အခန်း(၁၂၁) ဒါလည်း ကျွန်တော်တို့အစီအစဉ်ထဲမှာ ပါတာလား
Vol. 9 Ch. 121
အခန်း(၁၂၁) ဒါလည်း ကျွန်တော်တို့အစီအစဉ်ထဲမှာ ပါတာလား
လုမင်လျန်က ချက်ချင်းပြေးလာသည်။ "ဘော့စ်ဖေးရေ သတင်းကောင်းဗျို့"
"ဒီအချိန်တောအတွင်း ကျွန်တော်တို့ ဂိမ်းရောင်းအား ဆက်တိုက်တက်လာတာကို သတိထားမိတယ်။ ကျွန်တော်တို့ ဂုဏ်သတင်းလည်း တက်လာတဲ့ အရိပ်အယောင်ပြနေတယ် ကျွန်တော်သေချာ စုံစမ်းကြည့်လိုက်တော့ တစ်ယောက်ယောက်က တကယ်ပဲ ဘော့စ်ဖေးဖန်တီးထားတဲ့ ဒီဂိမ်းရဲ့အဓိပ္ပာယ်ကို နားလည်သွားပြီး ဘော့စ်ဖေးအသုံးပြုတဲ့ မားကတ်တင်း လုပ်ဆောင်ချက် ပုံစံရဲ့ အရေးပါမှုကို သဘောပေါက်သွားကြပြီ"
"ဘော့စ်ဖေးရဲ့ မားကတ်တင်းဗျူဟာက တကယ် ကောင်းတာပဲ ကျွန်တော်တို့ အစက နားမလည်ခဲ့ဘူး။ ဒါပေမယ့် အားလုံးက ဘော့စ်ဖေးရဲ့ အစီအစဥ်ပဲကိုး။ ကျွန်တော်တို့ ဂိမ်းကို နောက်ဆုံးတော့ ဂိမ်မာတွေ နားလည်သွားကြပြီ။”
"ဘော့စ်ဖေးရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အလကား မဖြစ်တော့ဘူးဗျ"
ဘော့စ်ဖေးက ဘာမှန်ပြန်မပြောတော့ပေ။ သူ့မျက်နှာ သုန်မှုန်လာ၏။
(ဘာဖြစ်တာ)
(ငါ့အစွန်းရောက်အောင် ပျော်နေရတာက ချက်ချင်းကြီး ဝမ်းနည်းစရာအဖြစ် ပြောင်းလဲသွားတာလား ရောင်းအားတွေ တိုးလာပြီး ငါတို့နာမည်လည်း တက်လာတယ် ဟုတ်လား။ ငါ့လခွီး.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါလည်း ဘာမှမလုပ်ပါဘူးဟ)
(ပြီးတော့ အဲ့ဒီ မားကတ်တင်း လုပ်ဆောင်ချက်ပုံစံဆိုတာကြီးက ဘာကြီးလဲ)
(ဘာတွေဖြစ်နေတာလဲ)
အားလုံးက သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ ဖေးချမ့်က အတတ်နိုင်ဆုံး အေးဆေးတည်ငြိမ်သည့်ပုံဖြစ်အောင် ကြိုးစားလိုက်သည်။ အားလုံးကို သူထိန်းချုပ်ထားသည့် မျက်နှာထားမျိုး လုပ်ကာ ပြောလိုက်ပါသည်။ "အပျော်မလွန်ကြနဲ့။ ဖြည်းဖြည်း ပြောပါ။”
လုမင်လျန်က သူ့ဖုန်းကို ဖေချမ့်ဆီသို့ ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကိုယ်တိုင်သာ ကြည့်လိုက်တော့။”
ဖေးချမ့်က လုမင်လျန်၏ ဖုန်းကို သံသယကြီးစွာဖြင့် ယူလိုက်ပါသည်။ ပိုတေးတိုးဝက်ဘ်ပေါ်တွင် ဗီဒီယိုတစ်ပုဒ် ရှိနေသည်။ အလွန်ရေပန်းစားသည့်ပုံပင်။ ၎င်း၏ ခေါင်းစဥ်ကလည်း 'နတ်ဘုရားအဆင့်ထုတ်ကုန်များ၏ ပထမပိုင်း : ဂိမ်းဒီဇိုင်နာနဲ့ ကြီးမားတဲ့ ဟန်ဆောင်မှုကြီး' တဲ့။ သူ အကြောင်းအရာ ဖန်တီးသူကို ငုံ့ကြည့်လိုက်သည်။ ...ဆရာချောင်း။
ဖေးချမ့် နားကြပ်တပ်ကာ ဗီဒီယိုကို ကြည့်လိုက်သည်။သူ့ဝန်ထမ်းများက အားပေးကာ လက်ခုပ်တီးနေကြပါသည်။
တိတ်ဆိတ်မှု။
စိတ်ရှုပ်မှု။
ထိတန်လန့်မှု။
သူ တရားပင် ရသွားပါသည်။
ဘာတွေဖြစ်နေတာလဲ။
ဟန်ဆောင်မှုကြီး ဆိုတာကို ကြားလိုက်ရတော့ ဖေးချမ့် လုံးဝ စိတ်ဓာတ်ကျသွားပါသည်။ နောက်ပိုင်း ဂိမ်းဒီဇိုင်နာ၏ ဆန်းစစ်ချက်များကို နားထောင်ပြီးတော့ လုံးဝ ဆွံ့အသွားသည်။ သူ ပိုပြီး စိတ်ပျက်သွားရသည်က အောက်က ကောမန့်အကန့်ကြောင့်ဖြစ်ပါသည်။
ဗြောင်းဆန်အောင် အဆဲခံခဲ့ရသည့် ဆရာချောင်းက အခုတော့ ဟန်ဆောင်သရုပ်ဆောင်သူ ဖြစ်သွားလေပြီ။ သူ့ကို ဘဝသစ်တစ်ခုပေးမိသွားသည်။ သူ့စပွန်ဆာ ပါတနာများကိုတောင် စပွန်ဆာဟု မခေါ်တော့ပေ။ ၎င်းတို့ကို ယခု 'အဖိုးအခပြည့် အနုပညာ' ဟုခေါ်နေပါပြီ.
သူ့ဗီဒီယို ရေပန်းစားလာပြီးနောက် ယခင်ဗီဒီယိုနဲ့ တခြား အကြောင်းအရာ ဖန်တီးသူများ ဖန်တီးခဲ့သည့် ဗီဒီယိုများပါ နာမည်ကြီးလာပါသည်။ လူတွေက ပိုပိုပြီး အတုခိုးလာကြသည်။ ချောင်းလော်ဂျီက ဒါ့ကြောင့် နာမည်ကျမသွားပေ။ ထို့အစား ဒီအချိန်တောအတွင်း ပို၍ပင် ရေပန်းစားလာပါသည်။
ကြောက်ဖို့အကောင်းဆုံးက ဖေးချမ့် ဘာမှ ရှင်းမပြနိုင်တော့ခြင်းပင်။
သူ ကိုယ်ထင်ပြပြီး ဒီဟန်ဆောင်လုပ်ရပ်ဆိုတာကြီးက အဓိပ္ပာယ်မရှိတာဖြစ်ပြီး ဂိမ်မာများကို ရွံရှာအောင် လုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောရင်တောင် သူတို့ ယုံကြည်ကြမှာ မဟုတ်ပါ။
သူ့ကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပေ။ ဒါကို အနုပညာအသစ်တစ်မျိုးဟုပင် သတ်မှတ်သွားလောက်သည်။ ထို့နောက် တက်ကြွသည့် အင်တာနက်အသုံးပြုသူများက တောမီးလို လိုက်ဖြန့်ပြီး ရေပန်းစား ရှာဖွေမှုထဲ ပါလာပါလိမ့်မည်။
ထိန်းချုပ်လို့မရသည့် ပြသနာကြီးတစ်ခု ဖြစ်လာပါလိမ့်မည်။
ဖေးချမ့် ဗီဒီယိုတစ်ပုဒ်လုံးကိုကြည့်လိုက်ပြီး လက်များ တုန်ယင်လာပါသည်။
ဒါ...
သူ ဒုက္ခအကြီးကြီး ရောက်လေပြီ။
အခြေအနေ မကောင်းတော့ပါ။
လုမင်လျန်က ဘေးမှာ ရပ်နေပြီး ဘော့စ်ဖေး၏ တုန့်ပြန်ချက်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားပါသည်။ တကယ်ပဲ ဘော့စ်ဖေး တာဝန်ယူထားရတာတွေ များလွန်းပါသည်။ ယခု သူ့ကို ကောင်းကောင်း နားလည်နိုင်သော ဆရာချောင်းလို လူမျိုးကို တွေ့လိုက်ရသဖြင့် တုန်ယင်ရလောက်သည့်အထိ စိတ်ခံစားချက် ပြင်းပြသွားတာ ဖြစ်သင့်ပါသည်။
သူတို့ နောက်ပိုင်းဂိမ်းများအတွက် ဆရာချောင်းနဲ့ ဆက်လက်ပူးပေါင်းနိုင်သည်။ ဒါက သူတို့အားလုံးအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေ ဖြစ်ပါသည်။
လုမင်လျန်က ဆက်ပြောသည်။ "ဘော့စ်ဖေး သတင်းကောင်းရှိသေးတယ်။ ခုနက ESRO ရဲ့တရားဝင်ပလက်ဖောင်းက ကျွန်တော်တို့ကို ဆောင်းပါးတစ်ပုဒ်ပို့လိုက်တယ်။ ဂိမ်းဒီဇိုင်နာကိုချီူးကျူးတဲ့ဆောင်းပါးပေါ့ဗျာ။ သူတို့ ဂိမ်းဒီဇိုင်နာကို သူတို့ပလက်ဖောင်းရဲ့ ပထမစာမျက်နှာမှာ တင်ပေးထားတယ်တဲ့"
"ကျွန်တော်တို့ဂိမ်းနောက်ကွယ်က စစ်မှန်မှုကို မြင်လိုက်ရတော့ ပြည်တွင်းထုတ်ဂိမ်းတွေအားလုံးကို အဆင့်မြှင့်တင်ဖို့ အားပေးခဲ့ကြတယ်။ ဒါမှ ပြည်ပဂိမ်းတွေကို လိုက်တုပတာတွေ မရှိတော့မှာလေ။ ဂိမ်းကစားပုံအရကော အကြောင်းအရာအရကော အားလုံး ဂိမ်းဒီဇိုင်နာကို အသိအမှတ်ပြုကြတယ်။ ကျွန်တော်တို့ရဲ့ နောက်ပိုင်းထုတ်ဂိမ်းတွေအားလုံးအတွက် ကြော်ငြာနေရာတောင် ကမ်းလှမ်းတယ်ဗျ"
"ပြီးတော့လည်း နာမည်ကျော် ဂိမ်းရီဗျူးရေးသူတွေ အများကြီးနဲ့ ဦးဆောင် ကစားသမားတွေက ကျွန်တော်တို့ဂိမ်းအတွက် ရီဗျူးကောင်းတွေ ရေးပေးသွားတယ်။ ဘော့စ်ဖေးက ဂိမ်းထဲမှာ နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေ ဖုံးကွယ်ထားလွန်းလို့ ကျွန်တော်တို့တောင် မသိခဲ့ဘူး။ အဲ့ဒီ ကစားသမားတွေအားလုံးက အကုန်လုံး နားလည်သွားတယ်ဗျ။”
"ဘော့စ်ဖေး ကျွန်တော်တို့ ဂိမ်းရဲ့ ဂုဏ်သတင်း တန်ပြန် ပြောင်းလဲသွားခဲ့ပြီ။"
ဖေးချမ့် ချက်ချင်းပဲ ထိုင်ခုံကို မှီထိုင်ကာ မေးစေ့ကို မြှောက်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်ပါသည်။
ခဏလောက်ကြာသောအခါ စိတ်ပြန်ထိန်းလိုက်နိုင်ပြီး အတင်းလုပ်ယူထားသောအပြုံးဖြင့် စကားလုံးတချို့ ရေရွတ်လိုက်ပါသည်။
"မဆိုးပါဘူး။"
လုမင်လျန် စိတ်မကောင်းဖြစ်သွားပါသည်။
ဘော့စ်ဖေးက တကယ်ပဲ ကြီးမားသည့် အရာများကို ဆောင်ရွက်ဖို့ ကံပါလာသူဖြစ်သည်။ ဒီကိစ္စက ပျော်ဖို့ကောင်းသည့်ကိစ္စဖြစ်တာတောင် သူက သိသာသည့် စိတ်ခံစားချက်ကို ထုတ်မပြသေးပါ။ သူ့စိတ်သူပြန်ထိန်းနိုင်ဖို့ အချိန် ခဏလောက်သာ ကြာမြင့်သည်။ ဘာပဲဖြစ်ဖြစ် ထိုသက်ပြင်းရှည်ကြီးကြောင့် သူ့စိတ်ခံစားချက်ပေါ်လာသည်။ အမှန်ပင်။ ဘော့စ်ဖေး ပထမဆုံး ပြသခဲ့သည့် ပျော်ရွှင်မှုများက အားလုံး သရုပ်ဆောင်နေခြင်းပင်။ သူလည်း တစ်ချိန်လုံး စိတ်ပူနေခဲ့ပါသည်။ နောက်ဆုံးတော့ သူစိတ်အေးနိုင်လေပြီ။
"ဘော့စ်ဖေး အားလုံးကို အကြောင်းကြားချင်လား။” လုမင်လျန်က မေးလိုက်ပါသည်။
ဖေးချမ့်က လက်ရမ်းလိုက်သည်။ "မလိုဘူး။ ဒါ ယာယီအောင်မြင်မှုတစ်ခုပဲ။ ငါတို့ အရမ်းကြီး ဘဝင်မမြင့်သင့်ဘူး။”
လုမင်လျန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ ဘော့စ်ဖေး နားလည်ပါပြီ။”
ထို့နောက် နောက်ပြန်လှည့်ကာ အောင်ပွဲခံသည့်အနေဖြင့် သွားသောက်လိုက်ပါသည်။
ဒိတစ်ခေါက် ရုံးထဲက အခြေအနေများ အတော်လေး ပြောင်းလဲသွားပါသည်။ ဒီဇိုင်းအဖွဲ့ထဲက လူအားလုံး အောင်ပွဲခံပြီး အားပါးတရ စားသောက်နေကြသည်။
သို့သော် ဖေးချမ့်၏ ရင်ထဲမှာတော့ အလွန်အမင်း အေးခဲနေပါသည်။ သူ့မှာ လုံးဝ စားချင်စိတ် မရှိတော့ပေ။ သူ့စိတ်တစ်ခုလုံး ? များဖြင့် ပြည့်နှက်နေသည်။
(ဘာတွေဖြစ်နေတာလဲကွာ)
ငါဆရာချောင်းကို ဗီဒီယိုတစ်ပုဒ်လုပ်ဖို့ပဲ ပိုက်ဆံပေးခဲ့တာပါ။ ဘာလို့ ဗီဒီယိုနှစ်ပုဒ်တောင် လုပ်လိုက်တာလဲ။ တစ်ခုလုပ် တစ်ခုရ ပရိုမိုးရှင်းလား။ သူ ကလဲ့စားပြန်ချေတာလား။
ဒါပဲဖြစ်ရမယ်...
ဒါပေမယ့် အဓိပ္ပာယ်မှ မရှိတာ။ ငါမင်းကို ချောင်းလော်ဂျီရဲ့ ဖန်တီးသူဖြစ်အောင် လုပ်ခဲ့တာလေ။ မင်းငါ့ကို မုန်းသင့်တာမဟုတ်လား။ ဘာလို့ ငါ့ကိုဆုချတာလဲ။ ဘာလို့ ငါ့ကိုယ်စား ဂိမ်းဒီဇိုင်နာကို ပရိုမိုးရှင်း ဆင်းပေးလိုက်ရတာလဲ။
(ဘာလို့ကလဲ့စားချေဖို့ ကြံစည်နေတာလဲ)
သို့သော်လည်း ဒါက စိတ်တိုဖို့ အကောင်းဆုံး မဟုတ်သေးပါ။
ဗီဒီယိုက ထူးထူးဆန်းဆန်း မီးလောင်ရာ လေပင့်သည့် အဓိကတရားခံ ဖြစ်သည်။ အားလုံးက ဂိမ်းဒီဇိုင်နာကို အလေးထားလာကြသည်။ တရားဝင်ပလက်ဖောင်းနဲ့ တခြား ဂိမ်းရီဗျူးရေးသူများစွာကလည်း အခု ဂိမ်းဒီဇိုင်နာကို မရပ်မနား ချီးကျူးနေကြပါပြီ။
အထူးသဖြင့် တရားဝင်ဂိမ်းပလက်ဖောင်းက ယခု ဂိမ်းဒီဇိုင်နာကို ကြော်ငြာပေးနေပါပြီ။ ထို့အပြင် ၎င်း၏ ပထမစာမျက်နှာမှာတောင် နေရာပေးလိုက်သေးသည်။ တစ်နည်းအားဖြင့် တရားဝင်ဂိမ်းပလက်ဖောင်း ကိုယ်တိုင်က ထောက်ခံသည့် ပြည်တွင်ဂိမ်းမျိုး ဖြစ်သဖြင့် တခြား ပြည်တွင်းဂိမ်းထုတ်လုပ်သူများကို အတုယူဖို့ ရှင်းရှင်းလင်းလင်း အချက်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဖေးချမ့် ကြက်သေ သေသွားလေပြီ။
လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူကြိုးစားခဲ့တာ အားလုံး သဲထဲရေသွန် ဖြစ်သွားသည့်ပုံပင်။
...
...
ဧပြီလ ၁၄ ရက်နေ့။
"ဟုတ်ပြီ၊ သိမ်းကြစို့။"
"ဘော့စ်ဖေးရဲ့ သရုပ်ဆောင်စကေးက ပိုပိုပြီးကောင်းလာတယ်နော်။”
"အင်း ဒါ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ အတွဲ ၃ ဇာတ်သိမ်းပဲ။ အားလုံးကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ထန်းတာ့ နက်ခ်ဝေါ့ ကုမ္ပဏီလိမက်တက်ထဲက လူအားလုံး လက်ခုပ်တီးလိုက်ကြပါသည်။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို ရိုက်ကူးရေးစတင်သည့်နေ့ကစပြီး ဖေးဟွမ်လုပ်ငန်းက စုစုပေါင်း အကြောင်းအရာ အပိုင်း ၃၀ ကို ထုတ်လုပ်ခဲ့ပါသည်။ စုစုပေါင်း အတွဲ ၃ တွဲ ဖြစ်သည်။
အတွဲ ၁ ၏ ပထမအပိုင်းနှင့် အတွဲ ၃ ၏ နောက်ဆုံးအပိုင်းကို ထန်းတာ့ ရုံးခန်းထဲမှာပဲ ရိုက်ကူးခဲ့သည်။ ပြီးပြည့်စုံသည့် ဇာတ်သိမ်းဟု ပြောနိုင်ပါသည်။ ပထမ အတွဲ ၂ ခုကို ပိုတေးတိုးဝက်ဘ်လို ဧရာမ ဝက်ဘ်ဆိုက်ကြီးများတွင် တင်ခဲ့ပြီး အားပေးမှု ရခဲ့ပါသည်။
အခုချိန်ထိ အတွဲ ၂ ၏ နောက်ဆုံးပိုင်း စုစုပေါင်း ကြည့်ရှုသူက ၂ သန်းကျော်နေပါပြီ။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝက အခုတော့ အင်တာနက်ပေါ်က ရေပန်းအစားဆုံးစီးရီးဟူသော ဘွဲ့နဲ့ ထိုက်တန်သွားပါပြီ။
ထိုကဲ့သို့ ပြောင်မြောက်သော အချက်အလက်များအရ ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ အိုင်လီကျွန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့အား သီးသန့် ထုတ်လွှင့်ပြသခွင့် ပေးလိုက်သည်။ နောက်ပိုင်းတွင် ဘော့စ်ဖေး၏ နေ့စဥ်ဘဝ အပိုင်းအားလုံးကို အိုင်လီကျွန်းဝက်ဘ်ဆိုက်မှာသာ သီးသန့်ထုတ်လွှင့်ပြသပါတော့မည်။ ထိုအခါ ၎င်းတို့ဝက်ဘ်ဆိုက်ကို အလွယ်တကူ ပြောင်းလဲနိုင်စေရန်အတွက် ဟွမ်းစစ်ပေါ်နှင့် ဒါရိုက်တာ ကျူးရှောင်စဲတို့က ပြင်ဆင်မှုများစွာ လုပ်ထားပါသည်။ သူတို့ ကြိုးစားပြီး အတွဲ ၃ အပိုင်းအားလုံးကို ရိုက်ကူးထားသည်။ ဒါမှ ပြောကွက်ရှိမည်ဖြစ်သည်။
ထို့နောက် အိုင်လီကျွန်း၏ တရားဝင် မားကတ်တင်းနည်းလမ်းများကိုကော၊ တခြား ပလက်ဖောင်းများစွာ၏ ကြော်ငြာများကိုကော အားကိုးရမည်။ ဒါမှ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို တခြား အင်တာနက်နယ်ပယ်များစွာမှ အိုင်လီကျွန်းသို့ ခေါ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ ဒါမှ ကြည့်ရှုသူအရေအတွက်နှင့် စီးရီး၏ ရေပန်းစားမှုကို တိုးမြှင့်နိုင်မှာဖြစ်ပါသည်။
ဒီလိုဆို အိုင်လီကျွန်းဝက်ဘ်ဆိုက်ပေါ်အား ဝင်ရောက်သူအင်အားကို တိုးမြှင့်နိုင်ပြီး ဖေးဟွမ်လုပ်ငန်းအတွက် ပိုက်ဆံရှာနိုင်မည်ဖြစ်သည်။ သူတို့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်ခြင်းဖြစ်သည်။ သူတို့ အိုင်လီကျွန်းကို သီးသန့် ထုတ်လွှင့်ပြသခွင့်ပေးထားပြီး ဗီဒီယိုကို အိုင်လီကျွန်းမှာသာ ထုတ်လွှင့်ခွင့် ရှိသဖြင့် ဝက်ဘ်ဆိုက်က ကမ်းလှမ်းသည့် အခကြေးငွေမှာ အလွန်မက်လောက်စရာကောင်းပါသည်။
ဘာပဲဖြစ်ဖြစ် အစပိုင်းမှာ ဝက်ဘ်ဆိုက်တစ်ခု၏ ဝင်ရောက်သူ အရေအတွက်ကို တိုးမြှင့်ဖို့က အလွန်အမင်း တန်ဖိုးကြီးတာ ပုံမှန်ပဲဖြစ်သည်။
ဖေးချမ့်က ဒီကိစ္စနှင့် ပတ်သတ်ပြီး အသေးစိတ် သိပ်မမေးခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းဒီဇိုင်နာနှင့် ပတ်သတ်ပြီး စိတ်ဓာတ်ကျနေဆဲဖြစ်သောကြောင့်ပင်။
ထုတ်လုပ်ပြီး ၂ ပတ်အကြာတွင် ဂိမ်းဒီဇိုင်နာရောင်းအားက ဆက်တိုက်တက်နေခဲ့သည်။ အခုချိန်ဆို သူတို့ ဂိမ်းကော်ပီ ၁၀၀,၀၀၀ ကျော်လောက် ရောင်းပြီးပါပြီ။ ဒါတောင် မဆိုးလှပါ။ အရင်အပတ်က ရောင်းအားများနဲ့ ယှဥ်ကြည့်ပါက ဒုတိယအပတ်မှ ၎င်းတို့ စတင်မှီလာခြင်းဖြစ်ပါသည်။
သို့သော်လည်း သူ သေဖို့ အချိန်ရေတွက်ခြင်း စတင်ခဲ့ပြီဟု ဖေးချမ့် ခံစားနေရပါတော့သည်။