ကောင်းကင်နန်းတော် ရွှေအမြုတေ
Vol. 28 Ch. 422
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲရှိ ချီရွှဲ့ထုံဂိုဏ်း၏ ယဇ်ပလ္လင်ပေါ်တွင် အပြာရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။
အဆက်မပြတ် ဝင်းလက်နေသော အပြာရောင်အလင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ချီရွှဲ့ထုံဂိုဏ်းသားများ စိတ်ဝင်စားသွားကြသည်။
အထူးသဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပင်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ယဇ်ပလ္လင်ကြီးမှ ထွက်ပေါ်နေသော အပြာရောင်အလင်းကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အားလုံး မြင်နေကြရသည်ဖြစ်ပြီး မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့ သိကြသည်။
အထူးသဖြင့် ထိုမျှကြာမြင့်စွာ ဝင်းလက်နေသည်ဖြစ်၍ သူတို့၏ ခံစားချက်များ ယောက်ယက်ခတ်နေသည်ဟု ပြောလျှင် ပိုမှန်ပေသည်။
ချီရွှဲ့ထုံဂိုဏ်းသားများသည်လည်း တုန်လှုပ်နေကြသည်။
အောက်ဘက်ရှိ ယဇ်ပလ္လင်ပေါ်တွင် အပြာရောင်အလင်းများ လွှမ်းခြုံထားသော ရွှီချင်းကို အမှတ်သုံးသခင်ကြီး ကြည့်လိုက်သည်။ ရွှီချင်း၏တစ်ကိုယ်လုံး အပြာရောင်ဝင်းလက်နေပြီး ခန္ဓာကိုယ်ထဲမှ သေမင်းအရှိန်အဝါများ ဖြာထွက်နေသည်ကို မြင်သောအခါ သူသည်လည်း တုန်လှုပ်သွားသည်။
ရွှီချင်းက တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ရှာဖွေရန် ကြိုးစားနေပြီး ဂိုဏ်းကို သစ္စာဖောက်နိုင်ချေ အလွန် နည်းပါးသည်ကိုသာ သူ သိမထားခဲ့ပါက ရွှီချင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဖြစ် အမှန်တကယ် ပြောင်းလဲချင်နေသည်ဟု သူ ထင်မှတ်မိမည် ဖြစ်သည်။
ထိုအချိန်၌ ဘိုးဘေးရုပ်အလောင်းရုပ်ထုများစွာ၏ စွမ်းအားများ ရွှီချင်းခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းနေပြီး ရွှီချင်း၏ သက်စောင့်အားက အနိမ့်ဆုံးအခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော သေမင်းအရှိန်အဝါက တစတစ သိပ်သည်းထူထပ်လာနေသည်။
နောက်ထပ်ခြောက်နာရီ ကြာသွားပြီး နေဝင်ချိန်သို့ ရောက်လာကာ ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာလာသည်။ ရွှီချင်း၏ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ကန့်သတ်ချက်ကို သူ အာရုံခံမိလိုက်သည်။
ခရမ်းရောင်သလင်းကျောက်သည် သူ၏ဖိနှိပ်ခြင်းသာမက ဘိုးဘေးရုပ်အလောင်းရုပ်ထုစွမ်းအားများ၏ ကျူးကျော်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။ နောက်ဆုံးတွင် သူ လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားရန် ဆံချည်မျှင်တစ်ချောင်းစာ အကွာအဝေးသာ လိုတော့သည်။
ထိုဆံချည်မျှင်၏ ဘယ်ဘက်ခြမ်းသည် ရှင်သန်ခြင်းဖြစ်ပြီး ညာဘက်ခြမ်းသည် သေခြင်းတရား ဖြစ်သည်။
ယင်းသည် သေရေးရှင်ရေးအခြေအနေ ဖြစ်သည်။
သို့သော်လည်း ထိုအခြေအနေက အလွန် မငြိမ်မသက်ဖြစ်နေသည်။ တစ်ခုခုက အနည်းငယ် လျော့သွားလျှင် သေရေးရှင်ရေးအခြေအနေ ဟုတ်တော့မည် မဟုတ်ပေ။ တစ်ခုခုက ပိုသွားလျှင် သူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်သွားမည် ဖြစ်သည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင် ရွှီချင်း၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အပြာရောင်ဝင်းလက်သွားသည်။ ခံစားချက်စိုးစဉ်းမျှမရှိသော ပကတိတည်ငြိမ်သော အမူအရာဖြင့် သူသည် အလောင်းကောင်ပမာ ခြောက်ကပ်ကပ်ညာလက်ကို မြှောက်လိုက်ပြီး သူ့ရှေ့မှ အနက်ရောင်သစ်သားကို ဖြည်းညင်းစွာ ညွှန်လိုက်သည်။
အနက်ရောင်သစ်သားမှ စွမ်းအင်တစ်မျိုး ရုတ်ခြည်း ထွက်ပေါ်လာသည်။
ထို့နောက် ရွှီချင်းရှေ့တွင် ပုံရိပ်ယောင်သစ်သားတံခါးကြီးတစ်ချပ် ပေါ်လာသည်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများကြားတွင် သစ်သားတံခါးကြီးသည် ရွှီချင်းတည်ရှိရာသို့ မျက်နှာမူ၍ တဖြည်းဖြည်း ပွင့်လာသည်။
သစ်သားတံခါးကြီးထဲမှ ပတ်ဝန်းကျင်ရှိ အပြာရောင်အလင်းတန်းများနှင့် ကွဲပြားခြားနားသော စူးရှတောက်ပသည့် အဖြူရောင်အလင်းတန်း ရုတ်တရက် ထွက်ပေါ်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုအလင်းသည် ယခင်ကထက် ပို၍ စူးရှတောက်ပပြီး ဝင်းလက်နေသည်။ ရက်စက်ကြမ်းကြုတ်သော အမှန်တရားနှင့် ဤလောကကြီးမှ ထိုအလင်းကို မှိန်ဖျော့သွားအောင် မစွမ်းဆောင်နိုင်ချေ။ ထိုအလင်းသည် တည်ရှိနေဆဲဖြစ်ပါသော်လည်း အနည်းငယ် အေးစက်လာပြီး ထိုအလင်းအတွင်းရှိ အနွေးဓာတ်မှာ ပို၍ပင် နက်ရှိုင်းသောနေရာတွင် ပုန်းကွယ်နေသည်။
အနက်ရောင်သစ်သားတံခါးမှအလင်းသည် သူ၏သေရေးရှင်ရေးအခြေအနေကို အေးခဲပစ်မည့် သူ တွေးထားသော နည်းလမ်း ဖြစ်သည်။
သူတော်စင်ကြယ်နှင့် တိုက်ခိုက်စဉ်အခါက ဖြစ်စေ၊ လေ့လာဆန်းသပ်ကြည့်ပြီးသောအခါတွင်ဖြစ်စေ ဒုတိယမြောက် စတေးခံသန့်စင်ခြင်း လုပ်ထားသော သစ်သားတံခါးကြီးထဲရှိ အလင်းသည် အသက်ဓာတ်အခြေအနေကို ချုပ်နှောင်နိုင်သော စွမ်းအင်တစ်မျိုး ရှိကြောင်း သူ ကောင်းကောင်း သိခဲ့သည်။
ထိုအချုပ်အနှောင်သည် အေးစိမ့်စွမ်းအားဖြစ်ဟန်တူသည်။ ထိုစွမ်းအားသည် ပစ်မှတ်ထားခံရသူ၏ အခြေအနေကို တခဏလေးအတွင်း အေးခဲပစ်နိုင်သည်။
ထိုအလင်း ဖြာထွက်သွားစဉ် ရွှီချင်း၏တစ်ကိုယ်လုံး အရှိန်ပြင်းစွာ တုန်ရီလာသည်။ ရွှမ်လင်းယုံလီတံခါး၏ အလင်းတန်းအောက်တွင် သေခြင်းနှင့် ရှင်ခြင်းကြားရှိ မတည်ငြိမ်သော အခြေအနေမှာ လုံးလုံးလျားလျား အေးခဲသွားသည်။
သူ၏ဇီဝကမ္မဖြစ်စဉ်အားလုံး အေးခဲသွားဟန်တူသည်။
ထိုအချိန်၌ အမှတ်သုံးသခင်ကြီး၏ အစီအစဉ်အောက်တွင် ဘိုးဘေးရုပ်ထုများမှ အပြာရောင်အလင်းတန်းများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် သူသည် မန္တန်လက်ကွက်ဖော်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာဖြစ်သော ရှေးဟောင်း ကြေးမုံပြင်သည် တဖျပ်ဖျပ်ဝင်းလက်လာသည်။ ထိုအလင်းက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ မကြာသေးခင်က အလင်းပြန်ခဲ့သည့်အသွင်မျိုးဖြင့် ရွှီချင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်း၏တစ်ကိုယ်လုံးကို ထိုအလင်းတန်းက လွှမ်းခြုံသွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ထိုအချိန်၌ သူ၏အသိစိတ်က ရှင်းလင်းနေသေးသည်။ သူ၏အာရုံက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်သွားပြီး တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးကို ရှာဖွေလိုက်သည်။
လူတိုင်း၏ ဓမ္မတံခါးများက မတူညီသော နေရာများတွင် တည်ရှိနေတတ်ပြီး အထူးသဖြင့် တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးက လူကိုလိုက်၍ မတူညီနိုင်ကြောင်း အမှတ်ခုနစ်သခင်ကြီး ပြောပြခဲ့ဖူးသည်။
သို့သော် ထိုအချိန်၌ သေရေးရှင်ရေးအခြေအနေတွင် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို အသုံးပြု၍ သူ့တစ်ကိုယ်လုံး အာရုံခံပြီးနောက် တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို သူ ရှာတွေ့သွားသည်။
အံ့အားသင့်စရာကောင်းစွာပင် ထိုဓမ္မတံခါးသည် အသိပင်လယ်ထဲတွင် တည်ရှိနေသည်။ ထိုဓမ္မတံခါးသည် အစစ်အမှန်အခြေအနေတွင် တည်ရှိမနေဘဲ ကြုံတောင့်ကြုံခဲ ပုံရိပ်ယောင်အခြေအနေတွင် ရှိသည်။
ထိုဓမ္မတံခါးကို ရှာတွေ့သည့်အခိုက် ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေပေ။ သူ့ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး အသိပင်လယ်ထဲရှိ သူ ရှာတွေ့ထားသောနေရာသို့ တိုးဝင်သွားသည်။ တခဏလေးအတွင်း ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
တစ်ရာနှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးဖွင့်ခြင်းသည် တခြားဓမ္မတံခါးများကို ဖွင့်ရသည်ထက် အဆပေါင်းများစွာ ပိုခက်သည်။ သို့သော် ထို့အတွက် ရွှီချင်းသည် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ထားခဲ့သည်။ သူ့ဓမ္မတံခါးများထဲတွင် ဖိနှိပ်ထားခဲ့သော ဝိညာဉ်စွမ်းအားများ ထကြွလာပြီး ဝိညာဉ်မီးတောက်အသွင် စုစည်းသွားသည်။
အသက်ရှူချိန်အနည်းငယ်အကြာတွင် သူ၏အသိပင်လယ်ထဲ တဖျစ်ဖျစ်မြည်သံများ လွင့်ပျံသွားသည်။ ပုံရိပ်ယောင်အခြေအနေတွင်ရှိသော တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပွင့်လာပြီ ဖြစ်သည်။
ထိုဓမ္မတံခါး ပွင့်လာသည်နှင့် ထိုတံခါးဆီမှ တစ်ခါမှမကြုံဖူးသော ဓမ္မစွမ်းအားများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
ထိုစွမ်းအားများသည် တဝုန်းဝုန်းမြည်ဟည်းကာ အဆုံးအစမဲ့သည်။
ထိုဓမ္မတံခါးမှ ထုတ်လွှတ်သော စွမ်းအားများသည် ဓမ္မတံခါးသုံးဆယ်ပေါင်းစည်းသော စွမ်းအားနှင့် ညီမျှသည်။
ထိုဓမ္မတံခါးရှိ ဓမ္မစွမ်းအားများသည် ကြီးမားများပြားသည်ဖြစ်၍ ထိုဓမ္မတံခါးတစ်ခုဖြင့် သက်စောင့်မီးလုံးတစ်လုံး ပေါ်ထွက်လာနိုင်သည်ဟု ပြောကြသည်။
ထိုပေါက်ကွဲခြင်းအောက်တွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေသော သက်စောင့်မီးလုံးလေးလုံး၏ အရောင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရှိန်အဝါကြောင့် ပြောင်းလဲသွားပါသော်ငြား မီးတောက်အမျှင်တန်း မရေမတွက်နိုင်လောက်အောင် စုစည်းလိုက်သောအခါ ပဉ္စမမြောက်သက်စောင့်မီးလုံး ဖြစ်ပေါ်လာသည်။
ပဉ္စမမြောက်သက်စောင့်မီးလုံး၏ အရောင်က နီမြန်းသည်။
တဟုန်းဟုန်း တောက်လောက်နေသော မီးတောက်များကြားတွင် ပဉ္စမမြောက်သက်စောင့်မီးလုံးမှ ကြောက်ခမန်းလိလိ စွမ်းအင်အငွေ့အသက်များ ဖြာထွက်နေသည်။ ဓမ္မစွမ်းအားများ ရွှီချင်း၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီးနောက် သေရေးရှင်ရေးအခြေအနေမျှခြေ ပျက်စီးသွားသည်။
ထိုမျှခြေပျက်စီးသွားပြီးနောက် တဟုန်းဟုန်း တောက်လောင်နေသော သက်စောင့်မီးတောက်များကြောင့် သေမင်းအရှိန်အဝါများ လွင့်ပျယ်သွားသည်။
ယဇ်ပူဇော်ခြင်းက မပြီးသေးသည်ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဖြစ်သို့ ရွှီချင်း မပြောင်းလဲနိုင်ဘဲ အခြေအနေကို တွန်းလှန်ပစ်နိုင်လိုက်သည်။
အထူးသဖြင့် သူ့မှာ ခရမ်းရောင်သလင်းကျောက် ရှိနေသောအခါတွင် ဖြစ်ပေသည်။ ခရမ်းရောင်သလင်းကျောက်ကို အရိပ်လေးဖြင့် ဖုံးကွယ်လိုက်သည်မှလွဲ၍ နောက်ထပ်ဖိနှိပ်ထားခြင်း မရှိတော့ပေ။ ထို့ကြောင့် သူ၏သက်လုံက ပို၍ မြန်ဆန်စွာကောင်းလာသည်။
တဖြည်းဖြည်းနှင့် သက်စောင့်မီးတောက်နှစ်ခုက နီစွေးသွားပြီးနောက် တတိယမြောက်သက်စောင့်မီးတောက် စသည်ဖြင့် သက်စောင့်မီးတောက်များ၏ အရောင်များ ပုံမှန်ပြန်ဖြစ်သွားသောအခါတွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲ ကြွယ်ဝသော သက်စောင့်အားများဖြင့် ပြန်လည်အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။
သူ့အသားအရေအရောင်က လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ့ဆံပင်များ ခြောက်ကပ်ရှုံ့တွသွားခြင်း မရှိတော့ပေ။
ထိုဖြစ်စဉ်သည် ရှစ်နာရီကြာသွားပြီးနောက် ရွှီချင်း၏ မျက်လုံးများ ပွင့်လာသည်။ သူ အကောင်းပကတိ ပြန်ဖြစ်သွားပြီ ဖြစ်သည်။
သေရေးရှင်ရေးအခြေအနေကို သူ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်နိုင်သွားသည်။ ထိုဖြစ်ရပ်သည် ကောင်းကင်ယံရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ခုနစ်ဦးကို စိတ်ပျက်ခြင်းများ၊ အံ့သြတုန်လှုပ်ခြင်းများ ဖြစ်သွားစေသည်။
ဓမ္မတံခါး တစ်ရာ့နှစ်ဆယ်တစ်ခုအထိ ဖွင့်နိုင်သော လူတစ်ယောက်ကို အထင်သေးဝံ့သူ တစ်ယောက်မှ မရှိပေ။ ဓမ္မတံခါးတစ်ရာနှစ်ဆယ့်တစ်ခုအထိ ဖွင့်နိုင်ခြင်းသည် ရွှေအမြုတေအဆင့်တွင် ကန့်သတ်ချက်အထွတ်အထိပ်အထိ ရောက်မည်ဖြစ်ကြောင်း ဖော်ပြနေပေသည်။ အထူးသဖြင့် ရွှီချင်းကို သူတို့ မှတ်မိနေသည်မှာ ကြာပြီဖြစ်ပြီး ရွှီချင်း၏သက်စောင့်မီးအိမ်များအကြောင်းကို သူတို့ သိနေသောအခါတွင် ဖြစ်သည်။
အမှတ်သုံးသခင်ကြီးသည်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများထဲတွင် လေးစားသောအရိပ်အယောင်တစ်ခု ပေါ်လာပါသော်လည်း ရွှီချင်းကို မနှောင့်ယှက်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှီချင်းက ရွှေအမြုတေအဆင့်သို့ တက်တော့မည်ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။
သူက လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး ဘေးပတ်လည်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို လူစုခွဲလိုက်သည်။ ဤနေရာကို ပို၍ တင်းကြပ်စွာ ပိတ်လှောင်လိုက်ပြီးနောက် ရွှီချင်းကို ကိုယ်တိုင် ကာကွယ်လိုက်သည်။
ယင်းသည် အမှတ်ခုနစ်သခင်ကြီး သူ့ကို တောင်းဆိုထားသောအရာ ဖြစ်သည်။ ဂိုဏ်း၏အကျိုးအရဖြစ်စေ၊ အမှတ်ခုနစ်သခင်ကြီး၏မျက်နှာကြောင့်ဖြစ်စေ အမှတ်သုံးသခင်ကြီးသည် တင်းကြပ်စွာ ဆောင်ရွက်မည်သာ ဖြစ်သည်။
ရွှီချင်း၏ အဆင့်တက်ခြင်းတွင် တစ်ခုခု ဖြစ်သွားမည်ကို သူ ခွင့်ပြုမည် မဟုတ်ပေ။
အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ပိုင်နက်ထဲတွင် မတော်တဆမှုများဖြစ်ပွားရန် အလွန် ခက်သည်။ ဤနေရာကို ချီရွှဲ့ထုံဂိုဏ်းတွင် အလုံခြုံဆုံးနေရာအဖြစ် ပြောနိုင်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ ခဏအကြာ ပတ်ဝန်းကျင်ရှိ အမှတ်သုံးသခင်ကြီး၏ စီစဉ်ထားမှုများကို သူ အာရုံရလိုက်သည်။ ထို့ကြောင့် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး အဆင့်တက်ရန် ပြင်လိုက်သည်။
သက်စောင့်မီးလုံးငါးလုံးအဆင့်တက်ခြင်းသည် စိတ်ချရသောအဆင့်တက်ခြင်း ဖြစ်သည်။
ရွှေအမြုတေအဆင့်ကို ရောက်ရန် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် လုပ်ရမည့် အရေးကြီးဆုံးအရာမှာ သက်စောင့်မီးလုံးများကို အဆုံးစွန်ထိ တောက်လောင်စေပြီး ကောင်းကင်နန်းတော်ကို အလင်းဆောင်ရန် ခန္ဓာကိုယ်မြင့်မြင့်မှာ မြှောက်ထားရန် ဖြစ်သည်။
ပေါ်ပေါက်လာသည့် ကောင်းကင်နန်းတော်သည် ပုံရိပ်ယောင်ဖြစ်ပါသော်လည်း ပျောက်ပျယ်သွားမည်မဟုတ်ဘဲ အမြဲ တည်ရှိနေမည် ဖြစ်သည်။
နောက်နှစ်များတွင် ကျင့်ကြံသူအနေဖြင့် ပုံရိပ်ယောင်ကောင်းကင်နန်းတော်ကို ဒြပ်ထုဖြစ်လာရန် လုပ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် စစ်မှန်သော ကောင်းကင်နန်းတော် ဖြစ်လာရန် ရွှေအမြုတေကို ကောင်းကင်နန်းတော်ထဲ ထည့်သွင်းရမည်ဖြစ်သည်။
ထိုအချိန်၌ ရွှီချင်း၏စိတ်စေစားရာနောက်တွင် သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးငါးလုံး ချက်ချင်း တောက်လောင်လာသည်။
ဓမ္မတံခါးတစ်ရာနှစ်ဆယ့်တစ်ခုက မီးဖိုကြီး တစ်ရာနှစ်ဆယ့်တစ်ခုအလား ဖြစ်လာပြီး အထူးသဖြင့် နောက်ဆုံး ဓမ္မတံခါးပင်။ ထိုဓမ္မတံခါး၏ မီးစိတ်ဆန္ဒက ပို၍ပင် အားကောင်းပြီး မရေမတွက်နိုင်သော မီးအမျှင်တန်းများအဖြစ် ပြောင်းလဲကာ သက်စောင့်မီးလုံးငါးလုံးထဲတွင် စုစည်းသွားပေရာ သက်စောင့်မီးလုံးငါးလုံး၏ မီးတောက်များက ပို၍ပင် ဝင်းလက်လာသည်။
သက်စောင့်မီးအိမ်များသည်လည်း ရုပ်လုံးပေါ်လာသည်။ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီးနောက် သက်စောင့်မီးလုံးများက ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ အမြင့်သို့ ပျံတက်သွားသည်။
ထို့နောက် မူလက သူ၏အသိပင်လယ်ထဲရှိ သက်စောင့်မီးလုံးများအထက်တွင် ထင်ရှားနေခဲ့သော ပထမကောင်းကင်နန်းတော်၏ အစွန်းတစ်ဖက်က မြင့်တက်သွားဟန်တူပြီး တဖြည်းဖြည်းနှင့် ပထမကောင်းကင်နန်းတော်မှာ ပို၍ ပေါ်လွင်လာသည်။
ခဏအကြာ ရွှီချင်း၏ ပထမမြောက် ပုံရိပ်ယောင်ကောင်းကင်နန်းတော်ကို လုံးလုံးလျားလျား မြင်လာရသည်။
ထိုကောင်းကင်နန်းတော်သည် နတ်တန်ခိုးများ ဖြာထွက်နေသော ဧရာမနန်းဆောင်ကြီးတစ်ဆောင်နှင့် ဆင်တူသည်။
ယင်းသည် ကောင်းကင်နန်းတော်၏ အခြေခံအကျဆုံး ပုံပန်းသွင်ပြင်ဖြစ်သည်။ အခြေခံအားဖြင့် လူသားအားလုံး၏ ကောင်းကင်နန်းတော်များက တူညီကြသည်။
ကောင်းကင်နန်းတော်များကို မျိုးနွယ်၏ သွေးမျိုးဆက်အားဖြင့် ဆုံးဖြတ်ကြသည်။
ရုပ်လုံးပေါ်နေစဉ်အတောအတွင်း ကျင့်ကြံခြင်းအတတ်များပေါ်မူတည်၍ အပြောင်းအလဲများစွာ ဖြစ်လာတတ်သည်။
ထိုအချိန်၌ ရွှီချင်း၏ သက်စောင့်မီးလုံးငါးလုံး တောက်လောင်လာပြီး အထက်သို့ မြင့်တက်နေစဉ် ပထမမြောက်ကောင်းကင်နန်းတော်အပြင် ဒုတိယမြောက်ပုံရိပ်ယောင်ကောင်းကင်နန်းတော်လည်း လျင်မြန်စွာ ပေါ်လာသည်။
ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက် …
သူ၏အသိပင်လယ်ထဲ အရာအားလုံး တုန်ခါနေသည့်အလား တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ မိုးကြိုးလျှပ်စီးများက အရာအားလုံးကို စုတ်ဖြဲပစ်ချင်နေသည့်အလား နေရာအနှံ့မှ ပစ်ခတ်လာသည်။ တချိန်တည်းမှာပင် ပဉ္စမမြောက်ကောင်းကင်နန်းတော်လည်း ပေါ်လာသည်။
အောက်ခြေမှအထက်သို့တိုင်အောင် ကောင်းကင်နန်းတော်ငါးဆောင်သည် အလွန် ကျယ်ဝန်းသည်
သက်စောင့်မီးလုံးများ၏ အလင်းက ဆက်လက်ဖြာထွက်နေပြီး သူ၏အသိပင်လယ်ထဲတွင် ဆဋ္ဌမမြောက်ပုံရိပ်ယောင်ကောင်းကင်နန်းတော်လည်း ပေါ်ထွက်လာသည်။
အံ့အားသင့်စရာကောင်းစွာပင် ဆဋ္ဌမမြောက်ပုံရိပ်ယောင် ကောင်းကင်နန်းတော်အထက်တွင် သိပ်သည်းထူထပ်သော မြူခိုးများ ရှိနေသည်။ မြူခိုးများသည် အလင်းမဝင်လာအောင် တားဆီးနေသော အမိုးခုံးကြီးတစ်ခုအလားပင်။
ကောင်းကင်နန်းတော်ခြောက်ဆောင်ပြီးလျှင် ကျန်ကောင်းကင်နန်းတော်များက ဘဝမြူခိုးထဲ တည်ရှိနေသည်ဖြစ်၍ သက်စောင့်မီးလုံးသုံးလုံးနှင့် ကျင့်ကြံသူများအတွက် ကောင်းကင်နန်းတော်ခြောက်ဆောင်က ကန့်သတ်ချက်ဖြစ်သည်။ အားနည်းသော သက်စောင့်မီးတောက်များ၏ အလင်းက မြူခိုးများကို မဖောက်ထွင်းနိုင်ပေ။
သို့သော်လည်း ရွှီချင်းသည် ထိုသို့ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
သက်စောင့်မီးလုံးငါးလုံး လောင်ကျွမ်းခြင်းနှင့်အတူ သတ္တမမြောက်ကောင်းကင်နန်းတော်က သိပ်သည်းထူထပ်သော မြူခိုးများထဲ ပေါ်လာသည်။
ထို့နောက် သက်စောင့်မီးလုံးငါးလုံး၏ စူးရှသောအလင်းများအောက်တွင် အဌမမြောက်ကောင်းကင်နန်းတော် ပေါ်လာသည်။
ကောင်းကင်နန်းတော်ရှစ်ခုကြောင့် သူ၏အသိပင်လယ်ကြီး တုန်ရီကာ တဂျိမ်းဂျိမ်းမြည်သံများ လေထဲ ပြည့်နှက်သွားသည်။ သူ့ပတ်လည်တွင် လေပွေကြီးတစ်ခု ပေါ်လာပြီး အရပ်မျက်နှာအနှံ့ တိုက်ခတ်သွားသည့်အလား အဆုံးအစမဲ့ ဝိညာဉ်စွမ်းအားများ စီးဝင်လာသည်။
“ နောက်တစ်ခုက သက်စောင့်မီးအိမ်တွေကို သက်စောင့်နန်းတော်တွေအဖြစ် ပြောင်းလဲရမှာ ”
ရွှီချင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏အသိပင်လယ်ထဲတွင် သက်တန့်လေပြေသံစဉ်သက်စောင့်မီးအိမ်ကို မြှောက်လိုက်သည်။
ပုံရိပ်ယောင်နန်းတော်ခြောက်ဆောင်ကို ကျော်ဖြတ်သွားပြီးနောက် မီးအိမ်က ဘဝမြူခိုးများထဲ ဝင်ရောက်သွားသည်။
သတ္တမမြောက်နှင့် အဌမမြောက် ကောင်းကင်နန်းတော်များကို ကျော်ဖြတ်ပြီးနောက် ပိုမြင့်မားသော နေရာမှ မိုးမြေတုန်ဟီးစေနိုင်သော အစွမ်းကြီး ဝုန်းခနဲ ထွက်ပေါ်လာသည်။
သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်မှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ သက်စောင့်မီးအိမ်ပတ်လည်တွင် နဝမမြောက်ကောင်းကင်နန်းတော် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ထိုကောင်းကင်နန်းတော်သည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန် ဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် တစ်နာရီသာ ကြာမြင့်လိုက်ပြီး ဘဝမြူခိုးများထဲတွင် ရွှီချင်း၏ နဝမမြောက်ကောင်းကင်နန်းတော် အပြည့်အဝ ပေါ်ထွက်လာသည်။
ထိုကောင်းကင်နန်းတော်ထဲတွင် သက်တန့်လေပြေ သက်စောင့်မီးအိမ်ရှိသည်။ ထိုသက်စောင့်မီးအိမ်သည် ရွှေအမြုတေနှင့်ဆင်တူပြီး ကောင်းကင်နန်းတော်ကို ဖိနှိပ်ကာ ချက်ချင်း ပြီးပြည့်စုံသွားစေသည်။
တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းထံမှ ကောင်းကင်နန်းတော်တစ်ဆောင်၏ အစွမ်းများ ထွက်ပေါ်လာသည်။ ယင်းကြောင့် အပြင်လောကကြီး၏ အရောင်များ ပြောင်းလဲသွားပြီး ဂျိမ်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာသည်။
ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ထိုအချိန်၌ ထီးနက်ကြီးအသွင်ရှိနေသော သက်စောင့်မီးအိမ်ကို ရွှီချင်း မြှောက်လိုက်သည်။