တကယ့် ယောက်ျားတစ်ယောက်
Vol. 29 Ch. 429
သို့သော် ထိုသို့သော သေရေးရှင်ရေး အခြေအနေ၌ အနာကွန်ဒါမြွေ၏ ခန္ဓာကိုယ်က ရုတ်တရက် တန့်သွားသည်။
ရေအောက်တွင် မြွေသည် ဒေါသထွက်သော အသံများ ထွက်နေသဖြင့် ရေက တပွက်ပွက် ဆူနေ၏။
ထိုအခါတွင်မှ ရဲ့လင်းချန်က ရေစပ်နားသို့ ရောက်နေသည်ကို လူတိုင်း သတိထားမိသွားပြီး သူက ရေထဲ လက်နှစ်၍ အနာကွန်ဒါမြွေကြီး၏ အမြီးကို တင်းကြပ်စွာ ဖမ်းချုပ်ထားသည်။
“ဒီကို လာခဲ့စမ်း”
ရဲ့လင်းချန် ကြုံးဝါးလိုက်သည်။
ရေထဲမှ မြွေကြီးသည် ဒေါသတကြီး အော်သံပြုလာသည်။ ၎င်း၏ ခန္ဓာကိုယ်က ၎င်းဆန္ဒမပါဘဲ အနောက်သို့ ရွေ့သွားပြီး ရဲ့လင်းချန်ထံမှ နည်းနည်းစီ ဆွဲတင်ခြင်း ခံနေရသည်။
ရဲ့လင်းချန်ကိုယ်တိုင်တောင်မှ သူ ဘယ်လောက်ထိ အားစိုက်ထုတ်နိုင်မလဲ သေချာမသိပေ။
အရဟာ လက်သီးကို သူ စတင် လေ့ကျင့်ကတည်းက သူ့ခန္ဓာကိုယ်က လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သာမန် လူသားတစ်ယောက်၏ အကန့်အသတ်ကို ကျော်လွန်သွားသည်။ နောက်ပိုင်းတွင် သူသည် ရှစ်ဆ ပြင်းထန် လက်သီးသိုင်းနှင့် သိုင်းလက်သီးတို့ကို ရရှိခဲ့သည်။ အရဟာ လက်သီးသည် အရဟာ လက်သီးစွမ်းအင်သို့ အဆင့်တက်သွားပြီး ရှစ်ဆ ပြင်းထန် လက်သီးသိုင်းက ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ခန်းအဖြစ်သို့ အဆင့်တက် သွားသည်။ သိုင်းလက်သီးမှာမူ နဂါးဖမ်း လက်အဖြစ် အဆင့်မြင့်သွားခဲ့သည်။ ထိုအချိန်ကတည်းက သူသည် သိုင်းပညာအရာ၌ သာမန်လူ၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်များကို ချိုးဖောက်သွားခဲ့သည်။
အထူးသဖြင့် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းက အလယ်အလတ်အဆင့်သို့ ရောက်သွားသည့်အချိန်၌ ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်အားလုံးက သတ်မှတ်အဆင့်ထက် သာနေသည်။ ကြမ်းကြုတ်သော သားရဲနှင့် ယှဉ်လိုက်လျင် သူသည် တန်းတူ သို့မဟုတ် ပိုသန်မာလောက်သည်။
ဗွမ်းခနဲ ရေများ စဉ်လာပြီးနောက် အနာကွန်ဒါမြွေ၏ ခန္ဓာကိုယ်သည် ရဲ့လင်းချန်ကြောင့် ရေထဲမှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
“ရွှီး”
ထိုအခိုက်မှာပင် အနာကွန်ဒါမြွေ၏ သားရဲဗီဇ ပေါ်လာ၏။ ၎င်းသည် ထွက်ပြေးခြင်းကို လက်လျှော့ပြီး နောက်လှည့် လာ၏။ ၎င်းသည် အစွယ်ကိုဖြဲ၍ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရဲ့လင်းချန်အား တိုက်ခိုက်လေသည်။
“ဟမ့် တိရစ္ဆာန်ကောင်ကများ”
ရဲ့လင်းချန် သရော်လိုက်သည်။ သူ၏ အားနေသော လက်တစ်ဖက်က လက်သည်းအသွင် သဏ္ဌာန်ယူ၍ အနာကွန်ဒါမြွေ၏ ဦးခေါင်းကို သံကဲ့သို့ ဖမ်းချုပ်လိုက်သည်။
နဂါးဖမ်းလက်ဟူသော နာမည်အတိုင်းပင် နဂါးတစ်ကောင်ကို ဖမ်းနိုင်လောက်သည်။ ဘယ်လိုလုပ် ဘာမှမဟုတ်သော အနာကွန်ဒါ မြွေလေးတစ်ကောင်က ဆန့်ကျင်နိုင်ပါမည်နည်း။
အနာကွန်ဒါမြွေက တွန့်လိမ်နေသည်။ ရဲ့လင်းချန်၏ ဖမ်းချုပ်ခြင်း ခံရသော်လည်း ၎င်းက ရဲ့လင်းချန်ကို အစွယ်ဖြဲပြနေတုန်းပင်။ ယင်းသည် ကြည့်နေသူများအား ကျောရိုးထဲအထိ အေးစိမ့်သွားစေသည့် ကြောက်စရာ ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။
“ရှောင်ရင်၊ မင်း အဲ့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ၊ မြန်မြန်ထွက်သွားလေ”
ရဲ့လင်းချန် အော်ဟစ်လိုက်သဖြင့် နောက်ဆုံးတွင် ကျောက်လျန့်ရင် သတိပြန်ဝင်လာသည်။ သူမသည် ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်နေပြီး လောကနှင့် အဆက်ပြတ်နေပုံ ရသည်။
ထိုအခိုက်တွင် သူမ တစ်ကိုယ်လုံး အေးစက်နေသည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ကြောက်စိတ်ကြောင့် တုန်နေပြီး မျက်ရည်များက သူမပါးပေါ်သို့ ထိန်းမရအောင် စီးကျလာသည်။
“သွားလေ”
ရဲ့လင်းချန်က သူမကို ထပ်မံ၍ သတိပေးလိုက်သည်။ ထိုအခါတွင်မှ ကျောက်လျန့်ရင် အသိစိတ် ကပ်သွားသည်။ အနာကွန်ဒါ မြွေကြီးက သူမနှင့် အလွန် နီးနေသည်ကို မြင်ပြီး သူမ အော်ဟစ်ကာ နောက်လှည့်၍ ပြေးလေတော့သည်။
အနာကွန်ဒါ မြွေသည် ကျောက်လျန့်ရင်အား တစ်ကျော့တည်းသာ ရစ်ပတ်ထားခြင်း ဖြစ်သည်။ ၎င်း၏ ခေါင်းနှင့် အမြီးကို ရဲ့လင်းချန်က ချုပ်ထားသဖြင့် ကျောက်လျန့်ရင်ကို ထိန်းထားရန် ခွန်အားမဲ့နေ၏။
ကျောက်လျန့်ရင်သည် အနာကွန်ဒါမြွေ၏ ရစ်ပတ်ထားခြင်းမှ လွတ်မြောက်သည်နှင့် ရဲ့လင်းချန်၏ မျက်လုံးများက အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။ ထို့နောက် အနာကွန်ဒါမြွေ၏ ဦးခေါင်းကို ချုပ်ထားသည့် သူ့လက်တွင် ပို၍ အားစိုက်ထည့်လိုက်ပြီး ၎င်း၏ အမြီးကို ချုပ်ထားသည့် သူ့လက်ကို လွှတ်လိုက်သည်။ ထို့နောက် သူသည် မြွေအား ကျာပွတ်သဖွယ် မွှေ့ယမ်း၍ ၎င်း၏ ခန္ဓာကိုယ်ကို သစ်ပင်နှင့် ပစ်တိုက်လိုက်သည်။
ထို့နောက် သူသည် အနာကွန်ဒါမြွေကို ကိုင်၍ သူ့နား၌ ကိုင်ပေါက်လေသည်။ နောက်ဆုံးတစ်ခေါက် မြေကြီးပေါ် ကိုင်ပေါက်ပြီးနောက် အနာကွန်ဒါမြွေက မလှုပ်တော့ချေ။
ရဲ့လင်းချန်ရှေ့၌ လဲနေသည့် အနာကွန်ဒါမြွေကြီးကို ကြည့်ပြီး တစ်ဖွဲ့လုံး တစ်ခဏမျှ အံ့အားသင့်နေသည်။ သူတို့က ရဲ့လင်းချန်ကို အံ့ဩတကြီး ကြည့်နေ၏။
ထိုသို့သောအချိန်၌ မှတ်ချက်ပေးနေသော ဖန်သားပြင်သည် တစ်ဒင်္ဂမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြောဆိုသံများ ညံလာသည်။
[ချီးပဲ … ချီးပဲ၊ ငါ့မျက်လုံးတွေ နာအောင်လုပ်လိုက်တာ ဘာကြီးလဲ၊ အဲ့ဒါက ရဲ့နတ်ဘုရားရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ အံ့ဩစရာကောင်းချက်ကြီးပါလား]
[တော်တော် အံ့ဩဖို့ ကောင်းလွန်းတယ်၊ ကျွတ်ဆင်ကြီးကွာ ဒါက ရုပ်ရှင်တွေ ကြည့်တာထက် အဆ တစ်ရာ … တစ်ထောင်မက ပိုမိုက်တယ်]
[အား … ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး၊ ရဲ့နတ်ဘုရားက သိပ်ချောလွန်းတယ်၊ တော်ပြီ ဒီည ငါ အိပ်ရာဝင်ရင် ရဲ့နတ်ဘုရားရဲ့ ပိုစတာကို ဖက်အိပ်တော့မယ်]
[ခုနက တစ်ယောက်ယောက် screenshot ရိုက်လိုက်လား၊ ငါ့ကို ပို့ပေးကြပါ၊ ငါ အဲ့ဒါကို ဖုန်းမျက်နှာပြင်ပေါ် တင်ပြီး ကိုးကွယ်မလို့]
[သနားစရာ ရှောင်ရင်လေး၊ သူ ဆိုးဆိုးရွားရွား စိတ်ဒဏ်ရာ ရသွားပြီ၊ ဒါက သူ့ကို နောက်ဆက်တွဲ ဘာအခြေအနေမှ မဖြစ်စေဖို့ ငါ မျှော်လင့်ပါတယ်]
[ရဲ့နတ်ဘုရားက ကြောက်ဖို့ကောင်းလွန်းတယ်၊ အဲ့ဒီ အနာကွန်ဒါ မြွေကြီးက ရေအောက်မှာဆို ငါးရာ ကီလိုဂရမ်ကျော် အလေးချိန် ရှိတယ်၊ ဒါတောင် သူက ဆွဲထုတ်ပြီးတော့ ကိုင်ပေါက်ခဲ့တာ၊ အံ့ဩစရာပဲ]
[ဘာမှမသိတဲ့ အရူးပဲ၊ ရဲ့နတ်ဘုရားက သိုင်းဆရာ အကျော်အမော်ဆိုတာကို မင်း မသိဘူးလား၊ သူ တရုတ်ကွန်ဖူး တတ်တယ်ကွ]
…
ရိုက်ကူးရေးအဖွဲ့သည် မှတ်ချက်များ ဖတ်ရန် အချိန်မရပါ။ သူတို့အားလုံးသည် အနာကွန်ဒါမြွေအား ကြောက်လန့် တကြား ကြည့်နေကြသည်။ သူတို့သည် ခက်ခက်ခဲခဲဖြင့် တံတွေးကို မျိုချလိုက်သည်။
“ရဲ့နတ်ဘုရား၊ ဒီအနာကွန်ဒါမြွေကြီးက … ဒ … ဒ … ဒါ …”
“မသေသေးဘူး”
ရဲ့လင်းချန်၏ တည်ငြိမ်သောအသံက သူတို့ကို ထပ်မံ၍ သတိထားသော အခြေအနေသို့ ဖြစ်သွားစေသည်။
“ရဲ့နတ်ဘုရား၊ မ … မ … မင်း နောက်နေတာ ဟုတ်တယ်မလား၊ မင်း ခုနက ဘယ်ညာ ကိုင်ပေါက်နေတာလေ …”
ဝေ့တရွှင်းက ခေါင်းကိုငုံ့၍ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“အနာကွန်ဒါမြွေရဲ့ အသက်ဓာတ်က ပြင်းတယ်၊ ကျုပ် လုပ်ခဲ့တာဆိုလို့ အားနဲ့ သတိလစ်အောက် လုပ်ရုံပဲ ရှိတယ်”
ရဲ့လင်းချန်က ပခုံးတွန့်လိုက်ပြီး သူ့ဘေး၌ ဘောလုံးလို ကွေး၍ ထိုင်ကာ တုန်ယင်နေသော ကျောက်လျန့်ရင်ကို ကြည့်လိုက်သည်။ ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီးနောက် သူ့အင်္ကျီကို ချွတ်၍ ကျောက်လျန့်ရင်ကို ခြုံပေးလိုက်သည်။
မိန်းကလေး တစ်ယောက်အတွက် ဤသို့သော ကြောက်လန့်စရာက သေချာပေါက် ဖယ်ရှားမရနိုင်သော စိတ်ဒဏ်ရာ တစ်ခု ဖြစ်လာပေလိမ့်မည်။
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို မော့ကြည့်လာပြီး နောက်ဆုံးတွင် သူမအကြည့်က အသက် ပြန်ဝင်လာသည်။ သူမက သိမ့်သိမ့်တုန်နေပြီး ရဲ့လင်းချန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လေသည်။ ထိန်းထားခဲ့ရသည့် ငိုချင်စိတ်သည် တာကျိုးသကဲ့သို့ ပွင့်အံထွက်လာပြီး သူမက ကျယ်လောင်စွာ ရှိုက်ငိုလေတော့သည်။
“ဟင့် ဟင့် ဟင့် … ကျွန်မ ခုနက တကယ် ကြောက်နေခဲ့တာ၊ ကျွန်မ ရှင့်ကို ထပ်မမြင်ရနိုင်တော့ဘူးလို့ ထင်ခဲ့တာ”
ကျောက်လျန့်ရင်က မနားတမ်း ရှိုက်ငိုနေပြီး ရဲ့လင်းချန်ကို ဖက်ထားသည်။
“အခု အဆင်ပြေသွားပါပြီ”
ရဲ့လင်းချန်က သူမခေါင်းလေးကို ပုတ်ပေးသည်။ သူ့အင်္ကျီကို ချွတ်ပေးထားသဖြင့် သူသည် အပေါ်ပိုင်း ဗလာ ဖြစ်နေ၏။ ကျောက်လျန့်ရင်က သူ့ရင်ခွင်ထဲ၌ ရှိနေသဖြင့် သူမပါးက သူ့ရင်ဘတ်နှင့် တိုက်ရိုက် ထိကပ်နေသောကြောင့် ရင်းနှီးပူးကပ်သော အထိအတွေ့တစ်ခု ဖြစ်နေသည်ဟု ဆိုရပေမည်။
ကျောက်လျန့်ရင်ကို ခက်ခက်ခဲခဲ တည်ငြိမ်သွားအောင် ချော့ပြီးနောက် ရဲ့လင်းချန်သည် အဖက်ခံထားရရာမှ လွတ်လာပြီး မြွေ၏ ခန္ဓာကိုယ်ကိုဆွဲ၍ ခပ်ဝေးဝေးသို့ လျှောက်သွားသည်။
“ဖြစ်လာမယ့်ကိစ္စက နည်းနည်း သွေးထွက်သံယိုများတယ်၊ မင်းတို့ ငါ့နောက် မလိုက်ခဲ့တာ အကောင်းဆုံးပဲ”
ရဲ့လင်းချန်က ထိုသို့ တည်ငြိမ်စွာ ပြောပြီး သူ့နောက် လိုက်လာသော ကင်မရာသမားကို တစ်ချက် ကြည့်လိုက်သည်။
ရိုက်ကူးရေးဝန်ထမ်းသည် အံ့ဩသွားပြီး သူ့နောက် လိုက်ခြင်းကို ရပ်လိုက်သည်။ ရဲ့လင်းချန်က မြွေကို တစ်ခါတည်းနှင့် အပြတ်ရှင်းရန် စိတ်ကူးထားကြောင်း သူတို့ ရိပ်မိသွားသည်။
“ဒါရိုက်တာ ကျွန်တော်တို့ရဲ့ အွန်လိုင်း ကြည့်ရှုသူက ၂၅သန်း ကျော်သွားပြီ”
ထိုစဉ် ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်က အားမရှိစွာ ပြောလာသည်။
“ဘာ”
ဒါရိုက်တာ အလန့်တကြား ဖြစ်သွားပြီး သူ ကြားလိုက်ရသည့်စကားကို မယုံနိုင် ဖြစ်နေ၏။
*ဒီအွန်လိုင်း ကြည့်ရှုသူ ၂၅ သန်းက ဘယ်လို ဖြစ်တာလဲ*
ယခုအထိ တိုက်ရိုက် ထုတ်လွှင့်နေသည့် အစီအစဉ်များသည် ဤသို့သော အရေအတွက်အထိ ယခင်က တစ်ခါမှ မရဖူးပေ။ အဆိုတော်ဝိုင် ပါဝင်သည့် လူသူမဲ့ကျွန်း၌ အသက်ရှင်နေထိုင်ခြင်း အစီအစဉ်တောင်မှ နောက်ဆုံးမှ ထိုအရေအတွက်ကို ရောက်ခဲ့သည်။
“ဘာလို့ အဲ့လောက် များနေတာလဲ”
ဒါရိုက်တာက မယုံသင်္ကာနှင့် မေးသည်။
“ဒါရိုက်တာ ခုနက အနာကွန်ဒါ မြွေကြီး ပေါ်လာတဲ့ အပိုင်းက ဝေ့ပေါ်ရဲ့ ရေပန်းစားနေတဲ့ ရှာဖွေမှုစာရင်းထဲ ပါသွားတယ်၊ သတင်းရုပ်သံလိုင်းတွေက အဲ့ဒါကို တင်ဆက်နေပြီးတော့ ရဲ့နတ်ဘုရားရဲ့ လုပ်ဆောင်မှုက အွန်လိုင်းပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့တာ၊ တော်တော်များများက ပိုသိရဖို့ ဒီကို လာနေပြီ”
ထိုသို့သောအချိန်၌ နံပါတ်တစ် နေရာတင်မကဘဲ ရေပန်းစားနေသော ရှာဖွေမှုစားရင်၏ ထိပ်တန်း ငါးနေရာလုံးကို ဤအစီအစဉ်က သိမ်းပိုက်ထားလေသည်။
[ရဲ့နတ်ဘုရားက အနာကွန်ဒါမြွေကြီးကို လက်ဗလာနဲ့ တိုက်ခိုက်ခြင်း]
[အနာကွန်ဒါမြွေကြောင့် ကျောက်လျန့်ရင် သေလုနီးပါး ဖြစ်သွားခြင်း]
[ကြောက်စရာကောင်းတဲ့ ရဲ့နတ်ဘုရား၊ တကယ့် သိုင်းပါရဂူ]
[ကြောက်ဖို့ကောင်းလိုက်တာ၊ ရေကန်ထဲမှာ အနာကွန်ဒါ မြွေကြီး ရှိနေတယ်၊ ဧရာမ အနာကွန်ဒါမြွေကြီး]
[ဘဝ၏ ရုန်းကန်ခြင်းက သေစေနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရခြင်း]
“ကံကောင်းတဲ့ကြယ်၊ ရဲ့နတ်ဘုရားက ငါတို့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ”
ဒါရိုက်တာ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲတက်လာသည်။ သူ့အသံက တုန်နေပြီး ရသစုံရှိုးနယ်ပယ်၌ သူ့ကိုယ်သူ နာမည်ရလာတော့မည်ကို ကြိုမြင်နေ၏။
ကြောက်စိတ်အချို့ ရှိနေသေးသော်လည်း အခြေအနေက ပြီးသွားလေပြီ။ ထိုအခြေအနေက တကယ်ပင် အန္တရာယ်များနှင့် အခွင့်အရေးများနှင့် ပြည့်နေ၏။ ရဲ့လင်းချန်က ကျောက်လျန့်ရင်ကို ကယ်တင်ခဲ့သလို တစ်ချိန်တည်းမှာပင် သူတို့၏ အစီအစဉ်ကိုလည်း ကယ်တင်ခဲ့သည်။ ၎င်းက အစီအစဉ်ကို ကျော်ကြားမှု ရလာအောင် ကူညီခဲ့ပြီး မြင့်မားမှုအသစ်များ ယူဆောင်ပေးလာသည်။
တစ်ခဏကြာသော် ရဲ့လင်းချန် ပြန်ရောက်လာသည်။ ထိုအခါတွင်မှ အဖွဲ့က စိတ်အေးကာ သက်ပြင်းချလေသည်။
လူတိုင်း၏ နှစ်သိမ့်ပေးမှုအောက်၌ ကျောက်လျန့်ရင် ပို၍ ခံစားချက် ကောင်းလာသည်။ ရဲ့လင်းချန်ကို မြင်သောအခါ သူမပါးပြင်က ရဲတက်လာသည်။ သူ့တွင် ကောင်းမွန်သော ခန္ဓာကိုယ် ရှိသည်။ သူ့ခန္ဓာကိုယ်ကို သူမ မှီခဲ့စဉ်က သူ၏ ကြွက်သားများက ကျောက်တုံးလို မာကျောပြီး သူမအား လုံခြုံသော ခံစားချက် ပေးစွမ်းသည်။
*သူက ငါ့ကို ကယ်ခဲ့တာဆိုတော့ နောက်ဆို သူ့နောက်လိုက်ဖို့ ငါ့ကျေးဇူးရှင်ကို လက်ထပ်မယ်ဆိုတဲ့ အကြောင်း ပြချက်ကို သုံးလို့ရပြီ*
[ရဲ့နတ်ဘုရားက သိပ်ကို ယောက်ျားပီသတာပဲ၊ ရှုရှုနဲ့ ဖန်ဖန်ထက် အများကြီး ပိုသာတယ်]
[အပေါ်ကလူ၊ မင်းစကားကို ကြည့်ပြောပါ၊ ငါ့ရဲ့နတ်ဘုရားက အဲ့ဒီ ငပျော့လေးတွေနဲ့ ယှဉ်စရာလား၊ ဒါ စော်ကားတာပဲ]
[ရဲ့နတ်ဘုရားရဲ့ အမျိုးသမီး ဖြစ်ရတာက ကံကောင်းမှာပဲ၊ ဟင့်ဟင့်င့် … တွေးကြည့်ရုံနဲ့တင် ငါ ဝမ်းသာလို့ ငိုမိပြီ]
[ဒါကမှ တကယ့် ယောက်ျားတစ်ယောက်၊ ယောက်ျားလေးဖြစ်တဲ့ ငါတောင်မှ ရဲ့နတ်ဘုရားကို ချစ်မိသွားပြီ]
….