ငါ့ရတနာဝတ်ရုံ
Vol. 29 Ch. 431
“ ချင်းလေး၊ ငါနဲ့ လိုက်ခဲ့ပါကွ။ မင်းတို့ကို ကြီးကျယ်တဲ့ဟာလုပ်ဖို့ ခေါ်သွားပေးမယ် ”
ခေါင်းဆောင်က ခပ်သွက်သွက် ပြောလိုက်သည်။ သူသည် ပြောနေရင်း အလွန် သတိထားနေသည့်ပုံဖြင့် ဘေးပတ်လည်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။
“ ကျနော် မလိုက်တော့ဘူး ”
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။
“ ဘာလို့တုံး ”
ခေါင်းဆောင် စိုးရိမ်ကြောင့်ကြသွားသည်။
“ အစ်ကိုကြီးက ရွှမ်ယုံဂိုဏ်းကို ရန်စပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရအောင်လို့ ကျနော့်ကို ပြဿနာထဲ ဆွဲထည့်တယ် ”
ရွှီချင်းသည် ခေါင်းဆောင်နှင့်အတူ ရွှမ်ယုံဂိုဏ်း၏ တားမြစ်နယ်မြေထဲသို့ သွားခဲ့သည့်အချိန်ကို ပြန်တွေးလိုက်သည်။ ခေါင်းဆောင်သည် မြွေမိစ္ဆာကြီး၏ အစွယ်ကို ရူးသွပ်သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
ထို့နောက် ခေါင်းဆောင်က ဝူကျန်းဝူနှင့် မကြာခဏ ဆက်သွယ်ခဲ့သည်ကို သူ တွေးမိလိုက်သည်။ နောက်ဆုံးတွင် ဝူကျန်းဝူသည် အရူးတစ်ယောက်ပမာ အဖမ်းခံလိုက်ရပါသော်လည်း ခေါင်းဆောင်က ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားခဲ့သည်။
ဝူကျန်းဝူ အရူးလုပ်ခံလိုက်ရသည်မှာ ထင်ရှားသည်။
ခေါင်းဆောင် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။ သူ့စိတ်ထဲတွင် တွေးနေသည်မှာလည်း ထိုနည်းအတိုင်းသာ ဖြစ်သည်။ ယင်းသည် အမှန်ပင် ကိစ္စကြီးတစ်ခု ဖြစ်သည်။ ရွှီချင်းကိုသာ ဆွဲမထည့်လျှင် နတ်မိမယ်ကျစ်ရွှမ်၏ သေလုမျောပါးဖြစ်အောင် ပါးရိုက်ခြင်း ခံရမည်ကို သူ စိတ်ပူသည်။
ရွှီချင်းသာ သူ့ဘေးရှိနေလျှင် နတ်မိမယ်ကျစ်ရွှမ် အမှန်တကယ် ရောက်လာသည့်တိုင်အောင် ဘေးကင်းလုံခြုံနိုင်ရန် အခွင့်အလမ်းများသည်။
“ ညီလေး၊ မင်းရဲ့အစ်ကိုကြီးကို ယုံကြည်စမ်းပါကွ။ စိတ်မပူပါနဲ့။ ဒီတစ်ခေါက် ငါတို့ သေချာပေါက် ကိစ္စကြီးတစ်ခု လုပ်မှာ။ မင်းရဲ့ကောင်းကင်နန်းတော်တွေကို ရုပ်လုံးပေါ်အောင် လုပ်ပြီးပြီမလား။ ဒီကိစ္စပြီးသွားရင် ကောင်းကင်နန်းတော်အများကြီးကို မင်း ရုပ်လုံးပေါ်အောင် လုပ်နိုင်သွားမှာ ”
ခေါင်းဆောင်သည် ရွှီချင်း၏မျက်လုံးများထဲသို့ ကြည့်လိုက်ပြီး သူ့လူများကို လှည့်စားမည်မဟုတ်ကြောင်း ပြောနေသည့်အလား သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
ထို့နောက် ဘေးရှိ ကြက်ဥကို ကောက်ကာ အခွံနွှာလိုက်ပြီး စားလိုက်သည်။
ရွှီချင်းသည် ပုံမှန်မျက်နှာအမူအရာဖြင့် စွပ်ပြုတ်ကို ဆက်သောက်နေသည်။ ဘေးရှိ ယန်ယန်၏ မျက်နှာတွင် သိချင်စိတ်ပြင်းပြနေသော အရိပ်အယောင်များ ရှိနေသည်။ ခေါင်းဆောင်ကို ကြည့်လိုက်သောအခါ နွှာထားသော ကြက်ဥကို ရွှီချင်း၏ပန်းကန်ထဲ ထည့်ရန် မမေ့ဘဲ ချိုသာစွာ ပြုံးပြလိုက်သည်။
ထိုဖြစ်ရပ်ကြောင့် ခေါင်းဆောင်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ လက်ထဲရှိ ကြက်ဥကို သူ အောက်ချလိုက်သည်။ သူသည်လည်း သူ့အတွက် ကြက်ဥခွံနွှာပေးမည့်လူတစ်ယောက် လိုချင်သည်။
“ ချင်းလေး၊ မင်းက လူသားတစ်ယောက်နဲ့ တူတယ်လို့ ငါ မထင်ဘူး ”
“ ခေါင်းဆောင်၊ ရွှမ်ယုံဂိုဏ်းကလူတွေ ဒီနေရာကို ခဏနေရင် ရောက်လာတော့မှာမလား ”
ရွှီချင်းသည် စွပ်ပြုပ်တစ်ကျိုက် သောက်လိုက်သည်။
ခေါင်းဆောင်၏မျက်ခုံးမွေးများ အပေါ်သို့ ပင့်သွားသည်။
“ မင်းလို ရုပ်ရည်မျိုး လူသားတွေမှာ မရှိနိုင်ဘူး။ မင်းက အသက်ကြီးလာလေလေ ပိုပြီး စွဲဆောင်မှုရှိလာလေဆိုတာ မင်း သိလား။ မင်းက အရင်က ငါ ကြားဖူးတဲ့ ထူးဆန်းတဲ့မျိုးနွယ်နဲ့ ဆင်တယ်။ အဲဒီမျိုးနွယ်က ကလေးပေါက်လေးနဲ့ မင်းအတော်တူတယ်။ ချင်လေး။ အဲဒီမျိုးနွယ်ကို ငါ သိတယ်။ မင်းရဲ့နောက်ခံအကြောင်း မင်း ပိုမသိချင်ဘူးလား ”
“ မသိချင်ဘူး ”
ရွှီချင်းသည် နောက်ဆုံးစွတ်ပြုတ်တစ်ကျိုက်စာ သောက်လိုက်ပြီး ကြက်ဥနောက်တစ်လုံးစားကာ အလွန် ကျေနပ်သွားသည်။ ခေါင်းဆောင်ပြောသည့် စကားတစ်ခွန်းကိုမျှ သူ မယုံပေ။
ခေါင်းဆောင်မှာ အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ ရွှီချင်းက ခေါင်းမာသည်ကို မြင်၍ ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။
“ လက်ထောက်ဌာနမှူးရွှီ၊ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးနှစ်သန်း အကြွေးပေးရဦးမှာနော် ”
“ အစ်ကိုကြီး ဒီမှာ ကျောက်စိမ်းပေလွှာ နည်းနည်းရှိတယ်။ ဒါတွေက သိပ်အဖိုးတန်တာ ”
ရွှီချင်းသည် ပြောရင်း ခေါင်းဆောင်က အမျိုးသမီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသည်ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာအား ထုတ်လိုက်သည်။
“ ယန်ယန်၊ ချီရွှဲ့ထုံဂိုဏ်းကို နင် ဝင်သင့်တယ်လို့ ငါ မထင်ဘူး။ ငါပြောတာနားထောင်ပြီး ရွှမ်ယုံဂိုဏ်းကို ဝင်လိုက်။ ချင်းလေးကို ငါ နားလည်ရသလောက် ရွှမ်ယုံဂိုဏ်းကို သူ သိပ်သဘောကျတာ ” T
ခေါင်းဆောင်က ကြက်ဥအခွံနွှာနေသော ယန်ယန်ကို ကြည့်လိုက်သည်။
ယန်ယန်၏ မျက်လုံးများ ဝင်းလက်သွားသည်။
ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယခုတစ်ခေါက်တွင် ခေါင်းဆောင်သည် အမှန်တကယ် ကြောက်လန့်ပြီး စိုးရိမ်ပူပန်နေသည်ကို သူ သိသည်။ ခေါင်းဆောင်သည် သူ့ကို အတင်းအကြပ် ဆွဲထည့်နေပြီး သူ သဘောမတူမချင်း ရပ်မည့်ပုံမပေါ်ပေ။
“ ချင်းလေး၊ မင်း အရွယ်ရောက်လာပြီပဲ။ မင်းရဲ့ဆရာတူအစ်ကိုကြီးက မင်းကို ဘယ်လောက်ကောင်းခဲ့လဲ မှတ်မိလား။ ငါက မင်းရဲ့ အထက်လူကြီး၊ မင်းရဲ့ ဆရာတူအစ်ကိုကြီးလေ။ မင်းကြောင့် ဆရာ့ကို အာခံခဲ့တာ။ သူ့အားနည်းချက်ကိုတောင် မင်းကို ပြောပြခဲ့တာ။ မင်းအတွက်ဆိုရင် ခန္ဓာကိုယ်ကသွေးတောင် မြေကျရတယ်။ မင်းအတွက် ငါ အပြစ်တင်ခံခဲ့တယ်။ ငါတို့အတူတူ အိမ်ပြန်ခဲ့ကြတယ်။ ငါတို့အတူတူ ရေချိုးခဲ့ကြတယ်။ ငါတို့အတူတူ ကစားခဲ့ကြတယ်။ ငါတို့ … ”
ခေါင်းဆောင်မှာ နာကြင်နေရဟန်တူသည်။
ယန်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းဆောင်ကို မယုံကြည်ဟန်ဖြင့် ငေးကြည့်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း နှုတ်ဆိတ်နေသည်။ အတန်ငယ် တွေးတောပြီးနောက် ပန်းသီးတစ်လုံး ထုတ်လိုက်ပြီး ခေါင်းဆောင်ကို ပစ်ပေးလိုက်သည်။
ခေါင်းဆောင်၏ မျက်ခုံးမွေးများ အပေါ်သို့ မြင့်တက်သွားသည်။ ရွှီချင်းသည် နောက်ထပ်အင်မော်တယ်ရေကန်ဝင်ခွင့်တံဆိပ်ပြားကို ထုတ်လိုက်သည်။
ခေါင်းဆောင် ချီတုံချတုံ ဖြစ်သွားသည်။
“ သုံးဆယ်ရာခိုင်နှုန်း လျော့ဈေး ”
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် တံဆိပ်ပြားကို ကြည့်ကာ မယူပေ။
“ မင်း လိုက်မှာလား၊ မလိုက်ဘူးလား ”
ရွှီချင်း သက်ပြင်းချလိုက်သည်။ သူ မသွားချင်ပါသော်လည်း ခေါင်းဆောင်က ထိုသို့ ပြောနေသည်ဖြစ်ရာ ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင် ပြုံးလိုက်ပြီး ပန်းသီးနှင့် တံဆိပ်ပြားကို အလျင်အမြန် ကောက်ယူလိုက်သည်။
“ ဒါမှ ဆရာတူညီလေးကွ။ ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး။ တကယ် ကြီးကျယ်တဲ့ကိစ္စကြီး လုပ်မှာ။ ယန်ယန် အတူတူသွားကြစို့ ”
ယန်ယန်၏ မျက်လုံးများ ဝင်းလက်သွားပြီး ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
“ အခုချက်ချင်း သွားကြစို့၊ ငါတို့နောက်ကျရင် အပြင်ထွက်လို့ရမှာ မဟုတ်ဘူး။ ချင်းလေး၊ မင်းရဲ့ မှော်စစ်သင်္ဘောကို ထုတ်လိုက် ”
ခေါင်းဆောင်က မတ်တတ်ရပ်လိုက်ပြီး လောဆောလိုက်သည်။
ရွှီချင်းသည် မှော်စစ်သင်္ဘောကို တိတ်ဆိတ်စွာ ထုတ်လိုက်သည်။
မှော်စစ်သင်္ဘောပေါ်လာသည်နှင့် ခေါင်းဆောင်က ပထမဆုံး တက်သွားသည်။ ရွှီချင်း၏ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး သူသည်လည်း မှော်စစ်သင်္ဘောပေါ်သို့ ရောက်သွားသည်။ ယန်ယန်က နောက်မှလိုက်သွားရန် ပြင်လိုက်သည့်အခါ ရွှီချင်းက ယန်ယန့်ကို ဝေ့ကြည့်လိုက်သည်။
ယန်ယန်က ချက်ချင်း လက်မြှောက်လိုက်ပြီး ခေါင်းဆောင်ကို ညွှန်ပြလိုက်သည်။
“ သူက ညီမကို အတူတူလိုက်ခိုင်းလို့ ”
“ ယန်ယန့်ကိုပါ ခေါ်ခဲ့။ သူက မိန်းမအချင်းချင်းဆိုတော့ နားလည်တယ်။ ငါတို့ ရည်ရွယ်ချက်အတွက် ပိုလွယ်သွားတာပေါ့ ”
ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ဘာမှမပြောပေ။ ခေါင်းဆောင်၏ လောဆောခြင်းအောက်တွင် သူသည် လက်ဟန်များ ဖော်လိုက်ရာ မှော်စစ်သင်္ဘောကြီးသည် တဂျိမ်းဂျိမ်းမြည်ဟည်းကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ချီရွှဲ့ထုံဂိုဏ်းမှ ချက်ချင်း ထွက်သွားသည်။
သူတို့ထွက်သွားပြီး အသက်ရှူကြိမ်သုံးဆယ်မရှိသေးခင်မှာပင် နတ်မိမယ်ကျစ်ရွှမ်သည် အေးစက်တင်းမာသော အမူအရာဖြင့် ရောက်လာသည်။ နတ်မိမယ်ကျစ်ရွှမ်သည် လေထဲတွင် ရပ်ကာ အဝေးသို့ ထွက်သွားသော မှော်စစ်သင်္ဘောကို ကြည့်လိုက်သည်။ မှော်စစ်သင်္ဘောနောက်သို့ လိုက်ချင်ပါသော်လည်း ရွှီချင်း၏ တစတစ တိတ်ဆိတ်လာနေသော အကျင့်စရိုက်ကို တွေးမိသောအခါ ရပ်မြဲအတိုင်း ရပ်နေလိုက်သည်။
“ လေကောင်းလေသန့်တွေ ရှူရတာ သူ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ လူငယ် ထွက်သွားရင်တောင် လူကြီးကတော့ မလွတ်စေရဘူး ”
နတ်မိမယ်ကျစ်ရွှမ်သည် အေးစက်စက်နှာမှုတ်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းသို့ ဒေါသတကြီး သွားလေသည်။
ခဏအကြာ ချီရွှဲ့ထုံဂိုဏ်းမှ အမှတ်ခုနစ်သခင်ကြီး၏ ဒေါသတကြီး ကြိမ်းမောင်းသံ လွင့်ပျံလာသည်။
“ ချန်အားညို … ပြန်လာရဲ ပြန်လာကြည့်။ ပြန်လာလို့ကတော့ မင်းခြေထောက်တွေကို ငါ ချိုးပစ်မယ်ကွ ”
ထိုအသံသည် အလွန် ကျယ်လောင်ပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ အဝေးသို့ ရောက်နေပြီဖြစ်သော ရွှီချင်းသည်ပင် ထိုအသံကြီးကို ကြားလိုက်သည်။ သူသည် သူ့ကိုယ်သူ ဘဝင်ခိုက်နေသည့်အမူအရာဖြင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ရွှီချင်း၏အကြည့်ကို မြင်၍ ခေါင်းဆောင် ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။
“ အဘိုးကြီးက ငါ့ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြန်မလာဖို့ အရိပ်အမြွက် ပြောလိုက်တာကွ။ ဟူးးး ဆရာက ငါ ထင်ထားသလို ငါ့ကို ချစ်သေးတာပဲ ”
“ ဒီတစ်ခေါက် ဆရာက အတည်ပြောနေတာလို့ ကျနော် ထင်တယ်နော် ”
ရွှီချင်းသည် ခေါင်းဆောင်ထံမှ အကြည့်လွှဲလိုက်ပြီး သူ၏အသံလွှင့်ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်လိုက်သည်။ အမှတ်ခုနစ်သခင်ကြီး၏ အံကြိတ်ထားသောအသံ သူ့စိတ်ထဲ ပေါ်လာသည်။
“ မင်းနဲ့အတူ မင်းအစ်ကိုကြီး ရှိတယ်မလား။ အဲဒီခွေးကောင်က ငါ ပေးတဲ့ ပုံရိပ်ယောင်ပြောင်းနိုင်တဲ့ ရတနာနဲ့ အတင့်ရဲပြီး ကိုယ်ပွားတွေလည်း ဖန်တီးထားတာ။ သူ့ကျောက်စိမ်းပေလွှာကိုလည်း ပိတ်ထားပြီး ငါ့စာကို ဖွင့်မကြည့်ဝံ့ဘူး။ ဘိုးဘေးကလည်း ဒီတစ်ခေါက် သူ မွှေတာ တော်တော်ကြီးတယ်လို့ ယူဆပြီး သူ့ခြေထောက်ကို ချိုးပစ်ဖို့ အကြံပေးထားတယ်။ အဲဒီအကြံပေးချက်ကို ငါ သဘောတူတယ် ”
ခေါင်းဆောင်သည် ရွှီချင်း၏စိတ်ထဲရှိ အမှတ်ခုနစ်သခင်ကြီး၏ အသံကို မကြားနိုင်ဘဲ ဝင့်ကြွားစွာ ပြုံးနေဆဲပင်။
“ မင်း မသိဘူး။ တကယ်က ဂိုဏ်းထဲမှာ ငါ့ကို ဂရုအစိုက်ဆုံးက ဆရာမဟုတ်ဘူး ဘိုးဘေးပဲ။ အဆိုးဆုံးအနေနဲ့ ဘိုးဘေးကို ငါ ဒူးဖက်ပြီး တောင်းပန်ရုံပေါ့။ ချင်းလေး၊ မင်းဆို အဲဒါမျိုး လုပ်လို့ ရမှာမဟုတ်ဘူး။ ဘိုးဘေးရဲ့အချစ်ဆုံးမြေးတပည့်က ငါမို့လို့ပဲ။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ ငါလည်း ကူညီမပေးနိုင်ဘူး။ အဘိုးကြီးတွေကို မင်းထက် ငါက ပိုစိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်။ သူတို့က ငါ့လို တက်ကြွတဲ့လူတွေကို သိပ်သဘောကျတာ ”
ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို တိတ်ဆိတ်စွာ သိမ်းထားလိုက်ပြီး ခေါင်းဆောင်အား ပြောပြမည့်အတွေးကို ပယ်ထုတ်လိုက်သည်။
ထို့နောက် မှော်စစ်သင်္ဘောကြီးကို ရှေ့တူရှုသို့ သူ မောင်းနှင်လိုက်ရင်း ခေါင်းဆောင်အား ယခုတစ်ခေါက် ကိစ္စကြီးအကြောင်းကို မေးမြန်းလိုက်သည်။
ဂိုဏ်းနှင့် အဝေးသို့ ရောက်သွားသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ အဲဒါက တကယ်ကိစ္စကြီးကွ ”
“ ဒီတစ်ခေါက် ငါတို့ ပစ်မှတ်က ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ပဲ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး မှော်စစ်သင်္ဘောကို ပြန်လှည့်ရန် ပြင်လိုက်သည်။ ကိုယ့်သေတွင်းကိုယ် သူ မတူးချင်ပေ။
“ ရပ်လိုက်၊ ဒီတစ်ခေါက် သေချာပေါက် ပြဿနာမဖြစ်စေရဘူး။ ငါ သေချာစုံစမ်းထားပြီးပြီ။ ငါတို့ပစ်မှတ်က ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်က အငယ်ဆုံးဝိညာဉ်ဖြစ်တဲ့ ဝိညာဉ်သခင်မယုံကျင်းပဲ ”
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
“ မင်းမှတ်မိသေးလား အဲဒီတုန်းက သူ ဝတ်လာခဲ့တဲ့ ဝတ်ရုံလေ။ ငါ့ခေါင်းပေါ်ကနေ ဝင့်ဝင့်ကြွားကြွားနဲ့ ပျံလာတော့ အဲဒီရတနာဝတ်စုံကို ငါ သဘောကျသွားတာ ”
“ အရေးအကြီးဆုံးက ဓားကိုင်ရုံးခွဲက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို သိပ်မကြာခင် တိုက်ခိုက်တော့မယ်လို့ ငါ သတင်းရထားတယ်။ အချိန်က သိပ်မလိုလောက်တော့ဘူး။ ငါတို့ အရင်လက်ဦးအောင် ခိုးဝင်ကြမယ်။ ဓားကိုင်တွေ ရောက်လာပြီး တိုက်ခိုက်တဲ့အခါ ဖရိုဖရဲ ဖြစ်နေတဲ့အခြေအနေကို အခွင့်အရေးယူပြီး ငါ့ရတနာဝတ်စုံကို ယူကြတာပေါ့ ”
“ အဲဒီဝတ်စုံက ရတနာတွေနဲ့ ပြည့်နေတာ။ ချင်းလေး၊ အချိန်ရောက်လို့ ရတနာတစ်ခုခုကို မင်း စုပ်ယူလိုက်ရင် ကောင်းကင်နန်းတော်တွေ လွယ်လွယ်လေးနဲ့ ရုပ်လုံးပေါ်လာမှာ ”
ခေါင်းဆောင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူသည် ပြောရင်းဆိုရင်း ပို၍ စိတ်လှုပ်ရှားလာသည်။ သူသည် ထိုဝတ်စုံအကြောင်း တွေးနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
“ ပြီးတော့ အဲဒီအစွယ်ရဖို့ ရွှမ်ယုံဂိုဏ်းကို ငါ ဘာလို့ သွားခဲ့တာတုံး မင်း သိလား။ ဝတ်စုံက ဖြတ်တောက်ရမယ်မလား။ အဲဒီဝတ်စုံကို ငါ့သွားတွေနဲ့ ကိုက်ရင် နည်းနည်း ခက်တယ်။ ဒါပေမဲ့ ဒီမြွေမိစ္ဆာရဲ့အစွယ်နဲ့ဆိုရင် ပြဿနာရှိမှာ မဟုတ်ဘူး ”
ယန်ယန်သည် ဘေးမှ ထိုရူးနှမ်းသောအစီအစဉ်ကို ကြားလိုက်ရသောအခါ သူမ၏အကျင့်စရိုက်ဖြင့်ပင် ပင့်သက်ရှိုက်သွားရသည်။ သူမသည် ရူးနှမ်းပြီး တစ်ခါတရံ သွေးဆာတတ်ပါသော်ငြား အသက်ကို တန်ဖိုးထားသေးသည်။
ခေါင်းဆောင်က အမှန်ပင် မိုက်ရူးရဲဆန်သည်ဟု သူမ ခံစားလိုက်ရသည်။ ခေါင်းဆောင်က သူမ၏အဘွားနှင့် အဆင့်တူသော ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ပစ်မှတ်ထားနေသည် မဟုတ်ပါလား။
ထိပ်သီးကျင့်ကြံသူတစ်ယောက်၏ ဝတ်စုံကို ခိုးယူခြင်းမှာ အလွန် အန္တရာယ်များသည်။ သူတို့ ရှာတွေ့သွားပါက သေလမ်းရှာနေသည်နှင့် မခြားပေ။ ယင်းအပြင် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်တွင် ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိသည်မဟုတ်၊ သုံးယောက် ရှိပေသည်။
ဓားကိုင်များ အမှန်တကယ် တိုက်ခိုက်သည့်တိုင်အောင် အန္တရာယ်အဆင့်က အလွန် မြင့်မားနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် မိန်းမအချင်းချင်း သူမ နားလည်ထားသောကြောင့်ပင်။ အမျိုးသမီးများသည် မည်သည့်အရာထက်မဆို သူတို့ သဘောအကျဆုံး ဝတ်စုံအား ပို၍တန်ဖိုးထားသည်ကို သူမ သိသည်။
တစ်ယောက်ယောက်သာ သူတို့၏ ဝတ်စုံကို ထိကိုင်လာပါက သေချာပေါက် ဒေါသထွက်သွားပေမည်။
သို့သော်လည်း ရွှီချင်း၏ မျက်နှာပေါ်မှ စဉ်းစားသောအရိပ်အယောင်များကို သူမ မြင်လိုက်ရပြီး မျက်တောင်တဖျပ်ဖျပ်ခတ်သွားကာ ဘာမှမပြောတော့ပေ။
ရွှီချင်းသည် အတန်ငယ် စဉ်းစားလိုက်ပြီး အခြေအနေကို သုံးသပ်လိုက်သည်။ ခေါင်းဆောင် ပြောသည့်အတိုင်းသာ ဆိုပါက ထိုစစ်ဆင်ရေးက လုံးလုံး မဖြစ်နိုင်သည် မဟုတ်ပေ။ သို့သော် သူ သံသယအနည်းငယ် ရှိနေသေးသည်။ သူ တွေးတောလိုက်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။
“ လုပ်ရတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အဲဒီဝတ်ရုံက ဝိညာဉ်သခင်မယုံကျင်း တိုက်ခိုက်မယ့်အခါ သေချာပေါက်ဝတ်မယ့် တိုက်ပွဲဝင်ဝတ်ရုံလေ။ ကျနော်တို့ အဲဒါကို ဘယ်လိုလုပ်ယူမှာတုံး ”
ခေါင်းဆောင်က အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် သူက မိန်းမတစ်ယောက်လေ။ ပြီးတော့ သူက အလှအပကို မြတ်နိုးတဲ့ မိန်းမတစ်ယောက်။ အဲဒီနေ့တုန်းက သူက ပျံသန်းနေရင် မှန်ထုတ်ကြည့်တာကို မင်း မေ့မထားနဲ့ ”
ရွှီချင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ရွှီချင်းက နားမလည်သေးသည်ကို မြင်၍ ခေါင်းဆောင်မှာ ရုတ်တရက် သူ့ကိုယ်သူ ကြီးမြတ်သည့်ခံစားချက်များ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ချောင်းဟန့်လိုက်ပြီး ယန်ယန်ကို ကြည့်လိုက်သည်။
“ ယန်ယန်၊ မင်းမှာ ဝတ်စုံဘယ်နှစုံ ရှိလဲ ”
“ အများကြီး မရှိဘူး ”
ယန်ယန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်သည်။
“ တောင်တစ်လုံးစာလောက်ပဲ ရှိတာ။ ဒါပေမဲ့ တစ်ယောက်ယောက်က ကျမအင်္ကျီကို လာထိရင် သတ်ပစ်မှာ။ အစ်ကိုရွှီချင်းကတော့ ချွင်းချက်ပေါ့ ”
ခေါင်းဆောင်သည် ယန်ယန်၏ နောက်ဆုံးစကားကို မသိကျိုးကျွံပြုလိုက်သည်။ ထိုအချိန်၌ သူသည် ရွှီချင်းကို အပေါ်စီးမှကြည့်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“ မင်း နားလည်ပြီလား ”
“ အဲဒီဝိညာဉ်သခင်မယုံကျင်းမှာ ဝတ်စုံတစ်စုံတည်း ရှိနိုင်မှာလား။ သူက မင်းလို့ ထင်နေတာလား။ သူက မတော်တဆ အဲဒီဝတ်ရုံကို ဝတ်ပြီး တိုက်ခိုက်မယယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ သူ့မှာ သေချာပေါက် အဲဒီလိုဝတ်ရုံတွေ ရှိနေဦးမှာပဲ ”
“ အဟမ်း၊ မိန်းမတစ်ယောက်က အဖိုးတန်ဝတ်စုံတစ်စုံတည်းရှိတာ မဖြစ်နိုင်ဘူးကွ။ ချင်းလေး၊ ငါက မင်းထက် မိန်းမတွေအကြောင်းကို ပိုသိတယ် ”
ခေါင်းဆောင်က ဝင့်ကြွားစွာ ဆိုလိုက်သည်။
“ ဒီတော့ ဒီတစ်ခေါက် ငါတို့ရမယ့်အကျိုးအမြတ်က သေချာပေါက် ကြီးမှာပဲ ”
ရွှီချင်း နှုတ်ဆိတ်နေသည်။
“ ပြီးတော့ ဓားကိုင်ရုံးခွဲရဲ့ ဓားကိုင်စစ်ဆေးပွဲ စတော့မယ်။ ဒါပြီးရင် ငါတို့ သွားကြမယ်။ အချိန်ကိုက်ပဲ ”
“ ငါ စီစဉ်ထားပြီးပြီ။ ဒီတစ်ခေါက် ဝိညာဉ်သုံးဖော်နဲ့ ဓားကိုင်ရုံးခွဲက ထိပ်သီးကျင့်ကြံသူတွေရှေ့မှာ ငါတို့မျက်နှာတွေ ပြသကြမယ်။ ငါတို့အရည်အချင်းတွေ ပြနိုင်ရင် သူတို့စိတ်ဝင်စားတာ ခံရမှာပဲ။ အချိန်ကျလာလို့ စစ်ဆေးပွဲထဲ ငါတို့ ဝင်ပါတဲ့အခါ အမှတ်တွေ ပိုရလောက်တယ် ”
“ ငါ့ကိုယုံ ညီလေး။ ငါ လုပ်သမျှတွေက ဓားကိုင်ရုံးခွဲကို ငါတို့ ဝင်တဲ့အခါ ပိုကောင်းတဲ့အခွင့်အရေးကို ရနိုင်ဖို့ပဲ ”
#ဘာသာပြန်သူမှတ်စု၊ ဓားကိုင်ရုံးခွဲက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို တိုက်ခိုက်မယ့်အကြောင်း အခန်း ( ၄၀၂ ) မှာ ဖော်ပြထားပါတယ်။ ဝိညာဉ်သခင်မယုံကျင်း ချီရွှဲ့ထုံဂိုဏ်းမှာ ပေါ်လာတာကို အခန်း ( ၃၇၁ ) မှာ ဖော်ပြထားပါတယ်။