← Chapters

တားမြစ်ပိုင်နက်

Vol. 28 Ch. 420

တားမြစ်ပိုင်နက်

Vol. 28 Ch. 420

ပုလွေသံ လွင့်ပျံသွားသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ရွှီချင်း၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်းနှင့် ရှစ်ဂိုဏ်းမဟာမိတ် ဝင်ရောက်လာသည်။

ဆည်းဆာနေရောင်ခြည်တန်းများက ကျဉ်းများဖြင့် ပြည့်နှက်နေသော ရှစ်ဂိုဏ်းမဟာမိတ်အပေါ် ဖြာကျနေသည်။ မြစ်ရေက မည်းနက်နေခြင်း မရှိတော့ဘဲ အင်မော်တယ်ချီအရှိန်အဝါများ တဖန် ပြန်လည် ထွက်ပေါ်နေပြီဖြစ်ပါသော်ငြား ကုန်းမြေပျက်စီးသွားရခြင်းသည် ရက်အနည်းငယ်အတွင်း ဖယ်ရှားနိုင်သည့် ကိစ္စ မဟုတ်ပေ။

အဝေးမှကြည့်ပါက ပြန်လည်ပြင်ဆင်နေသော အဆောက်အအုံများသည် လူတစ်ယောက် ခန္ဓာကိုယ်ပေါ်က တဖြည်းဖြည်း အနာကျက်လာသော ဒဏ်ရာများနှင့် ဆင်တူသည်။

နေရာအနှံ့မှ မြူခိုးဓာတ်နှောများ ကောင်းကင်ယံသို့ မြင့်တက်နေသည်။

ထိုအခြင်းအရာအားလုံးကြောင့် မြို့ကြီးတစ်မြို့လုံးတွင် နာကြည်းခံပြင်းခြင်းများဖြင့် ပြည့်နှက်နေပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သော ကပ်ဘေးကြီးအကြောင်းကို ပြောပြနေသည်။

သစ်သားသေတ္တာထဲက နတ်ဘုရားအကြည့် ထွက်လာစဉ်အခါကထက် ဓာတ်နှောများ သိသိသာသာ နည်းပါးသွားခဲ့ပြီ ဖြစ်ပါသော်လည်း ကျယ်ပြန့်သောအကွာအဝေးတစ်ခုအထိ ဓာတ်နှောများ သက်ရောက်သွားခဲ့သည်။ ထို့ကြောင့် တိုက်စားခြင်း ရပ်တန့်သွားပြီ ဖြစ်ပါသော်ငြား ထိုဓာတ်နှောများကြောင့် ဖြစ်ခဲ့သော ဒဏ်ရာက အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ထိုကပ်ဘေးသည် ချီရွှဲ့ထုံဂိုဏ်းသာမက ရှစ်ဂိုဏ်းမဟာမိတ်တစ်ခုလုံးကို ကျရောက်သွားခဲ့သည်။ သေဆုံးခြင်းများစွာ မရှိပါသော်လည်း ထိုးနှက်ချက်က ကြီးမားသည်။

ကောင်းကင်ယံမှ ရွှီချင်း၏မှော်စစ်သင်္ဘောကြီး ဆင်းသက်လာသည်။

သူ့ရှေ့ရှိ အရာအားလုံးနှင့် အသက်မဲ့နေသော လူများကို ကြည့်ကာ အဝေးသို့ သူ ကြည့်လိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းသို့ သူ ရောက်သည်နှင့် ဝမ်းနည်းနေသော ဆဋ္ဌမမြောက်တောင်ထိပ်မင်းသားများ၊ တောင်အသီးသီးမှ တိတ်ဆိတ်နေသော ကျင့်ကြံသူများနှင့် ပျက်စီးနေသော တောင်များကို မြင်လိုက်ရသည်။

ရွှီချင်း ငြိမ်သက်သွားသည်။

သူ လျှောက်သွားပြီး ပါဝင်ကူညီလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်ကျော် ကုန်လွန်သွားသည်။

ထိုအတောအတွင်း ရွှယ်လျန့်ကျစ်ကိုဖြစ်စေ၊ အမှတ်ခုနစ်သခင်ကြီးကို ဖြစ်စေ ရွှီချင်း မမြင်ခဲ့ရပေ။ ခေါင်းဆောင်၊ ဆရာတူအစ်မနှင့် အမှတ်သုံးဆရာတူအစ်ကိုတို့ကို မြင်ခဲ့ရသည်။ သူတို့၏မျက်နှာများပေါ်တွင် ရှုပ်ထွေးသောအမူအရာများ ရှိနေသည်။

အထူးသဖြင့် ခေါင်းဆောင်ပင်။ ရွှီချင်းနှင့် အမှတ်ခြောက်သခင်ကြီးကြားက ဆက်ဆံရေးကို သူ သိသည်။ သူသည် တိတ်ဆိတ်စွာ ရွှီချင်း၏ပခုံးကို ပုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ရွှီချင်း ငြိမ်သက်သွားသည်။

လဝက်ကျော် ပြန်လည်ပြင်ဆင်ပြီးနောက် ရှစ်ဂိုဏ်းမဟာမိတ်ထဲရှိ ဓာတ်နှောများ၏ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ကျန်များမှာ အကောင်းပကတိ ပြန်ဖြစ်ရန် အချိန်ကြာဦးမည် ဖြစ်သည်။

ဂိုဏ်းအသီးသီးမှာ သူတို့၏စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ရှစ်ဂိုဏ်းမဟာမိတ်သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဘုံသဘောတူညီချက်တစ်ခု ချမှတ်ခဲ့သည်။

သူတို့သည် ဓားကိုင်ရုံးခွဲသို့ တင်ပြကာ အလင်းတမန်အဖွဲ့အစည်း၏ အန္တရာယ်အဆင့် သတ်မှတ်ချက်ကို အဆင့်တစ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ ဓားကိုင်ရုံးခွဲကို အလင်းတမန်အဖွဲ့အစည်းအား အင်အားတိုးမြှင့်၍ ဖမ်းဆီးပေးရန်လည်း တောင်းဆိုခဲ့သည်။

ယင်းအပြင် ရှစ်ဂိုဏ်းမဟာမိတ်သည် အလင်းတမန်အဖွဲ့အစည်းကို သေသေကြေကြေ တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သစ်သားသေတ္တာထဲမှ နတ်ဘုရားအကြည့်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါသော်လည်း သူတို့၏အမုန်းတရားကို ဖော်ပြခြင်း မပြုလျှင် ရှစ်ဂိုဏ်းမဟာမိတ်မှာ အလင်းတမန်အဖွဲ့အစည်း၏ တိုက်ခိုက်ခြင်း မခံရဘဲ အတွင်းဖွဲ့စည်းတည်ဆောက်ပုံက ပထမဦးစွာ ပြိုကွဲသွားမည် ဖြစ်သည်။

ယင်းသည် အပြင်လောကကို သူတို့ရပ်တည်ချက် ပြသလိုက်ခြင်း ဖြစ်သည်။ သူတို့၏အတွင်းပိုင်းအခြေအနေမှာမူ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးမှာ ခေါင်းဆောင်ပိုင်းမှ ထုတ်ပယ်ခံလိုက်ရသည်။ တိမ်လွှာဓားဂိုဏ်းသည် ရှစ်ဂိုဏ်းမဟာမိတ်ရှိ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေသေးသော်လည်း သူတို့ ရရှိမည့်အကျိုးအမြတ်များအားလုံးသည် နောင်နှစ်ပေါင်းရာချီကြာသည်အထိ အနိမ့်ဆုံးအဖြစ် လျော့ချခံလိုက်ရသည်။

သူတော်စင်ကြယ်တို့သားအဖကို သတ်မပြီးသေးမချင်း တိမ်လွှာဓားဂိုဏ်းသည် ပြင်းထန်သော ထိုအပြစ်ပေးခြင်းကို ခံယူရမည် ဖြစ်သည်။

တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာမှာမူ တစ်ဝက်အထိ အစွမ်းလျော့ကျသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချီရွှဲ့ထုံဂိုဏ်းသို့ ကျရောက်သွားခဲ့သော တားမြစ်သစ်ပင်ကို အမှတ်ခုနစ်သခင်ကြီးနှင့် ရွှယ်လျန့်ကျစ်တို့က အောင်မြင်စွာ ဖိနိုင်နိုင်ခဲ့ပြီး ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ရတနာတစ်ဝက်အဖြစ် ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်။

ရှစ်ဂိုဏ်းမဟာမိတ်ရှိ ဂိုဏ်း ( ၁၃၇ ) ဂိုဏ်းက အသိဉာဏ်ဌာနအသီးသီးကို အသုံးချ၍ အလင်းတမန်အဖွဲ့ဝင်များကို ရှာဖွေကြလေသည်။ သစ်သားသေတ္တာကိုလည်း ယင်ဟွမ်ပြည်နယ်တစ်ခုလုံး စိတ်ဝင်စားနေကြသည်။

ပြန်ပြောင်းတွေးမိသောအခါတွင် သစ်သားသေတ္တာထဲမှ အကြည့်သည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြည့်မဖြစ်နိုင်ဘဲ တူညီသောအရာသာ ဖြစ်ပေမည်။

သို့သော်လည်း မည်သည့်အရာကိုမဆို မှန်းဆကြည့်ရန် သဲလွန်စနည်းပါးလှသည်။

သေချာသောအရာတစ်ခု ရှိသည်။ ထိုအကြည့်သည် အစွမ်းထက်ပါသော်ငြား လုံးလုံးလျားလျား မခုခံနိုင်လောက်အောင် အစွမ်းထက်ခြင်း မဟုတ်ပေ။ ကြောက်စရာအကောင်းဆုံးမှာ ထိုကိစ္စနောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများ ဖြစ်သည်။

အလင်းတမန်အဖွဲ့အစည်းသည် နတ်ဘုရား၏အစွမ်းတစ်စိတ်တစ်ပိုင်းကို အမှန်တကယ် ကျွမ်းကျင်နေပြီ ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်းမှ ထွက်ခွာရန် ရွေးချယ်လိုက်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာ တည်ရှိသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ခရီးတိုတစ်ခု သူ သွားချင်သည်။

ထိုနေရာသို့ သွားကာ တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို သူ ဖွင့်ကြည့်မည် ဖြစ်သည်။

ယင်းမတိုင်ခင်က တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ဖွင့်ရေးနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားခြင်း မရှိပေ။ ယခုအခါတွင်မူ ကိစ္စများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူ ပြန်လာစဉ်အခါက တွေးခဲ့သော ကိစ္စကို အောင်မြင်ချင်သည်ဆိုပါက ပို၍ အစွမ်းထက်လာရမည် ဖြစ်ပြီး အဆုံးစွန်သောအစွမ်းကို ပိုင်ဆိုင်ရမည် ဖြစ်သည်။

သူ ထွက်မသွားခင် အမှတ်ခြောက်သခင်ကြီး၏ အုတ်ဂူရှေ့တွင် အမှတ်ခုနစ်သခင်ကြီးကို သူ မြင်ခဲ့သည်။

အမှတ်ခုနစ်သခင်ကြီးသည် လက်ထဲတွင် သေရည်အိုးတစ်အိုးနှင့် အုတ်ဂူရှေ့တွင် ထိုင်နေသည်။

ရွှီချင်း၏မှတ်ဉာဏ်များထဲတွင် အမှတ်ခုနစ်သခင်ကြီးသည် အမြဲတစေ တည်ငြိမ်နေတတ်သည်။ အရာအားလုံး သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား သူ့မျက်လုံးများထဲတွင် နက်နဲသောဉာဏ်ပညာများ ရှိနေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် အမှတ်ခုနစ်သခင်ကြီးသည် ယခင်ကနှင့် မတူညီပေ။

သူ့ဆံပင်များ ရှုပ်ပွနေပြီး မျက်လုံးများ နီမြန်းနေကာ မျက်နှာပေါ်တွင် သူ့ကိုယ်သူ အပြစ်တင်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူ အဆင့်တက်ရန် ရွေးချယ်နေသည့်အလား သူ့ကိုယ်မှ စွမ်းအင်အငွေ့အသက်များ ပရမ်းပတာ ထွက်ပေါ်နေသည်။

သို့သော်လည်း အဆင့်တက်ခြင်းက ထိုမျှ မလွယ်ကူသည်မှာ သိသာသည်။ ရွှီချင်း အပြင်သွားတော့မည်ကို ကြား၍ အမှတ်ခုနစ်သခင်ကြီးက ရွှီချင်းကို လှည့်ကြည့်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ခရမ်းရောင်ကောင်းကင်သရဖူနောက်တစ်ခု ပေါ်လာသည်။ ထိုသရဖူကို ရွှီချင်းအား ပေးလိုက်ပြီးနောက် ကျောက်နက်ကို ထုတ်၍ ထိုကျောက်ကိုလည်း ရွှီချင်းအား ပေးလိုက်သည်။

ထိုကျောက်နက်သည် သွေးစွန်းနေသော အဝတ်စတစ်စနှင့် ဆင်တူပြီး မိစ္ဆာအရှိန်အဝါများ ထုတ်လွှတ်နေသည်။ ၎င်း၏ အစွမ်းက သက်ပွားတစ္ဆေကလေးနှင့် ဆင်တူသည်။

“ အမှတ်လေး၊ ဆရာ တခြားဘာမှ မတောင်းဆိုဘူး။ မင်းနဲ့ မင်းဆရာတူအစ်ကို၊အစ်မတွေ ဘေးကင်းဖို့ပဲ ဆရာ လိုချင်တယ်။ အမှတ်ခြောက်သခင်ကြီး ထွက်သွားပြီဆိုတော့ ဆရာ့ထက်အရင် မင်းတို့ ထွက်သွားတာကို မမြင်ချင်ဘူး ”

“ ဒီလောကကြီးက ခန့်မှန်းလို့မရဘူး။ ငါ အားလုံးကို တွက်ချက်ထားခဲ့ပေမဲ့ အဲဒါကို မတွက်မိလိုက်ဘူး။ ဘယ်လိုဖြစ်လို့ … ”

အမှတ်ခုနစ်သခင်ကြီးသည် ပြောနေရင်း အသံတိမ်ဝင်သွားပြီး ရွှီချင်းကို နောက်ထပ်ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။ ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ပိုင်နက်ကို ဝင်ရောက်ရန် ဂိုဏ်းတံဆိပ်ပြား ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် တားမြစ်ဓမ္မရတနာနှင့် ပတ်သက်သော ဗဟုသုတတချို့လည်း ပါသည်။

ရွှီချင်း၏မျက်လုံးများ အနည်းငယ် နီမြန်းနေပြီး ကျောက်စိမ်းပေလွှာကို တိတ်ဆိတ်စွာ ယူလိုက်သည်။ သူ အလေးအနက် အရိုအသေပေးလိုက်ပြီးနောက် အမှတ်ခြောက်သခင်ကြီး၏ အုတ်ဂူကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ညဉ့်ငှက်၏လက်ထဲရှိ ခေါင်းပုံရိပ် ပေါ်လာပြီး သူ့နှလုံးသား နာကျင်သွားရပြန်သည်။

ခဏအကြာ ရွှီချင်းသည် အုတ်ဂူကို ခေါင်းငုံ့၍ လေးပင်စွာ အရိုအသေပေးလိုက်သည်။ ယင်းနောက် သူ၏ဆရာကို ကြည့်ကာ သူ့ကိုယ်သူ အပြစ်တင်နေဟန်ရှိသော သူ့ဆရာ၏မျက်နှာကို မြင်လိုက်ရသည်။

“ ဆရာ၊ အမှတ်ခြောက်သခင်ကြီးအတွက် လက်စားချေရမယ် ”

အမှတ်ခုနစ်သခင်ကြီး၏အကြည့်က လေးနက်သွားသည်။ သူသည် ခေါင်းမော့၍ အဝေးကို ကြည့်လိုက်ပြီး စူးရှပြတ်သားသောအရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။

“ သေချာတာပေါ့ ”

အဝေးမှ တင်းရွှယ်၏အဒေါ် ရောက်လာပြီး သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြနေသော အမူအရာတစ်ခု ပေါ်လာသည်။ ရွှီချင်းသည် လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် သူမကို မနှောင့်ယှက်တော့ဘဲ အလင်းတန်းတစ်တန်း အသွင်ပြောင်းလဲ၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တည်ရှိရာ တားမြစ်ပင်လယ်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။

ဓာတ်နှောများကြောင့် ထိုအတောအတွင်း မဟာမိတ်၏ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်များ မတည်မငြိမ် ဖြစ်နေသည်။ ထို့ကြောင့် ရွှီချင်းသည် မှော်စစ်သင်္ဘောဖြင့် သွားလာရန် ရွေးချယ်လိုက်သည်။

ပင်လယ်အထက်ရှိ ကောင်းကင်ယံတွင် လူတစ်ယောက်ကို သူ မြင်လိုက်သည်။

ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပြစ်မျိုးမဲှ့မထင် လှပသော လူရိပ်သည် နတ်မိမယ်ကျစ်ရွှမ်မှလွဲ၍ တခြားမဟုတ်ပေ။

နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကို ရပ်၍ ငေးကြည့်နေသည်။

ရွှီချင်းသည် ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

“ ဆရာမကို နှုတ်ဆက်ပါတယ် ”

နတ်မိမယ်ကျစ်ရွှမ်သည် နှုတ်ဆိတ်နေသည်။ ရွှီချင်းသည် အချိန်အတော်ကြာ စောင့်နေပြီးနောက် လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ထွက်သွားသည်။ ပေတစ်ထောင်အကွာအဝေးသို့ ရောက်သောအခါ နတ်မိမယ်ကျစ်ရွှမ်က ရုတ်တရက် ပြောလိုက်သည်။

“ အဲဒါက ရုတ်တရက် ဖြစ်သွားတာဆိုတော့ ငါ တစ်ခုခုလုပ်ဖို့ အချိန်မရလိုက်ဘူး ဖြစ်သွားတယ် ”

ရွှီချင်းသည် ရပ်သွားပြီး လှည့်ကြည့်ကာ နတ်မိမယ်ကျစ်ရွှမ်ကို ညင်သာစွာ ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် အစ်မ ”

ယခုတစ်ခေါက်တွင် ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်ကို ‘ ဆရာမ ’ အဖြစ် မခေါ်ပေ။

သူသည် ပြောပြီးနောက် အဝေးသို့ ပျံသန်းသွားသည်။ ရွှီချင်း၏နောက်ကျောကို ကြည့်၍ နတ်မိမယ်ကျစ်ရွှမ်၏ မျက်နှာပေါ်တွင် တဆစ်ဆစ် နာကျင်နေသော အမူအရာတစ်ခု ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် အေးစက်စက်မျက်ဝန်းများဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ အလင်းတမန် ”

မျက်တောင်တစ်ခတ်အတွင်း ရက်ပေါင်းများစွာ ကုန်သွားသည်။

ရွှီချင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်သည်။ မှော်သင်္ဘောကို စီး၍ တဟုန်ထိုး သွားလာနေသည်ဖြစ်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျွန်းနှင့် ကျွန်းပေါ်ရှိ ရုပ်ထုကြီးများကို သူ တဖြည်းဖြည်း မြင်လာရသည်။

ရုပ်ထုကြီးများအထက်တွင် လွင့်မျောနေသော ရှေးဟောင်းကြေးမုံပြင်ကြီးတစ်ချပ်လည်း ရှိသည်။

ကြေးမုံပြင်ကြီး တဖြည်းဖြည်း လည်ပတ်နေသည်နှင့်အမျှ ကြောက်ခမန်းလိလိနတ်စိတ်ဆန္ဒတစ်မျိုး အရပ်မျက်နှာအနှံ့ ဖြာကျသွားသည်။ အနီးသို့ ချဉ်းကပ်လာသည့်မည်သူမဆို ကြေးမုံပြင်ကြီးက အာရုံခံမိသွားမည် ဖြစ်သည်။

ဤနေရာတွင် ချီရွှဲ့ထုံဂိုဏ်းက အုတ်မြစ်ချလိုက်သည့်အချိန်ကတည်းက အနီးအနားရှိ ကျွန်းများအားလုံး တားမြစ်ဓမ္မရတနာ၏ စက်ဝန်းထဲ ရောက်သွားသည်။ လက်အောက်ခံမျိုးနွယ်အနေဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ လှုပ်ရှားမှုတိုင်းကို စစ်ဆေးနေမည်ဖြစ်ပြီး သစ္စာဖောက်ရန် အခွင့်အရေး မရှိပေ။

ချီရွှဲ့ထုံဂိုဏ်းသည် တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများကို ဤနေရာတွင် အလှည့်ကျ စောင့်ကြပ်စေခဲ့သည်။ တားမြစ်ဓမ္မရတနာများကို ထိန်းသိမ်းရန် တာဝန်ကျသော တောင်သခင်များလည်း ရှိသည်။ လက်ရှိတွင် တတိယမြောက်တောင်ထိပ်၏ တောင်သခင်က တာဝန်ယူနေသည်။

ထိုအချိန်၌ ရွှီချင်း နီးကပ်လာသည်နှင့် ကြေးမုံပြင်ထဲရှိ အစောင့်အရှောက်ဝိညာဉ်၏ နတ်အာရုံက ရွှီချင်းအပေါ် ကျရောက်သွားသည်။ သူ့တစ်ကိုယ်လုံး အေးစက်စက်စိတ်ဆန္ဒတစ်ခု ပြည့်နှက်သွားပြီး ဂိုဏ်းတံဆိပ်ပြားကို သူ ထုတ်လိုက်သည်။

တားမြစ်ပိုင်နက်သည် ဆန္ဒရှိသလို ဝင်ထွက်သွားလာခွင့်ရှိသောနေရာ မဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်း၏ မင်းသားတစ်ပါး ဖြစ်နေလျှင်ပင် သူ့သဘောဆန္ဒဖြင့် ဤနေရာသို့ လာခွင့်မရှိပေ။ အမှတ်ခုနစ်သခင်ကြီး၏ ထောက်ခံချက်ဖြင့်ဖြစ်စေ၊ ရွှယ်လျန့်ကျစ်၏ ထောက်ခံချက်ဖြင့်ဖြစ်စေ ဤနေရာသို့ ဝင်ရောက်ခွင့်ရှိသည်။

နတ်အာရုံက ရွှီချင်း ထုတ်လိုက်သော ဂိုဏ်းတံဆိပ်ပြားပေါ် ကျရောက်သွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။ သူ့ရှေ့ရှိ ပင်လယ်ကြီးက တရွှီရွှီမြည်ကာ လမ်းတစ်လမ်းအဖြစ် ပြန့်ကျဲသွားသည်။

ရွှီချင်း၏ မှော်စစ်သင်္ဘောသည် ပင်လယ်လမ်းကြောင်းတစ်လျှောက် ခုတ်မောင်းသွားသည်။ ဘေးတစ်ဖက်တစ်ချပ်တွင် ပေဒါဇင်ချီမြင့်မားသော ပင်လယ်ရေနံရံများ ရှိသည်။

ထိုအခြင်းအရာအားလုံးကို ကြည့်၍ ချီရွှဲ့ထုံဂိုဏ်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားလည်သွားသည်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းက ဂိုဏ်းသားများထံမှ သူ ကြားသိခဲ့ရသည့်အလင်းအောက် နိမ့်ကျနေသေးသည်။

ရွှီချင်းသည် ကမ်းခြေသို့ ချဉ်းကပ်သွားသည်။ မှော်စစ်သင်္ဘောကို သူ သိမ်းဆည်းလိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲသို့ သူ ခြေချလိုက်သည်။

ခရမ်းရောင်မြေတွင် ထူးဆန်းသော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေသည်။ လင်းကျစ်ပင်များကဲ့သို့ အပင်များ နေရာအနှံ့ ရှိနေသေးသည်။ ဒုဓလီပင်များစွာသည် လေအဝှေ့တွင် ယိမ်းခါနေပြီး လှပသော မြင်ကွင်းတစ်ရပ် ဖြစ်နေပေသည်။

ဧရာမရေခူကြီးများ လေထဲတွင် ပျံသန်းလာသည်။ ရေခူကြီးတစ်ကောင်က မြန်ဆန်စွာ ပျံသန်းလာပြီး ရွှီချင်းကို ကြိုဆိုရန် လက်တံတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ရေခူကြီးပေါ်တွင် ချီရွှဲ့ထုံဂိုဏ်းသားဆယ်ဂဏန်းခန့်ရှိသည်။ ထိုဂိုဏ်းသားများအားလုံး အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ရွှီချင်းကို သူတို့ မြင်သောအခါ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ကြသည်။

“ တောင်သခင်က ဂိုဏ်းက အမိန့်ကို လက်ခံရရှိခဲ့လို့ တာအိုအစောင့်အရှောက်တချို့ကို တားမြစ်ပိုင်နက်မှာ စောင့်ကြပ်ဖို့ စေခိုင်းထားပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက အရေးမကြီးပါဘူး။ ကျနော်တို့ကို မင်းသားကို လာကြိုဖို့ အမိန့်ပေးထားလို့ လာခဲ့တာပါ ”

အမှတ်ခုနစ်သခင်ကြီးသည် ဂိုဏ်းခေါင်းဆောင်ဖြစ်၍ ရွှီချင်းသည် သတ္တမမြောက်တောင်ထိပ်၏ မင်းသားတစ်ပါးသာမက ချီရွှဲ့ထုံဂိုဏ်း၏ မင်းသားလည်း ဖြစ်သွားသည်။ မဟာမိတ်ထဲရှိ သူ၏ကျော်ကြားမှုနှင့် ပေါင်းစပ်လိုက်ပါက ထိုဂိုဏ်းသားများ လေးစားနေကြသည်မှာ သဘာဝကျပေသည်။

ရွှီချင်းသည် တည်ကြည်သောအမူအရာဖြင့် ပြန်လည်၍ လက်နှစ်ဖက်ဆုပ်လိုက်သည်။ ရေခူကြီး၏ လက်မှတစ်ဆင့် ရေခူကြီးပေါ်သို့ တက်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ပိုင်နက်သို့ ဦးတည်သွားလိုက်သည်။

ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ တတိယအကြိမ်မြောက် ရွှီချင်း လာဖူးခြင်း ဖြစ်သည်။ ပထမအကြိမ်က ခေါင်းဆောင်နှင့်အတူ ကိစ္စကြီးတစ်ခု ဆောင်ရွက်ရန် ဤနေရာသို့ ရောက်လာဖူးသည်။ ဒုတိယအကြိမ်က ဤနေရာကို ဖြတ်သွားစဉ်အခါက ဖြစ်သည်။ ဤတစ်ကြိမ်တွင် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ သူ ရောက်လာခြင်း ဖြစ်သည်။

ထူးဆန်းသော ပတ်ဝန်းကျင်ကို ကြည့်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မင်းသမီးကို သူ ရုတ်တရက် တွေးမိသွားသည်။ ထိုကိစ္စကို ယခင်က သူ မေ့နေခဲ့ပြီး ခေါင်းဆောင်ကို မမေးမိခဲ့ပေ။

“ အခု အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ဘယ်လိုအခြေအနေရှိလဲ ”

“ အရှင်၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ကျနော်တို့ကို အပြည့်အဝ သစ္စာခံထားပါပြီ။ ကျနော်တို့ ချီရွှဲ့ထုံဂိုဏ်းက သူတို့ဘိုးဘေးနဲ့ မျိုးနွယ်ဝင်တွေအားလုံးကို ဝိညာဉ်တံဆိပ်တော်တစ်ခု ခတ်နှိပ်ထားပါတယ်။ ပြီးတော့ ဂိုဏ်းက ပြောင်းလဲခြင်းအတတ်ကို အသက်သွင်းပိုင်ခွင့် ရှိပါတယ်။ ဒီမျိုးနွယ်ရဲ့မျိုးဆက်သစ်တွေကိုလည်း ဝိညာဉ်တံဆိပ်တော်တွေ ခပ်နှိပ်ထားပါတယ် ”

“ ဂိုဏ်းက တခြားကိစ္စတွေမှာ ပါဝင်မှာ မဟုတ်ပါဘူး။ သူတို့မှာ တော်ဝင်မိသားစုနဲ့ အမိန့်တွေ အရင်အတိုင်း ရှိနေပါတယ် ”

“ ဒါပေမဲ့ ပလ္လင်နေရာရဖို့ ကျနော်တို့ဂိုဏ်းရဲ့ထောက်ခံချက်လိုပါတယ်။ အရင်ဘုရင်နဲ့ ဘိုးဘေးကို ဘိုးဘေးရွှယ်လျန့်ကျစ်က ခေါ်ဆောင်သွားပါတယ်။ အခု ကျနော်တို့ ထောက်ခံထားတဲ့ ဘုရင်က မျိုးနွယ်ကို အုပ်ချုပ်နေတာပါ ”

ရွှီချင်းသည် နောက်ထပ်မမေးတော့ပေ။ မကြာခင် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာတည်နေရာသို့ သူတို့အုပ်စု ရောက်လာကြသည်။

မိုးသားတိမ်စိုင်များကို ထိကပ်နေသည့် ဘိုးဘေးရုပ်ထု ( ၁၄ ) ခုက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေနိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုရုပ်ထုကြီးများတွင် ရှေးဟောင်းအငွေ့အသက်များလည်း ရှိနေသည်။

ထိုရုပ်ထုကြီးများနှင့် ယှဉ်ပါက ကျင့်ကြံသူများမှာ ပုရွက်ဆိတ်များအလားပင်။ ထိုရုပ်ထုကြီးများအနက် ရုပ်ထုကြီးငါးခုက အဆုံးမရှိသည့်အလားပင်။

ရုပ်ထုကြီးဆယ့်လေးခုဘေးတွင် ချီရွှဲ့ထုံဂိုဏ်း၏ အဆောက်အအုံများ ရှိသည်။ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို စောင့်ကြပ်ရန် ထိုနေရာတွင် ဂိုဏ်းသားအများအပြား စခန်းချနေကြသည်။

ရွှီချင်း ရောက်လာခြင်းသည် လူများစွာကို အာရုံစိုက်သွားစေပြီး သူတို့သည် လေးစားမှုကို ပြသသည့်အနေဖြင့် ခေါင်းများ ငုံ့လိုက်ကြသည်။

“ အရှင်၊ အရင်ဆုံး နားမလား၊ ချက်ချင်း သွားမလားခင်ဗျ ”

ရွှီချင်းသည် ရုပ်ထုများအထက်ရှိ လေထဲတွင် လွင့်မျောနေသော ဧရာမရှေးဟောင်းကြေးမုံပြင်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ကျုပ် ချက်ချင်း သွားချင်တယ် ”

All Chapters