အခန်း(၁၃၂) ညာလက်ရုံးအမှန်
Vol. 9 Ch. 132
အခန်း(၁၃၂) ညာလက်ရုံးအမှန်
ယွီအင်တာနက် ကဖေးတွင်...
ဖေးချမ့်က ကော်ဖီဆိုင်နေရာတွင် ထိုင်နေပြီး ကျန်းယွမ် ရောစပ်ပေးထားသည့် မာတီနီကို သောက်နေပါသည်။
ကြည့်ရတာ ဝမ်းနည်းနေသည့်ပုံ သိပ်မပေါ်သော်လည်း သူ့မျက်လုံးများက စိတ်ဓာတ်ကျဆင်းနေသည်။ လူပါးသော အင်တာနက်ကဖေးထဲတွင် ဘော့စ်ဖေးက ညသန်းခေါင်ယံ၏ ပိုးစုန်းကြူးတစ်ကောင်လိုဖြစ်နေကာ တော်တော်လေးထင်ရှားနေပါသည်။
ကျန်းယွမ်နဲ့ မာယန်တို့ ကောင်တာနောက်မှာ ပုန်းကာ တိုးတိုးလေး တိုင်ပင်နေကြသည်။
"ငါတို့ဘာလုပ်ကြမလဲ။ ဘော့စ်ဖေးက ငါတို့ကို အပြစ်ပေးပြီး အလုပ်ထုတ်ဖို့ လာခဲ့တာများလား။ ညီအစ်ကိုမာ။ မင်းက ဘော့စ်ဖေးနဲ့ ရင်းနှီးတာပဲ။ ဒီကိစ္စ ဖြေရှင်းဖို့ နည်းလမ်းရှာမှဖြစ်မယ်...။”
မာယန်၏မျက်နှာက အလွန်တည်တံ့နေသည်။ သို့သော်လည်း စိတ်ထဲမှာတော့ ဆုံးဖြတ်ချက် ပြတ်သားလျက်ရှိပါသည်။ "စိတ်မပူနဲ့၊ ငါရှင်းလိုက်မယ်။ ငါတာဝန်အပြည့်အဝယူတယ်။ အဲ့လိုဖြစ်လာခဲ့ရင် မင်းတောင် ဒီအင်တာနက်ကဖေးထဲမှာ ဆက်နေနိုင်မှာ မဟုတ်ဘူး။ ငါ့ညီအစ်ကိုချမ့်နဲ့ ရင်းနှီးမှုကို အခြေခံပြီး မင်းသွားလို့ရမယ့်နေရာတစ်ခုခု သေချာပေါက် ရှာပေးမှာပါ။”
"အေးပါ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ငါတို့ ဒီတစ်ခေါက် တော်တော်လေး အသုံးမကျခဲ့ဘူး။ ဟွမ်စစ်ပေါ်က ဒီလောက်နာမည်ကြီးတဲ့ ဗီဒီယိုအတိုစီးရီးကို ရိုက်နိုင်ခဲ့တယ်။ ပြီးတော့ လုမင်လျန် ဦးဆောင်တဲ့ ဂိမ်းကလည်း အကြီးအကျယ် အောင်မြင်သွားတယ်။ ငါတို့ကောင်တွေပဲ အခုထိ အရှုံးပေါ်နေတုန်းဖြစ်နေတယ်။ တော်တော် အသုံးမကျတာပဲကွာ။”
ကျန်းယွမ်က အနည်းငယ် တွန့်တိုစွာ ပြောလိုက်ပါသည်။ "ညီအစ်ကိုမာ ငါတာဝန်မယူချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့နည်းလမ်းပေါင်းစုံ သုံးကြည့်ဖို့ ကြိုးစားခဲ့ကြတယ်လေ။ ဘော့စ်ဖေးက အမြဲတမ်း ငါတို့အကြံတွေကို ပယ်ချခဲ့တယ်။”
မာယန်က ခေါင်းခါလိုက်သည်။ "မင်း အဲ့လိုတွေးလို့မဖြစ်ဘူး။ ညီအစ်ကိုချမ့်က ရေရှည်အတွက် ပိုစဥ်းစားတယ်။ ငါတို့ရဲ့ စျေးလျှော့ပြီး ပရိုမိုးရှင်းလုပ်မယ့် အကြံတွေက ငါတို့နာမည်ကို ထိခိုက်စေလိမ့်မယ်။ အဲ့တာကြောင့် ညီအစ်ကိုချမ့်က သဘောမတူခဲ့တာပေါ့။”
"နောက်ဆုံးတော့လည်း ငါတို့က အသုံးမကျတာပါပဲ။ ညီအစ်ကိုချမ့်ရဲ့ တွေးပုံခေါ်ပုံကို နားလည်ပြိး အမြတ်ရအောင်လုပ်ဖို့ နည်းလမ်းကောင်းကောင်း မရှာနိုင်ခဲ့ဘူး။ ဟွမ်စစ်ပေါ်ကို ကြည့်လိုက်ပါဦး။ သူက ငါ့ထက် သိပ်ပြီး ထက်မြက်တဲ့ပုံမပေါ်ဘူး ထင်ရပေမယ့် ဒီတစ်ခေါက်တေ့ တော်တော် ပြောင်မြောက်အောင် လုပ်နိုင်ခဲ့တာပဲလေ။”
"ညီအစ်ကိုချမ့်က သူတို့ကို အဆင့်နိမ့်ပြီး စျေးနိမ့်တဲ့ အပေါစား စပွန်ဆာတွေကို သူတို့နာမည်ပျက်မှာဆိုးလို့ လက်မခံခိုင်းခဲ့ဘူးး။ သူတို့ ဗီဒီယိုတွေရဲ့ ပထမ အတွဲနှစ်ခုကို ဘာအကျိုးအမြတ်မှ မမျှော်မှန်းဘဲ စိတ်ဆန္ဒနဲ့ပဲ ဖန်တီးခဲ့ကြတာ.... အိုင်လီကျွန်းက အတွဲသုံးအတွက် ထုတ်လွှင့်ပြသခွင့်ကို ရသွားတော့ ရုတ်တရက်ကြီး ဝင်ငွေကောင်းလာတာပဲ။”
"ငါတို့က အဲလိုမျိုးလုပ်နိုင်ဖို့ လိုအပ်နေတယ်။”
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ "ညီအစ်ကိုမာ မင်းပြောတာမှန်တယ်။ ငါတို့ ဒီလိုစဥ်းစားမယ်ဆိုရင် ငါကလွဲပြီး အပြစ်တင်စရာ မရှိဘူး။”
"အဲ့လိုပြောလို့မရဘူး အဓိက တာဝန်ရှိသူက ငါပါ။” မာယန်ကခေါင်းခါလိုက်ပါသည်။ "မင်းက အကောင်းဆုံး ကြိုးစားပြီး ငါ့ကိုကူညီခဲ့တာပဲ။ အလုပ် ၃ ခုကို တစ်ခါတည်း လုပ်ရတယ်။ တစ်ခါတစ်လေ အင်တာနက်ကဖေးရဲ့ ဘဏ္ဍာရေးကိုပါ ဂရုစိုက်ရသေးတယ်။ မင်းအတွက် အရမ်းခက်ခဲမှာပေါ့။”
ကျန်းယွမ်က အနည်းငယ် ဝမ်းနည်းနေပါသည်။ တစ်ပြိုင်တည်း လစာ ၃ မျိုး ရသည့် နေ့ကောင်းရက်သာများ ကုန်ဆုံးတော့မည်ဟု ခံစားနေရပါသည်။
အင်တာနက်ကဖေးက ဆက်တိုက်ဆိုသလို အရှုံးပေါ်နေပါသည်။ ဘော့စ်ဖေးက သေချာပေါက် အင်တာနက်ကဖေးကို ပြန်လည်တည်ဆောက်ချင်သည်ဟု ပြောလာလိမ့်မည်။ ထိုသို့ဖြစ်လာပြီး ဝန်ထမ်းပြောင်းလဲမှုများ လုပ်ဆောင်သည့်အခါ အပြစ်တင်ဖို့ အချိန်ကျလာပါက မာယန်က ဘော့စ်ဖေးနှင့် ရင်းနှီးသောကြောင့် အရာရာအတွက် ကျန်းယွမ်သာ အပြစ်တင်ခံရမည့်သဘောရှိသည်။
မာယန်နှင့် ကျန်းယွမ်တို့နှစ်ယောက် အခုအတော်လေး စိတ်မသက်သာဖြစ်နေကာ ဝမ်းနည်းနေပါသည်။
နောက်ဆုံးတော့ မာယန်က သတ္တိမွေးလိုက်ပြီး ဖေးချမ့်ဆီသို့ လျှောက်သွားခဲ့ပါသည်။
ဖေးချမ့်က သူ့ မာတီနီကိုသောက်ရင်း ဖန်သားနံရံများအပြင်ဘက်က လမ်းမကြီးကို ကြည့်နေသည်။ သူ့အမြင်တွင် စနစ်မျက်နှာပြင်ပေါ်လာသည်။
သွားပါပြီ..။
သူ့ဝန်ထမ်းများကို အကျိုးခံစားခွင့်များစွာပေးကာ တတ်နိုင်သလောက် သူငွေဖြုန်းပြီးသွားပြီဖြစ်သည်။ တခြား အကြံလည်း မရှိတော့ပါ။ စနစ်ရန်ပုံငွေများ ဆက်တိုက်တက်လာတာကို မြင်ပြီး ဖေးချမ့် ကံကိုသာ အားကိုးနိုင်တော့ပါသည်။ သို့သော်လည်း အကောင်းဘက်က ကြည့်လိုက်ရင်တော့ စနစ်ရန်ပုံငွေတက်လာတိုင်း သူ့ကိုယ်ပိုင်စည်းစိမ်လည်း မြင့်တက်လာမည်ဖြစ်သည်။
၁၀၀ အချိုး ၁ အရ အရှုံးမပေါ်နိုင်တော့သောအခါ အသေးစားအောင်မြင်မှုလေးအဖြစ် သတ်မှတ်လို့ ရပါသေးသည်။
ဖေးချမ့် ဒီလိုပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်တော့သည်။
သူ ဝမ်းနည်းနေစဥ် မာယန် ရောက်လာ၏၊
"ညီအစ်ကိုချမ့် မင်းဒီကိစ္စကို အရမ်းဝေခွဲရခက်နေတာ သိပါတယ်။ ဒါပေမယ့် အင်တာနက်ကဖေးကို ငါ့ကိုစီမံဖို့ တာဝန်ပေးထားတာဆိုတော့ အရှုံးတွေအကုန်လုံးက ငါ့ကြောင့်ပါ။ ငါအလုပ်ထွက်ပြီး တာဝန်ယူလို့ ရပါတယ်။ ဒါပေမယ့် ကျန်းယွမ်က ပါရမီရှိတဲ့လူတစ်ယောက်ပဲ။ သူ့ကို သေချာဆက်ပြီး အသုံးချမှဖြစ်မယ်။”
မာယန်က အလွန် ဝမ်းနည်းနေသည့်ပုံပေါ်ပါသည်။ ရှေးခေတ်က စစ်ရှုံးပြီး သေဒဏ်ကျခံရတော့မည့် စစ်သူကြီးတစ်ယောက်လို ဖြစ်နေသည်။
ဖေးချမ့် စိတ်ရှုပ်သွားပါသည်။
သူကအပြစ်တင်ခံပြီး အလုပ်ထွက်မယ်ဟုတ်လား။ ငါ့ကိုလာနောက်နေတာလား။
မထွက်နဲ့…
ငါ့မှာမျှော်လင့်ချက်ဆိုလို့ မင်းပဲရှိတော့တာလေ...
ဖေးချမ့်က ဖန်ခွက်ကို အောက်ချလိုက်ပြီး သူ့ဘေးက ထိုင်ခုံတစ်လုံးကို ဆွဲလိုက်ပါသည်။ "မာကြီး ထိုင်ဦး။ ဘာလို့ အလုပ်ထွက်ဖို့ ရုတ်တရက်ကြီး စဥ်းစားနေတာလဲ။"
မာယန်က အလွန်ရှက်ရွံ့နေသည့်ပုံပေါက်ကာ ပြောလိုက်ပါသည်။ "ညီအစ်ကိုချမ့် အင်တာနက်ကဖေးက အဆင်မှမပြေတာ။ အဲ့တာငါ့ကြောင့်ပဲ ငါကောင်းကောင်းသိတယ်။ ငါတို့က သူငယ်ချင်းအရင်းကြီးတွေ ဆိုပေမယ့် ဒီလုပ်ငန်းကိုဆက်ပြီး ငါဖျက်ဆီးလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကိုအပြစ်ပေးပါကွာ။”
ဖေးချမ့်က မာယန်ကို ဆက်မပြောဖို့ လက်ပြတားလိုက်သည်။ "မာကြီး မင်း ဘာတွေ လာပြောနေတာလဲ။ ငါမင်းကို ဆုချရမှာလေ။ မင်းနဲ့ ကျန်းယွမ်တို့က အင်တာနက်ကဖေးကို စောင့်ကြည့်ပေးဖို့ ငါ့ကိုကူညီပေးနေတာ မဟုတ်ဘူးလား။ အားလုံးထဲမှာ မင်းတို့တွေကို သဘောအကျဆုံးပဲ။ မင်းတို့တွေလည်း ငါ့ကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး။”
"အင်တာနက်ကဖေးက ဆက်တိုက် အရှုံးပေါ်နေတယ်ဆိုပေမယ့် အင်တာနက်ကဖေးပရောဂျက်က တခြား နှစ်ခုထက်ပိုပြီး အရေးကြီးတယ်လို့ ငါမင်းကိုပြောပြီးသားမဟုတ်ဘူးလား။”
"မင်းတို့တွေကိုအချိန်ယူပြီး သေချာ ဂုဏ်ပြုဦးမှပါကွာ။"
မာယန်က အလွန်အံ့သြသွားပါသည်။ ဖေးချမ့်၏ မျက်နှာထားကို သေသေချာချာ ကြည့်လိုက်သည်။ သူက စနောက်နေသည့်ပုံစံလည်းမပေါ်ပါ။ စိတ်ရင်းဖြင့် ပြောနေခြင်း ဖြစ်ပါသည်။
ဖေးချမ့်က မာယန်အထင်လွဲမှာကို စိုးရိမ်သဖြင့် ကျန်းယွမ်ကိုခေါ်ဖို့ လက်ဟန်ပြလိုက်ပါသည်။
သူတို့နှစ်ယောက်က အခုနောက်ဆုံးကျန်သည့် ညာလက်ရုံးစစ်စစ်များ ဖြစ်ကြပါသည်။ အစကတော့ ပေါင်ရှုနဲ့ ဟွမ်စစ်ပေါ်တို့က သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု ဖေးချမ့်ထင်ခဲ့မိသည်။ သို့သော်လည်း အခုတော့ သူတို့နှစ်ယောက်က သူ့ကို လှည့်စားသွားမှန်း သိလိုက်ရပါသည်။
နောက်ဆုံးတော့လည်း သူ့ညီအစ်ကိုကိုပဲ အားကိုးလို့ ရတော့သည်။
ဖေးချမ့် လေးလေးနက်နက် စဥ်းစားပြီးသွားပါပြီ။ စနစ်ကို လက်ခံရရှိပြီး ထန်းတာ့ကို စတင်တည်ထောင်သည့် အချိန်ကတည်းက တစ်ခေါက်တစ်လေတောင် အရှုံးပေါ်အောင် မလုပ်နိုင်ခဲ့ပါ။ တစ်ခုတည်းသော ခြွင်းချက်က ယွီအင်တာနက်ကဖေး ဖြစ်သည်။ ထို့အပြင် မာယန့်ကြောင့်ပဲ အောင်အောင်မြင်မြင်နဲ့ အရှုံးပေါ်နေနိုင်တာ ဖြစ်ပါသည်။
တခြားသူတွေက ဖေးချမ့်၏ စကားလုံးနဲ့ ရည်ရွယ်ချက်များကို လှည့်ပတ် အဓိပ္ပာယ်ကောက်ရာတွင် တော်လွန်းသည်။ ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့က ဖေးချမ့်၏ ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက်လွဲပြီး ကျရှုံးလိမ့်မည်ဟု ဖေးချမ့် အပိုင်တွက်ထားသော သမုဒ္ဒရာရဲတိုက်ကို ပေါက်သွားအောင် ဖန်တီးနိုင်ခဲ့သည်။ ဖေးချမ့် သည်းခံနိုင်ပါဦးမလား။
သို့သော်လည်း မာယန်ကတော့ ခြားနားပါသည်။ ဖေးချမ့် ပြောသမျှကို မာယန်က အတည်ပေါက် နာခံသည်။ ဒါကလည်း ဖေးချမ့် အခု အလိုအပ်ဆုံးအရာ ဖြစ်ပါသည်။
ဖေးချမ့်က မာယန်ကို နွေးထွေးမှုများဖြင့် ပြည့်နှက်နေသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်ပါသည်။ ဒါက သူ ဆက်ပြီး ထိန်းသိမ်းထားရမည့် မီးတောက်လေး ဖြစ်သည်။ ဖေးချမ့် တဖြည်းဖြည်းနဲ့ အရှုံးပေါ်ဖို့ မျှော်လင့်ချက်များ ဆုံးရှုံးလာပြီ ဖြစ်သည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးက ထိုမျှော်လင့်ချက်လေးကို ဆက်ပြီး ထွန်းညှိပေးထားသည်။
ယွီအင်တာနက်ကဖေးတစ်ဆိုင်က လစဥ် ယွမ် ၃၀၀,၀၀၀ အရှုံးပေါ်ပြီး မူလအရင်း ယွမ် ၃သန်းကိုလည်း ပြန်ရမှာ မဟုတ်ပါ။
ယွီအင်တာနက်ကဖေး ၁၀ ဆိုင်လောက်ဆိုရင် ဘာဖြစ်သွားမလဲ။
တခြား ဆိုင်ခွဲများကို ဆက်လက်ဖွင့်နေသရွေ့ သူရှုံးချင်သမျှ အရှုံးပေါ်နိုင်မှာ မဟုတ်ပါလား။
ထို့ကြောင့် ဖေးချမ့်က မာယန်ကို နွေးထွေးပြီး အားအင်ပြည့်ဝသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ မာယန်နဲ့ ကျန်းယွမ်တို့လည်း ဒါကိုခံစားမိပါသည်။
ဘော့စ်ဖေး၏ မျက်နှာထားက... ပုံမှန်မဟုတ်ဘူး။
သူတို့ကို အပြစ်ပေးရမည့်အစား ဆုချချင်တယ်တဲ့လား။ သူတို့နှစ်ယောက် အနည်းငယ် ကြောင်အနေကြပါသည်။ သို့သော်လည်း အနည်းဆုံးတော့ စိတ်အေးသွားကြရပြီ။
ဖေးချမ့်က မာယန်နဲ့ ကျန်းယွမ်တို့ကို ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက် ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်။ မင်းတို့ ဒီတိုင်းပဲ ဆက်လုပ်ရမယ်။”
"နောက်လကျရင် ကျင်းကျိုးမြို့တွင်းက တခြားနေရာတွေမှာ ယွီအင်တာနက်ကဖေးတွေကို ဆက်ဖွင့်ချင်သေးတယ်။”
"မင်းတို့အသင့်ပြင်ထားကြ။ အခုချိန်ထိက အစမ်းသဘောပဲရှိသေးတယ်။ တကယ့်တိုက်ပွဲအစစ်က အခုမှလာမှာ။”