အခန်း(၁၃၃) ရန်သူကို လှည့်စားမယ့် ဘော့စ်ဖေးရဲ့ ဗျူဟာ
Vol. 9 Ch. 133
အခန်း(၁၃၃) ရန်သူကို လှည့်စားမယ့် ဘော့စ်ဖေးရဲ့ ဗျူဟာ
မာယန်အနည်းငယ် ကြောင်သွားပါသည်။ သူ့မျက်လုံးများ စိုစွတ်လာ၏။"ညီအစ်ကိုချမ့် အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားနေတာတောင် ငါ့ကိုယုံကြည်တုန်းပဲလား။ ငါတကယ်...။”
ဖေးချမ့်က မာယန်၏ ပခုံးကိုပုတ်ပေးလိုက်ပြီး ကျန်းယွမ်ကို ကြည့်လိုက်ပါသည်။ "မှတ်ထားပါ။ ငါမင်းတို့နှစ်ယောက်အပေါ်မှာ အမြဲတမ်း မျှော်လင့်ချက်မြင့်မြင့်ထားတယ်။ အဲ့တာ မပြောင်းလဲဘူး။ ငါတို့ တစ်လကို ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေလဲ ဘာဖြစ်လဲ။ ထန်းတာ့က အခု ကုမ္ပဏီအကြီးစားကြီးတစ်ခုပဲလေ။ ပိုက်ဆံတွေ ဒီတိုင်း ပုံထားလို့ ဘာအသုံးဝင်မှာလဲ။ ကောင်းကောင်း အသုံးချရမှာပေါ့။”
"ငါထပ်ပြောလိုက်မယ်။ ယွီအင်တာနက်ကဖေးက ထန်းတာ့ကော်ပိုရေးရှင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲနော်။ ဒီပရောဂျက်ကို ငါအများကြီးမျှော်လင့်ထားတယ်။ အဲ့တာကြောင့် မင်းတို့ နှစ်ယောက်ကို တာဝန်ပေးထားတာ။ အမြတ်တွေဘာညာကို လုံးဝခေါင်းထဲထည့်မနေနဲ့။ ငါတို့ အခု သတ်မှတ်ထားတဲ့ စျေးတွေကိုလည်း လျှော့ပေးလို့မရဘူး။ မင်းတို့လုပ်ရမှာက ဒီအဆင့်အတန်းအတိုင်း ဆက်ပြီး ထိန်းသိမ်းထားဖို့ပဲ။ နားလည်လား။”
"မာယန် ၃၀၀,၀၀၀ ကို အာရုံစိုက်မနေစမ်းပါနဲ့။ ယွမ် ၃ သန်းဖြစ်ဖြစ် သန်း ၃၀ လောက်ဖြစ်ဖြစ် ဖြစ်နေရင်တောင် မင်းတို့ ငါ့ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသရွေ့ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ၊ ငါမျက်မှောင်တစ်ချက်မကြုတ်စေရဘူး။”
"စိတ်ချထား။ ငါထပ်ပြောမယ်နော်၊ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ငါတာဝန်ယူမယ်။”
ဖေးချမ့် အင်တာနက်ကဖေးထဲက စိတ်မသက်သာဖြစ်နေသော ဝန်ထမ်းများအားလုံးကို ကြည့်လိုက်သည်။
"မင်းတို့အားလုံးလည်း အတူတူပဲ။ မင်းတို့တွေ စိတ်ပိုင်းဆိုင်ရာမှာ ဝန်မပိစေချင်ဘူး။ ယွီအင်တာနက်ကဖေးက ဘယ်လောက်ပဲဆုံးရှုံးပါစေ မင်းတို့ညီအစ်ကိုတွေကို တစ်ယောက်မှ အပြစ်မတင်ဘူးလို့ ငါအာမခံတယ်။"
"ဒီအင်တာနက်ကဖေးမှာ အလုပ်လုပ်နေတဲ့ ငါ့ညီအစ်ကိုတွေအားလုံးကို ၃၀ ရာခိုင်နှုန်း လစာတိုးပေးမယ်။ အားလုံး စိတ်အားထက်သန်မှုတွေနဲ့ ပြည့်ဝပြီး ကတ်စတမ်မာတိုင်းကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
"နောက်လကျရင် ငါတို့ ကျင်းကျိုးမြို့မှာ အင်တာနက်ကဖေးဆိုင်ခွဲတွေ ထပ်ဖွင့်ကြမယ်။ အဲ့အချိန်ကျရင် အဲ့ဒီဆိုင်ခွဲတွေမှာ မင်းတို့အားလုံး ဆိုင်ခွဲမန်နေဂျာဖြစ်လာနိုင်ချေရှိတယ် "
ဖေးချမ့်၏ စကားလုံးများက စိတ်အားထက်သန်မှုများနဲ့ ပြည့်နှက်နေပြီး အားလုံး၏ စိတ်ဓာတ်ကလည်း မိုးထိုးကာ မြင့်တက်သွားပါသည်။
ဝန်ထမ်းများ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ တစ်ယောက်မကျန် လစာတိုးမယ်တဲ့လား။
ထို့အပြင် ဆိုင်ခွဲများကိုလည်း မကြာခင်ဖွင့်တော့မည်။ ဆိုင်ခွဲအတွက် မန်နေဂျာများကိုလည်း ရှိပြီးသား ဝန်ထမ်းများထဲမှ ရွေးချယ်ပါလိမ့်မည်။
ကောင်းလိုက်တာ၊ တကယ်ကောင်းတာပဲ။
အစကတော့ အင်တာနက်ကဖေး ဆက်တိုက်အရှုံးပေါ်နေမှုကြောင့် ဘော့စ်ဖေးက ဒီလုပ်ငန်းကို လက်လျှော့လိုက်မှာကို အားလုံးစိတ်ပူနေခဲ့ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် သူတို့ ဒီလို အလုပ်ကောင်းကောင်း မရှိတော့မှာကို စိုးရိမ်နေခဲ့ကြသည်။ သို့သော်လည်း ဘော့စ်ဖေးက ဘယ်သူ့ကိုမှ မစွန့်ပစ်ချင်ပါ။ တကယ်တော့ အကုန်လုံးကို မြှင့်တင်ပေးချင်နေပါသည်။
အခုတော့ အားလုံး၏ ရင်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဘော့စ်ဖေးအတွက် အားလုံး ကြိုးစားကြမည်။
"ဟုတ်ပြီ၊ ငါပြန်တော့မယ်။ အင်တာနက်ကဖေးကို မင်းတို့လက်ထဲ အပ်ခဲ့မယ်နော်။ ငါစိတ်ချမယ်။" ဖေးချမ့်က မာယန်၏ လက်မောင်းကို ပုတ်လိုက်ပြီး ပြန်သွားပါသည်။
ဖေးချမ့်တစ်ယောက် လက်ထောက်ရှင်း၏ Cayenne ကားကြီးထဲ ဝင်ထိုင်ပြီး ပြန်သွားတာကို ကြည့်ရင်း မာယန်၏ စိတ်ခံစားချက်များ စုစည်းလာခဲ့သည်။ "ငါ အခု အကြံသစ်တွေ စဥ်းစားမယ်။ ငါဟွမ်စစ်ပေါ်ကို မရှုံးစေရဘူး။”
ကျန်းယွမ်ကလည်း စိတ်အားထက်သန်မှုများနဲ့ ပြည့်ဝနေပါသည်။ "ညမိုးချုပ်တော့မယ်။ ငါ ဒီနေ့ည သီချင်းနည်းနည်းလောက် ထပ်ဆိုဦးမယ်။ ကတ်စတမ်မာတွေကို အရက်လာဝယ်အောင် ကြိုးစားပေးမယ်။”
ကားထဲတွင်။
ဖေးချမ့်က သူ့အားပေးစကားက ယွီအင်တာနက်ကဖေး၏ ဝန်ထမ်းများအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ အလွန်ရှင်းလင်းသိသာနေပါသည်။
သို့သော်လည်း သူ စိတ်မပူပါ။ ကိစ္စတော်တော်များများက လမ်းချော်ခဲ့ပြီးသားပင်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ အသုံးမဝင်တော့ပါ။
မာယန်က အရမ်းစိတ်လှုပ်ရှားသွားလည်း ဘာဖြစ်လဲ။
ဘာမှ ပြောင်မြောက်တာ လုပ်နိုင်မှာလည်း မဟုတ်သဖြင့် ဖေးချမ့် လုံးဝ စိတ်မပူပါ။ ကျန်းယွမ်က အရက်များများ ပိုရောင်းရပြီး သီချင်းကောင်းကောင်းဆိုနိုင်ရင်လည်း ဘာဖြစ်လဲ။ တခြားသူတွေက ကတ်စတမ်မာတွေကို ဘုရင်တစ်ပါးလို ဝန်ဆောင်မှုပေးရင်လည်း ဘာဖြစ်လဲ။
ယွီအင်တာနက်ကဖေး၏ တည်နေရာနဲ့ စျေးနှုန်းတို့နဲ့တင် ကတ်စတမ်မာအများစုကို မလာဖို့ တားမြစ်နိုင်နေပြီးသား ဖြစ်သည်။
ဝန်ထမ်းအားလုံးက အကောင်းဆုံး ကြိုးစားပြီး ဒီနေရာမှာ စျေးနှုန်းများကို မြှင့်ထားရင်တောင် သူဌေးများက လာမှာ မဟုတ်ပါ။ မတတ်နိုင်သည့် သာမန်လူများကလည်း အားပေးမှာ မဟုတ်ပါ။ ဘာမှ များများစားစား ပြောင်းလဲသွားမှာ မဟုတ်ပေ။
ထို့အပြင် ဖေးချမ့် နောက်လထဲ ဆိုင်ခွဲများ စတင်ဖွင့်လှစ်ပါက အရှုံးများ ဆက်လက်ပေါ်နေဦးမည် ဖြစ်သည်။ အဲ့ကျရင် တဖြည်းဖြည်းနဲ့ ကြည့်ကောင်းလာပြီပဲမဟုတ်လား။
ဖေးချမ့်ရုံးသို့ ပြန်ရောက်လာပါသည်။ အခု ဘာမှ လုပ်စရာမရှိတော့ဘူးဟု ခံစားမိ၏။ ငွေစာရင်းရှင်းချိန်ရောက်ဖို့သာ စောင့်နေတော့သည်။ အခု ကုမ္ပဏီဝန်ထမ်းများကို ဘေးမဲ့ပေးထားသဖြင့် သူတို့လုပ်ချင်တာ လုပ်နိုင်ပါသည်။
သို့သော်လည်း ဒီနေ့ ဖေးချမ့်ရုံးကိုရောက်လာချိန်တွင် ရုံး၏ သွင်ပြင် တစ်ခုခု လွဲနေတာကို ခံစားလိုက်မိသည်။
အနည်းငယ် ဆူညံသောင်းကျန်းနေသည်။
လူတော်တော်များများက လုမင်လျန်ကို ဝန်းရံနေကြသည်။ ဘာတွေကြည့်နေကြသလဲ သူ မသိပါ။ သို့သော်လည်း အားလုံးက ပျော်ပျော်ကြီး ပြုံးနေကြပါသည်။ ထို့အပြင် သူတို့ကြားထဲမှာ ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကိုပါ ဖေးချမ့် တွေ့လိုက်ရပါသည်။
သူတို့နှစ်ကောင်က ဒီမှာ ဘာလုပ်နေတာလဲ။
ဖေးချမ့် မသိစိတ်က သတိကြီးလာသည်။ သူတို့နှစ်ယောက်က ဂြိုဟ်ကောင်များ ဖြစ်သည်။ ဖေးချမ့် သူတို့ကို မြင်လိုက်တိုင်း ဘာမှ ကောင်းတာ ဖြစ်မလာနိုင်ပါ။
ငါ ပြန်စဥ်းစားကြည့်ဦးမယ်။ ငါ တစ်ခုခု လွတ်သွားလို့လား။
ဂိမ်းဒီဇိုင်နာကလည်း ရေပန်းစားနေပြီ။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝလည်း အတူတူပဲ။ ငါအင်တာနက်ကဖေးကနေ ခုမှ ပြန်လာတာပါ။ အင်တာနက်ကဖေးကလည်း အတော် အရှုံးပေါ်နေတုန်းပဲ။ ဘာမှ မလွတ်ခဲ့ဘူးမလား။
ဘော့စ်ဖေးက အခု မြေအောက်ထဲထိ ရောက်နေသူ ဖြစ်နေပါပြီ။ ဒီ့ထပ်ဆိုးတဲ့ ဘာသတင်းဆိုး ရှိနိုင်ဦးမှာလဲ။ ဒီအုပ်စု ဘာတွေ ဆွေးနွေးနေကြတာလဲ။
အခုတော့ သူ့ခံစားချက်များ ခြားနားလာသည်။
"ဘော့စ်ဖေး ပြန်လာပြီဟေ့" တစ်ယောက်ယောက်က အော်လိုက်သည်။
ဟွမ်စစ်ပေါ်က ဘော့စ်ဖေးဆီသို့လျှောက်လာသည်။ အလွန်ပျော်ရွှင်နေသည့်ပုံပေါက်ကာ ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒီလောက်ထိ အခြေခိုင်အောင် လုပ်ခဲ့မယ်လို့ ထင်မထားဘူး။ ကျွန်တော် ဘော့စ်ဖေးကို အရမ်းလေးစားသွားပြီဗျာ။"
လုမင်လျန်ကလည်း သက်ပြင်းချလိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး သာမန်ကာလျှံကာ ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ ဒီလောက်ထိအဓိပ္ပာယ်တွေရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ။”
မာယိချွမ်ကလည်း လက်မထောင်ပြလိုက်ပါသည်။"အဝေးကြီး လိုသေးတဲ့ အောင်မြင်မှုအတွက် ဗျူဟာကြိုဖန်တီးထားတယ်ဆိုတာ ဘော့စ်ဖေးကိုပဲပြောတာဖြစ်မယ်။”
ဖေးချမ့်ကို အားလုံးက ချီးကျူးနေပြီး သူ့စိတ်ကတော့ ဗလာကျင်းဖြစ်နေပါသည်။
သူတို့ ဘာတွေပြောနေကြတာလဲ။ ငါ ဘာလို့ ဘာမှ နားမလည်တာလဲ။
ဖေးချမ့်က စိတ်အေးအေးထားဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။ "ဘာဖြစ်တာလဲ။”
ပေါင်ရှုက ဖေးချမ့်ရှေ့သို့ရောက်လာပါသည်။ ပုံမှန်ဆို တည်ငြိမ်အေးဆေးသည့် ပေါင်ရှုကပါ အခု လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။ "ဘော့စ်ဖေး ရဲ့သရုပ်မှန်နဲ့ ထန်းတာ့ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်နဲ့ လစာတွေကို မပေါက်ကြားစေဖို့ အရင်တုန်းက ပြောခဲ့ဖူးတယ်။ အစကတော့ အဲ့ဒီစကားရဲ့အဓိပ္ပာယ်ကို နားမလည်ဘဲ အပေါ်ယံပဲ မြင်ခဲ့မိတယ်။”
"ဘော့စ်ဖေးက ထန်းတာ့ရဲ့ အရမ်းမြင့်မားတဲ့ အကျိုးခံစားခွင့်တွေကြောင့် ပြည်တွင်းဂိမ်းလောက တစ်ခုလုံးကို မထိခိုက်စေချင်တာလို့ ထင်ခဲ့မိတယ်။ အခုတော့ နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိသေးမှန်း သိလိုက်ရပြီ။”
"ဘော့စ်ဖေး ဒီသတင်းကိုကြည့်ပါဦး။”
ပေါင်ရှုက ဖုန်းကိုပေးလိုက်ပြီး သတင်းကိုဖတ်ခိုင်းလိုက်ပါသည်။
'ဆန်းကြယ်သည့် ထန်းတာ့ဂိမ်းကုမ္ပဏီကို အနီးကပ်ကြည့်ရှုခြင်း၊ ပြည်တွင်းဂိမ်းလောကရဲ့ စိတ်ကူးယဥ်နယ်မြေ'
ဖေးချမ့်၏ မျက်လုံးများ မြင့်တက်သွားပါသည်။
ဘာလဲဟ၊ ဘယ်ကောင့်လက်ချက်လဲ။
သတင်းကို သေချာဖတ်ပြီးသောအခါ ဖေးချမ့် အနည်းငယ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့ အများကြီး ထိခိုက်မှု မရှိဘူး။
သတင်းထဲတွင် သူ့နာမည်အစစ်ကိုကော ထန်းတာ့၏ အကျိုးခံစားခွင့်များကိုကော မရေးထားပါ။ သတင်းတစ်ပုဒ်လုံးများ အင်တာဗျူးခံရသူ ဘယ်သူလဲဆိုတာတောင် ထည့်မရေးထားပါ။ သိပ်မယုံရပေ။ ဒါဆိုရင် ဒီသတင်းက ဘာထူးခြားလို့လဲ။
ဘာလို့ အားလုံး မြူးနေကြတာလဲ။
ဖေးချမ့် ဖတ်ပြီးသွားတာကိုမြင်သောအခါ ပေါင်ရှုက သည်းမခံနိုင်တော့ဘဲ ဆက်ပြောပါသည်။ သူက ကြွားတတ်သူ မဟုတ်ပေ။ သို့သော်လည်း ဒီနေ့တော့ ကြွားဝါချင်နေပါသည်။ တစ်ဖက်မှာတော့ ဘော့စ်ဖေး၏ အသိအမှတ်ပြုခြင်းကို ခံချင်လို့ ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ အားလုံးနဲ့ ဒီလို ကောင်းမွန်သည့် အစီအစဥ်တစ်ခုကို မျှဝေပေးချင်လို့ ဖြစ်ပါသည်။
"ဘော့စ်ဖေးရဲ့ သရုပ်မှန်ကိုကော ထန်းတာ့ရဲ့အကျိုးခံစားခွင့်တွေကိုကော တမင်သက်သက် ဖုံးကွယ်ထားခဲ့တာ မဟုတ်လား။ ရန်သူတွေကို လှည့်စားတဲ့ ဒီဗျူဟာက တကယ်ပြောင်မြောက်တယ်ဗျာ။ ဂိမ်းဒီဇိုင်နာကလည်း အရည်အသွေးမြင့်မှုနဲ့ ပြိုင်ဘက်ကင်း ဟန်ဆောင်မားကတ်တင်းစတိုင်ကြောင့် ပြည်တွင်းမှာ နာမည်ကြီးလာတယ်။”
"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကလည်း ဗီဒီယိုအတိုလောကမှာ စိတ်ဝင်စားမှု အများကြီး ရရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနှစ်ခုစလုံးက ဘော့စ်ဖေးရဲ့ အစီအစဥ် တစ်စိတ်တစ်ပိုင်းမှန်း မသိခဲ့ဘူးဗျာ။”
"ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝက မီးတောက်နှစ်ခုလိုပဲ။ ဘော့စ်ဖေးလုပ်ဖို့လိုတာဆိုလို့ မီးပွားလေးတစ်ခု ဖွင့်ပေးလိုက်ဖို့ပဲ။ အဲ့ဒီမီးတောက်နှစ်ခုက ပိုကြီးလာပြီး ပိုပိုတောက်ပလာပြီ။"
"အဲ့ဒီမီးတောက်က ဘော့စ်ဖေးရဲ့ လှည့်စားတဲ့ ဗျူဟာပေါ့။"
"ဒီသတင်းထွက်လာပြီးကတည်းက ကစားသမားနဲ့ ကြည့်ရှုသူအရေအတွက်တွေ အများကြီး ကျွန်တော်တို့ ကုမ္ပဏီကို အာရုံစိုက်လာကြတယ်။ တကယ့် သတင်းအစစ်သာဆိုရင် သူတို့စိတ်လှုပ်ရှားမှုကို ထိန်းနိုင်မှာတောင် မဟုတ်ဘူး။”
"ဒါပေမယ့် ဒီသတင်းရဲ့ လှည့်စားတဲ့ တင်ပြချက်ပုံစံက အများကြီး မျက်စိဖွင့်နားဖွင့်ပေးလိုက်နိုင်တယ်။ သတင်းအစစ်နဲ့ အတုကရောနှောနေတယ်။ ဒီသတင်း ချက်ချင်းပဲ ရေပန်းစားလာတယ်။”
"ထန်းတာ့ဂိမ်းက ဝေ့ပေါ် ပေါ်မှာ ရေပန်းစားအကြောင်းအရာ ဖြစ်လာတယ်လေ။ အင်တာနက်အသုံးပြုသူတွေ အများကြီးကိုလည်း လမ်းဖောက်ပေးလိုက်နိုင်တယ်။ တချို့ကို ကျွန်တော်တို့ရဲ့ ဂိမ်းတွေဆီကို လမ်းဖောက်ပေးလိုက်ပြီး တချို့ကိုတော့ ဗီဒီယိုအတိုစီးရီးဆီကို လမ်းဖောက်ပေးလိုက်နိုင်တယ်။ ဒီ ၂ ရက်အတွင်း ကျွန်တော်တို့ ဂိမ်းတွေအားလုံးရဲ့ ရေပန်းစားမှုက မြင့်တက်လာတယ်။ အထီးကျန်ကန္တာရလမ်းတောင် ပါသေးတယ်။”
"ဗီဒီယိုအတိုစီးရီးက ပိုတောင်ကောင်းသေးတယ်။ အပိုင်းတိုင်းရဲ့ ပျမ်းမျှ ကြည့်ရှုသူ ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် တက်သွားတယ်။ ထန်းတာ့ရဲ့ ဘော့စ်ဖေးက ဗီဒီယိုအတိုထဲက ဘော့စ်ဖေးနဲ့ တူရဲ့လားဆိုတာ တော်တော်များများက သိချင်နေကြတယ်။”
"ဘော့စ်ဖေးရဲ့ သရုပ်မှန်ကို လူသိရှင်ကြားထုတ်ပြနိုင်တဲ့နေ့ကျရင် မီးတောက်က ပိုတောင်ကြီးလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘော့စ်ဖေး ဒီလို ဘယ်တော့လုပ်မလဲတော့ မသိဘူး။ ကျွန်တော်တို့ နောက်တစ်ဂိမ်းထုတ်တဲ့အခါကျရင်လား။"
"ကျွန်တော်တကယ် မျှော်နေမိပြီ" ဒီလို ဖားယားမှုကို ရင်ဆိုင်လိုက်ရသောအခါ ဖေးချမ့် ရင်ထဲထိ ကြက်သေ သေသွားပါတော့သည်။
ဒါ ဘာသဘောလဲ။ ငါမြေကြီးထဲတောင် ဝင်နေပါပြီ။ ဒီ့ထက် ပိုမဆိုးရွားနိုင်တော့ဘူးလို့ ထင်ထားတာ။ မင်းတို့ကောင်တွေ ငါ့အလောင်းကိုတောင် ပြန်လာတူးကြသေးတယ်ပေါ့။