လူယုတ်မာ.....
Vol. 24 Ch. 327
နောက်တစ်နေ့တွင် .....
တစ်စုံတစ်ယောက်က သူ့မျက်ခွံများကို ပိတ်ထားသလို လီလော့ခံစားနေရသည်။
ဟင့်အင်း.....အလွန်လေးလံနေတာပဲ.....
အတင်းကာရော မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာကျက်ကို မြင်လိုက်ရပြီး လည်ချောင်းတစ်ခုလုံးပူပြင်းခြောက်သွေ့နေ၏။
မနေ့ညက အမှတ်ရစရာတွေကို ပြန်စဉ်းစားကြည့်လိုက်သည်။
ဟူးးးး ဂုဏ်ပြုပွဲမှာ အထိန်းအကွပ်မဲ့သောက်ခဲ့တာပဲ....ဘယ်လိုအိမ်ပြန်ရောက်လာတာပါလိမ့်.......
ငုတ်တုပ်ထထိုင်လိုက်တော့မှသာ ညအိပ်ဝတ်စုံလဲထားမှန်းသတိပြုမိလိုက်တော့သည်။
ဟမ်....ခြေလက်တွေလည်း သေချာဆေးကြောပေးထားတယ်....ဘာတွေဖြစ်ကုန်တာလဲ......
အမူးပြေပြီး စိတ်တွေကြည်လင်လာသည့်အတွက် ကမန်းကတမ်းတံခါးတွန်းဖွင့်လိုက်သည့်အခါ အေးရာအေးကြောင်း ပန်းချီဆွဲနေသည့် ရှင်းဖူကိုတွေ့လိုက်ရသည်။
" ရှင်းဖူ....မနေ့ညက ငါ့ကို ဘယ်သူ အဝတ်လဲပေးသွားတာလဲ....."
ရှင်းဖူကသူ့ကို တစ်ချက်မျှ မကြည့်ရဲပဲ.....
"အပြင်ဝတ်နဲ့ အတွင်းခံအကြောင်း ပြောနေတာလား....."
"ဟင်????"
"အစတုန်းကတော့ မင်းရဲ့အဝတ်အစားတွေကို ချွတ်ဖို့ လုချင်းအာက အကူညီပေးခဲ့တာ..... ကျန်တာတွေကတော့ စီနီယာကျန်းချင်းအာ ရောက်လာပြီး အကုန်လုပ်ပေးသွားတာ.....သူက မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး ညအိပ်ဝတ်စုံလဲဖို့ ကူညီပေးခဲ့တယ်.... စီနီယာက ပခု မျန်မျန့်အခန်းထဲမှာ......"
လီလော့ အလွန်စိတ်ရှုပ်သွားသည်။
ဒါ....ဒါဆို သူ ငါ့ခန္ဓာကိုယ်ကို ထိသွားတာပေါ့.....ဒါ သက်သက် အခွင့်ကောင်းယူသွားတာ.......
ရှင်းဖူက ရှုပ်ပွနေသော သူ့အမူအရာကို ကြည့်လိုက်ပြီး.....
“ခေါင်းဆောင်..... ကိုယ့်ကိုကိုယ် စောင့်ရှောက်တာ အကောင်းဆုံးပဲ....မင်း တခြားသူကို ပြောပြရင် မင်းကို သေတဲ့အထိ အရိုက်ခံရလိမ့်မယ်......."
လီလော့က သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး....
"ကိုယ်နဲ့စေ့စပ်ထားသူရဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးတာ ဘာဖြစ်လို့လဲ"
ခပ်တည်တည်ဖြင့် အနိုင်ဖြင့်ပိုင်းသွားသော လီလော့ကို ကြည့်ပြီး.....
" ဟွန့်...လူလိမ်...."
အောက်ထပ်က ပြတင်းပေါက်နားတွင် ထိုင်နေသည့် ကျန်းချင်းအာက အရင်လို တိုက်ပွဲဝင်ဝတ်စုံမဟုတ်လဲ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသောကြောင့် နံနက်ခင်းနေရောင်ခြည်အောက်တွင် တမျိုးတဖုံ လှပနေသည်။
နံနက်ခင်း နေရောင်ချည်သည် ရှည်လျားသော အရိပ်များဖြင့် သူမ၏ ကွေးညွှတ်နေသော ပုံသဏ္ဍာန်ကို လွှမ်းခြုံထားပြီး နူးညံ့သော ရွှေရောင်ဖြင့် ပျက်ဖြန်းပေးနေသည့်နှယ်.....
လီလော့ နှုတ်ဆက်ဖို့ပြင်လိုက်တော့မှ ကျန်းချင်းအာနှင့်အတူ ထိုင်နေသည့် နည်းပြချီချန်းကိုတွေ့လိုက်ရသည်။
နှစ်ယောက်သား စားပွဲဝိုင်းမှာ ထိုင်နေကြပြီး ရှေ့တွင်လည်း အငွေ့တလူလူထွက်နေသော လက်ဖက်ရည်ခွက်များရှိနေသည်။
သူ့ခြေသံကိုကြားတော့ သူတို့ တစ်ချက်လှည့်ကြည့်လိုက်ကြသည်။
လီလော့ကလည်း သူတို့ကို ပြုံးပြပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ........"
"မနေ့က နင့်ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကြောင့် ဌာနမှုးလင်းတောင် နင့်ကိုသတိထားမိနေပြီ....."
ချီချန်းက ရယ်ကာမောကာပြောလိုက်သည်။
"ဒါဆို ကျွန်တော့်ကိုပဲ့တင်ထပ်သံပြုပြင်သူခန်းမမှာစာရင်းသွင်းဖို့ တောင်းဆိုလိုက်တယ်ပေါ့......"
ချီချန်း၏ အပြုံးများ မှေးမှိန်သွားသည်။
"မူးနေသေးတာလား....ဒါမှမဟုတ် သွေးနားထင်ရောက်နေတာလား......"
"ဆရာ...ကျွန်တော့် အရည်အချင်းက အစ်မကြီးချင်းအာရဲ့ အဆင့်ကိုးပဲ့တင်ထပ်သံနဲ့မယှဉ်နိုင်ဘူးလို့ပြောချင်တာလား....."
"ကြည့်ရတာ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းပြီး ဉီးနှောက်ပျက်သွားပြီထင်တယ်....အဆင့်ကိုးပဲ့တင်ထပ်သံက နင်ထင်ထားတာထက် အများကြီးပိုကောင်းတယ်......"
“ ဆရာ....နံနက်စောစောစီးစီး ကိုယ့် ကျောင်းသားကို အခုလိုစိတ်ဓာတ်ကျစရာတွေမပြောပါနဲ့လား....ကျွန်တော်က ဆရာ့တပည့်လား.....ငန်းဝတုတ်က ဆရာ့တပည့်လား......"
ကျန်းချင်းအာက ရယ်ချင်စိတ်ကိုမြိုသိပ်ပြီး မီးဖိုချောင်ဖက်လှည့်ကြည့်လိုက်တော့ ပိုင်မျန်မျန်က စွပ်ပြုတ်တခွက် သယ်လာတာကိုမြင်လိုက်ရသည်။
"ခေါင်းဆောင်......ဒါက အရက်နာကျရင်သောက်တဲ့စွပ်ပြုတ်ပါ....သက်သာသွားအောင်နည်းနည်းလောက်သောက်လိုက်......"
ကျန်းချင်းအာက လီလော့ကိုယ်စားလှမ်းယူလိုက်ပြီး......
" ကျေးဇူးပဲ မျန်မျန်......."
လီလော့ကလည်း ကျေးဇူးတင်စကား ထပ်ပြောလိုက်သည် ။
လီလော့ အရက်နာကျခြင်းကို ကုသနေစဉ် ချီချန်းက ......
"နင့်ကို အမှတ်တစ်သိန်း ဆုချဖို့ အထက်ပိုင်းနန်းတော်က သဘောတူလိုက်ပြီ......"
မင်းသမီးထံမှသတင်းကြားပြီးသော်လည်း လီလော့ တုန်လှုပ်နေဆဲပင်.....
"ကျေးဇူးတင်ပါတယ် ဆရာ...ဒီလိုသဘောတူဖို့ ဆရာ အများကြီးတိုက်ခိုက်ပေးခဲ့ရတယ်မလား....."
"နင့်အတွက် ငါတကယ် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ကျေးဇူးတင်သင့်တယ်.....ရှန်းကျင်းရှောင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လေ....."
"အဲ့ခွေးအိုကြီးကို တကယ်ရိုက်သတ်ချင်နေပြီ......"
လီလော့ ကျိန်ဆဲနေသည်ကိုချီချန်းက မကြားချင်ယောင်ဆောင်လိုက်ပြီး ဝတ်ရုံလက်စထဲက အနက်ရောင်သလင်းကျောက်တစ်ခုကိုသာ ထုတ်ပေးလိုက်သည်။
"အထဲမှာ အမှတ်တွေ အကုန်ပါတယ်......."
လီလော့ စိတ်အားထက်သန်စွာနဲ့ ဂရုတစိုက်လှမ်းယူလိုက်သည်။
အမှတ် 100,000.....အရိပ်လှိုဏ်ဂူမှာ ကြိုးစားခဲ့တာကြောင့်သာမဟုတ်ရင် ဒီလောက်များတဲ့အမှတ်တွေ ရနိုင်မှာမဟုတ်ဘူး.....
ထို့အပြင် ထိုအမှတ်များကို ကျန်းချင်းအယ၏အကူအညီမပါဘဲ ရရှိခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသည် နှစ်ကုန်တွင် အမာခံခုနှစ်ဉီးကို စိန်ခေါ်မည်ဖြစ်သောကြောင့်အရင်းမြစ်များစွာသုံးစွဲရမည်မဟုတ်လော။
ဤအမှတ် 100,000 ဖြင့် လီလော့အတွက်ဘတော်ဝင်သစ်စေး လုံလုံလောက်လောက်ဝယ်ယူနိုင်မည်ဖြစ်သောကြောင့် ကျန်းချင်းအာကလည်း ထပ်တူပျော်ရွှင်နေရှာသည်။
ချီချန်းကသူတို့စုံတွဲနှင့် ခဏတာ စကားစမြည်ပြောပြီးနောက် သူမ ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင် လီလော့တို့နှစ်ယောက်လည်း ကိုယ်လက်သန့်စင်ပြီး ပစ္စည်းလဲလှယ်ရေးဌာနဆီထွက်လာခဲ့ကြသည်။
ကျန်းချင်းအာသည် သူမ၏လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေသည်။
လမ်းတစ်လျှောက်တွင် လူများစွာက သူတို့ကို လှည့်ကြည့်ကြသည်။
“အဟမ်း...မနေ့ည နင် ငါ့ကိုအဝတ်လဲပေးထားတယ်ဆို.....ဒါဘယ်လိုလုပ်တာလဲ...ငါ့ခွင့်ပြုချက်မရဘဲ ငါ့ခန္ဓာကိုယ်ကိုထိစရာလား......"
ကျန်းချင်းအာက ပျင်းရိစွာသန်းဝေလိုက်ပြီး.....
"ပေါက်ကရတွေမပြောစမ်းနဲ့....ငါ့ ဓားကိုမြည်းကြည့်မလား....."
လီလော့ တုန်လှုပ်သွားသည်။
ကျန်းချင်းအာက သူ့ကိုခေါင်းမှ ခြေဖျားထိအစုန်အဆန်အကဲခတ်လိုက်ပြီး.....
" နေစမ်းပါဉီး....နင့် ခန္ဓာကိုယ်ကို ငယ်ငယ်တုန်းကတည်းက မြင်ဖူးပြီးသားပဲလေ....ဘာတွေဖုံးကွယ်ချင်နေတာလဲ....."
လီလော့ မျက်နှာပူထူသွားပြီး......
" ငန်းဝတုတ်....နင်တကယ် ယုတ်မာတယ်....."
***