← Chapters

ဘဝကူးပြောင်းခြင်း

Vol. 28 Ch. 421

ဘဝကူးပြောင်းခြင်း

Vol. 28 Ch. 421

ရွှီချင်းသည် အချိန်မဖြုန်းချင်ပေ။ ဂိုဏ်းသားများသည် သူ့စကားကို ကြား၍ ချက်ချင်း ဦးဆောင်ခေါ်သွားကြသည်။ ခဏအကြာ ဘိုးဘေးရုပ်ထုဆယ့်လေးခု၏ အလယ်သို့ ရွှီချင်း ရောက်လာသည်။

ထိုနေရာကို တင်းကြပ်စွာ စောင့်ကြပ်ထားသည်။ တချိန်တည်းမှာပင် တားမြစ်ဓမ္မရတနာမှ နတ်အာရုံအငွေ့အသက်များလည်း သိပ်သည်းထူထပ်စွာ ကျရောက်နေသည်။ ထိုအငွေ့အသက်များ အဆက်မပြတ် လွင့်ပျံသွားစဉ် တားမြစ်ဓမ္မရတနာကြီးက မူမမှန်သောအရာ ရှိ၊ မရှိကို တခဏလေးအတွင်း စစ်ဆေးနိုင်သည်။

ယင်းအပြင် ဤနေရာတွင် မရေမတွက်နိုင်သော ဓမ္မအသုံးအဆောင်များနှင့် အစီအရင်အများအပြား ရှိနေသည်ဖြစ်၍ ဟင်းလင်းပြင်တစ်ခုလုံးကို အေးခဲသွားစေနိုင်သော သိပ်သည်းထူထပ်သည့် အချုပ်အနှောင်ကြီးတစ်ခု ဖြစ်လာသည်။ ရွှီချင်းသည် ထိုသည်ကို အာရုံခံမိလိုက်ပြီး စိတ်ထဲ တုန်ရီသွားသည်။

ရုပ်ထုဆယ့်လေးခု၏ အလယ်ရှိ ရှေးဟောင်း ကြေးညိုရောင်ကြေးမုံပြင်ကြီး အောက်တွင် ဧရာမအဌဂံယဇ်ပလ္လင်ကြီးတစ်လုံးကို မြင်လိုက်ရသည်။

ထိုယဇ်ပုလ္လင်ကြီး၏ ထောင့်ရှစ်ထောင့်တွင် ကျင့်ကြံသူများ ထိုင်နေကြသည်။ ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ကောင်းကင်နန်းတော်နှစ်ဆောင် ရှိသည်ကို ရွှီချင်း အာရုံခံမိလိုက်သည်။ ရွှီချင်း ချဉ်းကပ်သွားသည့်အခိုက် ထိုကျင့်ကြံသူရှစ်ယောက်၏မျက်လုံးများ တစ်ပြိုင်နက်တည်း ပွင့်လာသည်။

ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူတို့မျက်လုံးများက ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်သွားသည်။ သူတို့သည် တာအိုအစောင့်အရှောက်များကဲ့သို့ မပြုမူဘဲ မတ်တတ်ရပ်ကာ ရွှီချင်းကို လေးစားစွာ အရိုအသေပေးလိုက်သည်။

သူတို့သည် ရွှီချင်းကို အစိမ်းသက်သက်ဖြစ်နေမကြသလို ရွှီချင်းက ရွှေအမြုတေအဆင့်သို့ အချိန်မရွေး တက်နိုင်ကြောင်း သိထားသည်။ ရွှေအမြုတေအဆင့်သို့ ရွှီချင်း တက်လှမ်းလိုက်ပါက ကောင်းကင်နန်းတော်နှစ်ဆောင် ချက်ချင်း ဖြစ်တည်လာမည် ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကို သာမန်ဂိုဏ်းသားတစ်ယောက်ကဲ့သို့ ဆက်ဆံ၍ မရပေ။

ရွှီချင်းသည် ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်ပြီး ယဇ်ပလ္လင်ကြီးပေါ်သို့ လျှောက်သွားသည်။

ဤနေရာသို့ လာရာလမ်းတွင် အမှတ်ခုနစ်သခင်ကြီးပေးခဲ့သော ကျောက်စိမ်းပေလွှာမှတစ်ဆင့် ဤတားမြစ်ဓမ္မရတနာအား မည်သို့ အသုံးပြုရမည်ကို လေ့လာခဲ့ပြီး ဖြစ်သည်။ ထိုရတနာကို သူ တစ်ယောက်တည်း အသုံးပြုနိုင်ပါသော်လည်း အပြည့်အဝ အသက်သွင်းချင်ပါက တခြားလူများ၏ အကူအညီ လိုအပ်မည် ဖြစ်သည်။

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး အလယ်ဗဟိုသို့ လျှောက်သွားသည်။ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် ခေါင်းမော့၍ ကောင်းကင်ယံရှိ ထည်ဝါသော ကြေးမုံပြင်ကြီးကို ကြည့်လိုက်သည်။ သူ အကြည့်လွှဲလိုက်ပြီး လက်ဟန်များ ဖော်၍ ယဇ်ပလ္လင်ကြီးကို ဖိချလိုက်သည်။

ရွှေအမြုတေအဆင့် တာအိုအစောင့်အရှောက်များသည် သူတို့တာဝန်ကို သိထားကြသည်ဖြစ်၍ လက်ဟန်များဖော်၍ ပြိုင်တူ အောက်သို့ ဖိချလိုက်ကြသည်။

ယဇ်ပလ္လင်ကြီး ဂျိမ်းခနဲ မြည်ဟည်းသွားသည်။ ရွှီချင်း ထိုင်နေသည့်နေရာမှ စူးရှတောက်ပသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ အလင်းတန်းသည် စူးရှတောက်ပလွန်းသည်ဖြစ်၍ ရွှီချင်း၏ပုံရိပ် ဝေဝါးလာသည်။ ထို့နောက် ကောင်းကင်ယံသို့ အလင်းတန်း ပျံတက်သွားသည်။

ယင်းနောက် တာအိုအစောင့်အရှောက်ရှစ်ယောက်က လက်ဟန်များ ဖော်လိုက်သည်ဖြစ်၍ ထောင့်ရှစ်ထောင့်မှ အလင်းတန်းများ ပျံထွက်လာသည်။ ထိုအလင်းတန်းများသည် ကြက်သွေးရောင်ရှိသည်။ ရွှီချင်း၏အလင်းတန်းနှင့် လေထဲတွင် ပေါင်းစည်းသွားပြီး အလင်းရောင်များ ရောယှက်သွားကာ သွေးနီရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် ကောင်းကင်ယံရှိ ရှေးဟောင်းကြေးမုံပြင်ကြီးပေါ်သို့ ကျရောက်သွားသည်။

ရှေးဟောင်းကြေးမုံပြင်ကြီး ရုတ်တရက် တုန်ခါသွားသည်။ တဖြည်းဖြည်းနှင့် ကြေးမုံပြင်ကြီးသည် လည်နေရာမှ ရပ်သွားပြီး ငြိမ်သက်သွားကာ ရွှီချင်းကို မျက်နှာမူသွားသည်။

သွေးနီရောင်အလင်းတန်း တိုးဝင်သွားပြီးနောက် ကြေးမုံပြင်ကြီးမှ ရောင်ပြန်ဟပ်လာသော အလင်းတန်းက မြေပြင်သို့ ကျရောက်သွားသည်။ ထိုရောင်ပြန်ဟပ်သွားသောအလင်းသည် တိုးဝင်လာသောအလင်းနှင့် တစ်ထပ်တည်း ဖြစ်သွားပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။

ရွှီချင်း ပြင်းထန်စွာ တုန်ရီသွားသည်။ ကောင်းကင်တုန်ဟီးစေနိုင်သော အစွမ်းကို သူ ခံစားလိုက်ရပြီး တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နေရသည့်အလား ဖြစ်လာသည်။ သူ၏ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်က အလွန် ကြည်လင်ပြတ်သားသော အလင်းစက်များအဖြစ် ပြောင်းလဲသွားသည်။

ယင်းကြောင့် တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ရှာဖွေရန် သူ့အတွက် လွယ်ကူသွားသည်။ ထို့ကြောင့် သူသည် သူ၏နတ်အာရုံကို ခန္ဓာကိုယ်ပေါ် ဖြန့်ကျက်လိုက်သည်။

သို့သော်လည်း ဖြစ်စဉ်က များစွာ မချောမွေ့ပေ။ အသက်နှစ်ဆယ်ကြိမ်ရှူစာပတ်ချာလည်တွင် အလင်းသည် မှိန်ဖျော့သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် နောင်တရနေသည့်အရိပ်အယောင်များ ထင်ဟပ်နေသော ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။

တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို သူ ရှာမတွေ့ပေ။

“ တာအိုအစောင့်အရှောက်တွေကို ကျုပ် ထပ်ဒုက္ခပေးရတော့မှာပဲဗျာ ”

ရွှီချင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

ဘေးပတ်လည်ရှိ လူရှစ်ယောက်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် လက်ဟန်များ ဖော်လိုက်ပြန်ရာ အလင်းတန်းများ ချက်ချင်း အပေါ်သို့ ပျံတက်သွားပြီး ရှေးဟောင်းကြေးမုံပြင်ကြီးက ရောင်ပြန်ဟန်သွားသည်။ ရွှီချင်းသည် တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ချက်ချင်း ရှာဖွေလိုက်သည်။

သို့သော် ဤတစ်ခေါက်တွင်လည်း သူ မအောင်မြင်ပေ။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ အလင်းတန်း မှိန်ဖျော့သွားစဉ် သူ့ဆရာပြောခဲ့သည့် စကားကို သတိရလိုက်သည်။ အတိတ်က တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ရှာတွေ့ခဲ့သည့်လူများသည် သေလုမျောပါးအခြေအနေတွင် ရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။

‘ တွေးထားသလို သေရေးရှင်ရေးအခြေအနေကို ငါ ကြုံတွေ့ဖို့ လိုနေတာပဲ ’

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏စိတ်ထဲ ယခင်အစီအစဉ် ပေါ်လာသည်။

ထိုအစီအစဉ်သည် အနည်းငယ် မိုက်ရူးရဲဆန်ပြီး အသက်ဘေးအန္တရာယ်နှင့် ကြုံရမည်ဖြစ်သည်။ သို့သော် ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေတော့ဘဲ မတ်တတ်ရပ်၍ ကောင်းကင်ကြီးကို အရိုအသေပြုလိုက်သည်။

“ အမှတ်သုံးသခင်ကြီးခင်ဗျာ၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်း ပြောင်းလဲခြင်းကို တပည့်ရွှီချင်း တောင်းဆိုပါတယ် ”

ရွှီချင်း၏စကားသံ လွင့်ပျံသွားသည်နှင့် တာအိုအစောင့်အရှောက်ရှစ်ဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပြောင်းလဲခြင်းအတတ်သည် သေသူကို ပြန်လည်အသက်သွင်းပေးနိုင်သည်။ သို့သော်လည်း ပြန်လည်ရှင်သန်လာသည့်လူများသည် ယခင်အတိုင်း မဟုတ်တော့ပေ။ သူတို့မှတ်ဉာဏ်များပင် ဝိုးတဝါးဖြစ်သွားပြီး အလွန် ရက်စက်ကြမ်းကြုတ်သွားကြသည်။ အသက်ရှင်စဉ်အခါကထက် သူတို့ကျင့်ကြံခြင်းအဆင့်များ ပို၍ နိမ့်ကျသွားသည်။ မျှခြေတစ်ခုကို ရောက်ရန် အဆက်မပြတ် ကျင့်ကြံခြင်းနှင့် အလွန် ခိုင်မာသော စိတ်ဆန္ဒတစ်ခု ရှိရန် လိုအပ်သည်။

သို့သော်လည်း ထိုပြောင်းလဲခြင်းသည် သာမန်နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ပို၍ပင် မိုးမြေကို ဖီဆန်သော နောက်ထပ်နည်းလမ်းတစ်မျိုး ရှိသည်။ တော်ဝင်မိသားစုအတွင်း ဝင်ရောက်နိုင်သူ သို့မဟုတ် ကြီးမားသော မျှော်လင့်ချက်ရှိသည့် သူများသည်သာ အသုံးပြုနိုင်သော နည်းလမ်းတစ်မျိုး ရှိသည်။

ယင်းနည်လမ်းသည် အသက်ရှင်လျက် ကူးပြောင်းခြင်း ဖြစ်သည်။

ထိုနည်းလမ်းသည် အလွန် နာကျင်ပါသော်လည်း မှတ်ဉာဏ်များကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားနိုင်ချေ နည်းပါးသော်ငြား တစ်ဖက်တွင် စိတ်ဓာတ်ခိုင်မာပြတ်သားရမည်ဖြစ်ပြီး တခြားတစ်ဖက်တွင် ကျရှုံးနိုင်ချေ အလွန် မြင့်မားသည်။

အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်။ တော်ဝင်မိသားစုဝင်များအားလုံး သို့မဟုတ် မျှော်လင့်ချက်ကြီးမားသည့်လူများအားလုံး ထိုနည်းလမ်းကို မရွေးကြပေ။

ရွှီချင်းသည် ဂိုဏ်း၏မှတ်တမ်းများမှတစ်ဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အကြောင်းကို နားလည်ထားသည်။ ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ကမ္ဘာမကြေ ရန်ငြိုးကြီးတစ်ခု ကာလရှည်ကြာစွာ တည်ရှိခဲ့သည်ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သူ သေချာလေ့လာထားခဲ့သည်။

ယင်းသည် ယခင်က ရွှီချင်း၏စိတ်ထဲ ပေါ်လာခဲ့သည့်အစီအစဉ်ဖြစ်သည်။

သူကိုယ်တိုင်အတွက် ထိန်းချုပ်ထားသော သေရေးရှင်ရေးအန္တရာယ်တစ်ခုကို ဖန်တီးချင်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဖြစ် သူ ပြောင်းလဲသွားတော့မည့်အခါတွင် သူ့အခြေအနေကို အေးခဲပစ်လိုက်မည်ဖြစ်ပြီး သေရေးရှင်ရေးအခြေအနေမှာ သူ့ကိုယ်သူ ထားလိုက်မည် ဖြစ်သည်။ ထိုနည်းအားဖြင့် ဓမ္မတံခါးကို ရှာဖွေရန် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို သူ ထပ်မံအသုံးပြုနိုင်မည်ဖြစ်သည်။

ဤနေရာတွင် အန္တရာယ်ရှိသည်မှာ သူ အရေးနိမ့်သွားပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်စစ်စစ် ဖြစ်သွားမည်ဖြစ်ပြီး သေပင်သေသွားနိုင်သည်။

“ ရွှီချင်း၊ မင်း သေချာ စဉ်းစားပြီးပြီလား ”

ကောင်းကင်ယံမှ တည်ငြိမ်သောအသံကြီး လွင့်ပျံလာသည်။ ထိုအသံရှင်သည် ချီရွှဲ့ထုံဂိုဏ်း၏ စာပေသမားအသွင်ရှိသော အမှတ်သုံးသခင်ကြီးမှလွဲ၍ တခြားမဟုတ်ပေ။

ကောင်းကင်ယံတွင် သူ ပေါ်လာပြီး ရွှီချင်းကို တည်ကြည်သောအမူအရာဖြင့် ကြည့်လိုက်သည်။

“ တပည့် သေချာစဉ်းစားပြီးပါပြီ ”

ရွှီချင်းသည် ခေါင်းငုံ့၍ ခပ်တိုးတိုး ပြောလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည် ရွှီချင်းကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ခဏအကြာ သူ သက်ပြင်းချလိုက်သည်။ ရွှီချင်း၏ရင်ထဲတွင် ပုန်းလျှိုးနေသော ဝမ်းနည်းကြေကွဲစိတ်ကို သူ မြင်နိုင်သည်။ ရွှီချင်းနှင့် အမှတ်ခြောက်သခင်ကြီးကြားမှ ဆက်ဆံရေးကို သူ သိပါသော်လည်း ခေါင်းယမ်းနေဆဲပင်။

“ ငါ မင်းကို ချက်ချင်း ခွင့်ပြုပေးလိုက်လို့မရဘူး။ မင်းဆရာကို ငါ မေးရဦးမယ် ”

ထိုသို့ပြောပြီးသည်နှင့် အမှတ်သုံးသခင်ကြီးသည် ခရမ်းရောင်ကျောက်စိမ်းပေလွှာကို ထုတ်၍ အမှတ်ခုနစ်သခင်ကြီးအား သတင်းပို့လိုက်သည်။

မကြာခင် ခရမ်းရောင်ကျောက်စိမ်းပေလွှာထဲမှ အမှတ်ခုနစ်သခင်ကြီး၏ ခပ်အက်အက်အသံ လွင့်ပျံလာသည်။

“ ရွှီချင်း၊ မင်း သေချာလား ”

“ တပည့် သေချာပါတယ် ”

ရွှီချင်း၏အသံက ပြတ်သားနေသည်။

“ အမှတ်သုံး၊ ကျုပ်တပည့်ကို ကူညီပေးပါဦး ”

အချိန်အတော်ကြာပြီးနောက် ခရမ်းရောင်ကျောက်စိမ်းပေလွှာ ငြိမ်သက်သွားပြီး အမှတ်ခုနစ်သခင်ကြီး၏ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာည်။

“ ဂိုဏ်းချုပ်ရဲ့အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ် ”

အမှတ်သုံးတောင်သခင်က လေးစားစွာ ပြောလိုက်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး ရွှီချင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

“ ငါ မင်းကို ဘာလုပ်ပေးရမလဲ ”

“ တောင်သခင်ကြီးခင်ဗျာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ခြားနားလိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ပြောင်းလဲခြင်းစွမ်းအားတွေကို ကျနော့်ကိုယ်ထဲ စုစည်းပေးပါ ”

အမှတ်သုံးသခင်ကြီး ခေါင်းညိတ်လိုက်သည်။ ယဇ်ပလ္လင်ပေါ်ရှိ တာအိုအစောင့်အရှောက်ရှစ်ယောက် အလျင်အမြန် နောက်ဆုတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းသွားပြီးနောက် အစီအရင်တစ်ခု၏ အလင်းတန်းပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်ပြီးနောက် ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည် အနက်ရောင်သစ်သားစကို ထုတ်လိုက်ပြီး သူ့ရှေ့မှာထားကာ မျက်လုံးများကို မှိတ်လိုက်သည်။

ထို့နောက် အမှတ်သုံးသခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် လူရိပ်ခုနစ်ရိပ် ပေါ်လာသည်။ ထိုလူရိပ်ခုနစ်ရိပ် ပေါ်လာသည်နှင့် ထိုလူရိပ်များအားလုံး သိပ်သည်းထူထပ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူတို့က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုလူရိပ်တိုင်းက ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအခြေခံရှိကြသည်။ သို့သော်လည်း အမှတ်သုံးသခင်ကြီးကို သူတို့အားလုံး အရိုအသေပေးလိုက်ကြသည်။

“ ဘိုးဘေးရုပ်ထုတစ်ခုရဲ့ စွမ်းအားတွေကို ယဇ်ပလ္လင်ဆီ ပို့လွှတ်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ပြောင်းလဲခြင်းစွမ်းအားအဖြစ် ပြောင်းလဲလိုက် ”

အမှတ်သုံးသခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ပြောင်းလဲရာတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အထူးစွမ်းအား လိုအပ်သည်။ ယင်းသည် အပြင်လူများ မသိကြသော သူတို့၏ မွေးရာပါ ပါရမီဖြစ်သည်။

ထိုစကားကို ကြားသောအခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ခုနစ်ယောက် အံ့အားသင့်သွားကြသည်။ သူတို့သည် မြေပြင်ပေါ်ရှိ ယဇ်ပလ္လင်ကို ငုံ့ကြည့်လိုက်ကြပါသော်လည်း နောက်ထပ်မေးခွန်းများ မမေးဝံ့ကြပေ။ သူတို့သည် လက်ဟန်များ ချက်ချင်း ဖော်လိုက်ကြပြီး အမှတ်သုံးသခင်ကြီး၏ အကြည့်အောက်တွင် ဘိုးဘေးရုပ်ထုဆယ့်လေးခုအနက်တစ်ခုက တဝီဝီမြည်လာသည်။

ထိုဘိုးဘေးရုပ်ထုသည် အကြီးဆုံးဖြစ်သော သတ္တမမြောက်ဘိုးဘေးရုပ်ထု ဖြစ်သည်။ ထိုရုပ်ထု တုန်ရီသွားပြီး အပြာရောင်အလင်းတန်း ဖြာထွက်လာသည်။

ပထမဦးစွာ ရုပ်ထု၏ခြေထောက်၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ်၊ လက်နှစ်ဖက်၊ နောက်ဆုံးတွင် ခေါင်း၊ ရုပ်ထုတစ်ကိုယ်လုံး အပြာရောင်ပြောင်းလဲသွားပြီး ရုပ်ထုဆီမှ ပင်လယ်ကြီးပမာ အပြာရောင်ကွန်ခြာတစ်ခု ဖြာထွက်လာပြီး အောက်ဘက်ရှိ ယဇ်ပလ္လင်ပေါ်မှ ရွှီချင်းထံသို့ ပျံ့လွင့်သွားသည်။

ကွန်ခြာက ရွှီချင်းနှင့် ယဇ်ပလ္လင်ကို ဝန်းရံသွားပြီး တဖြည်းဖြည်း ကျဆင်းသွားကာ ရွှီချင်း၏ခန္ဓာကိုယ်ထဲ တိုးဝင်သွားသည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး ခန္ဓာကိုယ်ရှိ နေရာတိုင်းမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုနာကျင်မှုသည် ယခင်က သူ ကြုံခဲ့ရသော ဒဏ်ရာများနှင့် ယှဉ်ပါက မပြောပလောက်ပေ။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ သက်စောင့်မီးအိမ်ကို ရယူရာတွင်ဖြစ်စေ၊ နဂါးလှည်းကြီးထဲတွင် သက်စွန့်ဆံဖျား နေရာတွင်ဖြစ်စေ သူ ခံစားခဲ့ရသည့် နာကျင်မှုသည် ယခု ခံစားနေရသည့် နာကျင်မှုထက် အဆပေါင်းများစွာ သာလွန်သည်။

ထို့ကြောင့် တဆစ်ဆစ်နာကျင်နေပါသော်လည်း ရွှီချင်းသည် မျက်နှာပျက်မသွားပေ။ တဖြည်းဖြည်းနှင့် သူ၏အရေပြားက အပြာရောင်ပြောင်းလာသည်။ သူ့တစ်ကိုယ်လုံး အပြာရောင် ပျံ့နှံ့လာသည်။ သူ၏အသွေးအသား၊ အရိုးများ၊ သွေးကြောများ၊ ဓမ္မတံခါးများနှင့် တခြားအရာအားလုံး အလျင်အမြန် ပြောင်းလဲနေသည်။

ထိုအချိန်၌ သက်စောင့်မီးအိမ်များက အသုံးမဝင်တော့ပေ။ ခရမ်းရောင်သလင်းကျောက်သည်သာ တုန်ခါသွားပြီး ပေါက်ကွဲကာ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ချင်နေသည်။ သို့သော်လည်း ခရမ်းရောင်သလင်းကျောက်ကို ရွှီချင်းက အတင်းအကြပ် ဖိနှိပ်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားပြီး အရိပ်လေးသည်လည်း တုန်ရီသွားသည်။

ရွှီချင်း၏အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်လာနေသည်။ သူ၏အသက်လက္ခဏာရပ်များ တဖြည်းဖြည်း လျော့ပါးလာနေသည်။ သို့သော်လည်း ထိုလျော့ပါးခြင်းသည် အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါ နှေးကွေးသွားသည်။

ရွှီချင်းမှာ အသက်မသေချင်စိတ်များ အလိုလို ပေါ်လာသည်။ အထူးသဖြင့် ခရမ်းရောင်သလင်းကျောက်က သူ ဖိနှိပ်နေသည့်ကြားမှပင် ပြန်လည်သက်သာနိုင်သော စွမ်းအားတချို့ ထုတ်လွှတ်နေသောအခါတွင် ဖြစ်သည်။ ခရမ်းရောင်သလင်းကျောက်က သူ့ခန္ဓာကိုယ်ကို တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် အသုံးချ၍ ပြောင်းလဲခြင်းစိတ်ဆန္ဒကို တွန်းထုတ်နေသည့်အလားပင်။

“ အမှတ်သုံးသခင်ကြီး၊ နောက်ထပ်ဘိုးဘေးရုပ်ထု လုပ်ပေးပါ ”

ရွှီချင်း၏မျက်လုံးများ ဖျပ်ခနဲ ပွင့်လာသည်။ သူ့မျက်လုံးများ အပြာရောင်ဝင်းလက်နေပြီး သူ့အသံက ကြောက်မက်ဖွယ်ကောင်းသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကျင့်ကြံသူခုနစ်ယောက်သည်လည်း မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့သည် ရွှီချင်းကို လေးနက်သောအမူအရာများဖြင့် ကြည့လိုက်ကြသည်။ ထိုကဲ့သို့ အခြေအနေကို သူတို့ ကြုံရခဲသည်။ ယခင်က ဘုရင်၌သာ တူညီသောဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

အမှတ်သုံးသခင်ကြီး ငြိမ်ကျသွားပြီး အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ နောက်တစ်ခု ”

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ခုနစ်ယောက်သည် အမိန့်အတိုင်း ချက်ချင်း ဆောင်ရွက်လိုက်ကြသည်။ ဒုတိယမြောက်ဘိုးဘေးရုပ်အလောင်းရုပ်ထုကြီး တဝီဝီမြည်သွားသည်။ ထိုရုပ်ထုကြီးထံမှ အပြာရောင်အလင်း ဖြာထွက်သွားပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။

အချိန်များ ကုန်လွန်သွားပြီး ပြောင်းလဲခြင်းဖြစ်စဉ်က သုံးရက်ကြာသည်အထိ ဆက်လက်ဖြစ်ပျက်နေခဲ့သည်။

အပြာရောင်အလင်းများ ဝင်းလက်နေသည့် ရုပ်ထုအရေအတွက်သည် နှစ်ခုမှ ငါးခုအထိ ရှိလာပြီ ဖြစ်သည်။

ရွှီချင်း၏ အသက်လက္ခဏာများက ကန့်သတ်ချက်သို့ မရောက်သေးပေ။ ထိုလက္ခဏာများ တဖြည်းဖြည်း လျော့ပါးလာနေပါသော်လည်း အလွန် နှေးကွေးသည်။

သု့သော်လည်း ရွှီချင်းကို သိပ်သည်းထူထပ်သော သေမင်းအရှိန်အဝါတစ်ခုက ဝန်းရံထားပြီး သူ့ပုံစံက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့်မခြား ဖြစ်သွားသည်။

သူ့ရင်ထဲမှ သက်စောင့်မီးတောက်သည်သာ အပြာရောင်မပြောင်းသေးပေ။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကျင့်ကြံသူခုနစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြန်သည်။ ထိုကဲ့သို့ ရှည်ကြာသော ပြောင်းလဲခြင်းမျိုးကို သူတို့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ သူတို့၏ ဘုရင်ဟောင်းသည်ပင် ထိုမျှ မကြာခဲ့သလို ဘိုးဘေးရုပ်အလောင်းရုပ်ထုငါးခုကို မလိုခဲ့ပေ။

ထိုမျှကြာရှည်သော ပြောင်းလဲခြင်းနှင့် ရုပ်ထုများစွာ သုံးစွဲထားသည်ဖြစ်၍ သူသာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သွားပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး မျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။

‘ ချီရွှဲ့ထုံဂိုဏ်းက ဒီလိုပါရမီရှင်တစ်ယောက်ကို ဘာလုပ်ချင်နေတာတုံး ’

‘ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ဘုရင်ဖြစ်အောင် လုပ်နေတာလား ’

All Chapters