← Chapters

သူတော်စင်ကြယ်၊ သေပြီ

Vol. 28 Ch. 427

သူတော်စင်ကြယ်၊ သေပြီ

Vol. 28 Ch. 427

ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ရွှီချင်းသည် သူတော်စင်ကြယ်နောက်သို့ လူသတ်ချင်စိတ်အပြည့်ဖြင့် အရူးအမူး ပြေးလိုက်သွားသည်။

တချိန်တည်းမှာပင် ကောင်းကင်ယံတွင် တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပျံ့လွင့်သွားသည်။ အမှတ်ခုနစ်သခင်ကြီး၏ မျက်နှာ မည်းမှောင်နေပြီး မျက်လုံးများထဲတွင် လူသတ်ရိပ်များ ထင်ဟပ်နေသည်။ ရွှီချင်းကဲ့သို့ သူ့နှလုံးသားထဲရှိ သူ့ကိုယ်သူ အပြစ်တင်နေရသည့်စိတ်ကို ဖြေဖျောက်ချင်သည်။

တချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။ အရာအားလုံးကို သူ မှန်ကန်စွာ မတွက်ချက်ခဲ့သည့်အတွက်ကြောင့်သာ ထိုသို့ မတော်တဆဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု သူ ယုံကြည်သည်။

ထိုကဲ့သို့ အဖြစ်ဆိုး ပေါ်ပေါက်လာရခြင်းမှာ သူ လုံလောက်အောင် မစွမ်းဆောင်နိုင်၍သာ ဖြစ်ကြောင်း သူ ခံစားနေရသည်။

သူ၏တိုက်ရည်ခိုက်ရည်က မလုံလောက်သည့်အတွက်ကြောင့် ထိုအဖြစ်အပျက် ပေါ်လာသည့်အခါ မပြောင်းလဲနိုင်ခြင်းဖြစ်ကြောင်း သူ တွေးမိသည်။

ထိုအရာကို သူ မုန်းတီးသည်။ ထိုသို့အဖြစ်မျိုး ဆက်ဖြစ်မလာစေချင်ပေ။ ရင်းနှီးသော လူတစ်ယောက် ထပ်တူအဖြစ်အပျက်မျိုး နောက်ထပ်ဖြစ်လာမည်ကို သူ ခွင့်မပြုနိုင်ပေ။

သို့ဖြစ်၍ သူ၏တိုက်ကွက်များတွင် ရင်ထဲမှ လူသတ်ချင်စိတ်များသာမက အမျက်ဒေါသများပါ ပါဝင်နေသည်။ တာအိုပညာရပ်များက သူ့စိတ်ခံစားချက်များကို မဖြေဖျောက်နိုင်သောကြောင့် မည်သည့်တာအိုပညာရပ်ကိုမျှ အသုံးမပြုပေ။

သူ့ရှေ့ရှိ အရာအားလုံးကို သတ်ဖြတ်ပစ်ရန် လက်သီးကိုသာ အသုံးပြုချင်သည်။

သူ တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်နှင့် မြေပြင် တုန်ခါသွားသည်။ ဟင်းလင်းပြင်ကြီး အက်ကွဲသွားပြီး လက်သီးချက်တိုင်းတွင် ဝိညာဉ်သိုက်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ပါဝင်နေပြီး အရာအားလုံးကို ထာဝရ ချုပ်နှောင်ပစ်နိုင်ဟန်တူသည်။

ထိုအခြင်းအရာအားလုံးသည် ဧရာမကျောက်လူသားကြီးကို ထိန်းမနိုင်သိမ်းမရဖြင့် နောက်လန်သွားစေသည်။ ကျောက်လူသားကြီးသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အမှတ်ခုနစ်သခင်ကြီး၏ တိုက်ရည်ခိုက်ရည်ကို ကြောက်လန့်သည့်အလား မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်လာသည်။

အမှတ်ခုနစ်သခင်ကြီး၏ တရစပ်တိုက်ကွက်များအောက်တွင် ကျောက်လူသားကြီးမှာ တစစီပျက်စီးလာသည်။ ကျောက်လူသားကြီး၏ လက်မောင်း ပျက်စီးသွားပြီး ခြေထောက်များ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ၎င်း၏ခန္ဓာကိုယ် ပြိုကွဲလာပြီး မရေမတွက်နိုင်သော ကျောက်တုံးကြီးများ တဝုန်းဝုန်းမြည်သံများနှင့်အတူ မြေပြင်သို့ ကျဆင်းသွားသည်။

အလင်းတမန်အဖွဲ့၏ အဓိကအဖွဲ့ဝင်နှစ်ယောက်မှာမူ ထိတ်လန့်တုန်လှုပ်ကာ သူတို့ဒဏ်ရာများမှ သွေးများ စီးကျလာသည်။

သူတု့ိမျက်နှာဖုံးများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ တိုက်ကွက်အများစုကို ကျောက်လူသားကြီးသာ တားဆီးပေးထားခြင်း မရှိလျှင် သူတို့ သေချာပေါက် သေနေမည် ဖြစ်သည်။

“ ဝိညာဉ်သိုက်အဆင့် အထွတ်အထိပ် ”

သူတို့နှစ်ယောက် အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်ပြီး ဦးရေခွံများ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။ ကျောက်လူသားကြီး ပြိုကျနေသည်ကို ကြည့်၍ အလျင်အမြန် နောက်ဆုတ်သွားသည်။

ကောင်းကင်ယံတွင် ရွှယ်လျန့်ကျစ်သည် အရာအားလုံးကို သွေးအေးစွာဖြင့် ရပ်ကြည့်နေသည်။

အခြေအနေတစ်ခုလုံးကို သူ ဖိနှိပ်ထားသည်ဖြစ်၍ ဤတိုက်ပွဲက မှန်းထားသည်နှင့် လွဲသွားမည် မဟုတ်ပေ။

ဤအလင်းတမန်အဖွဲ့ဝင်များကို အလင်းတမန်အဖွဲ့အစည်းက အင်အားသုံး၍ ကယ်ဆယ်လာမည်ကိုလည်း သူ စောင့်နေသည်။ ထိုအခါမှသာ သူ တိုက်ခိုက်မည် ဖြစ်သည်။

ကောင်းကင်ကြီးတွင် တိုက်ပွဲများဖြင့် ပြည့်နှက်နေပြီး မြေပြင်မှာလည်း အတူတူပင် ဖြစ်သည်။

ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဆူဝေနေပြီး သူတော်စင်ကြယ်နောက်သို့ လိုက်သွားသည်။ သူတော်စင်ကြယ်မှာမူ ဒယိမ်းဒယိုင်ဖြင့် အဆက်မပြတ် ဆုတ်ခွာနေသည်။ သူ၏တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးပျက်စီးသွားပြီး အဌမမြောက်ကောင်းကင်နန်းတော် ပျောက်ကွယ်သွားသည်ကို သူ အာရုံရလိုက်သည်။ သူ ခါးသီးစွာ ရယ်မောလိုက်ပြီး သူ့အကြည့်က ပို၍ ရူးသွပ်လာသည်။ ဖြေဖျောက်မရနိုင်သော မုန်းတီးခြင်းများဖြင့် ရွှီချင်းကို သူ စူးစိုက်ကြည့်လိုက်သည်။

ရွှီချင်းကို အရိုးတွင်းထိအောင် သူ မုန်းတီးသည်။

ရွှီချင်းကို သူ မနာလိုလည်း ဖြစ်သည်။ ကမ္ဘာမကြေသည့် မနာလိုဖြစ်ခြင်းပင်။

ယခင်က သူသည် မဟာမိတ်ထဲရှိ ဤမျိုးဆက်မှာ နံပါတ်တစ်ကောင်းကင်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ မရေမတွက်နိုင်သော ဂုဏ်အရှိန်အဝါများနှင့် မျှော်လင့်ချက်များကို သူ ထမ်းပိုးထားသည်။ မဟာမိတ်အတွက် မျိုးဆက်တစ်ခုလုံးကို သူ အနိုင်ယူနိုင်သည်။

သို့သော်လည်း ကံကြမ္မာက သူ့အတွက် အမှန်တကယ် တရားမျှတခြင်း မရှိပေ။ သူသည် ထူးခြားသော ပါရမီရှိပြီး နှိုင်းယှဉ်၍မရအောင် ချောမောသည်။ သူသည် အလင်းနှင့် မွေးဖွားလာသင့်ပြီး အဆုံးအစမဲ့ လှပသော အနာဂတ်ကို ပိုင်ဆိုင်သင့်သည်။

သို့သော် ရင်ချင်းဆက်အမြွှာအနေဖြင့် သူ မွေးဖွားလာခဲ့ရသည်။

သို့သော် သူ လက်မလျော့ခဲ့ပေ။ မရေမတွက်နိုင်သော အထင်သေးရှုံ့ချခြင်းများကို သူ တောင့်ခံခဲ့သည်။ သူ အပြင်းအထန်ကြိုးစားပြီး ကျင့်ကြံကာ ရုန်းကန်ခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ ညီလေးကို ဝါးမျိုကာ တစ်ယောက်တည်း ရှင်သန်နိုင်ခဲ့သည်။

သူ၏ အပြင်းအထန် ကြိုးစားမှုကြောင့် ပြိုင်ဘက်များအားလုံးကို အနိုင်ယူကာ သူ့မျိုးဆက်၏ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။

ဤအတောအတွင်း နာကျင်မှုများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို သူ ကြုံခဲ့ရသည်။ ထိုအခြင်းအရာများကို ကိုယ်တွေ့ကြုံခဲ့ရသော သူသည်သာ ညနက်တစ်ခု၏ နက်ရှိုင်းသော မှောင်မည်းခြင်းကို ခံစားနိုင်သည်။

ထိုအချိန်က သူ့အဘိုး၏ မျက်လုံးများထဲရှိ လောဘအရိပ်အယောင်များကို သူ မြင်ခဲ့ရသည်။ သို့သော်လည်း အကောင်းအဆိုး ဒွန်တွဲနေသော အဘိုးဖြစ်သူ၏ သက်စောင့်မီးအိမ်ကို သူ မငြင်းဆန်နိုင်ခဲ့ပေ။

ထိုအခြင်းအရာပြီးနောက် ဖြစ်ပျက်လာခဲ့သည့်အရာအားလုံးကြောင့် ကံကြမ္မာကြီးက ရက်စက်သည်ဟု သူ ခံစားလာရသည်။ သူသည် အရှိန်တညီးညီး တောက်ပနေသည့်အဆင့်သို့ ရောက်ခဲ့ပြီး မဟာမိတ်ထဲတွင် တစ်ခါမှမကြုံဖူးသော ချောမောသည့်အဖြစ်သို့ ရောက်ခဲ့သည်။

ထိုသို့ သူ ဆက်လုပ်နေခဲ့လျှင် သူ့ကံကြမ္မာက ပိုကောင်းလာမည်ဟု ထင်ထားခဲ့ပါသော်လည်း သူ့အဘိုး၏ မျက်လုံးများထဲမှ လောဘအရိပ်အယောင်များ ပို၍ ပေါ်လာသည်ကို သူ မြင်ခဲ့ရသည်။

သူတော်စင်ကြယ်သည် မတုံးအပေ။ သို့သော် ရွှီချင်းက သူ့သက်စောင့်မီးအိမ်အား ယူသွားသည့်တိုင်အောင် သူ ငြိမ်သက်နေခဲ့သည်။ သူ ဆိုးဆိုးဝါးဝါး ဖြစ်သွားပုံရပါသော်လည်း ရင်ထဲတွင် စိတ်သက်သာရာရစွာဖြင့် ကြိတ်၍ သက်ပြင်းချခဲ့သည်။ သို့သော်လည်း မဟာမိတ်ခေါင်းဆောင်၏ တန်ဖိုးထားခြင်း ခံရပြီး ရွှေကျီးကန်းအတွက် ဓားစာခံ ဖြစ်လာရသည်။

ထိုအခြင်းအရာအားလုံးကြောင့် သူ့နှလုံးသားတစ်ခုလုံး ရူးသွပ်သွားခဲ့ရသည်။

သူ့အဘိုးကို သူ မတားဆီးနိုင်ပါသော်လည်း ရွှီချင်းကို မုန်းတီးနိုင်သည်။ မဟာမိတ်ခေါင်းဆောင်ကို သူ မခုခံနိုင်ပါသော်လည်း ရွှီချင်းကို အပြစ်တင်နိုင်သည်။

ရွှီချင်း၊ မင်းက ဘာမို့လို့ နှလုံးသားထဲမှာ အလင်းရှိနေရတာတုံး။ မင်းက ဘာမို့လို့ ငါနဲ့အတူ ခံစားပြီး မသေရမှာတုံး

ထိုအတွေးက မကျေမနပ်ဖြစ်ခြင်းအသွင် ပြောင်းလဲသွားပြီး သူတော်စင်ကြယ်၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် ဆက်လက်ပေါက်ကွဲထွက်လာသည်။ နောက်ဆုံးတွင် ရွှီချင်းကို သူ မုန်းတီးနေရသည်မှာ ထိုနှလုံးသားထဲမှ တဆစ်ဆစ် ကိုက်ခဲနေသော မနာလိုစိတ်ကြောင့် ဖြစ်ပေသည်။

နှလုံးသားထဲတွင် အလင်း ရှိနေသည့်အတွက် ရွှီချင်းကို သူ မုန်းတီးသည်။

အမှန်စင်စစ် သူသာ ပိုင်ဆိုင်သင့်သော သက်စောင့်မီးအိမ်နှစ်လုံးကို ရွှီချင်း ပိုင်ဆိုင်နိုင်သည့်အတွက် ရွှီချင်းကို မနာလိုဖြစ်သည်။

ရွှီချင်းအတွက် လောကကြီးကို ဆန့်ကျင်၍ ကာကွယ်ပေးမည်ဖြစ်သော ဆရာတစ်ယောက်နှင့် ရွှီချင်းကို လောဘစိတ်ဖြင့် ငမ်းငမ်းတက် လိုချင်မနေသော ဘိုးဘေးတစ်ယောက် ရှိနေသည့်အတွက် သူ ပို၍ မနာလိုဖြစ်ရသည်။

သူ မနာလိုအဖြစ်ရဆုံးမှာ နှင်းမိုးများသည်းထန်နေသော ထိုညပြီးနောက် ရွှီချင်းကို ယနေ့ ပြန်တွေ့ရသောအခါမှာပင် ရွှီချင်း၏ရင်ထဲတွင် အလင်းရှိနေဟန်တူသည်ကို သူ တွေ့လိုက်ရခြင်းသည်။ ရွှီချင်းသည် ထိုသို့ မဆုတ်မနစ် ကြိုးစားမှုကိုပင် ပြသနေပေရာ အလင်း ရှိနေသေးသည်ဟု သူ ခံစားရသည်။

သို့ဖြစ်၍ သူ ပို၍ မနာလိုဖြစ်ကာ မကျေမချမ်း ဖြစ်လာရသည်။

ဓမ္မတံခါးတစ်ရာနှစ်ဆယ့်တစ်ခုကို ဖွင့်နိုင်တော့ကော ဘာဖြစ်သွားလဲ။ ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ် ကန့်သတ်ချက်ဖြစ်တဲ့ ပုံရိပ်ယောင်ကောင်းကင်နန်းတော်ရှစ်ဆောင်ကို ရသွားတော့ကော ဘာဖြစ်လဲ။ သခင်လေး အကူအညီနဲ့ ရွှေကျီးကန်းကို အသုံးပြုနိုင်သွားတော့ကော ဘာဖြစ်လဲ။

“ နတ်ဘုရားတစ်ပါး ဖြစ်မှပဲ အားလုံးကို အနိုင်ယူနိုင်မယ် ”

သူတော်စင်ကြယ်၏ မျက်လုံးများထဲရှိ ရူးသွပ်ခြင်းများ မြင့်တက်လာသည်။ ထိုစကားများသည် ထုတ်ပြောခြင်းမဟုတ်ဘဲ စိတ်ထဲတွင် အော်မြည်နေခြင်း ဖြစ်သည်။

ယင်းသည် သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး အလင်းတမန်အဖွဲ့အစည်းကို ဝင်ချင်ခဲ့သည်မှာလည်း ထိုအကြောင်းအရင်းကြောင့် ဖြစ်သည်။ ချီရွှဲ့ထုံဂိုဏ်း ရုတ်တရက် ရောက်လာ၍ အစီအစဉ်များစွာကို အချိန်မီ မလုပ်နိုင်ခဲ့ပါသော်လည်း သူတော်စင်ကြယ်၏ ယုံကြည်မှု မပြိုကွဲသေးပေ။

သူ၏တစ်ရာနှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပျက်စီးသွားပြီး အဌမမြောက်ပုံရိပ်ယောင် ကောင်းကင်နန်းတော် လွင့်ပျယ်သွားသည့်တိုင်အောင် ဂုဏ်အရှိန်အဝါကြီးမားသည့် လမ်းပေါ်တွင် ရှိနေသေးသည်ဟု သူ ခံစားရဆဲပင်။

ထို့ကြောင့် ရွှီချင်းက လျှပ်စီးလက်သည့်အလား ရောက်ချလာပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည့်တိုင်အောင် သူတော်စင်ကြယ် ပြုံးလိုက်သည်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်လာပြီး မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု ပေါ်လာသည်။ သူ အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သို့သော်လည်း ကြီးမားသော ကွာခြားချက်ကြောင့် သူတော်စင်ကြယ်သည် ရွှီချင်း၏ ပြိုင်ဘက် မဟုတ်ပေ။ ထို့နောက် သူတော်စင်ကြယ်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ညာလက် ပေါက်ကွဲသွားသည်။ သူ၏ပါးစပ်မှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး နောက်သို့ လွင့်ထွက်သွားသည်။

သို့သော်လည်း သူက တိုက်ပြန်တိုက်ခိုက်လိုက်သေးသည်။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ဓားအလင်းတန်းများ ပေါ်ပေါက်လာသည်။

ကောင်းကင်ယံမှ ပထမဓားတစ်စင်း ကျဆင်းလာပြီး ထိုဓားကွက် ကောင်းကင်သွေးဓားပင်။

ဒုတိယမြောက်ဓားကွက်ဖြစ်သော ဝိညာဉ်တုန်ဟီးမိစ္ဆာချုပ်နှောင်ဓားသည်လည်း ပေါ်ပေါက်လာသည်။

တတိယမြောက်ဓားကွက်ဖြစ်သော ‘ မြောက်တစ္ဆေက ကောင်းကင်ဓားကို မေးမြန်းစေ ’ နှင့်အတူ ကျောတွင် ဓားကိုယ်စီလွယ်ထားသည့် တစ္ဆေများ ပေါ်ပေါက်လာသည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် ရွှီချင်းသည် ထိုဓားကွက်များအားလုံးကို ဂရုမစိုက်ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်မှ ကျဆင်းလာသောဓားကြီး တစ်ရစ်ချင်း ပျက်စီးသွားသည်။ ဒုတိယမြောက်ဓားကြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ တစ္ဆေရှစ်ကောင်သည် ဓားများကို ဆွဲမထုတ်နိုင်ဘဲ ရွှီချင်း၏ အရှိန်အဝါအောက်တွင် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းကာ ပျောက်ကွယ်သွားသည်။

ရွှီချင်း၏ မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။ သူသည် အရှိန်မလျော့ဘဲ နောက်ဆုတ်နေသော သူတော်စင်ကြယ်ကို မီသွားသည်။ သူသည် သူတော်စင်ကြယ်ကို လှုပ်ရှားရန် အခွင့်အရေးမပေးဘဲ သူတော်စင်ကြယ်၏ အကာအကွယ်အားလုံးကို ဂရုမစိုက်ပေ။ သူ ချဉ်းကပ်သွားသည့်အခိုက် ကွေ့ယုံသိုတောက်အတတ်ကို ထုတ်ဖော်လိုက်သည်။

သူ၏ညာလက်က ပုံရိပ်ယောင်ဖြစ်သွားပြီး သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

သူတော်စင်ကြယ်မှာ တုန်ရီသွားပြီး အပြင်းအထန် ရုန်းကန်လိုက်ပါသော်လည်း အသုံးမဝင်ပေ။ သူ၏မျက်လုံးများက ရူးသွပ်ခြင်းများဖြင့် ပြူးကျယ်သွားပြီး ရွှီချင်းထံ ပြေးဝင်သွားသည်။ ထိုအချိန်၌ ရွှီချင်း၏ ညာလက်က သူတော်စင်ကြယ်၏ အသိပင်လယ်ထဲ ဝင်ရောက်သွားပြီး ကောင်းကင်နန်းတော်ကို ထိသွားသည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သည် အဆင့်တက်သည့်အခါ၌ ပုံရိပ်ယောင် ကောင်းကင်နန်းတော်များကို ဖန်တီးနိုင်သည်။ ယင်းသည် ကန့်သတ်ချက်ဖြစ်ပြီး ထိုပုံရိပ်ယောင်ကောင်းကင်နန်းတော်များကို ဒြပ်ထုဖြစ်လာအောင် လုပ်ရန် လိုအပ်သည်။

ဥပမာအနေဖြင့် သူတော်စင်ကြယ်မှာ ကောင်းကင်နန်းတော်ရှစ်ဆောင် ရှိသည်။ သို့သော်လည်း ပုံရိပ်ယောင်ကောင်းကင်နန်းတော်တစ်ဆောင်ကိုသာ ဒြပ်ထုဖြစ်လာအောင် သူ ပြောင်းလဲနိုင်သည်။

ရွှီချင်းသည် ကောင်းကင်နန်းတော်ထဲမှ သူတော်စင်ကြယ်၏ ရွှေအမြုတေကို ဆုပ်ကိုင်လိုက်သည်။

သူ ပြင်းထန်စွာ ဆွဲနှုတ်လိုက်သည်။

ရွှေအမြုတေတွင် အဆုံးအစမဲ့သော မကျေနပ်ခြင်းများ ကိန်းအောင်းနေသည်။ ထိုရွှေအမြုတေ ထွက်ပေါ်လာသည်နှင့် ကြောက်ခမန်းလိလိအငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။ ရွှီချင်းသည် သူတော်စင်ကြယ်၏ စူးစူးဝါးဝါး အော်ဟစ်သံများကြားတွင် ရွှေအမြုတေကို အောင်မြင်စွာ နှုတ်ယူနိုင်လိုက်သည်။

တုန်ရီနေသော သူတော်စင်ကြယ်နှင့် ထိစပ်နေသော ရွှေအမြုတေပတ်လည်တွင် မရေမတွက်နိုင်သော သွေးအမျှင်တန်းများ ရစ်ပတ်နေသည်ကို မြင်နိုင်သည်။ ထိုအချိန်၌ စူးစူးဝါးဝါး အော်ဟစ်သံများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ ရွှီချင်း၏ လူသတ်ချင်စိတ်များ ပို၍ အားကောင်းလာပြီး သူ ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှေအမြုတေပျက်စီးသွားပြီး မရေမတွက်နိုင်သော အာဟာရဓာတ်များက ရွှီချင်း၏ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ပေါင်းစည်းသွားသည်။ တချိန်တည်းမှာပင် ရွှီချင်းသည် သူတော်စင်ကြယ်၏ ခေါင်းကို အညှာအတာမဲ့စွာ ထိုးချလိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူတော်စင်ကြယ်မှာ အရှိန်ပြင်းစွာ တုန်ခါသွားသည်။ သူ၏မျက်နှာသွင်ပြင်များအားလုံး ပျက်စီးသွားပြီး သူ၏ခေါင်း ချိုင့်ဝင်သွားသည်။ သို့သော်လည်း သူ၏မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများ ရှိနေသည်။

ရွှီချင်း၏မျက်နှာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ယင်းသည် သူတော်စင်ကြယ်၏ သွေးများ ဖြစ်သည်။

သူ့မျက်လုံးများထဲတွင်လည်း ရူးသွပ်ခြင်းများ ရှိနေသည်။

ထို့နောက် ရွှီချင်းနောက်ရှိ ရွှေကျီးကန်းသည် ဂီးခနဲ အော်မြည်လိုက်ပြီး သူတော်စင်ကြယ်ကို အငမ်းမရ စုပ်ယူလိုက်သည်။

သူတော်စင်ကြယ်သည် ချောက်ချားစရာကောင်းလောက်အောင် အော်ဟစ်ရယ်မောလိုက်သည်။ သူ့နောက်တွင် ရွှေကျီးကန်းပေါ်လာပြီး ရွှီချင်း၏ရွှေကျီးကန်းက ၎င်းကို ထိန်းမနိုင်သိမ်းမရ ကိုက်နေသည်။ ၎င်းတို့နှစ်ကောင်သည် လေထဲတွင် တိုက်ခိုက်နေကြသည်။

၎င်းတို့သည် တစ်ကောင်ကိုတစ်ကောင် တိုက်ခိုက်ရင်း ဝါးမျိုရန် ကြိုးစားနေကြသည်။ ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ့ရင်ထဲမှ လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာသည်။ သူသည် သူတော်စင်ကြယ်၏ ဆံပင်များကို ဆွဲကာ ဝမ်းဗိုက်ကို လက်သီးဖြင့် ထပ်ခါထပ်ခါ ထိုးနှက်လိုက်သည်။

လက်သီးချက်တိုင်းတွင် သူတော်စင်ကြယ်၏ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးပျောက်ကွယ်သွားသည်။

သူတော်စင်ကြယ်၏ ဝိညာဉ်သည်လည်း ထိုနည်းတူပင်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အငမ်းမရ စုပ်ယူခြင်းကို ခံရပြီး လျင်မြန်စွာ ပျက်စီးလာနေသည်။

လက်သီးချက်သုံးချက်ပြီးနောက် သူတော်စင်ကြယ်၏ ခန္ဓာကိုယ်တစ်ပိုင်း ပေါက်ကွဲတော့မည့်ဆဲဆဲ ဖြစ်သွားသည်။ နောက်ဆုံးတွင် လေးချက်မြောက်လက်သီးချက် ကျရောက်သွားပြီး ဘုန်းခနဲ မြည်သံကြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ သူတော်စင်ကြယ်၏ စူးစူးဝါးဝါး အော်ဟစ်သံများ ဆတ်ခနဲ ရပ်သွားသည်။

လည်ပင်းနေရာမှ အောက်အထိ သူ့ခန္ဓာကိုယ်ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူ၏အရိုးများနှင့် အသားများက မရေမတွက်နိုင်သော အစိတ်အပိုင်းများဖြစ်ကာ အဖက်ဖက်သို့ လွင့်ပျံသွားသည်။

သူ့ခန္ဓာကိုယ်ကဲ့သို့ သူ့ဝိညာဉ်သည်လည်း ထိုသို့ ဖြစ်သွားသည်။

ခေါင်းသည်သာ ရွှီချင်း၏လက်များထဲ ရှိနေသည်။ ထိုအချိန်၌ သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် လက်မလျော့ချင်သေးသည့်အရိပ်အယောင်များနှင့် ရူးသွပ်ခြင်းများ ရှိနေသေးသည်။

သို့သော်လည်း ထိုမျက်လုံးများမှာ အထောက်အပံ့ မရှိတော့သည်ဖြစ်၍ တဖြည်းဖြည်း မှိန်ဖျော့လာသည်။

သူတော်စင်ကြယ် သေသွားခဲ့လေပြီ။

မြေပြင်တွင် သွေးများ၊ အသားစများဖြင့် ပြန့်ကျဲနေသည်။ သူတော်စင်ကြယ်၏ ခေါင်းသည် အမှတ်ခြောက်သခင်ကြီး၏ ခေါင်းကဲ့သို့ သွေးများ တစက်စက် စီးကျနေသည်။

လေထဲရှိ သူတော်စင်ကြယ် ထိန်းချုပ်ထားသော ရွှေကျီးကန်းမှာမူ အထောက်အပံ့ မရှိတော့သည်ဖြစ်၍ အားပျော့လာသည်။ တဖြည်းဖြည်းနှင့် တောင့်မခံနိုင်တော့ဘဲ ရွှီချင်း၏ ရွှေကျီးကန်းက စူးစူးဝါးဝါး အော်မြည်ကာ ၎င်းကို ဝါးမျိုလိုက်သည်။

ရွှေကျီးကန်းကို ဝါးမျိုပြီးနောက် ရွှီချင်း၏ ရွှေကျီးကန်းမှာ တုန်ရီသွားပြီး အဆုံးအစမဲ့ မီးတောက်များ ဖြာထွက်လာသည်။ တချိန်တည်းမှာပင် တစ်ဆယ်မြောက်အမြီးကြီး ပေါ်လာပြီး ထိုမှတစ်ဆင့် ဆယ့်တစ်ခုမြောက်၊ ဆယ့်နှစ်ခုမြောက်နှင့် နောက်ဆုံးတွင် ဆယ့်သုံးခုမြောက်အမြီးအထိ ပေါ်လာသည်။

ထိုအချိန်၌ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြစ်သော ကျင်းဝူလျန့်ဝမ့်လင်အတတ်သည် နောက်ဆုံးတွင် ဒုတိယအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။

All Chapters