← Chapters

ဝိညာဉ်ကိုးပါး လက်သီးသိုင်း

Vol. 28 Ch. 426

ဝိညာဉ်ကိုးပါး လက်သီးသိုင်း

Vol. 28 Ch. 426

သူတော်စင်ကြယ်ကို ရွှီချင်း မြင်လိုက်သည်။

သူတော်စင်ကြယ်သည်လည်း ရွှီချင်းကို မြင်သွားသည်။

ရွှီချင်း ပြေးဝင်သွားတော့မည့်အခိုက်တွင် သူတော်စင်ကြယ် နောက်ဆုတ်လိုက်သည်။

သူသည် အလွန် မြန်ဆန်ပြီး ယခင်ကထက် ပို၍ မြန်သည်။ ရွှေအမြုတေအဆင့်စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ညာဘက်မျက်လုံးရှိ ရွှေကျီးကန်း ရုပ်လုံးပေါ်လာကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။

ရွှေကျီးကန်းကို သူတော်စင်ကြယ်၏ ညာမျက်လုံးနှင့် ချိတ်ဆက်ထားသော မရေမတွက်နိုင်သည့် ပုံရိပ်ယောင်ကမ္ပည်းစာများက ချည်နှောင်ထားသည်။

ယင်းနည်းလမ်းသည် အလွန် နက်ရှိုင်းသည်ဖြစ်၍ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြစ်သော ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို သူတော်စင်ကြယ်မှာ သွယ်ဝိုက်သောနည်းအားဖြင့် ဖမ်းဆုပ်မိသွားသည်။ ရွှေကျီးကန်း၏ အထောက်အပံ့ဖြင့် သူသည် ကြောက်ခမန်းလိလိ မြန်ဆန်သွားသည်။

သို့သော် ရွှီချင်း၏ အမြန်နှုန်းက ပို၍ အံ့သြစရာကောင်းသည်။ မျက်တောင်တစ်ခတ်အတွင်း စီအနိမ့်ဂိုဏ်းထဲ သူ ပြေးဝင်သွားပြီး သူတော်စင်ကြယ်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ချီရွှဲ့ထုံဂိုဏ်းသားများ စီအနိမ့်ဂိုဏ်းထဲ ပြေးဝင်လိုက်သည့်အချိန်မှာပင် လကြွေလျှိုကြီးတစ်ခုလုံး ရုတ်တရက် မြည်ဟည်းလာပြီး မြေပြင်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။ ထိုအက်ကြောင်းများထဲမှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ဧရာမလက်ကြီးတစ်ဖက် ထွက်လာကာ စီအနိမ့်ဂိုဏ်းထံ ဝင်ရောက်သွားသည်။

ထိုလက်ကြီးသည် ပေတစ်ထောင်ရှည်လျားပြီး ကျောက်ခဲများဖြင့် လုပ်ထားခြင်း ဖြစ်သည်။ လက်ကြီး၏ သွေးများက ချော်ရည်ပူများ ဖြစ်သည့်အလား လက်တစ်ခုလုံးတွင် မီးကမ္ပည်းစာများဖြင့် ပြည့်နေသည်။

ကောင်းကင်ကြီး တုန်ခါသွားလောက်အောင် တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး လျှိုမြောင်ကြီး ပျက်စီးသွားသည်။ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ ပျံထွက်လာသည်။

လက်ကြီးက အပြင်သို့ ရောက်သည်နှင့် မြေပြင်ကို ဖိချလိုက်ရာ မြေပြင်မှာ တုန်ရီသွားသည်။ ထို့နောက် မြေကြီးထဲမှ မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် ဧရာမကျောက်လူသားကြီးတစ်ယောက် ခုန်ထွက်လာသည်။

ထိုကျောက်လူသားကြီးသည် ပေတစ်သောင်းမြင့်မားသည် ၎င်းက ဟိန်းဟောက်လိုက်ရာ ယွမ်ယင်အဆင့်ကို ကျော်လွန်သော အရှိန်အဝါတစ်ခု ဖြာထွက်လာပြီး အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။

တုန်လှုပ်စရာကောင်းလောက်အောင်ပင် ထိုလူ့ဘီလူးကြီး၏ ဗိုက်တွင် အမည်းရောင်ခေါင်းတလားတစ်လုံးကို မြှုပ်နှံထားသည်။

ကျောက်လူသားကြီး၏ ခေါင်းပေါ်တွင် လူရိပ်နှစ်ရိပ် ရှိသည်။

သူတို့နှစ်ယောက်သည် အနက်ရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး နတ်ဘုရားမျက်နှာပျက်ကြီး မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။ သို့သော် သူတို့သည် ညဉ့်ငှက်နှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား မဟုတ်ပေ။ သူတို့ထဲမှ တစ်ယောက်က မတ်တတ်ရပ်နေပြီး တစ်ယောက်က ထိုင်နေသည်။

သူတို့နှစ်ယောက်ထံမှ ကြောက်ခမန်းလိလိ အငွေ့အသက်များ ဖြာထွက်လာသည်။ မျက်နှာဖုံးအောက်ရှိ သူတို့အကြည့်က အလွန် အေးစက်သည်။

“ ဒီနေရာကို သူတို့ ရှာတွေ့သွားတာ ငါ မယုံနိုင်ဘူး ”

“ သခင်လေး ထွက်မသွားခင် ပြောခဲ့တာ မှန်သားပဲ။ ငါတို့ ဘယ်အင်အားစုကိုမှ လျော့တွက်လို့ မရဘူး ”

“ ကြည့်ရတာ ရှစ်ဂိုဏ်းမဟာမိတ်က တခြားနေရာသုံးခုကိုလည်း လူတွေ စေလွှတ်ထားလောက်တယ် ”

အလင်းတမန်သည် အဖွဲ့အစည်းတစ်ခုဖြစ်၍ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ညဉ့်ငှက်သာ ရှိသည် မဟုတ်ပေ။

အလင်းတမန်အဖွဲ့ဝင်များအားလုံး နာမည်ကျော်ကြားကြပြီး အများစုက သူတော်စင်ကြယ်ကဲ့သို့ အပြင်စည်းအဖွဲ့ဝင်များ ဖြစ်ကြသည်။

သူတို့က အလင်းတမန်အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ကြပါသော်လည်း အဓိကအဖွဲ့ဝင်များ ဖြစ်လာပြီး မျက်နှာဖုံးများကို တပ်ရန် အရည်အချင်း မပြည့်မီကြပေ။

သွေးယဇ်ပူဇော်ပွဲကို လုပ်ဆောင်ခဲ့ပြီး အနိမ့်ဆုံး ယွမ်ယင်အဆင့်သို့ ရောက်နေသူများသည်သာ အလင်းတမန် အဖွဲ့ဝင်ဖြစ်လာရန် အရည်အချင်း ရှိကြသည်။

ထိုနှစ်ယောက်သည် အလင်းတမန်အဖွဲ့အစည်း၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတု့ိပေါ်လာသည်နှင့် အမှတ်ခုနစ်သခင်ကြီး၏ အကြည့်က သူတို့အပေါ် ရောက်သွားသည်။

စီအနိမ့်ဂိုဏ်းကို တိုက်ခိုက်သည့် ချီရွှဲ့ထုံဂိုဏ်း၏ ပထမရည်ရွယ်ချက်မှာ အဓိကအဖွဲ့ဝင်များကို မျှားခေါ်ရန် ဖြစ်သည်။

သူတို့ပေါ်လာသည်နှင့် အမှတ်ခုနစ်သခင်ကြီးသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျောက်လူသားကြီးဆီသို့ ဝင်ရောက်သွားသည်။

ကျောက်လူသားကြီးသည် အမှတ်ခုနစ်သခင်ကြီးကို ရူးသွပ်သောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ့အထက်ရှိ လူရိပ်နှစ်ရိပ်သည်လည်း ဝေဝါးလာပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားပြီး ဂျိမ်းခနဲ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားကာ ကျောက်လူသားကြီး၏ ခန္ဓာကိုယ် အရှိန်ပြင်းစွာ တုန်ခါသွားပြီး ၎င်း၏ မြှောက်ထားသော ညာလက် ပြိုကွဲသွားသည်။

ကျောက်လူကြီး နောက်ဆုတ်သွားရသည်။ ကျောက်လူကြီးနှင့်အတူ တိုက်ခိုက်ခဲ့သော ဝတ်ရုံနက်နှစ်ယောက်သည်လည်း ပို၍ပင် မည်းမှောင်သွားကာ နောက်ဆုတ်သွားသည်။

အမှတ်ခုနစ်သခင်ကြီးတစ်ယောက်တည်းဖြင့် ဝိညာဉ်သိုက်သုံးယောက်ကို အတင်းအကြပ် နောက်ဆုတ်အောင် လုပ်နိုင်လိုက်သည်။

လျှိုမြောင်နှင့် မြေပြင်မှာ ပြိုကျနေစဉ် စီအနိမ့်ဂိုဏ်းသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်။

သူတို့ သွေးရူးသွေးတန်း ဖြစ်နေကြပါသော်လည်း အန္တရာယ်များစွာ မတွေ့ခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် ချီရွှဲ့ထုံဂိုဏ်းသားများက အလင်းတမန်အဖွဲ့အစည်း၏ အနက်ရောင်အရှိန်အဝါ ထုတ်လွှတ်နေသော အပြင်စည်းအဖွဲ့ဝင်များကို ပစ်မှတ်ထားနေသောကြောင့် ဖြစ်သည်။

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်များကြောင့် မြေပြင်မှာ ပရမ်းပတာ ဖြစ်နေသည်။ အလင်းတမန် အဖွဲ့ဝင်များအားလုံး အစွမ်းကုန် ထွက်ပြေးနေကြသည်။

အလင်းတမန်အဖွဲ့အစည်း၏ အပြင်စည်းအဖွဲ့ဝင်များ ဖြစ်သည့်တိုင်အောင် သူတို့မှာ ထူးခြားသော အရည်အသွေးများနှင့် ရက်စက်ကြမ်းကြုတ်သောစိတ်ဓာတ်များ ရှိကြသည်။ တစ်ယောက်စီတိုင်းက ထူးချွန်ကြသည်။ ထိုအဖွဲ့ဝင်တစ်ထောင်က နေရာအနှံ့ ပြန့်ကျဲနေပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် သူတို့အားလုံးကို ချက်ချင်း ချေမှုန်းရန် ခက်သည်။

သို့သော်လည်း ဤနေရာကို ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာဖြင့် ပိတ်လှောင်ထားလိုက်ပြီ ဖြစ်သည်။ အလင်းတမန်အဖွဲ့ဝင်များ ပြန့်ကျဲနေသည့်တိုင်အောင် လွတ်မြောက်သွားမည် မဟုတ်ပေ။

တချိန်တည်းမှာပင် ယင်ဟွမ်ပြည်နယ်၏ တခြားနေရာသုံးခုတွင် ရွှမ်ယုံဂိုဏ်း၊ မိစ္ဆာသားကောင်ဂိုဏ်းနှင့် တိမ်လွှာဓားဂိုဏ်းတို့က အစွမ်းကုန် တိုက်ခိုက်နေကြသည်။ သူတို့နေရာများမှာလည်း အလင်းတမန်အဖွဲ့အစည်း၏ အဓိကအဖွဲ့ဝင်များ ရှိကြသည်။

ထိုနေရာလေးနေရာရှိ တိုက်ပွဲများမှာ ပြင်းထန်ပါသော်လည်း ထိုအခြင်းအရာအားလုံးသည် မျှားခေါ်နေခြင်းသာ ဖြစ်သည်။

ထိုအရာများက မည်သည့်နေရာတွင် ညဉ့်ငှက်နှင့် သူ့သခင်တို့ ပေါ်လာမလားဆိုသည့်အချက်အပေါ်တွင် မူတည်နေသည်။

ယင်းသည် လျှို့ဝှက်ကြံစည်ခြင်းမဟုတ်ဘဲ ဗြောင်လှုပ်ရှားနေခြင်း ဖြစ်သည်။

ကောင်းကင်ပိုက်ကွန်ကြီးကို တပ်ဆင်ပြီးသွားပြီ ဖြစ်သည်။ ထိုအချိန်၌ ယင်ဟွမ်ပြည်နယ်ရှိ လူသားအင်အားစုများအားလုံး ထိုနေရာလေးနေရာကို စူးစိုက်ကြည့်နေသည်။ ထိုက်စီရှန်းမုန်ဂိုဏ်းသည်လည်း ပူးပေါင်းဆောင်ရွက်နေသည်။ လီထူဂိုဏ်းသည်ပင် ပါဝင်နေပြီး ဓားကိုင်ရုံးခွဲ၏ အစီအစဉ်များကို နားစွင့်နေသည်။

လူအားလုံး စောင့်ဆိုင်းနေကြသည်။

တချိန်တည်းမှာပင် အလင်းတမန်အဖွဲ့အစည်းက လူစုခွဲကာ အင်အားစုအသီးသီး၏ ပိုင်နက်များတွင် ပေါ်ပေါက်လာမည်ကိုလည်း သူတို့ စိတ်ပူနေကြသည်။

ထိုအချိန်၌ ရွှီချင်း၏ သတ်ဖြတ်ခြင်း စတင်လာသည်။

သူသည် ပန်းကနုတ်များဖြင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခေါင်းတွင် ခရမ်းရောင်ကောင်းကင်သရဖူ ရှိသည်။ သူ၏သက်စောင့်နန်းတော်နှစ်ခုက သူ့ခေါင်းအထက်တွင် ကွန်ခြာနှစ်ခုအသွင် ပြောင်းလဲသွားသည်။ သက်တန့်ရောင်အလင်းများ ဖြာထွက်နေပြီး မီးတောက်နက်များ တောက်လောင်လာစဉ် သူ၏ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။

သူ့နောက်တွင် ရွှေကျီးကန်းကြီးသည် စူးရှစွာ အော်မြည်၍ အဆုံးအစမဲ့ မီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

သူသည် အလင်းတမန်အဖွဲ့အစည်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ရိပ်ခနဲ ပေါ်လာသည်။ ထိုသူ တုန်လှုပ်သွားစဉ် ရွှီချင်း၏ ညာလက်သည် ကွေ့ယုံသိုတောက်ပညာရပ်ကို ထုတ်ဖော်ထား၍ ပုံရိပ်ယောင် ဖြစ်သွားသည်။ သူသည် ထိုသူ၏ အသိပင်လယ်ထဲရှိ ကောင်းကင်နန်းတော်ထဲသို့ တိုးဝင်သွားကာ ရွှေအမြုတေကို ဖမ်းဆုပ်လိုက်သည်။ ထိုသူ၏ စူးစူးဝါးဝါး အော်ဟစ်သံများကြားတွင် သူသည် ရွှေအမြုတေကို အညှာအတာမဲ့စွာ ဆွဲယူလိုက်သည်။

ရွှေအမြုတေက ခန္ဓာကိုယ်မှ ထွက်သွားပြီး ရွှီချင်းက ဖိချေလိုက်သည်။ ရွှေအမြုတေကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းပြီးနောက် သူ့အနောက်ရှိ သက်စောင့်မီးလုံးလေးလုံးနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်ကို အရှိန်ပြင်းစွာ တိုက်လိုက်သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ထိုသူမှာ သွေးစများဖြစ်သွားပြီး မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားသည်။

ရွှီချင်းသည် ထိုသူကို လှည့်ပင်မကြည့်ဘဲ ရွှေကျီးကန်းကြီးအား ဝါးမျိုခွင့် ပြုလိုက်သည်။ သူသည် ရှေ့သို့ တဟုန်ထိုး ပြေးသွားပြီး ဝိညာဉ်မီးတောက်များက ဓားမြှောင်တစ်လက် ဖြစ်လာသည်။ သူသည် တခြားရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အနီးသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။ သူ အနီးကပ်သွားသည့်အချိန်မှာပင် ထိုသူသည် မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် မနီးမဝေးမှ ကောင်းကင်နန်းတော်နှစ်ဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ချဉ်းကပ်လာသည်။ ရွှီချင်းက ချက်ချင်း အရှိန်တင်လိုက်သည်။

သူသည် ယခင်ကထက် ပို၍ မြန်ဆန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း နန်းတော်တစ်ဆောင်နှင့် ကျင့်ကြံသူကို မီသွားပြီး ထိုသူ၏လည်ပင်းကို အညှာအတာမဲ့စွာ လှီးဖြတ်လိုက်သည်။

ခေါင်းပြတ်ကြီး ပျံထွက်သွားသည်။

တခဏလေးအတွင်း နန်းတော်နှစ်ဆောင်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ရောက်လာကာ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သို့သော် ခရမ်းရောင်ကောင်းကင်သရဖူက ရွှီချင်းကို ကာကွယ်ပေးလိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းက လက်သီးဖြင့် ထိုးလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တုန်ရီသွားပြီး ကောင်းကင်နန်းတော်နှစ်ဆောင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ သွေးအန်သွားသည်။ သူသည် ရွှီချင်းနှင့် အဆင့်အတူတူ ဖြစ်ပါသော်လည်း သူ၏အပြင်ခန္ဓာက နိမ့်ကျသည်။ ရွှေကျီးကန်းကြီးက သူ့ထံ တိုးဝင်သွားရာ သူ မျက်နှာပျက်သွားပြီး ကပျာကယာ နောက်ဆုတ်လိုက်ပါသော်လည်း နောက်ကျသွားသည်။

ရွှီချင်းသည် သွေးအေးစွာ ပြုံးလိုက်ပြီး ထိုသူကို ဖမ်းဆုပ်လိုက်သည်။ ထိုသေရေးရှင်ရေးအခြေအနေတွင် ထိုသူ၏လက်ထဲရှိ သက်စောင့်ရတနာက အကာအကွယ်အလွှာအဖြစ် ပြောင်းလဲသွားသည်။ ရွှီချင်းသည် ဂရုမစိုက်ဘဲ ခေါင်းဖြင့် ထိုအကာအကွယ်အလွှာကို အညှာအတာမဲ့စွာ တိုက်လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် …

ပိုးကောင်နက်များက အဆိပ်ဆေးစွမ်းကို ဆောင်ယူသွားပြီး အဘိုးအို၏ ပတ်လည်သို့ တိုးဝင်ကာ အကာအကွယ်အလွှာကို တိုက်စားလိုက်သည်။ နောက်ဆုံးတွင် အကာအကွယ်အလွှာ ပျက်စီးသွားပြီး ရွှီချင်း၏ခေါင်းက အဘိုးအို၏မျက်နှာနှင့် မိတ်ဆက်သွားသည်။

အသွေးအသားများ နေရာအနှံ့ ဖွာလန်ကြဲသွားသည်။ အဘိုးအို စူးစူးဝါးဝါး အော်ဟစ်နေစဉ် ရွှီချင်း၏ ညာလက်သည် အဘိုးအို၏ အသိပင်လယ်ထဲသို့ တိုးဝင်သွားပြီး ရွှေအမြုတေကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် တမြေ့မြေ့ ပျက်စီးနေသော အဘိုးအို၏ လည်ပင်းကို လှီးလိုက်သည်။

ယင်းသည် အဆုံးသတ် မဟုတ်ပေ။ ရွှီချင်းသည် တိုက်ပွဲကွင်းပြင်တစ်လျှောက် ဆက်လက်ပြေးသွားသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း မည်သည့်ကျင့်ကြံခြင်းအဆင့် ရှိပါစေ နန်းတော်သုံးဆောင်အထက်မရှိပါက အလောင်းများ ဖြစ်သွားရသည်။

သူသည် သွေးခင်းသောလမ်းကို လျှောက်နေသည်။ သူ့လက်ထဲရှိဓားမြှောင်က လည်ပင်းဆယ်ချီ၍ လှီးဖြတ်ခဲ့ပြီ ဖြစ်သည်။ သူ့နောက်ရှိ မြေပြင်တွင် ခေါင်းများ လိမ့်ကျနေပြီး ခေါင်းပြတ်အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသည်။

တဖြည်းဖြည်းနှင့် ရွှီချင်း၏သွေးနှင့်ချီက ကောင်းကင်ယံသို့ လွင့်ပျံနေပြီး သူ့ထံမှ လူသတ်ငွေ့များက ကြောက်စရာကောင်းသည်။ သူသည် ဝုန်းခနဲ ဝင်တိုက်လိုက်ပြီး သက်စောင့်မီးလုံးသုံးလုံး အခြေတည်အဆင့်ကျင့်ကြံသူမှာ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းသည် နတ်ဆိုးဧကရာဇ်တစ်ပါးအလား သွေးမြူများကို ဖြတ်သန်းသွားသည်။ သူသည် မရပ်နားဘဲ သူ၏လမ်းကြောင်းတွင် ပိတ်ဆို့နေသည့် အလင်းတမန်အဖွဲ့၏ အပြင်စည်းအဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကောင်းကင်နန်းတော်သုံးဆောင်ကို ကျော်လွန်သည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများကိုမူ ရွှီချင်း ရှောင်တိမ်းသွားသည်။ ပုံမှ်အားဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ တာအိုအစောင့်အရှောက်များက ထိုသူများကို တာဝန်ယူလိုက်သည်။ တခဏလေးအတွင်း တိုက်ပွဲကွင်းပြင်တစ်ခုလုံး အနိဋ္ဌာရုံမြင်ကွင်းကြီး ဖြစ်သွားသည်။

သိ့ုသော်လည်း ရွှီချင်း၏အမြင်၌ ထိုအပျက်အစီးများကြားမှာပင် ပစ်မှတ်က ရှင်းလင်းနေသည်။ အစမှအဆုံးတိုင်အောင် သူ့ပစ်မှတ်က သူတော်စင်ကြယ် ဖြစ်သည်။

အစောပိုင်းက တိုက်ခိုက်မှုများအားလုံးသည် လမ်းတစ်လျှောက်သွားနေရင်း တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် တိုက်ပွဲကွင်းပြင်ကို ဖြတ်၍ သူတော်စင်ကြယ်ဆီသို့ ချဉ်းကပ်သွားသည်။

သူ၏လူသတ်ချင်စိတ်များက အားကောင်းသည်ထက် အားကောင်းလာသည်။

သူတော်စင်ကြယ်၏ မျက်နှာအမူအရာပြောင်းလဲသွားပြီး ဆက်လက်နောက်ဆုတ်နေသည်။

ရွှီချင်းက နီးကပ်လာနေသည်ကို မြင်၍ သူ့မျက်လုံးများထဲ ရူးသွပ်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ့နောက်တွင် ရွှေကျီးကန်းကြီးက ခေါင်းမော့၍ စူးရှစွာ အော်မြည်လိုက်သည်။ ရွှီချင်းနောက်ရှိ ရွှေကျီးကန်းကြီးက ပို၍ ခံ့ညားထည်ဝါသည်။ ထိုရွှေကျီးကန်းကြီးသည်လည်း ကောင်းကင်ယံသို့ ပျံတက်ကာ အောက်သို့ ထိုးဆင်းလာသည်။

တခဏလေးအတွင်း ရွှီချင်းသည် တိုက်ပွဲကွင်းပြင်ကို ကျော်ဖြတ်ကာ သူတော်စင်ကြယ်နှင့် ပေနှစ်ထောင်သာ ကွာဝေးတော့သည်။

ပေနှစ်ထောင်အကွာအဝေးသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် မျက်တောင်တစ်ခတ်အတွင်း ရောက်နိုင်သော အကွာအဝေး ဖြစ်သည်။

သူသည် သူတော်စင်ကြယ်၏ရှေ့တွင် ရိပ်ခနဲ ပေါ်လာသည်။

ထိုအမြန်နှုန်းသည် တဝုန်းဝုန်းမြည်သံများ ဖြစ်သွားစေပြီး တိုက်ပွဲကွင်းပြင်ရှိ ဂိုဏ်းသားများကို ကြောက်လန့်သွားစေသည်။

သူတော်စင်ကြယ် မျက်နှာပျက်သွားသည်။ သူ မရှောင်နိုင်သည်ကို သိသည်။ ထိုအချိန်၌ သူ့နောက်မှ ကောင်းကင်နန်းတော်က အစွမ်းကုန် တောက်လောင်လာပြီး မန္တန်လက်ကွက်များဖော်၍ သူ၏ရွှေကျီးကန်းနှင့်အတူ ရွှီချင်းကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ဓားပင်လယ်ကြီးအသွင်ဖြင့် ရွှီချင်းထံသို့ ဦးတည်သွားသည်။

ရွှီချင်းသည် ထိုအရာအားလုံးကို ဂရုမစိုက်ပေ။ သူ၏လက်သီးတစ်ချက်ဖြင့် အဆုံးအစမဲ့ ဓားပင်လယ်ကြီးကို ထိုးခွင်းသွားပြီး မရေမတွက်နိုင်သော ဓားပျံများ ပျက်စီးသွားသည်။ ထိုလက်သီးချက်သည် သူတော်စင်ကြယ်၏ ဝမ်းဗိုက်သို့ ဝင်ရောက်သွားသည်။

သူတော်စင်ကြယ်၏ ပတ်လည်ရှိ အကာအကွယ်အလွှာက ရွှီချင်း၏ လက်သီးချက်ကို ဟန့်တားလိုက်သည်။

ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဆူဝေသွားသည်။ မိုးသည်းသောညမှ အဖြစ်အပျက်များနှင့် အမှတ်ခြောက်သခင်ကြီး၏ သေဆုံးခြင်းကို သူ တွေးမိလိုက်သည်။ သူ့ရှေ့ရှိလူသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား မဟုတ်ပါသော်ငြား သူ့ရင်ထဲရှိ လူသတ်ငွေ့များမှာ ထူထပ်သိပ်သည်းနေပြီ ဖြစ်သည်။ သူ ပေါက်ကွဲပစ်လိုက်ရန် လိုအပ်နေသည်။

ထို့ကြောင့် ရွှီချင်း၏မျက်လုံးများ နီမြန်းလာပြီး ထပ်ခါထပ်ခါ ထိုးနှက်လိုက်သည်။ တတိယမြောက်လက်သီးချက်၊ စတုတ္ထမြောက်လက်သီးချက်၊ ပဉ္စမမြောက်လက်သီးချက် …

လက်သီးချက်တိုင်း အင်အားအပြည့် ပါဝင်နေသည်။ လက်သီးချက်တိုင်းကို သူ၏အားကောင်းသော အပြင်ခန္ဓာနှင့် ကျင့်ကြံခြင်းအခြေခံတို့ဖြင့် ပံ့ပိုးပေးထားသည်။ သူတော်စင်ကြယ်ကို လျင်မြန်စွာ ကျူးကျော်နေသော ပိုးကောင်နက်များပင် ရှိသည်။

ကောင်းကင်ယံတွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး သူတော်စင်ကြယ်မှာ နောက်သို့ တရစပ် ဆုတ်ခွာနေရသည်။ သူ့မှာ အကာအကွယ်အလွှာ ရှိသည့်တိုင်အောင် တန်ပြန်အားများကြောင့် နေရထိုင်ရခက်လာသည်။ သူ့မွေးညင်းပေါက်များမှ သွေးများ ထိန်းမနိုင်သိမ်းမရစီးကျလာသည်။

ရွှီချင်း၏ တိုက်ခိုက်မှုများသည် မုန်တိုင်းတစ်ခု တိုက်ခတ်လိုက်သည့်အလား ရပ်နားသွားခြင်း မရှိပေ။ ရွှီချင်းသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဓားမော့များ ရုပ်လုံးပေါ်လာပြီး အညှာအတာမဲ့စွာ ပိုင်းဖြတ်သွားသည်။ ပင်လယ်အော်သံအတတ်လည်း ရှိသည်။ ပင်လယ်ရေများ ရုပ်လုံးပေါ်လာပြီး တစ်လှိုင်းထက်တစ်လှိုင်း အင်အားကြီးမားလာသော ရေလှိုင်းများ တိုးဝင်သွားသည်။

သူတော်စင်ကြယ် သွေးပျက်သွားသည်။ နောက်ဆုံးတွင် ရွှီချင်းသည် နောက်ဆုံးလက်သီးချက်ကို ပစ်သွင်းလိုက်သည်။ ပိုးကောင်နက်များ၏ တိုက်စားခြင်းအောက်တွင် သူတော်စင်ကြယ်၏ အကာအကွယ်အလွှာတွင် ပျက်စီးသည့်လက္ခဏာများ ပြသလာသည်။

ရွှီချင်း၏ လက်သီးချက်က ရုတ်တရက် ကျရောက်သွားသည်။

အကာအကွယ်အလွှာ တုန်ခါသွားပြီး တဖျစ်ဖျစ်မြည်သံများနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ရွှီချင်း၏လက်သီးချက်က သူတော်စင်ကြယ်၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။

ယင်းသည် ဝိညာဉ်ကိုးပါးလက်သီးသိုင်း၏ နောက်ဆုံးလက်သီးချက် ဖြစ်သည်။

တခဏလေးအတွင်း သူတော်စင်ကြယ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။

တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပျက်စီးသွားသည်။

အဌမမြောက်ပုံရိပ်ယောင်ကောင်းကင်နန်းတော်မှာ ချက်ချင်း ပြိုကွဲသွားသည်။

All Chapters