← Chapters

အခန်း(၁၂၈) အလွယ်ကြိုက်စိတ်ကို ဖျောက်ရမယ်

Vol. 9 Ch. 128

အခန်း(၁၂၈) အလွယ်ကြိုက်စိတ်ကို ဖျောက်ရမယ်

Vol. 9 Ch. 128

အခန်း(၁၂၈) အလွယ်ကြိုက်စိတ်ကို ဖျောက်ရမယ်

ဟွမ်းစစ်ပေါ်က ဘော့စ်ဖေး ရက်ရောတော့မှာကို ကြိုတွေးထားပြီးသား ဖြစ်သည်။ သို့သော်လည်း ဒီလောက်တောင် ရက်ရောလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဖောင်ဒါနှစ်ယောက်က တစ်ယောက်ကို ၁၀ရာခိုင်နှုန်းရပြီး အဓိကမန်ဘာများက စုစုပေါင်း ၁၀ ရာခိုင်နှုန်းကို ရကြမည်။ တစ်နည်းအားဖြင့် ဖေးချမ့်တစ်ယောက် ဖေးဟွမ်လုပ်ငန်း ဝန်ထမ်းများကို ဆုချသည့် ငွေမှာ ထန်းတာ့ယူမည့် ပမာဏထက်ပင် ပိုများနေပါသည်။

ဖေးချမ့်က လက်မြှောက်လိုက်ပြီး ပြောလိုက်ပါသည်။ "ဆုံးဖြတ်ပြီးသွားပြီ။ ဒါတင်မကသေးဘူး။ မင်းတို့အားလုံး လစာတိုးရမယ်။ မင်းတို့ အခြေခံလစာအောက်နိမ့်ပြီး ယူလို့ မရဘူး။”

ဘော့စ်ဖေး၏ ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကိုမြင်ပြီး ဟွမ်းစစ်ပေါ်  ဒီတိုင်းသာ ပြန်ဖြေနိုင်တော့သည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး။”

"ဘာကျန်သေးလဲ။” ဖေးချမ့်က ဟွမ်းစစ်ပေါ်က နှင်ထုတ်ဖို့ မစောင့်နိုင်တော့ပါ။

(မင်းငါ့ကိုအသေသတ်တာ ၂ ခါရှိပြီ။ ငါကတော့ မင်းကို အခုထိပြုံးပြနေရတုန်းပဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ)

"ဟုတ်သားပဲ ဘော့စ်ဖေး၊ ကျွန်တော်တို့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ စတုတ္ထတွဲကို ရိုက်ဖို့ စဥ်းစားနေတာ။ ဘော့စ်ဖေးကော ဘယ်လို...။”

ဟွမ်းစစ်ပေါ်၏ ရည်ရွယ်ချက်က ရှင်းလင်းပါသည်။ ဖေးချမ့် ဆက်ပြီး ရိုက်ကူးရေးမှာ ပါဝင်နိုင်မလား မေးနေခြင်းပင်။ ဘာပဲဖြစ်ဖြစ် အရင်စာချုပ်ထဲမှာ စီးရီးတွဲ သုံးတွဲပဲ ရိုက်ကူးရမည်ဟု ပါဝင်ထားသောကြောင့် ဖြစ်သည်။

ဖေးချမ့် ချက်ချင်း သတိကြီးလာ၏။

(စတုတ္ထတွဲကို ရိုက်ဦးမယ်ပေါ့။ စိတ်ကူးလာယဥ်နေတာလား ငါတို့ထပ်ရိုက်လို့မရဘူးကွ။)

ကျူးရှောင်စဲက သူ့ပါရမီကို သက်သေပြပြီးသွားပြီ။ စီးရီးတွဲ ၃ခု ရိုက်ကူးပြီးနောက် အိုင်ဒီယာများဖြင့် ပြည့်နှက်နေခဲ့သည်။ ဗီဒီယိုများ၏ အရည်အသွေးများကပင် အလွန်တည်ငြိမ်နေပါသည်။ သူတို့ စတုတ္ထတွဲသာ ထပ်ရိုက်လိုက်ပါက သေချာပေါက် အမြတ်ရလာပါလိမ့်မည်။

ထိုသို့စဥ်းစားပြီး ဖေးချမ့် ခေါင်းခါလိုက်ပါသည်။

"ငါမရိုက်တော့ဘူး။ မင်းက အခုမှစတာမို့လို့ စီးရီးတွဲ ၃ခုကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ။ အခုတော့ ဖေးဟွမ်လုပ်ငန်းက တည်ငြိမ်သွားပြီ။ ငါရိုက်ကူးရေးမှာ မပါတော့ဘူး။ အလုပ်တွေ အများကြီး ရှိသေးတယ်။”

ဖေးချမ့်က ကမ်းလှမ်းချက်ကို အလွန်ကျိုးကြောင်းသင့်သော အကြောင်းပြချက်ဖြင့် ငြင်းလိုက်ပါသည်။

ဟွမ်းစစ်ပေါ်လည်း ဝမ်းနည်းသွားပါသည်။

(ဟုတ်သားပဲ။ ဘော့စ်ဖေးက အလုပ်အရမ်းများတဲ့လူ။ ဂိမ်းအသစ်တွေလည်း လုပ်ရသေးတယ်။ အင်တာနက်ကဖေးကိုလည်း စိတ်ပူရေသးတယ်။ ပြီးတော့ ငါတို့အတွက်ပါ ရုပ်ရှင်ရိုက်ပေးရသေးတယ်)

(ဘော့စ်ဖေးက ငါတို့ ကုမ္ပဏီအသစ် စတည်ထောင်တဲ့အနေနဲ့ ကူညီပေးခဲ့တာ)

သူကရိုက်ကူးရေးခကို မတတ်နိုင်၍သာ အနည်းငယ်ယူခဲ့ခြင်းဖြစ်သည်။ ဘော့စ်ဖေးအတွက် ထိုဝင်ငွေက မဆိုသလောက်ပင်။ သို့သော်လည်း သူတို့အတွက် ဘောစ့်ဖေးက စီးရီးတွဲ ၃ခုစလုံးကို ပြီးဆုံးအောင် ရိုက်ကူးပေးခဲ့ပါသည်။သူ့အရည်အသွေးမြင့် သရုပ်ဆောင်စကေးများကိုပင် ထုတ်ပြခဲ့သည်။ ထို့ကြောင့်လည်း ဘော့စ်ဖေး၏ နေ့စဥ်ဘဝက အလွန်ရေပန်းစားလာခြင်းဖြစ်သည်။

သူတို့ကျေးဇူးပြန်ဆပ်ဖို့တောင်... တကယ်ခက်ခဲနေပါသည်။

သို့သော်လည်း သူဝမ်းနည်းသွားသလို စိုးလည်းစိုးရိမ်သွားမိပါသည်။ "ဒါပေမယ့် ဘော့စ်ဖေး စီးရီးထဲမှာ ဘော့စ်ဖေးသရုပ်မဆောင်ရင် ဒီစီးရီးက သူ့ရဲ့အသက်ဝိညာဥ်ကို ဆုံးရှုံးသွားမှာပေါ့..." ဟွမ်းစစ်ပေါ်က အလွန်စိုးရိမ်နေသည့်ပုံ။

ဘော့စ်ဖေး မရှိပါက ဒီဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ဖို့ သင့်လျော်သည့်လူကို ဘယ်မှာသွားရှာရတော့မည်နည်း။

ဖေးချမ့်က ခေါင်းခါလိုက်သည်။

"အဲ့လိုတွေးပုံခေါ်ပုံမျိုးက မမှန်ကန်ဘူး။ မင်းရဲ့ အလွယ်ကြိုက်တဲ့စိတ်ကနေ လွတ်မြောက်အောင် လုပ်သင့်တယ်။”

ဟွမ်းစစ်ပေါ်က မျက်တောင်ခတ်လိုက်သည်။ "ကျွန်တော်ရဲ့အလွယ်ကြိုက်တဲ့စိတ်ကနေ လွတ်မြောက်အောင်လုပ်ရမယ်ဟုတ်လား။”

ဖေးချမ့်က သူ့ပခုံးကိုးပါးပါးလေး ပုတ်ပေးလိုက်ပါသည်။ "စတုတ္ထတွဲကို ဆက်ရိုက်လိုက်။  သေချာပေါက် အမြတ်ရမှာပါ။ ဒါပေမယ့် မမေ့လိုက်နဲ့။ ငါမင်းကို ပေးခဲ့တဲ့ ယွမ် ၁ သန်းက ဘာလဲ။ အိပ်မက်ရန်ပုံငွေလေ။ မင်းရဲ့ အိပ်မက်က ဒီမှာပဲ အဆုံးသတ်သွားပြီလာား။ မင်းရဲ့အိပ်မက်က ကြည့်ရှုသူ ၁ သန်းရှိတဲ့ ဗီဒီယိုအတိုစီးရီးလေးတစ်ခု ရိုက်ကူးဖို့ပဲလား။”

"မင်းရဲ့ အလွယ်ကြိုက်တဲ့စိတ်ကနေ လွတ်မြောက်အောင် အရင်လုပ်။ ကိုယ့်ကိုယ်ကို အမြဲတမ်း စိန်ခေါ်နေ။ ဒါက အိပ်မက်ရန်ပုံငွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ပဲ။ ဆက်ပြီး အိပ်မက်ကို တည်ဆောက်။ ဆက်ပြီး ကြိုးစား။”

ဟွမ်းစစ်ပေါ် နားလည်သဘောပေါက်သွားပါတော့သည်။ "နားလည်ပါပြီ ဘော့စ်ဖေး။ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဟွမ်းစစ်ပေါ် မျှော်လင့်ချက်များ ပြည့်ဝစွာဖြင့် ပြန်ထွက်သွားတော့သည်။

ဖေးချမ့် စိတ်အေးလက်အေး သက်ပြင်းချလိုက်မိသည်။ ဟူး... နောက်ဆုံးတော့ သူ့ကို ဂျင်းထည့်နိုင်ခဲ့ပြီ။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ စတုတ္ထတွဲကိုသာ သူဆက်ရိုက်လိုက်ပြီး ယွမ် ၂ သန်းကျော် ရသွားပါက ကိုင်တွယ်နိုင်မှာ မဟုတ်တော့ပါ။

အခုတော့ ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကို အလွယ်ကြိုက်စိတ်များဖျောက်ကာ ပရောဂျက်အသစ်တစ်ခုကို စတင် ဖန်တီးစေချင်သည်။ အားလုံးကို သုညက ပြန်စစေချင်၏။

(ဒါမှ နောက်ထပ် ၂ လ ၃ လလောက်အထိ မင်းတို့ကောင်တွေ ဝင်ငွေမရှိဘဲ ငါ့ကိုထပ်ပြီး အနှောင့်အယှက်မပေးနိုင်မှာ...)

ဖေးချမ့်က ထိုင်ခုံတွင်မှီကာထိုင်လိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။

ဘော့စ်တစ်ယောက်ဖြစ်ရတာ တော်တော် မလွယ်ပါလား။

....

ဟွမ်းစစ်ပေါ် ထွက်သွားပြီး သိပ်မကြာခင် နောက်ထပ် တံခါးခေါက်သံကို ဖေးချမ့် ကြားလိုက်ရပါသည်။ လက်ထောက်ရှင်းက ဆေးစစ်ချက် အဖြေလွှာ စာရွက်ပုံကြီးကို သယ်လာသည်။ "ဘော့စ်ဖေး အသေးစိတ် ဆေးစစ်ချက်ရလဒ်တွေ ထွက်လာပါပြီ။ ဘော့စ်ဖေး ညွှန်ကြားထားတဲ့အတိုင်းပဲ ဘော့စ်ဖေး အရင်ဆုံး ကြည့်ဖို့ လာပေးတာပါ။”

"ဟုတ်ပြီ ချထားလိုက်ပါ။” ဖေးချမ့်က ဆေးစစ်ချက်အဖြေတစ်ရွက်ကို ကျပန်းကောက်လိုက်ပြီး ဖတ်ကြည့်လိုက်သည်။

(ဟ... ဘာတွေမှန်းလဲမသိဘူး။ တစ်ခုမှ နားမလည်ဘူး)

"လက်ထောက်ရှင်း ကျွန်တော့်ကို ဆေးစစ်ချက်အဖြေတွေရဲ့ အနှစ်ချုပ် တင်ပြပေးလို့ရမလား။”

ဒါက လက်ထောက်တစ်ယောက် ပိုင်ဆိုင်ထားရခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။ သူ နားမလည်သည့်အရာတိုင်းကို မေးကြည့်လို့ ရပါသည်။

လက်ထောက်ရှင်းကလည်း ပြင်ဆင်ထားပြီးသား ဖြစ်သည်။ "အနှစ်ချုပ်အားဖြင့်တော့ ဆေးစစ်ချက် ရလဒ်က ကောင်းတယ်လို့ ပြောလို့ရတယ။ ကျွန်မတို့ ကုမ္ပဏီရဲ့ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းက ကျန်းမာရေးကောင်းတဲ့လက္ခဏာရှိတယ်။ အများဆုံးတွေ့ရတဲ့ ရောဂါတွေက အစာအိမ်ပြဿနာ၊ အသည်းအဆီဖုံးတာ၊ အဝလွန်တာ၊ သွေးပေါင်ချိန်မြင့်တာ၊ သွေးအဆီများတာ စတာတွေပါပဲ။"

"ကျွန်မတို့ ဝန်ထမ်းတွေထဲက အနည်းစုမှာတော့ ပိုပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ တွေ့ရပါတယ်။ ဆေးကုသမှုခံယူဖို့ လိုအပ်နေကြတယ်။ ကျိုးဖန်ရဲ့ ကျန်းမာရေးက အပြင်းထန်ဆုံးပဲ။ သူ့မှာ အကျိတ်အသေးစားလေးတစ်ခု တွေ့တယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တယ်။ ဒါပေမယ့် အန္တရာယ်တော့ သိပ်မရှိပါဘူး။”

ဟမ်။ ခွဲစိပ်ကုသမှု အသေးစား လုပ်ရမှာလား။

ဖေးချမ့်မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားပါသည်။ "အဲ့ခွဲစိတ်ကုသမှုက ဘယ်လောက် ကုန်ကျမလဲ။”

လက်ထောက်ရှင်းက ပြန်ဖြေသည်။ "မသေချာသေးပါဘူး။ ကျွန်မထင်တာတော့ အနည်းဆုံး ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ကုန်မယ်ထင်တယ်။ စိတ်မပူပါနဲ့။ ကျွန်မတို့ကုမ္ပဏီဝန်ထမ်းတွေက ငယ်ကြပါတယ်။ သူတို့ရဲ့ ပျမ်းမျှအသက်အရွယ်က ၂၇ နှစ်အောက်ပဲ။ ကျန်းမာရေးလည်း အများစုက ကောင်းကြတယ်။ တချို့ ကျန်းမာရေး ပြဿနာတွေကို နည်းနည်းလောက် ထိန်းညှိပေးလိုက်ရင် အဆင်ပြေတယ်။ သူတို့လုပ်ငန်းကို မထိခိုက်နိုင်ပါဘူး။”

ဖေးချမ့် နက်နက်ရှိုင်းရှိုင်း တွေးနေတာကိုမြင်ပြီး လက်ထောက်ရှင်းက သူ့ဝန်ထမ်းများ၏ ကျန်းမာရေးကို စိုးရိမ်ပူပန်နေသည်ဟု ထင်သွားပါသည်။

ဖေးချမ့်က တကယ်ပဲ နက်နက်ရှိုင်းရှိုင်း စဥ်းစားနေမိသည်။ သို့သော် သူ့ဝန်ထမ်းများ၏ ကျန်းမာရေးကို စိုးရိမ်တာမဟုတ်။ ပိုက်ဆံဖြုန်းဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှာတွေ့သွားသောကြောင့် ဖြစ်သည်။

ဒီအပတ်အတွက် အခြေအနေကို သူပြန်အဖတ်မဆယ်နိုင်တော့ပါ။ ဒီလိုအချိန်တိုအတွင်း စည်းကမ်းမဖောက်ဘဲ ယွမ် ၂ သန်းစလုံးကို ဖြုန်းတီးဖို့ နည်းလမ်း ဖေးချမ့် မစဥ်းစားတတ်တော့ပေ။

ဒါပေမယ့် နောက်တစ်ပတ်ကျရင်ကော။

နောက်တစ်ပတ်ရောက်လျှင် ဖေးချမ့်၌ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာတို့ထက် ငွေဝင်ပေါက်များ ပိုများလာမည်။ ဂိမ်းဒီဇိုင်နာလည်း ရှိသေးသည်။ သူ့အတွက် ဝင်ငွေကောင်းကောင်းရှာပေးနေမည့် ငွေဝင်ပေါက်ကြီး သုံးခု ရှိပါလိမ့်မည်။

ထို့ကြေင့် ဖေးချမ့် ပိုပြီး ဝန်ပိလာသည်။ သူ ပိုက်ဆံ အရှုံးပေါ်ချင်ပါက ဖိအား အများကြီး ပိုခံရမည်။ ထို့ကြောင့် ဖေးချမ့်က ကန်အသစ်တူးဖို့ နည်းလမ်းရှာဖွေရ၏။ သူငွေဖြုန်းနိုင်မည့် တခြားနည်းလမ်းများကို ရှာရမည်။

အခုချိန်မှာ ငွေဖြုန်းတီးဖို့ အမြန်ဆုံးနည်းလမ်းက သူ့ဝန်ထမ်းများကို အကျိုးခံစားခွင့်များ ပေးဖို့ဖြစ်ကြောင်း နားလည်ထားသည်။ တခြား ဖြုန်းတီးနည်းလမ်းများက ဒါနဲ့ယှဥ်ရင် မပြောပလောက်ပါ။

စည်းလုံးခြင်းသည်အင်အား ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ ထန်းတာ့တွင် ယခု ဝန်ထမ်း ၅၀ ကျော် ရှိနေပါပြီ။ တစ်ယောက်ချင်းစီတိုင်းကို ယွမ် ၁၀,၀၀၀ ပေးလိုက်ပါက တစ်ခါတည်းနဲ့ ယွမ် ၅၀၀,၀၀၀ ကို သုံးလိုက်နိုင်မည်။

ဝန်ထမ်း ၅၀၀ ရှိနေရင်ကော။ တစ်ယောက်ချင်းစီတိုင်းကို ယွမ် ၁၀,၀၀၀ ပေးလိုက်ပါက တစ်ချက်တည်းနဲ့ ယွမ် ၅ သန်းဖြုန်းနိုင်မှာပဲ မဟုတ်လား။ ထို့ကြောင့် ဝန််ထမ်းများကို ထပ်ပြီးမခန့်အပ်ခင် ရှိပြီးသားဝန်ထမ်းများကို အကျိုးခံစားခွင့်များပေးကာ သူ့အနှစ်ချုပ်ကုန်ကျစရိတ်ကို ဆတိုးပစ်လိုက်လို့ရပါသည်။

ရှော့ပင်လက်ဆောင်ကတ်ကို နမူနာ ယူကြည့်ပါ။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကို လက်ဆောင်ကတ်တစ်ကတ်စီ ပေးပြီး ၎င်းတို့၏ သုံးစွဲမှုကို အကန့်အသတ်တစ်ခု သတ်မှတ်ပေးခဲ့သည်။ ဒါက အကြံကောင်း ဖြစ်ပါသည်။

အခုတော့ ဝန်ထမ်းတိုင်းကို ယွမ် ၃,၂၀၀ ကုန်သည့် ဆေးစစ်ချက် ဆောင်ရွက်ခိုင်းသည်။ ဖေးချမ့်က နောက်ထပ် ငွေဖြုန်းနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပါသည်။

စိတ်ထဲမှတဆင့် ဖေးချမ့်က စနစ်ကို မေးလိုက်ပါသည်။ "လုပ်ငန်းကျန်းမာရေး အသုံးစရိတ်အတွက် လိုအပ်ချက်က ဘာလဲ။”

မျက်နှာပြင်ပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာခဲ့ပါသည်။

[ အလုပ်လုပ်နေစဥ် တစ်စုံတစ်ဦး ဒဏ်ရာရသွားပါက ထိုဒဏ်ရာကို လုပ်ငန်းဒဏ်ရာဟု သတ်မှတ်နိုင်မည်။ ဆေးဝါးအာမခံစရိတ်များကို နုတ်ပြီးနောက် ကုန်ကျစရိတ် အပြည့်အဝကို တာဝန်ယူပေးနိုင်သည်။ လုပ်ငန်းဒဏ်ရာကြောင့် ဒုက္ခိတဖြစ်သွားပါက ၎င်းတို့အား တရားဝင်စံနှုန်းများအတိုင်း ပေးလျော်နိုင်ပါသည် ]

ဖေးချမ့် မျက်လုံးများ ဝိုင်းစက်သွား၏။

သူဝန်ထမ်းများ လုပ်ငန်းကြောင့် ဒုက္ခိတဖြစ်လာဖို့တော့ မဖြစ်နိုင်ပါ။ ဖေးချမ့်က ဆောက်လုပ်ရေး ကုမ္ပဏီ မဟုတ်ဘဲ ဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ထားခြင်းဖြစ်သည်။ အားလုံးက ကိုယ့်ထိုင်ခုံမှာပဲကိုယ် တစ်နေကုန် ထိုင်ကာ ကီးဘုတ်များကိုသာ ရိုက်ကြရသည်။ ဘယ်လိုလုပ် ဒီလိုလုပ်ရုံနဲ့ ဒုက္ခိတဖြစ်လာနိုင်မှာလဲ။

သို့သော်လည်း စနစ်ပြောပုံအရဆို လုပ်ငန်းကြောင့်ရလာသော ဒဏ်ရာတိုင်းကို လုပ်ငန်းဒဏ်ရာဟု သတ်မှတ်နိုင်သည်။

လက်ကောက်ဝတ်အကြောညပ်ခြင်းရောဂါများ၊ ကျောနာခါးနာ၊ ကျောဆစ်လွဲ၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ စသည်တို့ ပါဝင်သည်။

ဒါတွေအကုန်လုံးကို လုပ်ငန်းဒဏ်ရာတွေလို သတ်မှတ်လို့ရမယ်မဟုတ်လား။

ဖေးချမ့်တစ်ယောက် မျှော်လင့်ချက်များ ပြန်ပြည့်ဝလာသည်။ သူအပျော်လွန်သွားပါသည်။ ဒါက အားလုံးကို ဆေးစစ်ခိုင်းလိုက်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ ထိုရောဂါငယ်များအားလုံးကို လုပ်ငန်းဒဏ်ရာဟု သတ်မှတ်ပြီး တစ်ယောက်ချင်းစီတိုင်းကို ကုသဖို့ ယွမ်ထောင်ချီ သုံးလိုက်ပါက ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်သုံးနိုင်မှာမဟုတ်လား။

အမှန်ပင်။ ဒီပမာဏလောက်က ဖေးချမ့်၏ လက်ရှိအခြေအနေအရဆို မပြောပလောက်ပါ။ သူ့အခြေအနေကို အများကြီး ပိုကောင်းမွန်မသွားစေပါ။ သူ့မှာ ယွမ် ၂ သန်းကျော်လောက် ကျန်နေသေးပါက ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ယွမ်လောက်ဖြုန်းလည်း ဘာထူးမှာလဲ။

သို့သော်လည်း ဒါက အတွေးသစ်အခေါ်သစ် အကြံသစ်တစ်ခု ဖြစ်ပါသည်။

All Chapters