ယန်ယန်၏ လက်ဆောင်
Vol. 28 Ch. 424
မှော်စစ်သင်္ဘောထဲတွင် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။
ထိုအတောအတွင်း ယန်ယန်က ပထမဆုံးရောက်လာသူ မဟုတ်ပေ။ တင်းရွှယ်နှင့် ကူးမုချင်းတို့လည်း ရောက်လာခဲ့သေးသည်။
ရွှီချင်းသည် ပုံမှန်အတိုင်းပင်။ ယခင်နှင့် ခြားနားသွားခြင်းမရှိပေ။ အကယ်၍ ခြားနားချက် ရှိနေခဲ့လျှင် သူ ပို၍ တိတ်ဆိတ်သွားခြင်းသာ ဖြစ်ပေမည်။
အပြင်ဘက်မှ ယန်ယန်၏အသံကို ကြားသောအခါ ထရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ သူ ထွက်လိုက်သည်။ သူသည် နေရာတွင် ရပ်၍ ဆိပ်ကမ်းပေါ်ရှိ မိန်းမပျိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ရွှီချင်းကို မြင်လိုက်ရသောအခါတွင် ယန်ယန်၏ လှပသော မျက်ဝန်းလေးများ လခြမ်းကွေးများသဖွယ် ကေးညွှတ်သွားသည်။ ထို့နောက် ရွှီချင်း၏ မှော်စစ်သင်္ဘောပေါ်သို့ ခုန်တက်သွားသည်။
သို့သော်လည်း မှော်စစ်သင်္ဘောကြီး၏ အကာအကွယ်နှင့် တိုက်မိသွားသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ဆိပ်ကမ်းပေါ်သို့ ပြန်ကျသွားသည်။
“ အစ်ကိုရွှီချင်း၊ ညီမကို သဘောမကျတော့ဘူးလားဟင်။ ညီမ ဘာအပြစ်လုပ်မိလို့လဲ။ ပြောပါ၊ ညီမ ပြုပြင်လိုက်ပါမယ် ”
ယန်ယန်မှာ အနည်းငယ် သတ္တိကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ ငိုကြွေးတော့မည့်အလား နီမြန်းသော မျက်ဝန်းများဖြင့် မြေပြင်ပေါ် ထိုင်လိုက်သည်။
ဒဏ်ရာအထပ်ထပ်ဖြစ်နေသော လက်ချောင်းများဖြင့် အင်္ကျီထောင့်စွန်းများကို ဆိတ်လိုက်သည်။
“ ဟန်ဆောင်မနေနဲ့။ ဘာကိစ္စလဲ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ယန်ယန်၏ နီမြန်းသော မျက်ဝန်းများ ပုံမှန်ပြန်ဖြစ်သွားပြီး ခေါင်းငဲ့၍ ရွှီချင်းကို ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာပြီး လက်ချောင်းတစ်ချောင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုလက်ချောင်းကို ညင်သာစွာ ကိုက်လိုက်ပြီးသွေးများကို စုပ်လိုက်သည်။
“ ထင်သားပဲ၊ အစ်ကို ရွှီချင်းကို လှည့်စားလို့မရသေးဘူးဆိုတာ ”
“ ဒါပေမဲ့ အစ်ကိုရွှီချင်း၊ အစ်ကို ညီမကို မကြိုက်တာကို ညီမ ကြိုက်တယ်။ ဒီတစ်ခေါက် အစ်ကို့အတွက် နှုတ်ဆက်လက်ဆောင်တောင် ညီမ ယူလာခဲ့တယ်နော် ”
ယန်ယန်က အရူးတစ်ယောက်လို ပြုံးလိုက်သည်။ ထို့နောက် သေးသွယ်သော လက်လေးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ရေစည်ခုနစ်လုံး ဘေးတွင် ပေါ်လာသည်။
ရေစည်တစ်လုံးစီက လူတစ်ယောက်၏အရပ် တစ်ဝက်ခန့် ရှိသည်။ ထိုရေစည်များကို ဖုံးထားပါသော်လည်း ရေစည်အပြင်ဘက်သို့ ခေါင်းများ ထုတ်ထားသည်။
ရေစည်တစ်လုံးစီတွင် ကျင့်ကြံသူတစ်ယောက် ရှိပြီး အများစုက သက်စောင့်မီးလုံးသုံးလုံး အခြေတည်အဆင့်တွင် ရှိသည်။ တစ်ယောက်က ကောင်းကင်နန်းတော်တစ်ဆောင် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းအငွေ့အသက်များပင် ထုတ်လွှတ်နေသည်။
သူတို့အားလုံး အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်မှာ သိသာသည်။ သူတို့မှာ မသေသေးပါသော်ငြား ပန်းပင်များပမာ ရေစည်ထဲ စိုက်ပျိုးခြင်း ခံထားရသည်။
ရေစည်များ မြေပြင်ပေါ် ကျသွားသည့်အခါ သူတို့မျက်လုံးများ ပွင့်လာသည်။ ယန်ယန်ကို မြင်သောအခါ ကြောက်လန့်ကာ စိတ်ဓာတ်ကျသွားသည့်အမူအရာများ သူတို့မျက်နှာများတွင် ပေါ်လာသည်။
ထိုလူများထဲတွင် ယောက်ျားများသာမက အမျိုးသမီးများလည်း ပါသည်။ သူတို့အားလုံး သွေးဆုတ်ဖြူရော်နေကြသည်။ တချို့က မျက်လုံးတစ်လုံး မရှိတော့ဘဲ တချို့က နားတစ်ဖက် မရှိတော့ပေ။ တချို့က နားရွက်များ အဖြတ်ခံထားရပြီး တချို့က ပါးစပ်များ ချုပ်ခံထားရသည်။
“ အစ်ကိုရွှီချင်း၊ နောက်ဆုံးတစ်ခေါက် တုံယုံကျွန်းကို ညီမ ပြန်ရောက်တော့ ညဉ့်ငှက်အဖွဲ့အစည်းကို ညီမ ဖမ်းဆီးပြီး သဲလွန်စတချို့ကိုတောင် ရှာတွေ့ခဲ့တယ်။ အဲဒီသဲလွန်စအတိုင်း လိုက်ကြည့်လိုက်တော့ ဒီလူခုနစ်ယောက်ကို တွေ့ရတာပဲ ”
“ သူတို့က နန်းဟွမ်ကျွန်းက ညဉ့်ငှက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ။ ယင်ဟွမ်ပြည်နယ်ကို သူတို့ ပြောင်းလာတဲ့အချိန်မှာ ရေဘဝဲကြီးက သူတို့အားလုံးကို ဖမ်းလိုက်တာ ”
ယန်ယန်က ဝမ်းသာအားရ ပြောလိုက်သည်။ ရွှီချင်း၏ ချီးကျူးခြင်းကို စိတ်အားထက်သန်စွာ စောင့်နေသည့်အလား သူမ၏မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။
ရွှီချင်းက ထိုလူခုနစ်ယောက်ကို ဝေ့ကြည့်လိုက်သည်။ သူတို့အကြောင်းကို မေးကြည့်နေစရာပင် မလိုပေ၊ ညဉ့်ငှက်အဖွဲ့ဝင်များစွာကို သူ သတ်ခဲ့ဖူးသည်ဖြစ်ပြီး သူ၏အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် သူတို့ကိုယ်မှာ ရောနှောနေသော ဝမ်းနည်းပူဆွေးခြင်းအရိပ်အငွေ့များစွာကို အာရုံရလိုက်သည်။
ယင်းအပြင် ထိုလူခုနစ်ယောက်ကို ချီရွှဲ့ထုံဂိုဏ်း၏ လူဆိုးထိန်းဌာနက ဝရမ်းထုတ်ထားသည်။ သို့သော်လည်း ထိုလူခုနစ်ယောက်သည် အလွန် သတိကြီးပြီး ချီရွှဲ့ထုံဂိုဏ်း၏ ပိုင်နက်ထဲတွင် တစ်ခါမှ ပေါ်မလာခဲ့ပေ။
“ သိပ်ကောင်းတယ် ”
ရွှီချင်းက ယန်ယန်ကို ခေါင်းညိတ်ပြလိုက်သည်။
ယင်းကြောင့် ယန်ယန် စိတ်လှုပ်ရှားသွားသည်။ အသက်ရှူသံများ မြန်ဆန်လာပြီး နှာခေါင်းက အနည်းငယ် ပွင့်လာသည်။ မျက်လုံးများ ပို၍ ဝေဝါးလာပြီး ညင်သာစွာ ပြောလိုက်သည်။
“ အစ်ကိုရွှီချင်း၊ ညီမတို့ … စကြတော့မလားဟင် ”
ရွှီချင်းက မှော်စစ်သင်္ဘောကြီးအပြင်ဘက်သို့ ခုန်ထွက်လိုက်သည်။ ဆိပ်ကမ်းပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် တုန်ရီနေသော လူခုနစ်ယောက်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူထံ အကြည့်ရောက်သွားသည်။
ထိုကျင့်ကြံသူသည် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မျက်နှာတွင် အမာရွတ်တစ်ခု ရှိသည်။ တချိန်တည်းမှာပင် သူ့ကိုယ်ပေါ်မှာ ဝမ်းနည်းခြင်းအငွေ့အသက်များ သိပ်သည်းထူထပ်စွာ ရှိနေသည်။ ထိုလူကို သူ သိသည်။ ချီရွှဲ့ထုံဂိုဏ်းက ထိုလူ၏အကြောင်းကို မှတ်တမ်းတင်ထာားသည်။
သူသည် နန်းဟွမ်ကျွန်းရှိ ညဉ့်ငှက်အဖွဲ့အစည်း၏ ခေါင်းဆောင်များအနက် တစ်ယောက်ဖြစ်သည်။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာသည်။ သူ့လက်ထဲတွင် ရတနာအကျဉ်းသားများစွာ ဇီဝိန်ချုပ်ခဲ့ရပြီး ရတနာအကျဉ်းသားအမြောက်အမြားကိုလည်း သူ ရောင်းချခဲ့သည်။
ထိုအချိန်၌ ရွှီချင်း၏ အကြည့်အောက်တွင် သက်လတ်ပိုင်းလူ၏ ချုပ်ခံထားရသော ပါးစပ်မှ ဝူးဝူးဝါးဝါး မြည်သံ ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများက တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။ ထိုသို့ တောင်းပန်ခြင်းမျိုးကို ထိုသက်လတ်ပိုင်းလူ၏ ဘဝတွင် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် မြင်ခဲ့ဖူးသည်။ သို့သော်လည်း ထိုအတောအတွင်း သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ထိုသို့ တောင်းပန်နေရသည်။
ရွှီချင်းသည် မျက်နှာသေဖြင့် လေထဲသို့ ဖမ်းဆုပ်လိုက်ရာ သက်လတ်ပိုင်းလူရှိနေသည့် ရေစည်ကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
သွေးရေများ ပြန့်ကျဲသွားပြီး ခြေလက်လေးချောင်းလုံး ဖြတ်ခံရသော သက်လတ်ပိုင်းလူမှာ မြေပြင်သို့ ကျသွားသည်။
သူ ရုန်းကန်လိုက်သောအခါ သူ့ကို ပြင်းထန်သော အားကြီးတစ်ခုက လွှမ်းခြုံသွားပြီး ရွှီချင်းရှေ့သို့ ဆွဲခေါ်သွားသည်။
ယန်ယန်စိတ်လှုပ်ရှားနေစဉ် ရွှီချင်းက ညာလက်ကို တည်ငြိမ်စွာ မြှောက်လိုက်သည်။ သူ၏ညာလက်က ချက်ချင်း ပုံရိပ်ယောင်ဖြစ်သွားပြီး သက်လတ်ပိုင်းလူ၏ ဝမ်းဗိုက်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားသည်။ မည်သည့်ဒဏ်ရာမျှ ဖြစ်မသွားပေ။ ရွှီချင်း၏ ညာလက်သည် ပကတိ ပုံရိပ်ယောင်ဖြစ်နေပြီး ဖောက်ထွက်သွားသည်။
သို့သော်လည်း သက်လတ်ပိုင်းလူသည် တုံယုံကျွန်းတွင် ယန်ယန် နှိပ်စက်သည်ထက် ပို၍ ကြြောက်လန့်လာသည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာပြီး သူ့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပေါ်လာသည်။ သူ အပြင်းအထန် ကြောက်လန့်လာပြီး ရုန်းကန်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်စက်လက်တစ်ဖက် ဝင်ရောက်လာပြီး သူ၏အသိပင်လယ်ထဲ တိုးဝင်သွားကာ ကောင်းကင်နန်းတော်အား ထိတွေ့သွားသည်ကို သူ ခံစားလိုက်ရသည်။
ထို့နောက် ထိုအေးစက်စက်လက်သည် ကောင်းကင်နန်းတော်ကို ထိုးဖောက်သွားပြီး ကောင်းကင်နန်းတော်ထဲရှိ ရွှေအမြုတေအား ဖမ်းဆုပ်လိုက်သည်။
ထိုလက်က ဆတ်ခနဲ ဆွဲနှုတ်လိုက်သည်။
ယခင်က ခံစားခဲ့ရသည့် အရာအားလုံးထက် သာလွန်သော နာကျင်မှုကြောင့် သက်လတ်ပိုင်းကျင့်ကြံသူမှာ သွက်သွက်ခါအောင် ရူးသွားရသည်။ သူ ဆိုးဆိုးဝါးဝါး အော်ဟစ်ညည်းညူလိုက်သည်။ ယခု ခံစားနေရသည့်နာကျင်မှုနှင့် ယှဉ်ပါက တုံယုံကျွန်းတွင် ခံခဲ့ရသော နှိပ်စက်ညှဉ်းပန်းခြင်းသည် ကလေးတစ်ယောက် ကစားနေသည့်အဆင့်သာ ရှိနေသည်။
ဤနာကျင်မှုက သူ၏ဝိညာဉ်ကိုပါ ထိုးဖောက်သွားဟန်တူသည်။
သူ ရုန်းကန်လိုက်ခြင်းကြောင့် အချုပ်ခံထားရသော သူ၏နှုတ်ခမ်းများ စုတ်ပြဲသွားသည်။ သူ့ပါးစပ်မှ လူသားမဆန်သော စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသောအချိန်တွင် ရွှီချင်း၏လက်က သူ့ဗိုက်မှ ပြန်ထွက်လာသည်။
ရွှီချင်း၏လက်ထဲတွင် ရွှေအမြုတေတစ်ခု ရှိသည်။
ထိုရွှေအမြုတေသည် မရေမတွက်နိုင်သော အမျှင်တန်းများနှင့် ဆက်နေသေးသည်။ ရွှီချင်း၏ ဆတ်ခနဲ ဆွဲယူလိုက်ခြင်းကြောင့် ထိုအမျှင်တန်းများအားလုံး ပျက်စီးသွားသည်။
သက်လတ်ပိုင်းကျင့်ကြံသူ တုန်ရီသွားသည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်နန်းတော်က တစ်ရစ်ချင်း ပျက်စီးသွားပြီး မရေမတွက်နိုင်သော သွေးစက်များအဖြစ် ပြောင်းလဲကာ သူ၏ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများ၊ နားများနှင့် ခန္ဓာကိုယ်ရှိ အပေါက်များအားလုံးမှ စိမ့်ထွက်လာသည်။
သက်လတ်ပိုင်းကျင့်ကြံသူကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသည်မှာ သူ၏ သွေးချင်းချင်းနီနေသော မျက်ဝန်းများထဲတွင် သူ၏ရွှေအမြုတေက ရွှီချင်း၏ပုံရိပ်ယောင်လက်ထဲမှာ လျင်မြန်စွာ စုပ်ယူခံရပြီး ပျောက်ကွယ်နေသည်ကို ဝိုးတဝါး မြင်ရခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်း သွေးပျက်ချောက်ချားသွားမည်သာ ဖြစ်သည်။ အထူးသဖြင့် အစမှအဆုံးတိုင်အောင် သွေးတစ်စက်မစွန်းထင်းဘဲ မျက်နှာသေဖြင့် လုပ်နေသော ရွှီချင်းကိုမြင်သောအခါတွင် ဖြစ်သည်။
ယန်ယန်သည် စူးရှတောက်ပသောအကြည့်ဖြင့် ရွှီချင်းကို ငေးကြည့်နေသည်။ ရွှီချင်း၏ ကစားနည်းပုံစံက သူမကို ပို၍ပင် စိတ်လှုပ်ရှားသွားစေပြီး ယခင်ကထက် ပို၍ ရူးသွပ်စွဲလမ်းလာတော့သည်။
အသက်ရှူသံများ မြန်ဆန်သည်ထက် မြန်ဆန်လာသည်ကို သူမ မထိန်းချုပ်နိုင်ပေ။ ထိုအချိန်၌ လက်ချောင်းကို ပါးစပ်ထဲ ထပ်ထည့်ကာ ကိုက်လိုက်ပြီး သွေးများကို စုပ်ယူလိုက်သည်။
ယင်းသည်သာ သူမ၏ စိတ်လှုပ်ရှားခြင်းများကို ဖြေဖျောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်ဟန်တူသည်။
ရွှီချင်းသည် ယန်ယန်ကို လှမ်းကြည့်လိုက်ပါသော်လည်း များစွာ အာရုံမထားပေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သေလုမျောပါးဖြစ်သော သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ဝမ်းနည်းခြင်း အရှိန်အဝါများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်မျက်နှာများအဖြစ် ပြောင်းလဲ၍ သက်လတ်ပိုင်းကျင့်ကြံသူကို အငမ်းမရ ဝါးမျိုလိုက်ကြသည်။
စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ထိုအသံများ ရပ်တန့်သွားသည်။
နောက်ဆုံးထွက်သက်ကို သူ ရှူရှိုက်လိုက်သည်။
ရေစည်ထဲရှိ တခြားကျင့်ကြံသူများသည်လည်း တုန်ရီနေကြသည်။ သူတို့သည် ဖော်ပြ၍ မရနိုင်သော ကြောက်လန့်ခြင်းများဖြင့် စိတ်ဓာတ်ကျနေကြသည်။ စောစောက ယန်ယန်ကို အိပ်မက်ဆိုးဟူ၍ သူတို့ ထင်ထားခဲ့ကြပါသော်ငြား ယခု မြင်တွေ့လိုက်ရသည်နှင့်ယှဉ်ပါက ယန်ယန်မှာ သာမန်သာ ဖြစ်ပေသည်။
ထိုအခြေတည်အဆင့်ကျင့်ကြံသူများကို စုပ်ယူခြင်းသည် ရွှီချင်းအတွက် အသုံးမဝင်ပေ။ ထို့ကြောင့် နတ်အာရုံကို သူ ထုတ်လွှတ်လိုက်သည်။
ထို့နောက် သံတုတ်နက်လေးက ကျန်ကျင့်ကြံသူခြောက်ယောက်ထံသို့ လှစ်ခနဲ ပျံသန်းသွားသည်။ ထို့နောက် ထိုကျင့်ကြံသူခြောက်ယောက်၏ ဦးခေါင်းများကို ထိုးဖောက်သွားပြီး သူတို့ဝိညာဉ်များကို စုပ်ယူကာ ရွှီချင်းထံ လှစ်ခနဲ ပြန်သွားသည်။
သံတုတ်နက်သည် သေသွားသော ရွှေအမြုတေအဆင့်ကျင့်ကြံသူကိုလည်း အလွတ်မပေးချေ။ အဘယ်ကြောင့်ဆိုသော် ထိုအလောင်းမှာ ဝိညာဉ်အကြွင်းအကျန်တစ်ခု ရှိနေသေးသောကြောင့်ပင်။
ယန်ယန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။
သူမ၏မျက်လုံးများထဲတွင် ဤလောကကြီး ဝေဝါးသွားပြီး ရွှီချင်းတစ်ယောက်တည်းသာ ကြည်လင်ပြတ်သားစွာ ရှိနေသည့်အလားပင်။
“ အစ်ကိုရွှီချင်း၊ အခု ပိုအဆင်ပြေသွားပြီလားဟင် ”
ရွှီချင်းသည် ယန်ယန်၏ လက်ချောင်းများကို လှမ်းကြည့်လိုက်သည်။ လက်ချောင်းတစ်ချောင်းစီတွင် အကိုက်ခံထားရသော အမာရွတ်ဟောင်းများနှင့် အမာရွတ်အသစ်များ ရှိနေသည်။
“ နောက်တစ်ကြိမ်ဆိုရင် ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်နဲ့တော့။ အဲဒါက မကောင်းဘူး ”
တခြားလူတစ်ယောက်သာ ထိုသို့ ပြောပါက ယန်ယန်သည် မျက်လုံးများကို ဖောက်ထုတ်ခြင်းဖြစ်စေ၊ လျှာကို ဖြတ်ခြင်းဖြစ်စေ လုပ်လိုက်မည် ဖြစ်သည်။ သူမ၏အဘွားသည်ပင် ထိုသို့ ပြောသည့်တိုင်အောင် နမူမဲ့နမာမဲ့ နေလိုက်သည်။ သို့သော်လည်း ရွှီချင်း၏စကားများကို ကြားသောအခါ ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
“ အစ်ကိုရွှီချင်း၊ နောက်ကျ လက်ချောင်းတစ်ချောင်းကိုပဲ ညီမ ကိုက်ပါတော့မယ်။ အဲဒီကိုက်လိုက်တဲ့အနာ ပျောက်သွားမှ ထပ်ကိုက်ပါမယ်။ ဒါဆို အမာရွတ်တွေမရှိတော့ လက်ချောင်းတွေလဲ အရုပ်ဆိုးတော့မှာ မဟုတ်ဘူး ”
“ အစ်ကိုရွှီချင်း၊ အဲဒီလှေပေါ် ညီမ တက်လို့ ရမလားဟင် ”
ယန်ယန်က ရွှီချင်းကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
“ နောက်တစ်ခေါက်မှတက်၊ ငါ ကျင့်ကြံချင်သေးတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် မှော်စစ်သင်္ဘောကြီးဆီသို့ ပြန်သွားပြီး အခန်းထဲသို့ ဦးတည်သွားသည်။
ဆည်းဆာရောင်ခြည်တန်းများက ဆိပ်ကမ်းပေါ် ဖြာကျနေသည်။ ယန်ယန်သည် ထွက်သွားသော ရွှီချင်းကို ကြည့်၍ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဤနေရာသို့ လာစဉ်အခါက စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်ခြင်းတစ်ဝက်၊ ဝမ်းနည်းခြင်းတစ်ဝက် ဖြစ်နေခဲ့သည်။ ဝမ်းသာရသည်မှာ အစ်ကိုရွှီချင်းကို နောက်ထပ် တွေ့ရတော့မည်ဖြစ်သောကြောင့် ဖြစ်ပြီး ဝမ်းနည်းရခြင်းမှာ ချီရွှဲ့ထုံဂိုဏ်းမှ အဖြစ်အပျက်များအကြောင်း သူမ၏အဘွားက ပြောပြထားသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ သူမ၏အဘွားကို တာအိုအစောင့်အရှောက်များ အလုံအလောက်ပေးရန် အနူးအညွတ် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ညဉ့်ငှက်အဖွဲ့အစည်း၏ ခေါင်းဆောင်ခုနစ်ယောက်ကို သူမ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှီချင်းအား မည်သို့ ပျော်ရွှင်အောင် လုပ်ပေးရမည်ကို သူမ မသိပေ။ ထို့ကြောင့် သူမသာ ဆိုပါက တစ်ယောက်ယောက်က လက်ဆောင်ပေးလာပါက ပျော်ရွှင်သွားမည်ဟု တွေးမိသည်။
သို့သော် ယခုအခါတွင်မူ အနည်းငယ် စိတ်ပျက်သွားရသည်။
မှော်စစ်သင်္ဘောကြီးပေါ်ရှိ ထွက်ခွာသွားသော လူရိပ်ကို ငေးကြည့်ရင်း ဆိပ်ကမ်းပေါ်တွင် တစ်ယောက်တည်း ထိုင်ချလိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမသည် မထိန်းချုပ်နိုင်ဘဲ လက်ချောင်းကို ကိုက်ရန် လက်ကို မြှောက်လိုက်သည်။
သို့သော် သူမသည် တောင့်ခံလိုက်ပြီး ထိုအကျင့်ကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
အစ်ကိုရွှီချင်းက ထိုအကျင့်အား သဘောမကျသည် မဟုတ်ပါလား။
သို့သော်လည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်ပေ။ တဖြည်းဖြည်းနှင့် သူမကိုယ်သူမ ထိန်းချုပ်ရင်း၊ ရုန်းကန်ရန်ကြိုးစားရင်းဖြင့် သူမ၏ကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
သူမသည် အစကတည်းက အလွန် ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက် ဖြစ်သည်။ ယခု သူမ၏ ခံစားချက်များ ပေါက်ကွဲလာသောအခါ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။
ထိုအချိန်၌ မှော်စစ်သင်္ဘောကြီးဆီမှ ရွှီချင်း၏ တည်ငြိမ်သောအသံ လွင့်ပျံလာသည်။
“ ထိုင်လိုက် ”
ယန်ယန်သည် အတန်ငယ် တွေတွေလေး ဖြစ်သွားပြီးနောက် ရိုသေကျိုးနွံစွာဖြင့် ထိုင်ချလိုက်သည်။ မှော်စစ်သင်္ဘောကြီးကို သူမ ကြည့်လိုက်စဉ် ပုလွေသံ လွင့်ပျံလာသည်။
ပုလွေသံက သာယာနာပျော်ဖွယ်ကောင်းပြီး ကြားရသူကို စိတ်သက်သာရာရစေသည်။
ထိန်ထိန်သာနေသော လရောင်အောက်တွင် ယန်ယန်၏ ရက်စက်ကြမ်းကြုတ်သောစိတ်မှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ပုလွေသံ ရပ်တန့်သွားသောအခါ ယန်ယန်သည် ပျော်ရွှင်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။
“ ကျေးဇူးတင်ပါတယ်အစ်ကိုရွှီချင်း ”
ယန်ယန်သည် ပြောလိုက်ပြီးနောက် စောစောက ကြားခဲ့သည့် ပုလွေသံကို နားယောင်ရင်း အဝေးသို့ ထွက်ခွာသွားသည်။ သူမ အလွန်ပျော်သွားသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကြာမြင့်သွားသည်။ မနက်ခင်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်း၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာပြီး သူ၏အသံလွှင့်ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်လိုက်သည်။
ထိုကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီးနောက် အမှတ်ခုနစ်သခင်ကြီး၏ တည်ကြည်သောအသံ သူ့နားများထဲ ပဲ့တင်ထပ်လာသည်။
“ အလင်းတမန်အဖွဲ့အစည်းရဲ့သဲလွန်စတွေနဲ့ သူတော်စင်ကြယ်ရဲ့ ခြေရာတွေကို ငါ ရှာတွေ့ထားတယ်။ ဒါ ထောင်ချောက်ဆင်ထားတာ မဟုတ်တာ သေချာရင် မဟာမိတ်က အစွမ်းကုန် သွေးကြွေးဆပ်မယ် ”
“ ရွှီချင်း၊ ဒီအမိန့်ကို နာခံပြီး ဒီတာဝန်မှာ ပါဝင်ချင်လား ”
ရွှီချင်းသည် ရုတ်တရက် ခေါင်းစောင်းကြည့်လိုက်ပြီး သူ၏မျက်နှာက အလွန် အေးစက်တင်းမာနေသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ပြန်လည်အကြောင်းပြန်လိုက်သည်။
“ တာဝန်ကို တပည့် လက်ခံပါတယ် ”