နတ်ဘုရားရဲ့ အစွမ်း
Vol. 28 Ch. 429
ကောင်းကင်ကြီးကို ရွှီချင်း စူးစိုက်ကြည့်လိုက်သည်။
အပြင်လူများအနေဖြင့် ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို ပြောပြရန် ခက်ကောင်းခက်နိုင်သော်လည်း အမှတ်ခုနစ်သခင်ကြီးနှင့် သတ္တမမြောက်တောင်ထိပ်အကြောင်းကို ရွှီချင်း နားလည်ထားသည်အရ ယနေ့ ဖြစ်ပျက်လာသမျှ အရာအားလုံးသည် အမှတ်ခုနစ်သခင်ကြီး၏ ခန့်မှန်းချက်အတွင်း ရှိပေသည်။
အမှတ်ခြောက်သခင်ကြီး၏ သေဆုံးခြင်းကို သူ မြင်ခဲ့ရပြီး သူ့ဆရာ၏ သူ့ကိုယ်သူ အပြစ်တင်နေသည်ကို သူ တွေ့ခဲ့ရသည်။
ယခု ဖြစ်ပျက်လာသမျှသည် အလင်းတမန်အဖွဲ့အစည်းကို သူ၏ဆရာက နက်နက်နဲနဲ လေ့လာနေပြီဖြစ်ကြောင်း ရွှီချင်းကို နားလည်သွားစေသည်။
ရွှီချင်း လှမ်းကြည့်လိုက်သည့်အခိုက် အမှတ်ခုနစ်သခင်ကြီးက လှုပ်ရှားလိုက်သည်။
သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဘိုးဘေးရွှယ်လျန့်ကျစ်၊ သခင်မကြီးတုံယုံတို့နှင့်အတူ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာစွမ်းအားနှင့် တိမ်လွှာဓားဂိုဏ်း၏ သွေးသစ်ပင်ကြီး စွမ်းအားတို့ကို အသုံးချ၍ လွတ်လမ်းမရှိသော အချုပ်အနှောင်ကြီးတစ်ခုအသွင်ဖြင့် နတ်စွမ်းအားပြည့်နှက်နေသော အလောင်းကြီးကို လွှမ်းခြုံလိုက်သည်။
ထိုအလင်းတမန်ဂိုဏ်း၏ ဖန်တီးမှုအား သူ ယူဆောင်ကာ ချီရွှဲ့ထုံဂိုဏ်း၏ စွမ်းအားကို အသုံးချ၍ လေ့လာချင်သည်။ အလင်းတမန်အဖွဲ့အစည်းကို ဖျက်ဆီးပစ်ရန်အတွက် ကြိုဆင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အလင်းတမန်အဖွဲ့အား နက်နက်ရှိုင်းရှိုင်း သူ နားလည်ချင်သည်။
အမှတ်ခုနစ်သခင်ကြီး တိုက်ခိုက်လိုက်သည့်အခိုက် ရွှယ်လျန့်ကျစ်က အပေါ်သို့ မော့ကြည့်လိုက်ပြီး ကောင်းကင်ကြီးကို အရိုအသေပြုလိုက်သည်။
“ ဒုက္ခပေးသလို ဖြစ်သွားတယ် ဓားကိုင်ရုံးခွဲခင်ဗျာ၊ ကျုပ်ချီရွှဲ့ထုံဂိုဏ်းက ဒီအလောင်းကို ဖိနှိပ်နိုင်ပါတယ်။ ဒီတိုက်ပွဲပြီးရင် ဒီအလောင်းရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ဓားကိုင်ရုံးခွဲဆီ ပို့ပေးပြီး ကျန်တာကို နောက်ထပ်လေ့လာဖို့အတွက် ယူချင်ပါတယ် ”
ရွှယ်လျန့်ကျစ်၏ စကားဆုံးသည်နှင့် ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီး မြည်ဟည်းသွားပြီး တည်ငြိမ်သော အသံတစ်သံကို ကြားနိုင်သည်။
“ ခွင့်ပြုတယ် ”
ယခုတစ်ခေါက်တွင် ရှစ်ဂိုဏ်းမဟာမိတ်သည် ဓားကိုင်ရုံးခွဲနှင့် အတူပူးပေါင်းကာ တိုက်ခိုက်ကြသည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းက အလောင်းကို တစ်ဂိုဏ်းတည်း ချုပ်နှောင်ချင်သည့်တိုင်အောင် ဓားကိုင်ရုံးခွဲ၏ ခွင့်ပြုချက် လိုအပ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ အပြုအမူများ၊ အထူးသဖြင့် အရာအားလုံးကို ချိန်သားကိုက် ဆောင်ရွက်နေခြင်းများသည် ပုန်းကွယ်နေသော ဓားကိုင်ရုံးခွဲကျင့်ကြံသူကို လေးစားသွားစေသည်။
ယင်းအပြင် ချီးကျူးထိုက်သည်မှာ အင်အားစုအသစ်ဖြစ်သော ချီရွှဲ့ထုံဂိုဏ်းက လောဘကြီးခြင်း မရှိပေ။
တခြားနေရာသုံးခုတွင်လည်း တူညီသောဖြစ်ရပ် ဖြစ်ပျက်နေသည်။
ထိုနေရာသုံးခုတွင် တူညီသောအလောင်းများလည်း ပေါ်လာသည်။
သူတို့ကိုယ်များထဲမှ ကြောက်ခမန်းလိလိ နတ်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဤနေရာကဲ့သို့ သူတို့အားလုံး နတ်ဘုရားမျိုးစိတ်များ ဖြစ်ကြသည်။
ထိုနတ်ဘုရားကဲ့သို့ သတ္တဝါများအား မွေးမြူနေကြသည်မှာ သိသာသည်။ သို့သော်လည်း ရှစ်ဂိုဏ်းမဟာမိတ်၏ အလစ်အငိုက် ဝင်တိုက်ခိုက်ခြင်းနှင့်အတူ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ မွေးမြူခြင်းဖြစ်စဉ်ကို ရပ်တန့်လိုက်ရသည်။
ရလဒ်အနေဖြင့် နတ်အစွမ်း မပေါ်ပေါက်လာနိုင်သေးခင် တိုက်ခိုက်ရတော့သည်။
တခြားနေရာသုံးခုရှိ အလောင်းများ၏ ပစ္စည်းက မည်သည့်အရာအပေါ် အခြေခံထားသည်ကို ချီရွှဲ့ထုံဂိုဏ်း မသိပါသော်လည်း သူတို့ ရင်ဆိုင်နေရသည့် အလောင်း၏အုတ်မြစ်မှာ ထိုလျှာကြီး ဖြစ်သည်။
“ အဲဒါ သူတော်စင်ကြယ်ရဲ့လျှာကြီး ”
ရွှီချင်းသည် ကောင်းကင်ယံသို့ စူးစိုက်ကြည့်ပြီး အော်ပြောလိုက်သည်။
သူ့စကားများသည် အမှတ်ခုနစ်သခင်ကြီး၏ စိတ်ထဲရှိ နောက်ဆုံးသံသယများကို ဖြေရှင်းပေးလိုက်ပြီး သူ့မျက်လုံးများထဲ ဉာဏ်အလင်းပွင့်သွားသည့်အရိပ်အယောင်များ ပေါ်လာသည်။
“ ဒါဆို လွဲနိုင်စရာအကြောင်းမရှိဘူး။ ဒီအလောင်းရဲ့ခန္ဓာကိုယ်က မတူညီတဲ့ သက်ရှိတွေ စုပေါင်းပြီး လုပ်ထားတာပဲ။ ခန္ဓာကိုယ်က ရှေးဟောင်းအလောင်းတစ်လောင်းရဲ့ ခန္ဓာကိုယ်ပဲ။ ခြေလက်တွေက လူသားမဟုတ်တဲ့မျိုးနွယ်က။ ခေါင်းက ထူးဆန်းအပင်မျိုးနွယ်က၊ သွေးက နတ်သတ္တဝါတစ်ကောင်ရဲ့သွေး၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ မရှိပေမဲ့ သိပ်သည်းထူထပ်တဲ့ ဓာတ်နှောတွေနဲ့ ပြည့်နေတယ်။ တစ်ခုခု မွေးဖွားလာမှာလိုမျိုး ခေါင်းထဲမှာ ချိုင့်ခွက်တစ်ခု ရှိတယ်။ ဒါကို ဘယ်လိုပဲကြည့်ကြည့် ယဇ်ပူဇော်ပွဲတစ်ခုခုလိုမျိုး ဖြစ်နေတယ် ”
“ လျှာကြီးရဲ့ ရည်ရွယ်ချက်က ဒီနတ်အလောင်းကြီးကို အသိဉာဏ်ပေးဖို့ပဲ။ သူတော်စင်ကြယ်ရဲ့စိတ်ကို အလင်းတမန်အဖွဲ့က ပြုပြင်ခဲ့ပြီးနောက် ဒီလိုအပ်ချက်နဲ့ ကိုက်ညီသွားတာပဲ။ ဒါသာ အောင်မြင်သွားရင် သူတော်စင်ကြယ်ရဲ့ မွေးဖွားခြင်း ဖြစ်လာမယ် ”
“ နတ်ဘုရားဖြစ်တဲ့လမ်းစဉ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာလား ”
“ ဒီအသိဉာဏ်က အားနည်းလွန်းနေတော့ မအောင်မြင်နိုင်တာ နှမျောစရာပဲ။ နတ်အစွမ်းရဲ့ ချေမှုန်းသုတ်သင်ခြင်းခံလိုက်ရပြီး ကိုယ်နဲ့စိတ် ဆုံးရှုံးသွားတာ ကြာနေပြီ ”
အမှတ်ခုနစ်သခင်ကြီး အတွေးနက်သွားစဉ် ချုပ်နှောင်ခံထားရသော အလောင်းက တုန်လှုပ်ချောက်ချားစရာကောင်းစွာ အော်ဟစ်လိုက်သည်။
၎င်းသည် အချုပ်အနှောင်စွမ်းအားများကို ခံစားမိသည်ဖြစ်၍ ၎င်း၏ကိုယ်ထဲမှ နတ်အစွမ်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ အစီအစဉ်မကျသော စွမ်းအင်များ လောကကြီးထဲ တဝုန်းဝုန်း ပျံ့လွင့်သွားသည်။
ယင်းသည် နတ်ဘုရားတစ်ပါး မဟုတ်ပါသော်လည်း ထိုသိပ်သည်းထူထပ်သော နတ်စွမ်းအားများမှ အငွေ့အသက်များကြောင့် ၎င်း၏ ဇီဝကမ္မဖြစ်စဉ်ကို သွယ်ဝိုက်သောအားဖြင့် တိုးတက်သွားစေသည်။
ဇီဝကမ္မဖြစ်စဉ် ကွာခြားချက်ကြောင့် ၎င်းအား မယုံကြည်နိုင်သော တန်ခိုးစွမ်းအားတချို့ကို ပိုင်ဆိုင်ရရှိသွားစေသည်။
ဥပမာအနေဖြင့် ထိုအချိန်၌ ၎င်း၏ဟိန်းဟောက်သံကြောင့် အရာအားလုံး တွန့်လိမ်ရှုံ့တွသွားသည်။
လောကကြီး ဝေဝါးသွားသည်သာမက အသိစိတ်များအပေါ်တွင်လည်း သက်ရောက်သွားသည်။ ဘေးပတ်လည်ရှိ ချီရွှဲ့ထုံဂိုဏ်းသားများ တုန်ရီသွားကြပြီး ထိုအလောင်းကြီးအား ကိုးကွယ်ချင်စိတ်များ အလိုလို ပေါ်လာသည်။
ထိုခံစားချက်သည် ထိန်းချုပ်၍ မရဘဲ ဖိနှိပ်ရန် မဖြစ်နိုင်ပေ။ သာမန်လူတစ်ယောက်က အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေရသည့်အလားပင်။ သူတို့၏ လှုပ်ရှားမှုများ ဖြတ်တောက်ခံလိုက်ရပြီး အလိုလို တုန်ရီလာကာ ခုခံနိုင်စွမ်းများအားလုံး ကင်းမဲ့သွားရသည်။
တခဏလေးအတွင်း မြေပြင်ရှိ ချီရွှဲ့ထုံဂိုဏ်းသားများဖြစ်စေ၊ အဝေးသို့ ထွက်ပြေးနေသော စီအနိမ့်ဂိုဏ်းသားများဖြစ်စေ တုန်ရီလာကြသည်။ တစ်ယောက်ပြီးတစ်ယောက် ဒူးများထောက်လာကြပြီး အရိုအသေပေးလာကြသည်။
ယင်းသည်သာ သူတို့အတွေးများကို ရှင်းလင်းသွားစေနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပုံရသည်။
သူတို့ ဒူးထောက်နေသည့်တိုင်အောင် သူတို့ တုန်ရီနေဆဲဖြစ်ပြီး သန္ဓေပြောင်းသည့်လက္ခဏာများ ပြသလာသည်။ အမှန်စင်စစ် ထိုသန္ဓေပြောင်းခြင်းများသည် အလောင်းကြီးနှင့် ဆင်တူသည်။
အလောင်းကြီးသည် ရင်းမြစ်တစ်ခု ဖြစ်လာသည့်အလား အရာအားလုံးကို ပြောင်းလဲသွားစေသည်။
ရွှယ်လျန့်ကျစ်၊ သခင်မကြီးတုံယုံနှင့် အမှတ်ခုနစ်သခင်ကြီးတို့သည်သာ ထိုနတ်စွမ်းအားကို လျစ်လျူရှုနိုင်ကြသည်။
နောက်တစ်ယောက်က ရွှီချင်းပင်။
ရွှီချင်းသည် တုန်ရီနေပါသော်ငြား ဒူးမထောက်ပေ။ ထိုအစား သူသည် အလောင်းကို ဆက်လက်စူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နေသည်။
သူသည် နတ်ဘုရားမျက်နှာပျက်ကြီး နှစ်ကြိမ် ကြည့်သည်ကို မြင်ခဲ့ဖူးသည်။ ခန္ဓာအစိတ်အပိုင်းများ စုပေါင်းထားသော ထိုနတ်သတ္တဝါကြီးသည် သူ၏ခေါင်းကိုညွတ်သွားအောင်လုပ်ရန် အရည်အချင်း မပြည့်မီပေ။ သန္ဓေပြောင်းခြင်းများမှာမူ သူ့ကိုယ်ထဲမှ လက်အများအပြား တိုးထွက်လာသည်။
သို့သော်လည်း သူ့ကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက် ဝင်းလက်လာပြီး အရိပ်လေးက မြေပြင်ပေါ် ပြန့်ကားသွားကာ စိတ်လှုပ်ရှားစွာဖြင့် အရူးအမူး စုပ်ယူလိုက်သည်။
ထိုအခြင်းရာအားလုံးကြောင့် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲခြင်းများ ပျောက်ပျက်သွားသည်။
သို့သော်လည်း ယင်းသည် အလောင်းကြီး၏ နတ်စွမ်းအားမှလာသော တစ်ခုတည်းသောအရာ မဟုတ်ပေ။
နတ်စွမ်းအားများ ပျံ့လွင့်သွားစဉ် အလောင်းကြီးသည် ခေါင်းနောက်လှန်၍ အော်ဟစ်လိုက်သည်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး အချုပ်အနှောင်များအားလုံး ပျက်စီးသွားပြီး လေထဲသို့ ပျံတက်သွားသည်။
အလောင်းကြီးသည် မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး ညာလက်ကို မြှောက်၍ မြေပြင်အား ဖိချလိုက်သည်။
မြေပြင်မှာ တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး အမှတ်ခုနစ်သခင်ကြီး၊ ရွှယ်လျန့်ကျစ်နှင့် သခင်မကြီးတုံယုံအပါအဝင် မြေပြင်ပေါ်ရှိ လူတိုင်း၏ ခန္ဓာကိုယ်များပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များစွာ ပေါ်လာသည်။
အနီးကပ်ကြည့်ပါက ထိုပုံရိပ်များသည် လူတိုင်း၏ အတိတ်နှင့် အနာဂတ်ပုံရိပ်များ ဖြစ်သည်ကို မြင်ရပေမည်။
ထိုပုံရိပ်များ အတူတကွ စုစည်းသွားသည့်အခါ လူအားလုံးက ရုပ်ပုံစာအုပ်တစ်အုပ် ဖြစ်လာသည့်အလားပင်။ ထိုရုပ်ပုံစာအုပ်မှနေ၍ တခြားလူများက အရာအားလုံးကို မြင်နိုင်သည်။
လူတိုင်း၏ ရုပ်ပုံစာအုပ်ထဲရှိ အတိတ်က ရှင်းလင်းသည်။ သို့သော် အနာဂတ်က မရေမတွက်နိုင်သော ဖြစ်နိုင်ချေများနှင့် အပြောင်းအလဲများ ရှိနေသည့်အလား အနာဂတ်က ဝေဝါးနေသည်။
သို့သော် ယခုတွင် ထိုအပြောင်းအလဲများအနက် တူညီသော ပုံရိပ်တစ်ခု ရှိနေသည်။
ထိုပုံရိပ်သည် ယနေ့ ဤနေရာတွင် လူအားလုံး၏ သေဆုံးခြင်းပုံရိပ် ဖြစ်ပေသည်။
လူအားလုံး၏ ရုပ်ပုံစာအုပ်တိုင်းတွင် ထိုပုံရိပ် ရှိနေသည်။ ရွှီချင်းအပါအဝင် သူတို့အားလုံး သေနေကြပြီး တစ်ယောက်နှင့်တစ်ယောက် ထပ်နေကြသည်။
ရွှီချင်း၏စိတ်ထဲ တုန်ခါသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင် ဖြစ်လာသည်။ သူသည်လည်း သူ့အတိတ်၊ မရေမတွက်နိုင်သော အနာဂတ်များနှင့် ထိုပုံရိပ်ကို မြင်နိုင်သည်။ ထိုအနာဂတ်က ဖော်ပြ၍ မရနိုင်သော အားကြီးတစ်ခုဖြင့် ဆွဲနှုတ်ခံလိုက်ရပြီး အမှန်တကယ် ဖြစ်ပျက်လာသည့်အလားပင်။
ထိုပုံရိပ်ထဲတွင် သူသည် အလောင်းစွမ်းအားများ၏ ကျူးကျော်ခြင်း ခံရပြီး သန္ဓေပြောင်းကာ သေဆုံးနေသည်။
ထိုစွမ်းအားသည် ရွှီချင်း နားလည်နိုင်သည်ထက် ကျော်လွန်နေသည်။
ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာပြီး ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု သူ့မျက်နှာပေါ် ပေါ်လာသည်။ သူသည် ညာလက်ကို အပြင်းအထန် မြှောက်လိုက်ပြီး ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့အဆိပ်များ ရှိနေသည့် ပိုးကောင်နက်လေးများ ပျံထွက်လာပြီး သူ့ထံ တိုးဝင်လာသည်။
ထိုပိုးကောင်နက်များသည် ရွှီချင်း၏ခန္ဓာကိုယ်ပေါ် ရောက်သွားပြီး အတင်းအကြပ် ကိုက်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်များနှင့် ပေါင်းစည်းသွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားပြီး တစ်ကိုယ်လုံး ဆွေးမြေ့လာသည်။ ထိုဆွေးမြေ့ခြင်းကြောင့် ဖြစ်လာသော သေခြင်းတရားအနာဂတ်က နတ်စွမ်းအားဖြင့် ရုပ်လုံးပေါ်လာသော အနာဂတ်ပုံရိပ်အပေါ်သို့ ချက်ချင်း သက်ရောက်သွားပြီး ခုခံမှုတစ်ခု ပေါ်လာသည်။
ထိုပုံရိပ်များသည် တစ်ခုနှင့်တစ်ခု ဖြတ်တောက်နေကြပြီး ပြောင်းလဲနေကြသည်။
“ ဒီတော့ ဒါက နတ်စွမ်းအားကိုး ”
ကောင်းကင်ယံတွင် အမှတ်ခုနစ်သခင်ကြီး၏ မျက်လုံးများထဲ ဉာဏ်အလင်းပွင့်ခြင်းများဖြင့် ဝင်းလက်သွားသည်။
သူ့ခန္ဓာကိုယ်ပေါ်မှာ တူညီသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ သူ အသုံးပြုသည့်နည်းလမ်းသည် ရွှီချင်းနှင့် ဆင်တူသည်။ သူသည် နတ်စွမ်းအားကြောင့် ဖြစ်လာသော သေခြင်းတရားအနာဂတ်ပုံရိပ်ကို အစားထိုးရန် နောက်ထပ်သေခြင်းတရားကို အသုံးပြုလိုက်သည်။
“ ဘိုးဘေး၊ ကျုပ်လိုတဲ့ နတ်စွမ်းအားက ပြီးတော့မယ်။ ကျုပ်တို့ ချုပ်နှောင်လို့ရပြီ ”
ထိုသို့ ပြောပြီးသည်နှင့် အမှတ်ခုနစ်သခင်ကြီးက မန္တန်လက်ကွက်များ ဖော်လိုက်ရာ မိုးသားတိမ်စိုင်များက သားရဲအမျိုးမျိုးအဖြစ် ပြောင်းလဲသွားသည်။ သားရဲတစ်ကောင်စီတွင် ချုပ်နှောင်စွမ်းအားများ ကိန်းအောင်းနေသည်။
စုစုပေါင်း သားရဲတစ်ထောင်ရှိပြီး ထိုသားရဲများ အတူစုပေါင်းလိုက်သောအခါ ကြောင်နက်တစ်ကောင် ဖြစ်သွားသည်။
ထိုကြောင်တွင် အတိတ်မရှိသလို အနာဂတ် မရှိပေ။ ကြောင်၏ခန္ဓာကိုယ်က အလွန် ကြီးမားပြီး အလောင်းကို ခုန်အုပ်လိုက်သည်နှင့် ရွှယ်လျန့်ကျစ်သည်လည်း လှစ်ခနဲ လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော သွေးအမျှင်တန်းများအဖြစ် ပြောင်းလဲကာ အလောင်းကြီးကို ချည်နှောင်လိုက်သည်။ ထိုသွေးအမျှင်တန်းတိုင်းမှ ကြောက်ခမန်းလိလိ အငွေ့အသက်များ ဖြာထွက်နေပြီး ထပ်တူညီစွာပင် ထိုသွေးအမျှင်တန်းများမှာ အနာဂတ်မရှိသလို အတိတ် မရှိပေ။
သခင်မကြီး တုံယုံ၏ မျက်လုံးများထဲ ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်သွားသည်။ သခင်မကြီး တုံယုံသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ဧရာမအလံကြီးတစ်ခု ပေါ်လာသည်။
ထိုအလံကြီးသည် လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီး ဖြစ်သည်။
ထိုအလံကြီးကို မဟာမိတ်က ပိုင်ဆိုင်သည်ဟု အပြင်လူများ ထင်ထားကြပါသော်ငြား အမှန်စင်စစ် ထိုသို့ မဟုတ်ပေ။ သခင်မကြီး တုံယုံက ယခင်က ချီရွှဲ့ထုံဂိုဏ်းကို ငှားရမ်းခဲ့ခြင်းသာ ဖြစ်သည်။
လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီး မြင့်တက်သွားသည်။ ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို အပြည့်အဝ အသက်သွင်းလိုက်ပြီ ဖြစ်သည်။ သွေးသစ်ပင်ကြီးသည်လည်း အစွမ်းအားလုံး ထုတ်လွှတ်လိုက်သည်။ ချုပ်နှောင်စွမ်းအားများက အမြင့်ဆုံးအဆင့်အထိ ရောက်သွားပြီး အလောင်းကြီးကို ချုပ်နှောင်လိုက်သည်။
တိုက်ပွဲဝင်အလံကြီးပေါ်ရှိ မရေမတွက်နိုင်သော သွေးစက်များအနက် ရွှေရောင်သွေးတစ်စက်က ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ ထိုသွေးစက်ထဲမှ ရုတ်တရက် လက်ချောင်းတစ်ချောင်း ပေါ်လာကာ အလောင်းကို ညွှန်လိုက်သည်။
အလောင်းမှာ တုန်ရီသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ အလောင်းသည် ညာလက်ကြီးကို မမြှောက်နိုင်တော့ဘဲ ပြန်ချလိုက်ရသည်။
အလောင်းကြီးအနေဖြင့် ဆန္ဒရှိနေသည့်တိုင်အောင် ထွက်ခွာရန် မဖြစ်နိုင်တော့ပေ။ အမှတ်ခုနစ်သခင်ကြီး၏ ကြောင်နက်ကြီးက အလောင်းကို ဖိနှိပ်ထားပြီး ဘိုးဘေးရွှယ်လျန့်ကျစ်၏ သွေးအမျှင်တန်းများက ချုပ်နှောင်ထားသည်။ အလောင်းကြီး၏ ဝိညာဉ်ကို ချီရွှဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာက ပိတ်လှောင်ထားပြီး ခန္ဓာကိုယ်ကို သွေးသစ်ပင်ကြီးက လှုပ်မရအောင် လုပ်ထားသည်။ နတ်စွမ်းအားကိုမူ လူသားမျိုးနွယ်တိုက်ပွဲဝင်အလံကြီးက ဖိနှိပ်ထားသည်။
အလောင်းကြီးကို လုံးလုံးလျားလျား ပိတ်လှောင်လိုက်ပြီ ဖြစ်သည်။
အလောင်းကြီးမှာ ချုပ်နှောင်ခံလိုက်ရသည်နှင့် လောကကြီး ပုံမှန် ပြန်ဖြစ်သွားသည်။ မြေပြင်ရှိ ဂိုဏ်းသားအများစု သွေးများ အန်သွားကြသည်။ သူတို့သည် စိတ်ဓာတ်ကျကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြပါသော်လည်း သူတို့အသက်များက စိုးရိမ်စရာ မရှိပေ။ သူတို့ကိုယ်ပေါ်မှ ပုံရိပ်များအားလုံး ချက်ချင်း ပျောက်သွားသည်။
ထိုတိုက်ပွဲကြီးသည် သူတို့၏စိတ်များကို အကြီးအကျယ် ထိုးနှက်သွားခဲ့သည်။
ထိုအချိန်၌ ရွှီချင်းပေါ်ရှိ ပုံရိပ်များသည်လည်း လွင့်ပါးသွားသည်။ သူ၏ကိုယ်ထဲရှိ အဆိပ်မှာမူ ပိုးကောင်နက်လေးများ တိုးဝင်သွားပြီး စုပ်ယူခြင်းနှင့် ခရမ်းရောင်သလင်းကျောက်၏ တွန်းလှန်ခြင်း၊ သူ၏အဆိပ်ခံနိုင်ရည်တို့ကြောင့် လျင်မြန်စွာ ထိန်းချုပ်နိုင်လိုက်သည်။
ရွှီချင်းသည် ပိတ်လှောင်ခံထားရသော အလောင်းကြီးကို ကြည့်၍ စိတ်လှုပ်ရှားသွားသည်။
“ ဒါက … နတ်ဘုရားလား ”