လိပ်အိုကြီးအား ကယ်တင်ခြင်း
Vol. 29 Ch. 435
အလွန် ကြီးမားသော အရှိန်အဝါတစ်ခုက ရဲ့လင်းချန်၏ လက်ထဲ၌ စုဝေးလာသည်။ ထိုအခိုက်တွင် သူ၏ လက်သီးများသည် ဝင်းလက်နေသည်ဟု ထင်ရပြီး ရေအောက်ခြေအား စတင် လင်းလက်လာစေသည်။
ဧရာမ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်က အနည်းငယ် တွန့်လိမ်သွားသည်။ ၎င်းသည် ထိုစွမ်းအားကို သတိပြုမိပြီး ပူပန်စွာ အော်ဟစ်လေသည်။
အရဟာလက်သီးစွမ်းအင်။
ရဲ့လင်းချန်၏ မျက်လုံးများက တောက်ပသွားပြီး အားကုန်ထိုးနှက်လိုက်သည်။
“ဒုန်း”
စွမ်းအားက ရေကို အပေါ်သို့ ဆယ်မီတာမျှ မြင့်တက်သွားစေခဲ့ပြီး မသိလျင် ရေနက်ထဲမှ ဗုံးတစ်လုံး ပေါက်ကွဲ သွားသည်ဟု ထင်မှတ်ရသည်။ ဧရာမ စပါးအုံးမြွေကြီး၏ ဦးခေါင်း ပေါက်ကွဲသွားပြီး အသားစများနှင့် သွေးစက်များက အရပ်မျက်နှာတိုင်းသို့ လွင့်စဉ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က ယမ်းနေသော်လည်း ၎င်း၏ သေဘေးက သိသာစွာ ချဉ်းကပ်လာလေပြီ။
ငါးမိနစ်ကြာသော် ရဲ့လင်းချန်က စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကို ရေထဲမှ မတင်၍ ကုန်းပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူက လိပ်အိုကြီးကို လှမ်းကြည့်လိုက်သည်။
လိပ်အိုကြီး၏ ပါးစပ်က မသိမသာ ဟလျက်ရှိပြီး ၎င်း၏ ရှုံ့တွနေသော မျက်နှာက လူတစ်ယောက် မယုံနိုင်ဟန် ဖြစ်နေပုံနှင့် တူနေသည်။ ၎င်းက ရဲ့လင်းချန်ကို ငေးကြောင်စွာ စိုက်ကြည့်နေ၏။
ထို့နောက် ၎င်းက ရဲ့လင်းချန်အား ခေါင်းခါယမ်းပြပြီး ရင်းနှီးခင်မင်သော အကြည့်ဖြင့် ကြည့်နေသည်။ ထို့နောက် ၎င်းက ပါးစပ်ကိုဟ၍ အသံပြုနေသည်။
“လိပ်အိုကြီး၊ ငါ လိပ်ဘာသာစကားကို နားမလည်တာ ဆိုးတာပဲ၊ မဟုတ်ရင် မင်းနဲ့ စကား ကောင်းကောင်း ပြောလို့ရပြီးတော့ မင်းရဲ့ ဘိုးဘေးက အနက်ရောင် စစ်သည်တော်လားလို့ မေးလို့ရပြီ”
ရဲ့လင်းချန် ပြုံးလိုက်ပြီး လိပ်အိုကြီးနားသို့ လျှောက်သွားကာ ၎င်း၏ ထူထဲသော အခွံကို ထိကြည့်လေသည်။
လိပ်အိုကြီးသည် တကယ်ကို ကြီးမားလွန်းလှသည်။ ရဲ့လင်းချန်၏ ခြေထောက်နား၌ ဖြန့်ထားသော ၎င်း၏ လက်သည်းများသည်ပင် ရဲ့လင်းချန်၏ အရပ်ထက်ဝက်ထက်ပင် ကြီးသေးသည်။
ရဲ့လင်းချန်သည် လိပ်အိုကြီး သူ့အား တိုက်ခိုက်လာမည်ကို လုံးဝ မကြောက်ရွံ့ပါ။ သူသည် လိပ်အိုကြီး၏ ဘေးဘီနား၌ ဆက်တိုက် လေ့လာနေ၏။
သူသည် ယခင်က တိရစ္ဆာန်များအား ဘယ်လို လေ့ကျင့်ရမလဲ ဆိုသည်ကို သင်ယူခဲ့ဖူးပြီး တိရစ္ဆာန်တစ်ကောင်၏ ရန်လိုမှုနှင့် ကြင်နာမှုကို အလွယ်တကူ ခွဲခြားနိုင်သည်။ ထိုနည်းတူပင် သူသည် တိရစ္ဆာန်များအား သူ၏ ကြင်နာမှုကို ခံစားနိုင်အောင် ပြုလုပ်နိုင်လေသည်။
ရဲ့လင်းချန်သည် လိပ်အိုကြီး ညပ်နေသော နေရာကို ရှာတွေ့သွားပြီး ဘေးဘီမှ ကျောက်ဆောင်များကို ကြည့်လိုက်သည်။ ထို့နောက် သူက ညင်သာစွာ ပြောလိုက်လေသည်။
“လှဲနေနော်၊ ငါ အပေါက်ကို ကြီးအောင်လုပ်ပြီး မင်းကို ကယ်ပေးမယ်”
“ဟူးဟူးဟူး …”
လိပ်အိုကြီးသည် ရဲ့လင်းချန်၏ စကားကို နားလည်နိုင်စွမ်း ရှိပုံရသည်။ ၎င်းက အဆက်မပြတ် ခေါင်းညိတ်နေပြီး ၎င်း၏ ရှေ့လက်များနှင့် မြေကြီးကို ရိုက်ပြသည်။
“မကြောက်နဲ့၊ ငါက ပါရမီရှင်ပဲ၊ ပြီးတော့ ငါ့ဘာသာငါ လူပေါင်းများစွာကို ကယ်ခဲ့ဖူးတယ်”
ရဲ့လင်းချန်က ပြုံးပြီး ပိတ်မိနေသော နေရာများကို လေ့လာ၍ အကြမ်းဖျင်း နားလည်သွားသည်။
လိပ်အိုကြီးကို သူ ကယ်လိုပါက ကြမ်းတမ်းသော အားတစ်ခုတည်းကို အားကိုး၍ မရပါ။ ၎င်း၏ ခွန်အားသည် ရဲ့လင်းချန်ထက် အဆများစွာ ပိုသော်လည်း ၎င်းဘာသာ လွတ်မြောက်အောင် မလွတ်နိုင်လျင် ရဲ့လင်းချန် သည်လည်း အလွယ်တကူ လုပ်နိုင်မည် မဟုတ်ပါ။ ဤသို့သော ကိစ္စများကို လုပ်ဆောင်ရာ၌ ဦးနှောက်သုံးၕရန် လိုအပ်သည်။ ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် ရဲ့လင်းချန်၌ ဉာဏ်ရည် ထက်မြက်မှု ကင်းမဲ့ခြင်း မရှိပါ။
သူ၏ ဗိသုကာ ပညာသည် ကျေနပ်လောက်အောင် တိုးတက်ရုံသာမက အစီအရင်သို့ပင် အဆင့်တက်သွားခဲ့သည်။ သူ လုပ်စရာဟူ၍ ဂူ၏ အားနည်းချက်ကို ရှာ၍ အပေါက်ကို ထိုးလိုက်ရုံသာ ဖြစ်သည်။ ထိုနည်းအားဖြင့် ဖျက်ဆီးမရနိုင်သော ဂူက ချောင်လာပြီး လိပ်အိုကြီး ညပ်နေရာမှ လွတ်မြောက်နိုင်ပေမည်။
ယင်းမှာ အပိုစွမ်းရည်များက ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး ဟူသော စကားလိုပင်။
ရဲ့လင်းချန်သည် ဂူ၏ တစ်ဖက်သို့ လျှောက်သွားပြီး ကျောက်ဆောင်အား လက်သီးတစ်ချက် ထိုးလိုက်သည်။
“အရဟာ လက်သီးစွမ်းအင်”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ကျောက်ဆောင်က တစ်စစီ ဖြစ်သွားလေသည်။ ရဲ့လင်းချန်သည် ဘေးပတ်လည်အား ခြောက်ကြိမ်မျှ ထိုနည်းတူ ထိုးနှက်ပြီးမှ ရပ်တန့်လိုက်သည်။
ထို့နောက် သူသည် လိပ်အိုကြီးကို ပြန်ပြောလိုက်သည်။
“လိပ်အိုကြီး၊ မင်း ထွက်လာလို့ ရမလား ကြိုးစားကြည့်ဦး”
လိပ်အိုကြီးက ပြန်တုံ့ပြန်သံ ပေးပြီး ပါးစပ်ကို ခပ်တင်းတင်း ပြန်စေ့၍ ၎င်းခန္ဓာကိုယ်အား ကြမ်းတမ်းစွာ လှုပ်ခါလေသည်။
“ဂျွတ်”
ဂူ၏နံရံများတွင် အက်ကြောင်းများ စတင်ပေါ်လာသည်။ လိပ်အိုကြီး နည်းနည်းစီ လွတ်မြောက်လာပြီးနောက် နံရံသည်လည်း မြေကြီးပေါ် ပြိုကျသွားသည်။
…
ရေတံခွန် ရေကန်၏ ကမ်းစပ်၌ ရိုက်ကူးရေး အဖွဲ့သားများ၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင် လာသည်။
“ဒါရိုက်တာ နာရီဝက်တောင် ရှိနေပြီ၊ ကျွန်မတို့ ထပ်မစောင့်နိုင်တော့ဘူး”
ကျောက်လျန့်ရင်၏ မျက်လုံးများက နီရဲကာ အသံက အနည်းငယ် ပြာအက်နေ၏။
“ဒါ တိုက်ရိုက်ထုတ်လွှင့်ရင်း ဖြစ်တဲ့ မတော်တဆမှုပဲ၊ ရှင်တို့ ရိုက်ကူးရေးအဖွဲ့က ဘာအကူအညီမှ မပြင်ထားဘူးလား”
ဟူယွဲ့အာက ရိုက်ကူးရေးအဖွဲ့ကို စူးစိုက်ကြည့်နေ၏။ သူမ၏ လှပသော မျက်နှာလေးက နီမြန်းနေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
ဒါရိုက်တာ၏ နဖူးတွင်လည်း ချွေးများ စို့နေသည်။ တိုက်ရိုက် ထုတ်လွှင့်မှုတွင်းမှ လူအရေအတွက်သည် သန်းငါးဆယ် ကျော်နေပြီ ဖြစ်ပြီး မတော်တဆမှုက ပြဿနာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ ချက်ချင်း ပြန်ပြောလိုက်လေသည်။
“ကယ်ဆယ်ရေးအဖွဲ့ကို ရှာဖွေဖို့ အကူအညီတောင်းရင် အရမ်း နောက်ကျသွားပြီ၊ ဒါပေမဲ့ ငါတို့ ရွာတွေက ရေကူးတတ်တဲ့ လူတွေကို ရှာဖို့ လူလွှတ်ပြီးပါပြီ၊ ငါတို့ သူတို့ကို ရေထဲဆင်းခိုင်းပြီး သူ့ကို ကယ်ခိုင်းမယ်”
“အဲ့ဒါ အရမ်း နှေးလွန်းတယ်၊ ကျွန်မကို အောက်စီဂျင်ဘူးပေး၊ ကျွန်မ အခု အောက်ဆင်းမယ်”
ဟူယွဲ့အာက ချက်ချင်း ပြောလိုက်သည်။
“ကျွန်မလည်း ဆင်းချင်တယ်”
ကျောက်လျန့်ရင်က တရှုံ့ ရှုံ့ငိုနေ၏။
“မင်းတို့ နှစ်ယောက်လုံး စိတ်အေးအေးထားပါ၊ ရဲ့နတ်ဘုရားလို အရည်အချင်းတွေ အများကြီးရှိတဲ့ ယောက်ျားတစ်ယောက်က ရဲရင့်တဲ့ လူတစ်ယောက်လေ၊ သူ တကယ်ကြီး ဒုက္ခမရောက်လောက်ပါဘူး၊ ပြီးတော့ မင်းတို့ ဆင်းသွားရင် ပိုဒုက္ခများအောင် လုပ်မိရုံပဲ ရှိလိမ့်မယ်”
ဟယ်ကျားက ဖျောင်းဖျသည်။
“ကျွန်မ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် လင်းချန်က ကျွန်မအသက်ကို ကယ်ခဲ့တာပဲ၊ အဲ့တော့ ကျွန်မ သူ့အတွက် ဘာပဲလုပ်ရ လုပ်ရ အဆင်ပြေတယ်”
ကျော်ကလျန့်ရင်က မျက်ရည် တသွင်သွင် စိးကျနေပြီး ရေတံခွန် ရေကန်အား ပြတ်သားသော အကြည့်တို့ဖြင့် ကြည့်နေသည်။
ထိုသို့သောအချိန်၌ ယခင်က ဆူညံနေသော တိုက်ရိုက် ထုတ်လွှင့်မှု၌ တိတ်ဆိတ်ခြင်းက အစားထိုး နေရာယူ လာပြီး အခြေအနေကလည်း လေးလံလာသလို ခံစားနေရသည်။
[ရဲ့နတ်ဘုရား … အဆင်ပြေလောက်ပါတယ်၊ ဟုတ်တယ်မလား]
[ရဲ့နတ်ဘုရား ထွက်လာခဲ့ပါ၊ မင်း အသက်ရှင်နေသရွေ့ ငါ့လက်ကျန် သက်တမ်းတစ်လျှောက်လုံး မင်းရဲ့ အမာခံ ပရိသတ် အဖြစ် ရှိနေပါ့မယ်လို့ ကတိပေးပါတယ်]
[ယီးပဲ ရိုက်ကူးရေးအဖွဲ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ကိရိယာက ပိုအားကိုးရလို့လား၊ ယီးပဲကွာ]
…
ကျန်းယွင်ရှီနှင့် ရှောင်ဖေးဖေးတို့သည် သူတို့လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ ရဲ့လင်းချန်ထံ၌ တစ်ခုခု ဖြစ်နေပြီဟု သူတို့ မယုံကြည်ပါ။
အိုးရန်ချင်းသည် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်ကာ မနေနိုင်ဘဲ ကျိန်ဆဲမိသည်။
“ဒီလူက ဟန်ထုတ်ပြရတာကို ကြိုက်တာကိုး၊ အခု သူ ဟန်ထုတ်ပြတဲ့အတွက် တန်ကြေး ပြန်ပေးလိုက်ရပြီ”
“ဗွမ်း”
ထိုသို့သောအချိန်၌ မူလက တည်ငြိမ်နေသော ရေတံခွန်ရေကန်မှ ကျယ်လောင်သော ဆူညံသံများကို ကြားလိုက်ရသည်။ ရေမျက်နှာပြင်က ကြီးမားသော သတ္တဝါတစ်ကောင် ပေါ်လာတော့မည့်ဟန်ဖြင့် လျင်မြန်စွာ မြင့်တက်လာသည်။
မကြာခင်မှာပင် ရေမျက်နှာပြင်က တောင်ကုန်းငယ်တစ်ခုကဲ့သို့ ဖောင်းကြွလာသည်။
[သွားပြီ၊ အဲ့ဒါ ဧရာမ စပါးအုံးမြွေကြီး ပြေးထွက်လာတာပဲ ဖြစ်မယ်]
[ရိုက်ကူးရေးအဖွဲ့က လူတွေတော့ သွားပြီ၊ ဧရာမ စပါးအုံးမြွေကြီးက သူတို့ကို တစ်ကိုက်တည်းနဲ့ မြိုချပစ်မှာပဲ]
[ချီးပဲ မိစ္ဆာတစ်ကောင် မွေးဖွားလာပြီပဲ]
ရေတံခွန် ရေကန်မှ လူတိုင်း ကြောက်ရွံ့နေကြသည်။ သူတို့သည် ကြီးမားသော ရေလှိုင်းများကို ကြည့်ပြီး ခေါင်းနားပန်း ကြီးနေကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက အလိုလို နောက်သို့ ဆုတ်စပြုလာသည်။
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် ရေလှိုင်းများအား ငေးငိုင်စွာ စိုက်ကြည့်နေ၏။ သူတို့၏ မျက်နှာတွင် ကြောက်စိတ် ကင်းမဲ့နေပြီး သူတို့ ခံစားနေရသည့် တစ်ခုတည်းသော ခံစားချက်မှာ ဝမ်းနည်းမှုပင်။ အကယ်၍ စပါးအုံးမြွေ ထွက်လာခြင်း ဖြစ်ပါက ရဲ့လင်းချန် အသတ်ခံလိုက်ရပြီဟု ဆိုလိုနေလေပြီ။
ထိုသို့တွေးမိသောအခါ သူတို့ နှလုံးသားအား ဓားနှင့် ထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏ ကြောက်စိတ်ကို လုံးဝ မေ့လျော့သွားကြသည်။
လှိုင်းများသည် တဖြည်းဖြည်း လျော့ကျသွားပြီး အားလုံး၏ အရှေ့မှ မြင်ကွင်းသည် သူတို့ ထင်ထားသည်နှင့် လုံးဝ ကွဲပြားနေ၏။ ဧရာမ စပါးအုံးမြွေကြီးအစား ဧရာမ လိပ်ကြီးတစ်ကောင်သာ ပေါ်လာသည်။
ဧရာမ လိပ်အိုကြီး၏ ကျောပေါ်တွင် လူငယ်လေးတစ်ယောက် ခပ်တည်တည် ထိုင်နေပြီး လူတိုင်းကို ပြုံးပြနေသည်။ တောက်ပသော နေရောင်ခြည်က သူ့ခန္ဓာကိုယ်ကို ကျော်၍ တောက်ပနေသဖြင့် လူတိုင်းကို မျက်စိကျိန်းသွားစေသည်။
ထိုလူငယ်လေးမှာ ရဲ့လင်းချန်မှလွဲ၍ အခြားသူ မရှိနိုင်ပါ။
“အား…”
ကျောက်လျန့်ရင် စိတ်လှုပ်ရှားကြောင့် အော်ဟစ်လိုက်မိသည်။ သူမသည် ရဲ့လင်းချန်ကို ကြည့်ပြီး ငိုဟယ်၊ ရယ်ဟယ် ဖြစ်နေလေသည်။
ဟူယွဲ့အာမှာမူ သူမပါးစပ်ကိ လက်ဖြင့်အုပ်ထားပြီး ရဲ့လင်းချန်အား လှပသော မျက်ဝန်းများနှင့် ငေးကြည့်နေသည်။
သူက လိပ်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး အဖွဲ့ကို မျက်နှာချင်းဆိုင်၍ ခပ်တည်တည် ပြောလိုက်သည်။
“အားလုံးပဲ၊ ကျွန်တော် ဟူဟန်စန်း ပြန်လာပါပြီ”
(စကားချပ်။ ။ ကျွန်တော် ဟူဟန်စန်း ပြန်လာပြီဆိုတဲ့ စကားက 1974 ခုနှစ်က Sparkling Red Star (闪闪的红星) မှာပါတဲ့ စကားပါ။ ရုပ်ရှင်ထဲမှာ လူတွေကို ခြိမ်းခြောက် အကြမ်းဖက်တတ်တဲ့ ရန်ဘက် ဟူဟန်စန်းက သူ ရိုက်နှက်ခံရတိုင်း အဲ့ဒီစကားကို အမြဲ သုံးပါတယ်၊ သူ့အဆင့်အတန်းကို ပြန်အဖက်ဆယ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ အမြဲ ယုံကြည်လို့ အဲ့လို ပြောခြင်း ဖြစ်ပါတယ်၊ အခုခေတ် အသုံးအနှုန်းအရဆိုရင် သေရေးရှင်ရေးတမျှ အခက်အခဲတစ်ချို့ ကြုံပြီး ပြန်ဦးမော့လာနိုင်တဲ့သူကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်)
တစ်ခဏကြာသော် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှစ်ယောက်လုံးက ရဲ့လင်းချန်ထံ ပြေးသွားပြီး သူ့ရင်ခွင် ထဲသို့ ပစ်ဝင်လေသည်။ သူမတို့၏ မျက်လုံးများမှ မျက်ရည်များ ဒလဟော စီးကျလာပြီး ကြောက်လန့်တကြား ပြောလေသည်။
“ကျွန်မတို့ သေမတတ် ကြောက်ခဲ့ရတာ”
ရိုက်ကူးရေး အဖွဲ့မှ လူတိုင်း စိတ်အေးဟန်ဖြင့် သက်ပြင်းချကာ ရဲ့လင်းချန်အား အပြုံးနှင့် ကြည့်နေကြသည်။ သို့သော် ရဲ့လင်းချန်ဘေးမှ ဧရာမ လိပ်ကြီးကို ကြည့်မိသောအခါ သူတို့၏ မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နှက် သွားလေသည်။
လိပ်များသည် ရှေးခေတ်ကတည်းက လူတိုင်း၏ စိတ်ထဲတွင် မင်္ဂလာရှိသော သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။ သူတို့သည် မသေနိုင်ခြင်းနှင့် အသက်ရှည်ခြင်းကို ကိုယ်စားပြုသည်။ အနက်ရောင် စစ်သည်တော်သည် တရုတ်နိုင်ငံ၏ ဒဏ္ဍာရီလာ သားရဲလေးကောင်ထဲမှ တစ်ကောင် ဖြစ်ပြီး တာအိုကို လေ့လာလိုက်စားသူများက ၎င်းကို နတ်ဘုရားများကို ကာကွယ်စောင့်ရှောက်သည့် သားရဲ၊ မဟာ ဧကရာဇ် ကျန်းဝူအဖြစ် ကြည်ညို လေးစားကြသည်။
သို့သော်ငြားလည်း ဤမျှ ကြီးမားသေ လိပ်တစ်ကောင်အား သူတို့ မျက်စိရှေ့၌ မြင်တွေ့လိုက်ရခြင်းက သူတို့ ရင်ထဲ၌ မလွဲမသေ ကြောက်စိတ် ဖြစ်ပေါ်လာစေသည်။