မြန်ဆန်စွာ တိုးတက်လာသော
Vol. 28 Ch. 423
သက်စောင့်မီးလုံးသုံးလုံးက ကောင်းကင်နန်းတော်ခြောက်ဆောင်ကို အလင်းပေးနိုင်ပြီး သက်စောင့်မီးလုံးလေးလုံးက နန်းတော်ခုနစ်ဆောင်ကို အလင်းပေးနိုင်သည်။ သက်စောင့်မီးလုံးငါးလုံးက နန်းတော်ရှစ်ဆောင်ကို အလင်းပေးနိုင်သည်။
ထိုအချိန်၌ ရွှီချင်း၏ ဘဝမြူခိုးအောက်ရှိ ပုံရိပ်ယောင်ကောင်းကင်နန်းတော်ခြောက်ဆောင်က ခပ်ဖျော့ဖျော့အလင်းများ ထုတ်လွှတ်နေသည်။ ယင်းသည် သူ့ကို အခြေတည်အဆင့်မှ မြင့်တက်သွားစေပြီး ရွှေအမြုတေအဆင့်တွင် တည်ငြိမ်သွားစေသည်။
ဘဝမြူခိုးများထဲတွင် ခုနစ်ကြိမ်မြောက်နှင့် ရှစ်ကြိမ်မြောက် ပုံရိပ်ယောင်နန်းတော်များသည် မြူခိုးများထဲ ရှိနေသည့်တိုင်အောင် ဝင်းလက်တောက်ပနေသည်။ သို့သော်လည်း ကောင်းကင်နန်းတော်ရှစ်ဆောင်နှင့်ယှဉ်ပါက ထိပ်ဆုံးရှိ နဝမမြောက်နန်းတော်သည် တုဖက်ကင်းသော စူးရှတောက်ပသည့်အလင်းများကို ထုတ်လွှတ်နေသည်။
နဝမမြောက်ကောင်းကင်နန်းတော်သည် သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုနန်းဆောင်၏ အလင်းက စူးရှတောက်ပပြီး ဘဝမြူခိုးများကို ဖြတ်သန်းကာ ပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းပေးနေသည်။
ထိုနန်းဆောင်ထဲရှိ သက်တန့်လေပြေသံစဉ် မီးအိမ်က ကြောက်ခမန်းလိလိ စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်နေပေရာ တုန်လှုပ်ချောက်ချားစရာကောင်းသော ဖိအားတစ်ရပ် ဖြစ်နေတော့သည်။ ထိုနန်းတော်တစ်ခုတည်းသည်ပင် သက်စောင့်မီးလုံးခြောက်လုံးအစွမ်းကို ပိုင်ဆိုင်ထားသည်။
ထိုအချိန်၌ ရွှီချင်းက ဒုတိယမြောက်သက်စောင့်မီးအိမ်ကို မြှောက်လိုက်စဉ် သူ၏အသိပင်လယ်ထဲ တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ တန်ခိုးရှင်တစ်ပါး ဟစ်ကြွေးနေပြီး သတ္တဝါအားလုံး တုန်ရီသွားကြသည့်အလားပင်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အငွေ့အသက်များ ဖြာထွက်လာပြီး ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားသည်။
ထီးနက်ကြီးသည် အရာအားလုံးကို ထိုးခွင်း၍ ဘဝမြူခိုးထဲရှိ နဝမမြောက်နန်းတော်အထက်တွင် ပေါ်လာသည်။ ထို့နောက် စူးရှတောက်ပသောအလင်းတန်းတစ်ခု ပေါ်လာသည်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး အလင်းက သမုဒ္ဒရာတစ်စင်းအလား ရွေ့လျားသွားသည်။ အလင်းသည် အရာအားလုံးကို လှဲကျင်းသွားပြီး ထီးနက်ပတ်လည်တွင် ပကတိမျက်စိဖြင့် မြင်နိုင်သော ကောင်းကင်နန်းတော်ကြီးတစ်ဆောင် ပေါ်ပေါက်လာသည်။
ထိုနန်းတော်ကြီးသည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်သည်။
ယင်းသည် ဒဿမမြောက်နန်းတော်ကြီး ဖြစ်သည်။
နဝမမြောက်နန်းတော်၏ သက်တန့်ရောင်စဉ်တန်းများနှင့်မတူဘဲ ဒဿမမြောက်နန်းတော်သည် အဆုံးအစမဲ့ အနက်ရောင်မီးတောက်များဖြင့် တောက်လောင်နေပြီး ငရဲပြည်မှ ခေါင်းတလားတစ်လုံးအလားပင်။
ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပါသော်လည်း တချိန်တည်းမှာပင် ပြင်းထန်သော အားလှိုင်းတစ်မျိုး ဖြာထွက်လာရာ ရွှီချင်း၏ အတိုက်အခိုက်စွမ်းအားက အဆပေါင်းများစွာ ခုန်တက်လာပြီး ယခင်ကထက် ကျော်လွန်သွားသည်။
သူသည် ရွှေအမြုတေအဆင့်သို့ ရောက်သွားသည်သာမက တစ်ကြိမ်တည်းဖြင့် ကောင်းကင်နန်းတော်နှစ်ဆောင်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ရွှေအမြုတေအဆင့်သည် ဝမ်ကူးဒေသကြီးထဲရှိ ကျင့်ကြံသူများအတွက် ပိုင်းခြားထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများကို အခြေခံတည်ဆောက်ဆဲ အဆင့်နိမ့်ကျင့်ကြံသူများအဖြစ် သတ်မှတ်ကြသည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားသည့်အခါ အခြေခံတည်ဆောက်ပြီးသွားသော ကျင့်ကြံသူများအဖြစ် ယူဆကြပေသည်။ သူတို့၏နောက်ဆက်တွဲကျင့်ကြံခြင်းစွမ်းအားများက အလွန် အစွမ်းထက်သွားပေမည်။
သူကဲ့သို့ မဟာမိတ်၏ ရွှေအမြုတေအဆင့် တာအိုအစောင့်အရှောက်များကို အနိုင်ယူနိုင်သောလူများမှာ အလွန့်အလွန် နည်းပါးသည်။
ဥပမာအနေဖြင့် စီမာယွီသည် နှစ်ပေါင်းများစွာ ကြာနေသည့်တိုင်အောင် ဒုတိယမြောက်ကောင်းကင်နန်းတော်ကို မဖွဲ့စည်းနိုင်သေးပေ။
ထိုအချက်မှနေ၍ သက်စောင့်မီးအိမ်တစ်လုံး၏ အရေးကြီးပုံကို မြင်နိုင်သည်။
ရွှီချင်း၏ အတိုက်အခိုက်စွမ်းသည် ထိုမျှသာ မဟုတ်ပေ။ ပြောင်းလဲသည့်လမ်းခုလတ်တွင် ရှိနေသော ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်တစ်ခုလည်း ရှိသည်။
နားလည်လွယ်သော ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရွှီချင်းသည် သာမန်ကောင်းကင်နန်းတော်နှစ်ဆောင် ကျင့်ကြံသူများထက် သာလွန်နေပြီ ဖြစ်သည်။
ယင်းမှာ သူ၏အဆိပ်ဆေးကို ထည့်မတွက်ရသေးပေ။
ယခု ရွှီချင်း၏ အလုပ်မှာ တတိယမြောက်ကောင်းကင်နန်းတော်တစ်ဆောင် မြန်ဆန်စွာ ရုပ်လုံးပေါ်လာစေရေးနှင့် ထိုနန်းတော်ထဲတွင် သူ၏အဆိပ်ဆေးကို ဖိနှိပ်ကာ သူ၏တိုက်ရည်ခိုက်ရည်ကို မြင့်တက်သွားအောင် လုပ်ရန် ဖြစ်သည်။
ထို့နောက် ကျန်နေသေးသော ကောင်းကင်နန်းတော်များကို ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်အဖြစ်သို့ သူ ပြောင်းလဲရမည် ဖြစ်သည်။ ထိုသို့ ပြောင်းလဲပြီးသွားပါက ကောင်းကင်နန်းတော်ဆယ်ဆောင်ဖြင့် သူသည် အဆင့်တူကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်သောအဆင့်သို့ ရောက်သွားပေမည်။
သူ၏ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းနည်းလမ်းက တခြားလူများနှင့် မတူညီသည်ဖြစ်၍ ထိုဖြစ်စဉ်က များစွာ အချိန်ကြာမည် မဟုတ်ပေ။
ရွှီချင်း၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာသည်။ သူ၏ဆရာ လွှဲပြောင်းပေးခဲ့သည့် ကွေ့ယုံသိုတောက်ပညာရပ်၏ အမှတ်အသားက ပြန့်ကားလာပြီး သူ့စိတ်ထဲသို့ ပေါင်းစည်းသွားသည်။ တချိန်တည်းမှာပင် သူ့ညာလက်က တဖြည်းဖြည်း ဖောက်ထွင်းမြင်လာရသည်။
သူ့ညာလက်က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိသည့်အလားပင်။
ရွှီချင်းသည် ညာလက်ကို ကြည့်လိုက်သည်။ သူ့ညာလက်ထဲတွင် ကိန်းအောင်းနေသော ကြောက်ခမန်းလိလိအရှိန်အဝါနှင့် အဆုံးအစမဲ့ ထူးဆန်းမှုများကို သူ အာရုံရလိုက်သည်။
ထိုလက်သည် ရန်သူ၏ အသိပင်လယ်ထဲ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ကောင်းကင်နန်းတော်ကို ဖျက်ဆီး၍ အထဲရှိ ရွှေအမြုတေကို အဓမ္မလုယူနိုင်သည်။ ထိုမျှသာမက သူ၏ညာလက်က မကောင်းဆိုးဝါးများကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော အစွမ်းလည်း ရှိကြောင်း သူ အာရုံရနေသည်။
“ ဒီပညာရပ်က အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံပြီးတဲ့အခါ ငါ့တစ်ကိုယ်လုံး ပုံရိပ်ယောင်အခြေအနေကို ရောက်သွားမယ်လို့ ဆရာ ပြောခဲ့တယ်။ ဒါဆို အန္တရာယ်တွေအများကြီး ငါ ရှောင်တိမ်းနိုင်မှာပဲ ”
ရွှီချင်းသည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ပြတ်သားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူ ပို၍ အစွမ်းထက်လာရန် စိတ်အားထက်သန်နေသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ယခင်ကထက် သူ ပိုကြိုးစားရမည်ကို သိသည်။ ထိုအတွေးနှင့်အတူ သူ၏ညာလက်က ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး သူ့ကို စောင့်ကြပ်ပေးနေသော အမှတ်သုံးသခင်ကြီးကို လေးစားစွာဖြင့် အရိုအသေပြုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အမှတ်သုံးသခင်ကြီးခင်ဗျ ”
အမှတ်သုံးသခင်ကြီးသည် ဓမ္မတံခါးများကို အာရုံခံနေစဉ်နှင့် အဆင့်တက်နေစဉ်အတောအတွင်း စောင့်ရှောက်ပေးနေခဲ့သည်။ ယင်းမှာ သူ၏ဆရာကြောင့်ဖြစ်သည်ကို သူ သိပါသော်လည်း သူ အလွန် ကျေးဇူးတင်နေဆဲပင်။
ကောင်းကင်ယံရှိ အမှတ်သုံးသခင်ကြီး၏ မျက်လုံးများထဲ ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်သွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းကို လေးစားသည့်အရိပ်အယောင်များကို သူ မဖုံးကွယ်နိုင်ပေ။ ရွှီချင်းသည် ဤမျိုးဆက်ရှိ အထူးချွန်ဆုံးဂိုဏ်းသားများအနက် တစ်ယောက်ဟု ဆိုနိုင်သည်။
“ ဂရုစိုက်ပြီးနေ။ နောင်ကျရင် မင်းက ယင်ဟွမ်ပြည်နယ်မှာ နေရာတစ်နေရာ ရလာမှာ ”
အမှတ်သုံးသခင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
ရွှီချင်း ခေါင်းညိတ်လိုက်ပြန်သည်။
အမှတ်သုံးသခင်ကြီးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးပတ်လည်ရှိ အစီအရင်ကြီး လွင့်ပါးသွားသည်။ သူသည်လည်း ကောင်းကင်ယံမှ ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် အမှတ်သုံးသခင်ကြီး ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံရှိ ဧရာမရှေးဟောင်းကြေးမုံငြပ်ကြီးကို ကြည့်လိုက်သည်။ ခဏအကြာ မှော်စစ်သင်္ဘောကို ထုတ်လိုက်ပြီး ခုန်တက်လိုက်သည်။ သူ တစ်ချက်တွေးလိုက်သည်နှင့် မှော်စစ်သင်္ဘောထဲရှိ အစောင့်အရှောက်ဝိညာဉ်သည် အော်ဟစ်လိုက်ရာ မှော်စစ်သင်္ဘောကြီးသည် ရွှေအမြုတေအဆင့်နှင့် ညီမျှသော စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး တဟုန်ထိုး ပျံသန်းသွားသည်။
မှော်စစ်သင်္ဘောကြီးသည် မြန်ဆန်လှပြီး တခဏလေးအတွင်း ဆိပ်ကမ်းသို့ ရောက်သွားသည်။ မှော်စစ်သင်္ဘောသည် ရပ်နားခြင်းမရှိဘဲ တားမြစ်ပင်လယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။
ဤနေရာသို့ လာစဉ်အခါက သက်စောင့်မီးလုံးလေးလုံး အခြေတည်အဆင့်သာ ရှိသေးသည်။ သူ ထွက်လာသည့်အခါတွင် ကောင်းကင်နန်းတော်နှစ်ဆောင် ရွှေအမြုတေအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် ကွာခြားချက်က မိုးနှင့်မြေပမာပင်။
ရွှီချင်းသည် တဟုန်ထိုး သွားနေရင်း အဝေးသို့ ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“ ယုံလင်းကျစ် ”
“ သခင်လေး ”
ထို့နောက် ရွှီချင်း၏ဘေးတွင် အနက်ရောင်သံတုတ်လေး ပေါ်လာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာတွင် လေးစားကြည်ညိုသည့်အမူအရာ ရှိနေသည်။ သူသည် မြေပြင်မှာ ကပျာကယာ ဒူးထောက်လိုက်ပြီး အထိတ်တလန့်ဖြင့် နှုတ်ဆက်လိုက်သည်။
“ မင်းရဲ့တိုက်ရည်ခိုက်ရည်က နည်းနည်း နိမ့်နေတယ်။ မင်း ငါ့ကို အမီမလိုက်နိုင်တော့ရင် … ”
ရွှီချင်းသည် စကားကို အဆုံးမသတ်သေးဘဲ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား စူးရှတောက်ပသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားသည်။ သူ ချက်ချင်း ခေါင်းမော့လိုက်ပြီး ရင်ဘတ်ကို ပုတ်၍ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ သခင်လေး၊ စိတ်မပူပါနဲ့။ အဲဒီကိစ္စကို ကျနော်မျိုး စီစဉ်နေတာ ကြာပါပြီ။ သခင်လေးကို တင်ပြဖို့ပဲ ကျန်တော့တာပါ။ အလွန်ဆုံးခြောက်လပါပဲ။ မဟုတ်သေးဘူး သုံးလပါပဲ။ ကျနော်မျိုးရဲ့ လျှပ်စီးဝိညာဉ်ခန္ဓာ အဆင့်တက်သွားပြီး ယင်ဝိညာဉ်တစ်ခု ဖြစ်လာမှာပါ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ အနည်းငယ် နီမြန်းနေသည်။ သူ မီးကုန်ယမ်းကုန် ကြိုးစားရပေတော့မည်။
အမှန်စင်စစ် သူ အဆင့်တက်ရန် အလွန် အလှမ်းကွာနေသေးသည်။ သို့သော်လည်း ယခုတွင် သူ လုပ်နိုင်သောအရာ မရှိပေ။ သူ အဆပေါင်းမရေမတွက်နိုင်လောက်အောင် ပိုမကြိုးစားပါက ရွှီချင်း၏လက်ရှိအခြေအနေဖြင့် စာရွက်တစ်ရွက်ကဲ့သို့ သူ သေချာပေါက် စွန့်ပစ်ခံရပေမည်။
သို့သော်လည်း သုံးလအတွင်း အဆင့်တက်ချင်ပါက အာဟာရများစွာ လိုအပ်သည်။ သို့ဖြစ်၍ အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် အရဲစွန့်ပြောလိုက်သည်။
“ သခင်လေး၊ တကယ်က ဝိညာဉ်တွေကိုလည်း ကျနော်မျိုး စုပ်ယူနိုင်ပါတယ်။ လျှပ်စီးဝိညာဉ်အဖြစ် အဆင့်တက်တုန်းက ဓမ္မအသုံးအဆောင်အများကြီး စုပ်ယူဖို့ လိုပါတယ်။ ပြီးတော့ လျှပ်စီးယင်ဝိညာဉ်အဖြစ် အဆင့်တက်ချင်ရင် ပိုများတဲ့ ယင်ဝိညာဉ်တွေ လိုပါတယ် ”
“ ကောင်းပြီ ”
ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်လိုက်သည်။ အစက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသာ အမီမလိုက်နိုင်တော့ပါက လွှတ်ပေးရန် သူ စီစဉ်ထားသည်။ ယခင်က ကျင်းကန်းဂိုဏ်းစောင့် လုပ်ပေးခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ ကျေနပ်နေပြီ ဖြစ်သည်။
သို့သော် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုသို့ ပြောလာသည်ဖြစ်ရာ ရွှီချင်းသည် တွေးတောလိုက်ပြီး ထိုအကြောင်း မပြောတော့ပေ။
တချိန်တည်းမှာပင် အရိပ်လေးသည် ထိုဖြစ်ရပ်ကို မြင်သောအခါ စိုးရိမ်ကြောင့်ကြလာပြီး ခံစားချက်အငွေ့အသက်များ ပို့လွှတ်လိုက်သည်။
“ သုံးခု … အတူတူ ”
“ အကျိုးအပဲ့ … ကျနော် … သုံးခု … အဆင့်တက် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဘာသာပြန်ပြနေရန် မလိုပေ။ ရွှီချင်း ကြားသောအခါ အရိပ်လေးက စီမာလင်းထံမှ သူ ရရှိခဲ့သည့် တားမြစ်ဓမ္မရတနာကို ရည်ညွှန်းနေသည်ဖြစ်ကြောင်း နားလည်နေသည်။
ယခင်က ထိုဓမ္မရတနာကို အရိပ်လေးအား အလွယ်တကူ မပေးသင့်ကြောင်း သူ ခံစားခဲ့ရသည်။ အရိပ်လေးက အလွယ်တကူ ပြဿနာရှာနိုင်သည်။
သိ့ုသော် ရွှေအမြုတေအဆင့်သို့ သူ ရောက်လာသောအခါတွင် အခြေအနေက မတူညီတော့ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဓမ္မရတနာအကျိုးအပဲ့ကို မြေပြင်ရှိ အရိပ်လေးထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် အရိပ်လေးက ဝမ်းသာအားရ ပြန့်ကားသွားသည်။ ထိုဓမ္မရတနာအကျိုးအပဲ့ကို လွှမ်းခြုံလိုက်ပြီးနောက် အငမ်းမရ စုပ်ယူလိုက်သည်။
ရက်ပေါင်းများစွာ ကြာပြီးနောက် ရှစ်ဂိုဏ်းမဟာမိတ်၏ ဆိပ်ကမ်းကို အဝေးမှနေ၍ ရွှီချင်း မြင်လိုက်သည်။ ဤခရီးတွင် တစ်လနီးပါး သူ ကုန်သွားသည်။ ယင်းသည် ရှည်လျားသော အချိန်ကာလ မဟုတ်ပါသော်ငြား ပြန်လည်ကုစားရေးလုပ်ငန်းများနှင့် မဟာမိတ်တစ်ခုလုံး၏ အားသွန်ခွန်စိုက် ကြိုးပမ်းမှုအောက်တွင် အခြေခံအားဖြင့် ကပ်ဘေးဖြစ်ခဲ့သည့် ခြေရာလက်ရာများ မရှိတော့ပေ။
ဓာတ်နှောအများစုကို ဖယ်ရှားပစ်လိုက်ပြီ ဖြစ်ပြီး ကျန်နေသေးသည်မှာ အင်မော်တယ်အားတိုးမြစ်၏ အင်မော်တယ်ချီများ ပြန့်နှံ့နေသကဲ့သို့ ဖယ်ရှား၍မရနိုင်သော အကြွင်းအကျန်များသာ ဖြစ်သည်။ ဂိုဏ်းက ဓာတ်နှောများကို ဖယ်ရှားရန် နေ့ရောညပါ အသက်သွင်းထားသော မန္တန်အစီအရင်တချို့ကိုလည်း တည်ဆောက်ထားခဲ့သည်။
အဆောက်အအုံအားလုံးကို ပြန်လည်ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ ပျောက်ကွယ်သွားရန် အချိန်ယူရမည်ဖြစ်သော မြို့ထဲရှိ တိတ်ဆိတ်ငြိမ်သက်ခြင်းမှလွဲ၍ တခြားအရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ရွှီချင်းသည် သူ ပြန်ရောက်သည်ကို သူ၏ဆရာအား အသိပေးလိုက်သည်။
သူ ပြန်ရောက်ပြီးနောက် ဆိပ်ကမ်းတွင်နေကာ ဆက်လက်ကျင့်ကြံလိုက်သည်။ ရွှေအမြုတေအဆင့် စွမ်းအားများနှင့် အသားကျအောင် သူ လုပ်နေပြီး ကွေ့ယုံသိုတောက်ပညာရပ်ကိုလည်း လေ့လာလိုက်သည်။
ရွှမ်ယုံကျိန်စာဖြစ်စေ၊ ပင်လယ်အော်သံဖြစ်စေ၊ ဝိညာဉ်ကိုးပါးလက်သီးသိုင်းဖြစ်စေ ၎င်းတို့၏ စွမ်းအားများကို ရွှီချင်း ပြန်ခံစားလာရသည်။
ယင်းအပြင် အဆင့်တက်ပြီးနောက် သူ၏ မိုဆာဆောသည်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဓမ္မတံခါးများ၏ ဝိညာဉ်မှာမူ သက်စောင့်မီးအိမ်များနှင့် အဆိပ်ဆေးသာ မရှိပါက ကောင်းကင်နန်းတော်ထဲတွင် ထားမည့် ပထမဆုံး ရွှေအမြုတေ ဖြစ်လာမည် ဖြစ်သည်။
ထိုရွှေအမြုတေကိစ္စနှင့် ပတ်သက်၍ ရွှီချင်း လက်လျော့သွားမည် မဟုတ်ပေ။ သူသည် အဆိပ်ဆေးနှင့် ပင်ကိုယ်ရွှေအမြုတေကို အတူတကွ ပျိုးထောင်သွားမည် ဖြစ်သည်။
“ ကျင်းဝူလျန့်ဝမ့်လင်အတတ်က ဒုတိယအဆင့်ရောက်သွားအောင် နောက်တစ်ကြိမ် ငါ ဝါးမျိုဖို့ လိုသေးတယ် ”
ရွှီချင်းသည် မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို အာရုံခံလိုက်ပြီးနောက် သူ အတွေးနက်သွားသည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ရွှေအမြုတေအဆင့်နှင့် သူ အသားကျလာသည်။ မဟာမိတ်၏ အတွင်းဌာနများ ပြန်လည် လည်ပတ်လာပြီး အလင်းတမန်အဖွဲ့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေသည့်ကိစ္စမှာ တစတစ အရှိန်ရလာသည်။
အထူးသဖြင့် ချီရွှဲ့ထုံဂိုဏ်းပင်။ အမှတ်ခုနစ်သခင်ကြီးသည် အသိဉာဏ်ဌာနကို ကိုယ်တိုင် ဝင်စစ်ဆေးကာ အလင်းတမန်အဖွဲ့အစည်း၏ သဲလွန်စများကို ရှာဖွေလေသည်။
ရှစ်ဂိုဏ်းမဟာမိတ်ဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်းဖြစ်စေ ဖိအားကို ဖြေလျော့ပစ်ရန် သူတို့အားလုံး သွေးကြွေးဆပ်ရန် လိုအပ်သည်။ ရွှီချင်းသည်လည်း သွေးကြွေးဆပ်ချင်နေပြီး စောင့်နေသည်။
သို့သော်လည်း သတင်းအချက်အလက်များ ရှာဖွေခြင်းနှင့် အသေးစိတ်အချက်အလက်များ အတည်ပြုခြင်းသည် အချိန်ယူရသည်။ ယခုတွင် အလင်းတမန်အဖွဲ့အစည်းကို အထင်သေးဝံ့သူ မရှိတော့ဘဲ ထောင်ချောက်ထဲ ပိတ်မိသွားမည်ကို စိုးရိမ်ကြသည်။
သတင်းအချက်အလက်ကို အတည်မပြုခင် ချီရွှဲ့ထုံဂိုဏ်းသို့ ဧည့်သည်များ ရောက်လာသည်။ ထိုဧည့်သည်များသည် တားမြစ်ပင်လယ်ထဲရှိ တုံယုံကျွန်းမှဖြစ်ပြီး ကျင့်ကြံသူ ရာချီရှိသည်။
ထိပ်ဆုံးမှ ဦးဆောင်လာသည်မှာ သခင်မကြီး တုံယုံနှင့် မြေးမလေး ယန်ယန် ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ ရင်းနှီးသော မဟာမိတ်ဖြစ်၍ ယခုတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စက တုံယုံကျွန်းကို ပါဝင်လာစေသည်။ ဤတစ်ကြိမ်တွင် တုံယုံကျွန်းသည် ချီရွှဲ့ထုံဂိုဏ်းနှင့်အတူ အစီအစဉ်များ ရေးဆွဲကာ အလင်းတမန်အဖွဲ့အစည်းကို လက်စားချေမည် ဖြစ်သည်။
တုံယုံကျွန်း ရောက်လာသည်နှင့် ရွှယ်လျန့်ကျစ်၊ အမှတ်ခုနစ်သခင်ကြီးနှင့် သခင်မကြီး တုံယုံတို့ ဆွေးနွေးနေကြစဉ် ယန်ယန်က လစ်ထွက်လာခဲ့သည်။
ချီရွှဲ့ထုံဂိုဏ်းကို ယန်ယန် အာရုံစိုက်နေခဲ့သည်ဖြစ်ပြီး အထူးသဖြင့် ရွှီချင်းနှင့် ပတ်သက်သော သတင်းများပင်။
ထို့ကြောင့် ယန်ယန်က မည်သည့်နေရာတွင် ရွှီချင်း နေသည်ကို မေးနေစရာမလိုဘဲ ရွှီချင်း၏ဆိပ်ကမ်းသို့ ချက်ချင်း တန်းသွားလိုက်သည်။
“ အစ်ကိုရွှီချင်း၊ အစ်ကို့ကို ယန်ယန် အရမ်း သတိရနေတာ ”
မှော်စစ်သင်္ဘောကြီးအပြင်ဘက်တွင် ယန်ယန်သည် ရပ်၍ ညင်သာစွာ ပြောလိုက်သည်။