အခန်း(၁၃၁) ဆန်းကြယ်တဲ့ ထန်းတာ့ဂိမ်းကုမ္ပဏီရဲ့အကြောင်း
Vol. 9 Ch. 131
အခန်း(၁၃၁) ဆန်းကြယ်တဲ့ ထန်းတာ့ဂိမ်းကုမ္ပဏီရဲ့အကြောင်း
အခု အင်တာဗျူးက အရေးအကြီးဆုံးအဆင့်ကို ရောက်လာပြီဟူ ဟူယွဲ့ ခံစားမိပါသည်။ တွေးပုံခေါ်ပုံနဲ့ စိတ်ကူးစိတ်သန်းကို အဆင့်မြှင့်တင်ဖို့ အချိန်ရောက်လာလေပြီ။
ဘော့စ်ဖေးလို့ပါရမီရှိသည့် ဒီဇိုင်နာတစ်ယောက်အဖို့ အမြဲတမ်း အဆင်ပြေနေတာ မဟုတ်လာပါ။ မဟုတ်ပါက ဂိမ်းဒီဇိုင်နာထဲတွင် အကြောင်းအရာ ဖန်တီးသူတစ်ယောက်၏ အခက်အခဲများကို ဒီလောက်ထိ တိတိကျကျ ဖော်ပြနိုင်မှာ မဟုတ်ပေ။
သို့သော်လည်း မာယိချွမ်က ခေါင်းကုတ်လိုက်သည်။ "သြော် ကျွန်တော်တော့ အဲ့လိုမထင်ဘူး။”
"ဟမ်" ဟူယွဲ့ အံ့သြသွား၏။
မာယိချွမ်က ပြောလိုက်သည်။ "ကျွန်တော် သိသလောက်တော့ ဘော့စ်ဖေးမှာ အခက်အခဲ သိပ်ပြီး မရှိခဲ့ဘူး။ အမြဲတမ်း ချောချောမွေ့မွေ့ဖြစ်နေတယ်လို့ ထင်ရတယ်။”
"အထီးကျန်ကန္တာရလမ်း၊ တစ္ဆေစစ်သူကြီး၊ သမုဒ္ဒရာရဲတိုက်နဲ့ ဂိမ်းဒီဇိုင်နာဆိုပြီး ဘော့စ်ဖေးက အဲ့ဂိမ်းလေးမျိုးပဲ ဖန်တီးခဲ့တာ။ အကုန်လုံးက အတော်ပေါက်ပြီး အောင်မြင်သွားတယ်။”
"အဲ့တော့ အဲ့ဒီခံစားချက်တွေကို နားလည်လို့ ဘော့စ်ဖေးက ဒီဂိမ်းကို ဖန်တီးနိုင်ခဲ့တာလားလို့ မေးမယ်ဆိုရင် ကျွန်တော် သိပ်ပြီး မသေချာဘူး။ ဒါပေမယ့် တခြားဒီဇိုင်နာနဲ့ ထုတ်လုပ်သူတွေကတော့ အဲ့ဒီအခက်အခဲ စမ်းသပ်ချက်တွေကို ကြုံတွေ့ခဲ့ရမှာ သေချာပါတယ်... ဘော့စ်ဖေးကတော့ မကြုံတွေ့ခဲ့ရလောက်ဘူး။”
ဟူယွဲ့ "..."
ဉာဏ်ကြီးရှင်ဆိုတာ ဒီလိုလူမျိုးလား။
ရာဇဝင်ထဲက လေးစားဖို့ကောင်းပြီး ကြီးမြတ်သည့် ပညာရှင်ကြီးများလိုပင်။ သူတို့က အဆင့်အတန်းမြင့်ကာ ချောမွေ့သော ဘဝများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း လူနေမှုဘဝ၏ နိမ့်ကျသည့် ကဏ္ဍများမှ နာကျင်မှုနဲ့ ကြမ္မာဆိုးများကို ခံစားခဲ့ကြဖူးလောက်သည်။
ဒါက အလွန်အားကောင်းသည့် အရည်အသွေးတစ်ခုပင်။
"နောက်ဆုံး မေးခွန်းတစ်ခုလောက်ပါ..."
"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ဗီဒီယိုအတိုစီးရီးလေးက အင်တာနက်ပေါ်မှာ ရေပန်းစားလာတယ်နော်။ ထန်းတာ့ဂိမ်းရဲ့ ကုန်ကြမ်းတွေကိုပါ ထည့်သုံးထားတဲ့ပုံပဲ။ ထန်းတာ့က ဒီဗီဒီယိုအတို စီးရီးနဲ့ ပူးပေါင်းရိုက်ကူးထားတာလား ဆိုတာလေးကို သိပါရစေ။”
မာယိချွမ်က ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း တကယ်တော့ ခင်ဗျားတို့ စုံစမ်းမယ်ဆိုရင် ဒါတွေ အကုန်လုံးကို သိရမှာပါ။ ဘောစ့်ဖေးရဲ့ နေ့စဥ်ဘဝက ဖေးဟွမ်လုပ်ငန်းရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ ဖေးဟွမ်လုပ်ငန်းဆိုတာလည်း ထန်းတာ့ရဲ့ အရန်လုပ်ငန်းတစ်ခုပဲလေ။”
ဟူယွဲ့၏ မျက်လုံးများ ဝိုင်းစက်သွားသည်။
"အဲ့တာကြောင့်ကိုး။ အဲ့တာဆို ဒီဗီဒီယီုအတို စီးရီးလေး နာမည်ကြီးလာရတဲ့ အကြောင်းအရင်းက ဘော့စ်ဖေးနဲ့ ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေကို ထည့်သွင်းပြီး ရိုက်ကူးထားတာကြောင့်ပဲ ဟုတ်တယ်မလား။”
မာယိချွမ်က တွန့်ဆုတ်သွားပါသည်။ "စိတ်မကောင်းပါဘူး။ အဲ့တာတော့ ဖြေပေးလို့မရလို့ပါ။ ဘော့စ်ဖေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖွင့်ချပေးလိုက်သလို ဖြစ်သွားနိုင်လို့ပါ။”
"ဘော့စ်ဖေးက အရမ်းဇာတ်နိမ့်နေတတ်တဲ့ လူတစ်ယောက်ဗျ။ သူက သူဖန်တီးတဲ့ဂိမ်းတွေကိုပဲ ဂိမ်မာတွေကို ချပြချင်တာ။ အိုင်ဒေါတွေကို ပရိသတ်တွေ လိုက်သလိုမျိုး သူ့ကိုပဲ အာရုံမစိုက်စေချင်ဘူး။ သူက သူ့ဂိမ်းတွေရဲ့ ရည်ရွယ်ချက်ကို ပျောက်ကွယ်မသွားစေချင်ဘူးလေ။”
သူမ လိုချင်သည့် အဖြေကို မရခဲ့သော်လည်း ဟူယွဲ့စိတ်မဆိုးပါ။ သူမ ပြုံးလိုက်ပါသည်။ သူမ တိကျသော အဖြေများ မရခဲ့သော်လည်း ဒါက အတော်လေး ထူးကဲသောာ အင်တာဗျူး ဖြစ်ခဲ့ပါသည်။
အမှန်ပင်။ ဒီလိုထူးခြားသည့် ဝန်ထမ်းများနဲ့ ဒီလို ထူးခြားသည့် ဘော့စ်တို့ပေါင်းမှ ထူးခြားသည့် ဂိမ်းများကို ဖန်တီးနိုင်မှာ မဟုတ်လား။
Amusement Times ကျင်းကျိုးမြို့ဌာနခွဲတွင်....
နိုင်ငံတော်တစ်ခုလုံးက သိသည့် ဂိမ်းမီဒီယာတစ်ခုဖြစ်သော်လည်း Amusement Times ကျင်းကျိုးမြို့ဌာနခွဲက သာမန်အလုပ်ရုံတစ်ခုလိုသာ ဖြစ်သည်။ အတော်လေး သာမန်ဆန်ပါသည်။ ဂျာနယ်လစ် ၃ ယောက်၊ အယ်ဒီတာ ၂ ယောက်နှင့် အယ်ဒီတာချုပ် ၁ ယောက်သာ ရှိကြသည်။
၎င်း၏ ရုံးခန်းကတောင် တွဲဖက်လုပ်ရသော နေရာဖြစ်ပါသည်။ အယ်ဒီတာက ဟူယွဲ့ပို့လိုက်သည့် စာမူကိုကြည့်လိုက်ပြီး ကြက်သေ သေသွားပါသည်။ "ဟူလေး နင်က ဝါရင့်ဂျာနယ်လစ် မဟုတ်ဘူးလား။ ဘာလို့ ဒီလို အပိုင်းအစလေးတစ်ခုလောက်ပဲ ပို့လိုက်တာလဲ။”
"သတင်းရင်းမြစ်လည်း မပါ၊ ပုံတွေ မှတ်တမ်းတွေလည်း မပါ၊ တခြား သက်သေဘာညာလည်း မပါဝင်ဘူး။ အင်တာဗျူးရဲ့ တားဂတ်ကို နည်းနည်းလေးတောင် မစုံစမ်းနိုင်ဘူးလား။ ငါတို့က လမ်းဘေးက သတင်းမီဒီယာ အသေးစားလေး မဟုတ်ဘူးနော်။ ဒီဟာက... ငါခွင့်ပြုလိုက်ရင်တောင် အယ်ဒီတာချုပ်က ခွင့်ပြုမှာ မဟုတ်ဘူး...။”
ထိုအယ်ဒီတာက ယခု ခေါင်းကိုက်နေပါပြီ။ ဟူယွဲ့က ရှင်းပြဖို့ ပြင်နေစဥ် အယ်ဒီတာချုပ် အစ်ကိုကျောင်းက ပြေးလာပါသည်။ "ဟူလေး နင်စာမူပြီးသွာားပြီလား။”
အယ်ဒီတာက စာမူကို အယ်ဒီတာချုပ်ထံသို့ အမြန်ပေးလိုက်ပါသည်။
"အစ်ကိုကျောင်း ဒီစာမူက..."
သူမ စကားပြောလို့တောင် မပြီးသေး အယ်ဒီတာချုပ်က သူ့ပေါင်သူရိုက်လိုက်ပြီး ပြောလိုက်ပါသည်။ "ကောင်းလိုက်တာ တော်တယ် ဟူလေး"
အယ်ဒီတာ "..."
အစ်ကိုကျောင်းက သတင်းစာမူကို အမြန်ဖတ်လိုက်သည်။ "ဟူလေး နင်က လိုက်လျောညီထွေဖြစ်အောင် နေတတ်ပြီး ဘယ်အချိန် အခွင့်အရေး ယူရမလဲဆိုတာ တကယ်သိတာပဲ။ နင့်ကို ဂုဏ်ပြုထိုက်တယ် နိုင်ငံတော်ထဲက ပြည်တွင်းကစားသမားတွေ အကုန်လုံး လောလောဆယ် ထန်းတာ့အကြောင်း အရမ်းသိချင်နေကြတာ။ ဒီသတင်းက အဲ့လောက်ကြီး မထင်ရှားဘူး ဆိုပေမယ့် ဟူလေးရဲ့ သမာဓိကို ယုံကြည်ပါတယ်။ ယုံရဖို့ တော်တော်လေး မြင့်တယ်။”
"လှုပ်ရှားကြပြီး ရေပန်းစားတဲ့ အကြောင်းအရာအသစ်တစ်ခုဖြစ်လာအောင် ထုတ်ဝေလိုက်ကြစို့။ ဘယ်ပြောလို့ရမလဲ။ ဒါကို ထုတ်ဝေပြီးသွားရင် ငါတို့ ဌာနတွေမှာ ခေါင်းမော့ ရင်ကော့နေလို့ ရပြီ။”
"ဒီတိုင်းပဲ ထုတ်ဝေလိုက်ကြရအောင်။”
၂ ရက်ကြာသောအခါ သတင်းအသစ်တစ်ပုဒ်က Amusement Times ၏ တရားဝင် ဝက်ဘ်ဆိုက်ပေါ်တွင် ပေါ်လာခဲ့ပါသည်။ မကြာမီ တခြား ဂိမ်းမီဒီယာများစွာက လက်ဆင့်ကမ်း သယ်ဆောင်သွားကြသည်။
ဆန်းကြယ်သည့် ထန်းတာ့ဂိမ်းကုမ္ပဏီကို အနီးကပ် ကြည့်ရှုခြင်း : ပြည်တွင်းဂိမ်းလောကရဲ့ စိတ်ကူးယဥ်လောက
ဟူယွဲ့၏ သတင်းတွင် မာယိချွမ်ကို တစ်ခေါက်တောင် ဖော်ပြမသွားပါ။ သူမ ထန်းတာ့ ဝန်ထမ်းတစ်ယောက်ကို အင်တာဗျူးခဲ့သည်ဟုပင် မဖော်ပြခဲ့ပါ။ သူမ၏ သတင်းကို အလွန်ရေပန်းစားနေသည့် ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝတို့ဖြင့် စတင်ပြီး မာယိချွမ် ပေးထားသော အချက်အလက်များကို စတင်ဖော်ပြပါတော့သည်။
"အထီးကျန်ကန္တာရလမ်းလို့ခေါ်တဲ့ ဂိမ်းကို ထုတ်လုပ်ပြီးနောက်ပိုင်းမှာ ထန်းတာ့ရဲ့ နာမည်က အတော်လေး လူသိရှင်ကြားများလာခဲ့ပြီး ပြည်တွင်းဂိမ်းလောကမှာလည်း တဖြည်းဖြည်းနဲ့ ကျော်ကြားလာခဲ့ပါတယ်။”
"တစ်နှစ်အတွင်းမှာ ထန်းတာ့ဂိမ်းက ဂိမ်း ၄ ခုကို ဆက်တိုက်ထုတ်လုပ်ခဲ့တပါတယ်။ Standalone ဂိမ်းတစ်ခု၊ ကတ်ဂိမ်းတစ်ခု၊ FPS ဂိမ်းတစ်ခု, Standalone Metagame တစ်ခုပါ။ ထန်းတာ့ဂိမ်းက အားကောင်းပြီး ကန့်သတ်မှု မရှိတဲ့ စိတ်ကူးစိတ်သန်းတွေရယ်၊ ရဲတင်းတဲ့ ဖန်တီးလိုစိတ်တွေရယ်ကို အသုံးချပြီး တရားဝင်ဂိမ်းပလက်ဖောင်းရဲ့ ချီးကျူးမှုကိုတောင် ခံခဲ့ရပါတယ်။ အခုဆို ပြည်တွင်းဂိမ်းလောကကြီးရဲ့ စံပြတစ်ခုလို မြင်နေကြပါပြီ။”
"ဒီနေ့ Amusement Times က ဆန်းကြယ်တဲ့ ထန်းတာ့ဂိမ်းအကြောင်းကို အားလုံးကို ရှင်းပြပေးသွားပါမယ်။ ဒီအလားအလာအရမ်းကောင်းတဲ့ ကုမ္ပဏီအကြောင်း နည်းနည်းလေး နားလည်ကြအောင်လို့ပါ။”
"ဘယ်လိုပဲဖြစ်ဖြစ် ထန်းတာ့ဂိမ်းက ဝန်ထမ်းသစ်ခန့်အပ်တဲ့ နေရာမှာ လိုအပ်ချက် အရမ်း တင်းကြပ်တဲ့ ကုမ္ပဏီတစ်ခုပါပဲ။ ဝန်ထမ်းသစ်တွေကို အသုံးချတဲ့နေရာမှာလည်း ရဲတင်းတယ်။ ဆန်းသစ်ရဲတင်းပြီး စကေးနဲ့ အသိပညာတွေရဲ့ အရေးပါမှုကိုလည်း အလေးပေးတယ်။”
"ထန်းတာ့ရဲ့ ဖန်တီးသူခေါင်းဆောင်လည်းဖြစ် ဒီဇိုင်နာခေါင်းဆောင်လည်းဖြစ်သူ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝထဲက ဘော့စ်ဖေးဟာ ဒီဇိုင်းဆွဲရာမှာ ကျွမ်းကျင်ရုံသာ မကဘဲ ဂိမ်းကိုကြော်ငြာတဲ့နေရာမှာလည်း အရမ်းကို ကျွမ်းကျင်ပါတယ်။ ပါရမီရှင်များစွာကို သူနဲ့ အတူ အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခု ရှိတယ်။”
"ဒါပေမယ့်လည်း သူက အထီးကျန်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ နားလည်နိုင်စွမ်းက ကျွန်တော်တို့မျိုးဆက်ထက် ပိုသာလွန်တယ်။ အဲ့တာကြောင့် လူတွေအထင်လွဲတာကို အမြဲခံခဲ့ရတယ်။”
"သူ့ဝန်ထမ်းတွေကို ရက်ရက်ရောရော ဆက်ဆံပြီး သူ့ကိုယ်သူတော့ ခြိုးခြံချွေတာတတ်တယ်။”
"ဒီနေရာက... အိပ်မက်တွေ အကောင်အထည် ပေါ်လာမယ့်နေရာ ဒီနေရာက ပြည်တွင်းဂိမ်းလောကရဲ့ စိတ်ကူးယဥ်မြေ ထန်းတာ့ဂိမ်းပဲ ဖြစ်ပါတယ်။”
ထိုသတင်းကို ထုတ်ဝေပြီး သိပ်မကြာလိုက်ပေ၊ မီဒီယာအားလုံနီးပါးက ထိုသတင်းကို ဆက်လက် မျှဝေခဲ့ကြသည်။ တကယ်တော့ ဒီသတင်းက အနည်းငယ် ပရော်ဖက်ရှင်နယ် မဆန်ပါ။ သတင်းရင်းမြစ်လည်းမပါ၊ ဓာတ်ပုံလည်းမပါ၊ သက်သေလည်းမပါပေ။
ဒါက အထောက်အထားမပါဝင်သည့် သာမန် သတင်းတစ်ပုဒ်သာဖြစ်သည်။ သို့သော်လည်း မီဒီယာအားလုံးနီးပါးက အသည်းအသန် ပြန်လည်မျှဝေနေပါသည်။ ထို့အပြင် အင်တာနက်အသုံးပြုသူများကလည်း ထိုသတင်းကို စတင်ကောမန့်ပေးကာ ဆွေးနွေးလာကြပါသည်။
အဓိကအချက်က ထန်းတာ့၏ သတင်းမှန်သမျှက ရှားပါးလွန်းသောကြောင့်ဖြစ်သည်။
တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ ပြီးကတည်းက ထန်းတာ့ကို ရေပန်းစားသော ဂိမ်းထုတ်လုပ်သူအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း ကုမ္ပဏီကို လျှို့ဝှက်ထားပြီး ကစားသမားများရှေ့မှာ တစ်ခေါက်တောင် ပေါ်မလာဖူးပါ။
ဒီလောကထဲက အတွင်းလူများစွာ၏ မျက်လုံးထဲမှာတော့ ထန်းတာ့ဆိုသည့် ဒီကုမ္ပဏီမှာ ဆန်းကြယ်မှုများနဲ့ ပြည့်နှက်နေပါသည်။ ကျင်းကျိုးမြို့ အခြေစိုက် ဂိမ်းကုမ္ပဏီများကတောင် ဒီကုမ္ပဏီအကြောင်း သိပ်ပြီး မသိကြပါ။
ဒါက ဓာတ်ပုံမပါဘဲ စာသားများသာ ပါသည့် သတင်းတစ်ပုဒ်ဖြစ်သော်လည်း Amusement Times က ပြည်တွင်းမှာ လူသိရှင်ကြား ဂိမ်းမီဒီယာတစ်ခု ဖြစ်သဖြင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်လို့ ရပါသည်။ ထို့ကြောင့်လည်း ဒီသတင်း ပေါက်သွားခြင်း ဖြစ်၏။
"ထန်းတာ့ကို မရပ်မနား ချီးကျူးနေတာပဲ။ ဒီဆန်းကြယ်တဲ့ ထန်းတာ့ရဲ့ ဘော့စ်က ပြည်တွင်း ဂိမ်းလောကရဲ့ မျှော်လင့်ချက် ဖြစ်လာတော့မယ်ထင်တယ်။ မဟုတ်မှလွဲရော Amusement TImesကော စပွန်ဆာလက်ခံနေပြီလားမသိဘူး။”
"မဖြစ်နိုင်ပါဘူး။ စပွန်ဆာသာဆိုရင် ဘာလို့ ဓာတ်ပုံဖြစ်ဖြစ် တခြား ဘာဖြစ်ဖြစ် ဘာလို့ မထည့်တာလဲ။ ဒီလို လှပတဲ့ အရေးအသားက... စပွန်ဆာလို့တော့ မထင်ရဘူးမလား။”
"မင်းတို့တွေ ဘာလို့ အဲ့တာကို စိတ်ပူနေတာလဲ။ ငါတို့ ဒီသတင်းရဲ့ မှန်ကန်မှု မမှန်ကန်မှုကို ဆွေးနွေးသင့်တာမလား။ တစ်ခုခု သိထားတဲ့ ဘယ်လောကက ဘော့စ်ကြီးက ဒီသတင်း ဘယ်လောက်မှန်မမှန် အတည်ပြုပေးနိုင်မှာလဲ။”
"သူ့နားလည်နိုင်စွမ်းက ကျွန်တော်တို့ မျိုးဆက်ကို ကျော်လွန်နေတယ်ဆိုတဲ့စာသားက နည်းနည်း ပုံကြီးချဲ့ရာကျလွန်းနေတယ်။ သူ့ဝန်ထမ်းတွေအတွက် ရက်ရောပြီး သူ့အတွက်သူတော့ ခြိုးခြံတယ်ဆိုတာကြီးကိုတော့ မယုံပါဘူးကွာ။"
"ဒါပေမယ့် ဂိမ်းဒီဇိုင်နာက ငါတို့မျိုးဆက်ကို ကျော်လွန်နေတယ်ဆိုတာက မမှားဘူး မဟုတ်ဘူးလား။"
"ငါက ထန်းတာ့က ဝန်ထမ်းတစ်ယောက်ပါ။ ဒါတွေ အကုန်လုံးမှန်တယ်ဆိုတာ အတည်ပြုပေးလို့ရတယ်။”
"ငါက ထန်းတာ့ရဲ့ တစ်လမ်းကျော်က ဖက်ထုပ်ဆိုင်ပိုင်ရှင်ပဲ။ ထန်းတာ့ရဲ့ ဝန်ထမ်းတွေက ငါ့ဆိုင်မှာ အမြဲတမ်း ဖက်ထုပ်လာစားကြတယ်။ ဒါတွေအမှန်ပဲဆိုတာ အတည်ပြုပေးလို့ရတယ်။”
"ငါ ထန်းတာ့ဘေးက အဆောက်အဦးရဲ့ လုံခြုံရေးအစောင့်ပဲ။ ငါလည်း အတည်ပြုပေးလို့ရတယ်။"
"မင်းတို့တွေကို ပြောပြမယ်။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို ကြည့်ဖူးကြလား။ ဟုတ်တယ် ဘော့စ်ဖေးအဖြစ် သရုပ်ဆောင်တဲ့ လူက တကယ့် ထန်းတာ့ရဲ့ ဘော့စ်ဖေးအစစ်ပဲ။"
"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝမှာ သရုပ်ဆောင် ဘာလို့ အရမ်းကောင်းတာလဲသိလား။ ဘော့စ်ဖေးကိုယ်တိုင် သရုပ်ဆောင်နေလို့ပေါ့။”
"ဒါ နည်းနည်း အဓိပ္ပာယ်မဲ့လာပြီ။ မင်းတို့လို အစုတ်ပလုတ် အင်တာနက်အသုံးပြုသူတွေက ပေါက်ကရတွေ ပြောနေကြတယ်။ ထန်းတာ့ရဲ့ဘော့စ် ဒီလောက်ငယ်တာကို မယုံပါဘူးကွာ။”
"ဟုတ်တယ် ငါ့တွေးခေါ်နိုင်စွမ်းကို လာလှောင်နေသလိုပဲ။”
"ဒါပေမယ့် သတင်းထဲက အကြောင်းအရာ တော်တော်များများကတော့ မှန်လောက်တယ်။ ငါဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို နောက်တစ်ခေါက် သွားကြည့်လိုက်ဦးမယ်။”
"ငါလည်း ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝဗီဒီယို စာမျက်နှာကိုသွားပြီး ဂိမ်းဒီဇိုင်နာကို ကြော်ငြာပေးမယ်။ အားလုံးလည်း Like လုပ်ခဲ့ဖို့ မမေ့နဲ့နော်။”