး ရှိတယ်။ ဒါပေမဲ့ အနွေးဓာတ်ကို အစ်ကို ကောင်းကောင်း မခံစားခဲ့ရဘူး။ အစ်ကို တွေ့ခဲ့တာက အေးစက်မှုတွေနဲ့ လှည့်ပတ်ကြံစည်နေကြတာတွေပဲ။ ခမည်းတော်ကလည်း အတူတူပဲ ”

“ ဒီတော့ အခုဘဝမှာ အစ်ကို့မှတ်ဉာဏ်တွေကို သိပ်တန်ဖိုးထားတယ်။ အစ်ကိုတို့မိဘတွေရယ်၊ မင်းရယ်။ အထူးသဖြင့် အမြဲတမ်း ငိုတတ်တဲ့မင်းပေါ့ ”

ဝတ်ရုံနက်လူငယ်က ညင်သာစွာ ပြောလိုက်သည်။

“ ဒါပေမဲ့ အရင်ဘဝမှတ်ဉာဏ်တွေကို အစ်ကို ပြန်ရတဲ့အချိန်မှာ မြို့တစ်မြို့နဲ့ နတ်မင်းကို မပူဇော်ရင် အစ်ကိုက ပြန်လည်မွေးဖွားမလာတော့ဘဲ ပိန်ချုံးချည့်နဲ့ပြီး သေသွားရမှာ ”

ဝတ်ရုံနက်လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဲဒီအချိန်တုန်းက သွေးမိုးတွေအောက်မှာ အလောင်းတွေနဲ့ သွေးအိုင်ကြီးထဲမှာ ထိုင်နေတဲ့မင်းကို မြင်ခဲ့တယ်။ မင်းက အဖေ၊ အမေနဲ့ အစ်ကို့အတွက် အော်ဟစ်ငိုယိုနေခဲ့တာ။ မင်း အသက်ရှင်သွားလို့ အစ်ကို တကယ် ဝမ်းသာတယ်။ မင်းဆီကို လာပြီး မင်းခေါင်းကို အစ်ကို ပွတ်သပ်ချင်တယ်။ မင်းကို မငိုဖို့ အစ်ကို ပြောချင်တယ် ”

ထိုစကားကို ရွှီချင်း ကြားသောအခါ တဂျိမ်းဂျိမ်းမြည်ဟည်းနေခဲ့သော သူ့စိတ်ထဲတွင် ဂျိမ်းခနဲ ထပ်မံ မြည်ဟည်းသွားပြန်သည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာပြီး သူ့စိတ်ထဲတွင် ပြင်းထန်သော လှိုင်းများ ပို၍ ရိုက်ခတ်လာသည်။ အာခေါင်ခြစ်၍ သူ အော်ဟစ်လိုက်ချင်ပါသော်လည်း သူ့ပါးစပ်မှ အော်သံမထွက်နိုင်ပေ။

နောက်ဆုံးတွင် သူ့ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ဝတ်ရုံနက်လူငယ်သည် ရွှီချင်းကို ငုံ့ကြည့်လိုက်ရင်း သူ့မျက်လုံးများထဲ စိတ်မကောင်းသည့်အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် လက်ထဲရှိ ပီးထျန်ဟူလုကို ဘေးတွင် ချထားလိုက်သည်။

“ လမ်းမှာတုန်းက အစ်ကို တွေ့ခဲ့တာ။ မင်း ကြိုက်တတ်မှန်းသိလို့ အစ်ကို ယူလာခဲ့တယ် ”

ဝတ်ရုံနက်လူငယ်သည် ပြောပြီးနောက် ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် မျက်နှာဖုံးကို တပ်ကာ ရွှီချင်းကို ကျော်သွားသည်။

သူတော်စင်ကြယ်တို့သားအဖသည် ခေါင်းများငုံ့၍ တိတ်ဆိတ်စွာ လိုက်သွားပြီး ရွှီချင်းကို ဖြတ်ကျော်သွားသည်။

ရွှီချင်းကို နောက်ဆုံးမှ ဖြတ်ကျော်သွားသူမှာ အမှတ်ခြောက်သခင်ကြီး၏ ခေါင်းကို ကိုင်ထားသည့် ညဉ့်ငှက်ဖြစ်သည်။

ရွှီချင်းကို ဖြတ်ကျော်သွားသည့်အခါ ညဉ့်ငှက်၏ခြေလှမ်းများ ရပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ ငါ့နာမည်က ညဉ့်ငှက်၊ မင်းက သခင်လေးနဲ့ ဒီလိုဆက်ဆံရေးမျိုး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး ”

ထိုသို့ပြောပြီးသည်နှင့် ညဉ့်ငှက်က အဝေးသို့ လျှောက်သွားသည်။ ကောင်းကင်ယံတွင် မိုးခြိမ်းသံ မြည်ဟည်းသွားာသည်။ တိမ်မည်းများကြားတွင် လေနှင့် နှင်းပွင့်များသည် အတူတကွ ပေါင်းစည်းကာ မြေပြင်ကို ဖြန့်ကျဲလိုက်သည်။

ရွှီချင်းသည် အရှိန်ပြင်းစွာ တုန်ရီနေသည်။ သူ ရုန်းကန်ပြီး သူတို့နောက်သို့ ပြေးလိုက်ကာ မေးခွန်းများ မေးချင်သည်။ သူ၏ရုန်းကန်ခြင်းများက ပြင်းထန်လာသောအခါတွင် အဝေးသို့ ရောက်နေပြီဖြစ်သော ဝတ်ရုံနက်လူငယ်၏ ခြေလှမ်းများ ရပ်သွားပြီး ညင်သာသောလေသံဖြင့် ပြောလိုက်သည်။

“ ဒါနဲ့ ညီလေး … အဖေနဲ့အမေကို ဖုန်းဟိုင်မြို့ကြီးထဲက ကျောက်ရှာတောင်မှာ မြှုပ်ထားတယ်။ အချိန်ရရင် သူတို့ဆီ သွားလည်လိုက်ဦး ”

ထိုစကားများသည် အဝေးမှလွင့်ပျံလာပြီး နောက်ဆုံးမိုးကြိုးပစ်ခတ်အနေဖြင့် ရွှီချင်း၏ နားထဲ တိုးဝင်သွားရာ သူ ပြိုလဲသွားရသည်။ ထိုမိုးကြိုးချက်သည် ပြင်းထန်လွန်း၍ အရာအားလုံးထက် ကျော်လွန်သည်။ ထိုမိုးကြိုး၏အစွမ်းက သူ့တစ်ကိုယ်လုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည်။

ရွှီချင်းမှာ တဆတ်ဆတ် တုန်ရီနေသည်။ သူ၏မျက်လုံးများက သွေးပင်လယ်ကြီးပမာ နီမြန်းနေပြီး သူ့အရှိန်အဝါများ မငြိမ်မသက် ဖြစ်နေသည်။ သူ့ရင်ထဲတွင် ဝမ်းနည်းကြေကွဲခြင်းများ တရိပ်ရိပ် တက်လာသည်။

ထို့နောက် ရွှီချင်းသည် ပြင်းထန်စွာ တုန်ခါလာသည်။ ယခု သူ လှုပ်ရှားလာနိုင်ပြီ ဖြစ်သည်။

သူ့ပါးစပ်မှ တစ်ခါမှ မကြုံဖူးသော စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူသည် အော်ဟစ်ရသည်ကို သဘောမကျသော လူတစ်ယောက်ဖြစ်ပါသော်လည်း ယခုအခါ နာကျင်ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းများက အော်ဟစ်သံအသွင်ဖြင့် သူ့ပါးစပ်မှ ထွက်လာလေသည်။

သူသည် ချာခနဲ လှည့်ကာ ဝတ်ရုံနက်လူငယ်နောက်သို့ အစွမ်းကုန် ပြေးလိုက်သွားသည်။ ယင်းသည် ယုတ္တိမဆန်သည်ကို သူ သိပါသော်လည်း ဆင်ခြင်တုံတရားရှိစွာ သူ မလုပ်နိုင်တော့ပေ။

လေအေးများ တဟူးဟူး တိုက်ခတ်လာသည်။ ကောင်းကင်ကြီး ဂျိမ်းခနဲ မြည်ဟည်းသွားပြီး နှင်းခဲများ သူ့အပေါ်သို့ ကျဆင်းလာသည်။ အရိုးခိုက်လုမတတ် အအေးဓာတ်က သူ့ကို ထိုးနှက်လာပါသော်လည်း သူ ဆက်လက်ပြေးလိုက်သွားသည်။ အချိန်အတော်ကြာမြင့်သည့်တိုင်အောင် သူ ပြေးလိုက်သွားပါသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။

နှင်းမိုးများ သည်းထန်သည်ထက် သည်းထန်စွာ ရွာကျလာစဉ် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ လှိုက်တက်လာပြီး သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ၏သွေးများက နှင်းမိုးများနှင့်အတူ ရောယှက်သွားပြီး မြေပြင်သို့ ကျသွားသောအချိန်တွင် ရွှီချင်းသည် တဆတ်ဆတ် တုန်ရီကာ ဒူးထောက်ကျသွားသည်။

နှင်းမိုးများက သူ့ဆံပင်၊ ပခုံးများနှင့် မျက်နှာပေါ်သို့ ကျဆင်းလာသည်။ သူ့ခန္ဓာကိုယ်မှတစ်ဆင့် မြေပြင်သို့ ဆက်လက်ကျဆင်းသွားသည်မှာ နှင်းမိုးများလား၊ သူ၏မျက်ရည်စက်များလား ပြောရန် ခက်ပေသည်။

နောက်ဆုံးတွင် ရွှီချင်း၏ပါးစပ်မှ ခါးသက်သက်ရယ်မောသံ ထွက်ပေါ်လာသည်။ သူသည် ခေါင်းမော့၍ ညကောင်းကင်ယံတွင် မထင်မရှားဖြစ်နေသော နတ်ဘုရားမျက်နှာပျက်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

သူ့နှလုံးသားထဲတွင် ဖိနှိပ်ထားခဲ့သော အတိတ်၏အရိပ်က ယခုအခါ ဟောင်းလောင်းပေါက်များ ဖြစ်နေသော သူ့နှလုံးသား၏ အနူးညံ့ဆုံး အစိတ်အပိုင်းဆီမှနေ၍ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ယင်းသည် လွန်ခဲ့သော တစ်ဆယ့်သုံးနှစ်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က မှတ်ဉာဏ်များ ဝေဝါးသွားခဲ့ပြီ ဖြစ်သည်။ ယင်းသည် ဘဝ၏နိယာမ ဖြစ်သည်။

သို့သော်လည်း ငယ်စဉ်ကတည်းက ခံစားခဲ့ရသည့် အိမ်ဆိုသော ခံစားချက်ကို ရွှီချင်း မှတ်မိနေဆဲပင်။ ယင်းသည် သူ့မိဘများ၏ အနွေးဓာတ်ဖြစ်သည်။ ယင်းသည် သူတို့မိသားစုလေးယောက်၏ အနွေးဓာတ်ဖြစ်သည်။

သူ့အဖေ၏ အသားမာတက်နေသော လက်များ၊ သူ့အမေ၏ ကြင်နာသောအကြည့်များကို သူ မှတ်မိသည်။ အစားအစာများ၏ အရသာကို သူ ခပ်ရေးရေး မှတ်မိသည်။

ထိုအခြင်းအရာအားလုံးသည် ထိုနေ့ ရောက်လာခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့သည်။

နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည့် ထိုနေ့ကို သူ မမေ့နိုင်ပေ။

နတ်ဘုရားအကြည့်က သူ နေထိုင်သည့်မြို့ပေါ် ကျရောက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့်မြေပြင် တုန်ဟီးကာ အရာအားလုံး ရှုံ့တွသွားခဲ့သည်။ တစ်မြို့လုံး ပျောက်ကွယ်သွားသည်။ သူ့မိဘများ ပျောက်သွားသည်။ သူ့အစ်ကိုကြီး ပျောက်သွားသည်။

အရာအားလုံး စုပ်စမြုပ်စ ပျောက်သွားခဲ့သည်။

အပျက်အစီးများစွာနှင့် ကောင်းကင်မှ ကျဆင်းနေသော သွေးမိုးများသာ ကျန်ရစ်ခဲ့ပြီး သူတစ်ယောက်တည်း ကူကယ်ရာမဲ့စွာ သွေးအိုင်ကြီးထဲတွင် ငိုကြွေးနေခဲ့သည်။

သူ သတိလစ်သွားသည့်တိုင်အောင် ငိုကြွေးနေခဲ့သည်။

ယင်းသည် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပြီး သူ နိုးလာသည့်အခါ သူ့မိဘများနှင့် သူ့အစ်ကိုကြီး ပြန်ပေါ်လာမည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူ နိုးလာသည့်အခါ သူ့ပတ်လည်ရှိ အရာအားလုံးက ယခင်အတိုင်း ရှိနေဆဲပင်။ ထို့ကြောင့် အိပ်မက်ဆိုးက ယခုမှ စတင်ခြင်း ဖြစ်နိုင်ကြောင်း သူ တွေးမိခဲ့သည်။

ထိုအချိန်က သူ့အသက်ခြောက်နှစ်သာ ရှိသေးသည်။ သူ မည်သို့ ထွက်ခွာခဲ့ကြောင်း မမှတ်မိတော့ပေ။ အသက်ရှင်ရသည်မှာ မည်မျှခက်ခဲကြောင်း သူ မမှတ်မိတော့ပေ။ အသက်ရှင်ရန် မည်သည့်အရာများအား သူ စားခဲ့ရသည်ကို မမှတ်မိတော့ပေ။ သေလုမျောပါး ရုန်းကန်ခဲ့ရသည့်အကြိမ်များကို သူ မမှတ်မိတော့ပေ။

တဖြည်းဖြည်းနှင့် သူက အိမ်ခြေယာမဲ့ကလေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်း ဖြစ်နေခဲ့ပြီး မရေမတွက်နိုင်သော လူ့မိစ္ဆာများကို မြင်ခဲ့ရသည်။

တဖြည်းဖြည်းနှင့် အစာအတွက် ခွေးရိုင်းများနှင့် မည်သို့ တိုက်ခိုက်ရမည်ကိုလည်းကောင်း၊ သူ့သွားများကို မည်သို့ ဖြဲပြရမည်ကိုလည်းကောင်း၊ နာကျင်မှုကို မည်သို့ ကြိတ်မှိတ်သည်းခံကာ သတိထားနေရမည်ကိုလည်းကောင်း သူ သင်ယူခဲ့ရသည်။ အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေရသည်ကို သူ ကြိုက်နှစ်သက်လာခဲ့သည်။

တဖြည်းဖြည်းနှင့် မည်သို့ သတ်ဖြတ်ရမည်ကို သူ သင်ယူလာရသည်။ နောက်ဆုံးတွင် မြို့လေးတစ်မြို့၏ ဆင်းရဲသားရပ်ကွက်၌ သူ့ကို စားချင်သည့် လူထွားကြီးတစ်ယောက်အား သတ်ဖြတ်ပြီးနောက် ထိုသူ၏ခေါင်းကို ဖြတ်ကာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲခဲ့ကာ နေရာတစ်နေရာ သူ ရသွားခဲ့သည်။

တဖြည်းဖြည်းနှင့် မြို့ထဲမှာ သူ နေထိုင်လာခဲ့သည်။ သူ့ထက် ပိုသန့်ရှင်းသော အဝတ်အစားများ ဝတ်ထားသည့်လူများကို သူ မနာလိုသည်။ ပိုမိုကောင်းမွန်သော ဘဝကို ရရှိနိုင်ရန် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ချင်လာခဲ့သည်။

တဖြည်းဖြည်း အသက်ရှင်သန်ရေးသည်သာ သူ့နှလုံးသားထဲရှိ တစ်ခုတည်းသောအတွေး ဖြစ်လာခဲ့သည်။

သူ ထိုသို့ မဖြစ်သင့်ပေ။ ဤလောကကြီးက သူ့ကို ပြောင်းလဲပေးလိုက်ခြင်းသာ ဖြစ်သည်။

သို့ဖြစ်၍ အသိပညာများကို သူ များစွာ အလေးထားသည်။

သို့ဖြစ်၍ သူ၏ရန်သူများအပေါ် အလွန် ရက်စက်ကြမ်းကြုတ်လာပြီး အသေးအဖွဲ ရန်ငြိုးလေးအတွက် လက်စားချေတတ်လာသည်။

သို့ဖြစ်၍ သူ့ကို ကူညီပေးသည့် လူများကို အလွန် ကျေးဇူးတင်ခဲ့သည်။

ထို့ကြောင့်လည်း ဆင်းရဲသားရပ်ကွက်ရှိ မြို့လေးထဲ၌ နတ်ဘုရား၏အကြည့်အောက်တွင် ကပ်ဘေးကြုံရသောအခါ သူ မကြောက်နေရခြင်း ဖြစ်သည်။ တစ်ဖက်တွင် ဘဝက ထိုသို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သေခြင်းတရားကို သူ မကြောက်တော့သည်ဖြစ်ရာ မည်သည့်အရာကို သူ ကြောက်ရပါဦးမည်နည်း။

တခြားတစ်ဖက်တွင် ထိုကဲ့သို့အတွေ့အကြုံမျိုး ယခင်က သူ ကြုံတွေ့ထားခဲ့ပြီးသား ဖြစ်သည်။

သို့သော်လည်း သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် ရှိနေခဲ့သည်။ သူ့မိဘများ မသေဆုံးသေးဘဲ သူ့အစ်ကိုလည်း ရှိနေသေးပြီး သူတို့က သူ့ကို လိုက်ရှာနေသည်ဟု သူ ခံစားခဲ့ရသည်။

ယင်းသည် သူ၏လျှို့ဝှက်ချက်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုလျှို့ဝှက်ချက် ဖွင့်မပြောပြခဲ့ပေ။

ယခင်က ခေါင်းဆောင်လဲ့နှင့် တခြားယာယီအဖွဲ့ဝင်များသည် မြို့ပျက်ထဲမှ ထွက်လာစဉ်အခါက ပြီးခဲ့သောနှစ်အနည်းငယ်က ပျောက်ကွယ်သွားခဲ့သော မြို့တစ်မြို့အကြောင်း ဆွေးနွေးခဲ့ကြသည်။ ရွှီချင်းသည် သူတို့စကားများကို နားထောင်ရင်း တိတ်ဆိတ်နေခဲ့သည်။

ယခင်က ပျောက်ကွယ်သွားသော မြို့သည် ယဇ်ပူဇော်ခြင်းဖြစ်ကြောင်း သူ့ကို ခေါင်းဆောင်လဲ့ ပြောပြစဉ်အခါက သူ ငြိမ်သက်နေခဲ့သည်။

ယခင်က ဖီးနစ်တားမြစ်ဒေသကြီးထဲတွင် ကျစ်လွီဆဲ့တိုင်းပြည်ကြီး၏ လျှို့ဝှက်ချက်များနှင့် အိမ်ရှေ့စံမင်းသား သေသွားသည့်အကြောင်း အမှတ်ခုနစ်သခင်ကြီး ပြောပြစဉ်အခါက သူ ငြိမ်သက်နေခဲ့သည်။

ထိုအချိန်၌ နှင်းမိုးရေစက်များထဲ အော်ဟစ်ငိုကြွေးသံများ တဖြည်းဖြည်း ရပ်တန့်လာသည်။ နောက်ဆုံးတွင် တုန်ရီနေရာမှ ရပ်သွားပြီး သူ ပြန်လည်တိတ်ဆိတ်သွားသည်။

သူ့နှလုံးသားကို သူ ပြုပြင်နေသည်။ ရင်ထဲမှ နံရံများကို သေချာ ထောင်မတ်လိုက်ပြီး သူ မထိချင်သည့် နူးညံ့ပြီး ခါးသီးသောအပိုင်းကို ပိတ်လှောင်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သိုလှောင်အိတ်ထဲမှ ဝါးပေလွှာကို ထုတ်လိုက်ပြီး စကားသုံးလုံး ရေးထွင်းလိုက်သည်။

‘ အစ်ကိုကြီး ’

သူသည် ထိုစကားသုံးလုံးကို အလွန် လေးနက်စွာဖြင့် အားပါပါ ရေးထွင်းလိုက်သည်။

“ တစ်နေ့ ကျုပ် မသေရင် ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ ခင်ဗျားကို သတ်မယ် ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို ဖွင့်၍ သူတော်စင်ကြယ်တို့သားအဖကို ရေးထွင်းလိုက်ပြီး ညဉ့်ငှက်ကိုလည်း စာရင်းထဲ ထည့်လိုက်သည်။

နှင်းမိုးများထဲတွင် သူသည် မတ်တတ်ရပ်ကာ နောက်သို့ လှည့်မကြည့်ဘဲ ဝေးသည်ထက်ဝေးရာသို့ လျှောက်သွားသည်။

နှင်းလေပြေများထဲရှိ အအေးဓာတ်က ရုတ်တရက် သူ့ကို အကြောက်အရွံ့မဲ့သွားစေသည်။

သူ၏နောက်ကျောသည် အထီးကျန်ဝံပုလွေတစ်ကောင်အလား မှိုင်းညို့နေသည်။ တချိန်တည်းမှာပင် ရင့်ကျက်သောအရိပ်အငွေ့များလည်း ရှိနေသည်။

လူတစ်ယောက်က ကိစ္စများစွာကို ရင်ထဲ သိမ်းဆည်းတတ်လာသောအခါတွင် ရင့်ကျက်လာပြီဟူ၍ ခေါင်းဆောင်လဲ့ ပြောခဲ့သည်ကို ရွှီချင်း မှတ်မိလိုက်သည်။

ထိုအချိန်၌ သူ ရင့်ကျက်လာသလို ခံစားလိုက်ရသည်။

ဂိုဏ်းသို့ သူ ပြန်ချင်သည်။ သူ လုံလောက်အောင် အစွမ်းထက်လာပါက ယင်ဟွမ်ပြည်နယ်မှ ထွက်ခွာကာ ကျောက်ရှာတောင်သို့ သွားရပေမည်။

ယင်းအပြင် ဝါးပေလွှာထဲတွင် ထွင်းထားသော ထိုလူများသာမဟုတ်၊ အလင်းတမန်အဖွဲ့အစည်းတစ်ခုလုံးကို သူ သတ်ချင်နေသည်။

“ အလင်းတမန် ”

ရွှီချင်း၏အသံက အက်ကွဲစွာ ထွက်ပေါ်လာသည်။ ထို့နောက် မှော်စစ်သင်္ဘောကို ထုတ်၍ နှင်းမိုးကို ကျော်ဖြတ်ကာ ရှစ်ဂိုဏ်းမဟာမိတ်ဆီသို့ ပြန်သွားသည်။

စစ်သင်္ဘော၏ အခန်းလေးထဲတွင် ရွှီချင်းသည် တိတ်ဆိတ်စွာ တရားထိုင်နေသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။

သုံးရက်ကြာပြီးနောက် ရွှီချင်း၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။

သူသည် မျက်နှာသေဖြင့် သူ၏သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သိုလှောင်အိတ်ကို ဖွင့်၍ သေရည်အိုးကို ထုတ်လိုက်သည်။ တစ်ကျိုက်မော့သောက်လိုက်ပြီးနောက် အပူဓာတ်က သူ့လည်မျိုတစ်လျှောက် စီးဆင်းသွားသည်။ ပထမဆုံးအကြိမ် သေရည်သောက်ခဲ့သည့်အချိန်ကို သူ ပြန်တွေးမိလိုက်သည်။

ထိုအချိန်က ခေါင်းဆောင်လဲ့သည် သူ့ကို အပြုံးဖြင့် ကြည့်နေခဲ့ပြီး သူက ငယ်ရွယ်သေးသည်ဖြစ်၍ သေရည်၏အရသာကို နားမလည်သေးကြောင်း ပြောခဲ့သည်။

ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာပြီးနောက် သေရည်၏အရသာကို သူ နားလည်လာခဲ့သည်။ သို့သော် ယနေ့တွင်မူ သေရည်က ပြင်းထန်ခြင်းမရှိဟု သူ ခံစားလိုက်ရသည်။

နောက်တစ်ကျိုက် သောက်လိုက်ပြီး သူ ထရပ်လိုက်ပြီး အခန်းလေးထဲမှ ထွက်လိုက်သည်။ သင်္ဘောထိပ်ဦးတွင် မတ်တတ်ရပ်ကာ ညကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ဝေဟင်မှ လေတဟူးဟူး တိုက်ခတ်နေသည့်အလား သူ ခံစားလိုက်ရပြီး တဖြည်းဖြည်း အကြည့်လွှဲကာ အဝေးသို့ ကြည့်လိုက်သည်။

ခဏအကြာ ပုလွေကို ထုတ်၍ ပါးစပ်တွင် တေ့လိုက်သည်။

ပုလွေဆီမှ ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော သံစဉ်တစ်ခု လွင့်ပျံလာသည်။

သံစဉ်က အတိတ်အကြောင်း ပြောပြနေသည်။

ထိုသံစဉ်ကို ခွဲခွာခြင်းဝေဒနာ ဟု ခေါ်သည်။

ထိုအချိန်၌ အလင်းတမန်အုပ်စုသည် ယင်ဟွမ်ပြည်နယ်၏ ဖုန်းဆိုးမြေတစ်လျှောက်သွားနေကြသည်။ လမ်းတွင် တစ်ယောက်မှ စကားမဆိုကြပေ။

ရှေ့မှ ဝတ်ရုံနက်လူငယ်သည် မထူးခြားဟန်ဖြင့် လျှောက်နေပြီး သူ့နောက်မှလူများ တိတ်ဆိတ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် ညဉ့်ငှက်သည် သူ့ဆရာကို မော့ကြည့်လိုက်သည်။ အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် သူ ခပ်တိုးတိုး မေးမြန်းလိုက်သည်။

“ သခင်လေး၊ ဒီလိုလုပ်တာက ရွှီချင်းကို စိတ်ဆွပေးပြီး သခင်လေးလိုချင်တဲ့ပုံစံဖြစ်လာအောင် လုပ်တာလား၊ ဒါမှမဟုတ် သခင်လေးလို သူက ဘဝဟောင်းက လူတစ်ယောက်လား ”

ရှေ့မှ ဝတ်ရုံနက်လူသည် ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ မင်း အတွေးလွန်နေပြီ။ ငါ လုပ်ချင်တာ လုပ်လိုက်တာ။ တခြားလူတွေကို စိတ်ဆွပေးရအောင် ငါ စိတ်မဝင်စားဘူး ”

“ ညီလေးမှာ အရင်ဘဝ မရှိဘူး။ သာမန်မိသားစုတစ်စုက မွေးလာတဲ့ ကလေးတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီဘဝမှာ ငါ့မှတ်ဉာဏ်တွေမနိုးထလာခင်က သွေးသားတော်စပ်မှုက ငါ နိုးထလာပြီးတော့ နှောင်ကြိုးဖြစ်လာတာပဲ ”

“ သခင်လေး၊ မတော်တဆများ … ချီရွှဲ့ထုံဂိုဏ်းထဲမှာ သူ့ကို ကျုပ် သတ်ခဲ့မိရင် ဘာဖြစ်မှာလဲ ”

ညဉ့်ငှက်က တွန့်ဆုတ်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။

“ မင်း သေမှာ ”

ဝတ်ရုံနက်လူငယ်က နောက်လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

ညဉ့်ငှက် ငြိမ်ကျသွားသည်။ သူ့သခင်လေးက ရွှီချင်း၏အသက်အား ဂရုမစိုက်သည်ကို သူ နားလည်သည်။ ထိုသို့မဟုတ်ပါက ရွှီချင်းကို သူ တိုက်ခိုက်လိုက်သောအခါတွင် ဟန့်တားလိုက်မည်သာ ဖြစ်သည်။

သူ ဂရုမစိုက်သောကြောင့် မည်သူမဆို ရွှီချင်းကို သတ်နိုင်သည်။ သူ ရပ်ကြည့်နေမည်သာ ဖြစ်သည်။

သို့သော်လည်း သွေးသားတော်စပ်မှုနှောင်ကြိုးကြောင့် ရွှီချင်းအား သတ်သည့်လူများကို သူ သတ်ဖြတ်မည် ဖြစ်သည်။

အရာအားလုံး ကံစီမံရာအတိုင်း ဖြစ်ပျက်သွားမည်သာ ဖြစ်သည်။

နောက်ဆုံးတွင် သူ၏သခင်လေးက ရွှီချင်း၏အစ်ကိုကြီး မဟုတ်ပေ။ အစမှအဆုံးတိုင်အောင် သူသည် မြင့်မြတ်သောနယ်မြေများပင် တပည့်အဖြစ် လက်ခံရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသော၊ မသေခင် နတ်မင်းကို ကတိတစ်ခု ပေးခဲ့ဖူးပြီး ဒုတိဘဝ ချီးမြှင့်ခြင်း ခံခဲ့ရဖူးသော၊ လောကကြီးကို မှင်သက်သွားစေလောက်အောင် ပါရမီများရှိသော ကျစ်လွီဆဲ့တိုင်းပြည်ကြီး၏ အိမ်ရှေ့စံမင်းသား ဖြစ်နေမည်သာ ဖြစ်သည်။

ညဉ့်ငှက်သည် ခေါင်းငုံ့၍ ပြောလိုက်သည်။

“ သခင်လေး၊ အဲဒီနှောင်ကြိုးကို ကြေမွသွားအောင် လုပ်တာက သခင်လေးရဲ့တာအိုကို ပိုပြီးပြည့်စုံစေတယ်ဆိုရင် ညဉ့်ငှက် စိတ်လိုလက်ရ လုပ်လိုက်မှာပါ ”

“ တာအိုကို ငါ ကျင့်ကြံတာမဟုတ်လို့ တာအိုနှလုံးသား မလိုဘူး။ ငါ ကျင့်ကြံတာ နတ်မင်းပဲ ”

ဝတ်ရုံနက်လူငယ်သည် တည်ငြိမ်သောအကြည့်ဖြင့် ဝေးသည်ထက်ဝေးရာသို့ လျှောက်သွားသည်။

ဘာသာပြန်သူမှတ်စု၊ အခန်း ( ၉ ) မှာ နတ်ဘုရားအကြည့်သက်ရောက်ခံလိုက်ရပြီး ပျောက်ကွယ်သွားတဲ့မြို့အကြောင်း ခေါင်းဆောင်လဲ့တို့ ပြောထားတာကို ဖတ်ရှုနိုင်ပါတယ်။ အခန်း ( ၃၅၉ ) မှာ အဲဒီလို ပျောက်ကွယ်သွားတာက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနဲ့ သက်ဆိုင်တယ်ဆိုတဲ့အကြောင်းနဲ့ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားအကြောင်း အမှတ်ခုနစ်သခင်ကြီးက ပြောပြထားတာကို ဖတ်ရှုနိုင်ပါတယ်။

All Chapters