← Chapters

ယင်ဝိညာဉ်သုံးပါး နှင့် ယန်ဝိညာဉ်ခုနစ်ပါး

Vol. 29 Ch. 432

ယင်ဝိညာဉ်သုံးပါး နှင့် ယန်ဝိညာဉ်ခုနစ်ပါး

Vol. 29 Ch. 432

ရှစ်ဂိုဏ်းမဟာမိတ်ကဲ့သို့ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်သည် ယင်ဟွမ်ပြည်နယ်၏ တောင်ပိုင်း၊ ထိုက်စီကြမ္မာဆိုးတောင်ကြီး၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

တောင်တန်းက ကြီးမားပြီး အဆိပ်ငွေ့များဖြင့် ပြည့်နေသည်။ မိစ္ဆာကျင့်ကြံသူများစွာနှင့် မကောင်းဆိုးဝါးများ အဆုံးအစမဲ့ ရှိသည်။

ထိုတောင်တန်းသည် အတိုင်းအတာတစ်ခုအထိ တားမြစ်နယ်မြေနှင့် မခြားပေ။

ထိုတောင်တန်းသည်လည်း ယင်ဟွမ်ပြည်နယ်၏ တောင်ပိုင်းကို နှစ်ခြမ်းပိုင်းထားသည်။

နှိုင်းယှဉ်၍ ပြောရလျှင် တစ်ဖက်သည် သုခဘုံအဖြစ် ယူဆနိုင်သည်။ အနိမ့်ဆုံးအနေဖြင့် ရယ်မောသံများ တသောသော ညံနေသည်။ တခြားတစ်ဖက်သည် ငရဲဖြစ်သည်။ အော်ဟစ်မြည်တမ်းသံများသည် ဇိမ်ခံစရာတစ်ခု ဖြစ်သည်။ ထုံကျင်ခြင်းသည် အဓိကပြယုဂ်ဖြစ်သည်။

ယင်းသည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် ဖြစ်သည်။

တားမြစ်ဒေသကြီးဘေးရှိ ယင်ဟွမ်ပြည်နယ်မှ အန္တရာယ်အရှိဆုံးနယ်မြေလည်း ဖြစ်သည်။

ထိုနယ်မြေသည် နန်းဟွမ်ကျွန်းကြီး၏ တစ်ဝက်ရှိပြီး လူသားများနှင့် လူသားမဟုတ်သောမျိုးနွယ်များ နေထိုင်သော တိုင်းပြည်စုစုပေါင်း ( ၁၃၇ ) တိုင်းပြည် ရှိသည်။

နေ့ဖြစ်စေ၊ ညဖြစ်စေ တိုင်းပြည် ( ၁၃၇ ) ခုတွင် ဆူဆူညံညံအသံများ ထွက်ပေါ်မလာတတ်ပေ။ လူမရှိ၍ မဟုတ်ဘဲ အသက်ရှင်ခြင်းသည် နှိပ်စက်ခံရခြင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သက်ရှိများအားလုံး အကျဉ်းချခံထားရပြီး အစာများ ဖြစ်နေကြသည်။

အစာများမှာ စကားပြောပိုင်ခွင့်မရှိပေ။

သို့ဖြစ်၍ ( ၁၃၇ ) တိုင်းပြည်တွင် နေထိုင်နေကြသော လူများသည် စကားပြောခွင့် ပျောက်ဆုံးနေကြသည်။ သူတို့ လုပ်နိုင်သည့်အသံမှာ စူးစူးဝါးဝါး အော်ဟစ်ခြင်းသာ ဖြစ်သည်။

ရလဒ်အနေဖြင့် ထိုနယ်မြေတစ်ခုလုံး ငြိမ်သက်နေပြီး ကောင်းကင်ကြီးပင် မှောင်မည်းကာ နေရောင်လရောင် မထွန်းလင်းနိုင်အောင် တိမ်မည်းများက အုပ်မိုးထားသည်။

အရိုးများဖြင့် စုပုံထားသော တောင်လေးများပေါ်ရှိ မျိုးနွယ်အသီးသီး၏ အလောင်းများမှ ဆီများဖြင့် ထွန်းညှိထားသော တစ္ဆေမီးတောက်များသည်သာ ထိုရက်စက်ကြမ်းကြုတ်သော နယ်မြေရှိ တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။

ထိုတောင်လေးပေါ်ရှိ အလောင်းများတွင် အသားများ မရှိဘဲ အရိုးများသာ ရှိသည်။ တချို့အလောင်းများက ထိုနေရာတွင် ထားသည်မှာ အချိန်အတော်ကြာနေဟန်တူပြီး တချို့အလောင်းများမှာမူ မကြာသေးခင်က လာရောက်လွှင့်ပစ်ထားဟန်တူသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုအရိုးတောင်များကို နေရာအနှံ့တွင် မြင်နိုင်သည်။

မိုင်ရာချီတိုင်းတွင် သစ်ပင်များထူထပ်စွာ ပေါက်ရောက်နေသော တောအုပ်တစ်ခု ရှိတတ်သည်။

ဤနေရာတွင် မရေမတွက်နိုင်သော သာမန်လူများ သေနေခဲ့ကြသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ရှိပြီ ဖြစ်သည်။

ထိုအဆုံးမဲ့သေဆုံးခြင်းများကြောင့် ထိုနေရာတစ်ခုလုံးကို သေမင်းအရှိန်အဝါများ ပြည့်နှက်နေပြီး မွန်းကြပ်သွားစေသည်။

မြေပြင်အရောင်အဆင်းက သွေးများ ထပ်ခါထပ်ခါ စိမ့်ဝင်နေသည်ဖြစ်၍ ခရမ်းပုပ်ရောင် ဖြစ်နေသည်။ သဲလုံးများကို အချိန်ကြာမြင့်စွာ ပေါင်းခံထားခဲ့သည်ဖြစ်၍ ခံစားချက်အလွှာများ ဖြစ်လာသည့်အလားပင်။

လောကတစ်ခွင် ပျံ့နှံ့နေသော မနှစ်မြို့စရာကောင်းသည့် သွေးညှီနံ့လည်း ရှိသည်။ သာမန်လူများအနေဖြင့် ထိုအနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် သေချာပေါက် အော့အန်သွားပေမည်။

သစ်ပင်များအားလုံး နီမြန်းနေပြီး မြေကြီးထဲရှိ သွေးများကို အာဟာရအဖြစ် စုပ်ယူကြသည်။ တချို့အပင်များပေါ်တွင် ကိုယ်လုံးတီးအလောင်းများကို ချိတ်ဆွဲထားသည်။

ထိုခြောက်ကပ်ကပ်အလောင်းများသည် အသားခြောက်များ ယိမ်းနွဲ့နေသည်နှင့် ဆင်တူပြီး ရာသီဥတုဒဏ်ကို ခံနေရသည်။

အနီးကပ် ကြည့်ပါက ထိုအလောင်းများကို အငွေ့ပျံစေသော အရာတစ်ခုခုဖြင့် ဖုံးအုပ်ထားသည်ကို မြင်ရပေမည်။

ယင်းသည် ဘေးပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးများနှင့် ငှက်ရိုင်းများစွာကို ဆွဲဆောင်နေပြီး ထိုမကောင်းဆိုးဝါးများနှင့် ငှက်ရိုင်းများသည် အလောင်းကောင်များနှင့်အတူ ချက်ပြုတ်ခံရမည့် ဖြည့်စွက်ပစ္စည်းများ ဖြစ်လာမည် ဖြစ်သည်။

သစ်ပင်များဘေးတွင် သွေးရေကန်များလည်း ရှိသည်။

ရေကန်များထဲတွင် ရေပွက်လေးများ တိတ်တဆိတ် ပေါ်လာသည်။ ရံဖန်ရံခါ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် ဂိုဏ်းသားများသည် ထိုရေကန်များဘေးမှ ဖြတ်သန်းသွားသည့်အခါ ရပ်လိုက်ပြီး ကန်ရေကို တစ်ကျိုက်သောက်ကာ ကျေနပ်သွားသည့်အမူအရာများ ဖြစ်သွားကြသည်။

ရွှီချင်း၏ မှော်စစ်သင်္ဘောကြီးသည် ကောင်းကင်တစ်ခွင် တိတ်ဆိတ်စွာ ပျံသန်းနေသည်။ အောက်ဘက်ရှိ မြင်ကွင်းများက သူ့ကို ငြိမ်သက်သွားစေသည်။

ခေါင်းဆောင်သည်လည်း ငြိမ်သက်နေသည်။ အလွန် ရက်စက်ကြမ်းကြုတ်သော ယန်ယန်ပင် ထိုမြင်ကွင်းများကို မြင်၍ အနည်းငယ် တွေဝေသွားသည်။

ရွှီချင်းသည် ထိုက်စီကြမ္မာဆိုးတောင်ကြီးထဲရှိ သူတို့ကိုယ်သူတို့ ဝိညာဉ်လေးသုံးဖော်ဟု ခေါ်ကြသော အင်အားစုအကြောင်းကို တွေးမိသွားသည်။ သို့သော် ဤနေရာနှင့် ယှဉ်ပါက ၎င်းတို့မှာ ဝိညာဉ်လေးသုံးဖော်ဟူ၍ပင် မခေါ်ထိုက်ပေ။

နှိုင်းယှဉ်၍ပင် မရချေ။

“ ဒီဒေသမှာ တိုင်းပြည် ( ၁၃၇ ) ခု ရှိတယ်ထင်ရပေမဲ့ အခု ( ၁၀၀ ) တောင် မရှိတော့ဘူး။ အဲဒါကြောင့်လည်း ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်က အနီးအနား တိုင်းပြည်လေးတွေကို သွားပြီး ခဏခဏ ဖမ်းဆီးနေရတာပဲ ”

“ ( ၁၃၇ ) တိုင်းပြည်ဆိုတဲ့ အရေအတွက်က ဝိညာဉ်သုံးဖော်အတွက် အဓိပ္ပာယ်ရှိတယ်။ အဲဒီတော့ သူတို့က မလုံလောက်မချင်း အင်အားဖြည့်နေမှာပဲ ”

ခေါင်းဆောင်က မြေပြင်ကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ ဒါပေမဲ့ ဝိညာဉ်သုံးဖော်ရဲ့အဆင့်နဲ့ မျိုးနွယ်အသီးသီးရဲ့ အသွေးအသားတွေကို ဘာလို့ ဝါးမျိုချင်နေရတာတုံး။ အဲဒါက အဓိပ္ပာယ်မရှိဘူးလေ ”

ယန်ယန်က ဇဝေဇဝါဖြစ်နေပုံဖြင့် မေးမြန်းလိုက်သည်။

“ ဝိညာဉ်သုံးဖော်ဆိုတာ နန်ယွဲ့တစ္ဆေဧကရာဇ်ရဲ့ ယင်ဝိညာဉ်သုံးဖော်ပဲ ”

ရွှီချင်းသည် ခေါင်းဆောင်နှင့် ယန်ယန်တို့အား ယခင်က သူ့ဆရာပြောခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။ တချိန်တည်းမှာပင် သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်ကြီးက ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။

ဤနယ်မြေတွင် တစ္ဆေဧကရာဇ်တောင်ကြီးက ပို၍ပင် အသက်ဝင်လာသည့်အလားပင်။

ယင်းကြောင့် ရွှီချင်းမှာ ရင်ထဲတွင် အထူးအဆန်း ဖြစ်သွားရသည်။ တချိန်တည်းမှာပင် သူ့မှာ ခန့်မှန်းချက်များ ပို၍ များလာသည်။

ခေါင်းဆောင်သည် အတွေးနက်နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ ဒါဆို အဲဒါက မထူးဆန်းပါဘူး။ ငါ့ကိုယ်ထဲမှာလဲ ယင်ဝိညာဉ်သုံးပါးနဲ့ ယန်ဝိညာဉ်ခုနစ်ပါး ရှိတာပဲ။ ဒါက ငါတို့မသိတဲ့ စည်းမျဉ်းတွေပဲ ဖြစ်မယ် ”

ရွှီချင်းသည် သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးကို အာရုံခံလိုက်ပြီးနောက် အောက်ဘက်ရှိ သွေးရေကန်နှင့် သွေးရေကန်ဘေးရှိ သွေးရေများကို စုဆောင်းနေသော ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် ဂိုဏ်းသားများကို ကြည့်လိုက်သည်။

“ ဆရာပြောတာက တစ္ဆေဧကရာဇ်ကြီး ဒီမှာ သေပြီးတော့ ယင်ဟွမ်ပြည်နယ်က ပြောင်းလဲလာတယ်။ ဒီတော့ ဒီနယ်မြေမှာ မွေးတဲ့လူတိုင်းက တစ္ဆေဧကရာဇ်ကြီးရဲ့ သွေးမျိုးဆက်အငွေ့အသက်ကို ပိုင်ဆိုင်ထားနိုင်လား ”

“ အဲဒီလိုသာဆိုရင် ဝိညာဉ်သုံးဖော် စားနေတာက အဓိပ္ပာယ်ရှိတာပဲ။ အဲဒီလိုစားတာက သူတို့ကို အစွမ်းထက်လာစေတယ်လေ ”

“ အင်း အဲဒါမှန်တယ် ”

ခေါင်းဆောင်၏ မျက်လုံးများ ပွင့်လာသည်။

“ အဲဒီလို ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ အဲဒီကိစ္စက ကျနော်တို့ လက်လှမ်းမမီလောက်အောင် အလှမ်းဝေးလို့ အမှန်တရားကို မရှာနိုင်လောက်ဘူး ”

သူသည် ပြောလိုက်ရင်း မှော်စစ်သင်္ဘောကြီးကို သွေးရေကန်အထက်မှ တိတ်ဆိတ်စွာ မောင်းနှင်လိုက်သည်။ ထိုကဲ့သို့ ကြီးမားသော မှော်စစ်သင်္ဘောကြီး ခေါင်းပေါ်မှ ပျံသန်းသွားသည့်တိုင်အောင် သွေးရေများကို ယူနေကြသော ဂိုဏ်းသားများမှာ သတိမထားမိကြပေ။

ယင်းမှာ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်သို့ ဝင်လာပြီးနောက် ခေါင်းဆောင်က ရွှီချင်း၏မှော်စစ်သင်္ဘောကို ဖုံးကွယ်ရန် ကိုယ်ယောင်ဖျောက်ပစ္စည်းတစ်ခုအား အသုံးပြုလိုက်သောကြောင့် ဖြစ်သည်။

ရွှီချင်းသည် အတန်ငယ် တွေးတောလိုက်ပြီး ဂိုဏ်းသားများကို စစ်မေးရန်အတွက် ဖမ်းဆီးမည့်အကြံကို လက်လျော့လိုက်သည်။

ယခုတစ်ခေါက်တွင် သူတို့၏အဓိကရည်ရွယ်ချက်မှာ ရန်သူ သတိမထားမိစေရန် တတ်နိုင်သမျှ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရမည် ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး လဝက်ကြာသွားသည်။

ထိုလဝက်တာအတောအတွင်း ရွှီချင်းနှင့် တခြားနှစ်ယောက်သည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ အလယ်ဗဟိုနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ဆိုးဆိုးဝါးဝါး ဖြစ်ရပ်များကို ပို၍ မြင်ခဲ့ရပြီး လူသူကင်းမဲ့နေသော တိုင်းပြည်များကိုလည်း တွေ့ခဲ့ရသည်။

ထိုတိုင်းပြည်များမှာ သက်ရှိများ မနေသည့် သေမင်းမြို့တော်ကြီးများ ဖြစ်လာသည်။ ထိုတိုင်းပြည်များသည် မှိုင်းညို့နေပြီး မကောင်းဆိုးဝါးများသာ လှည့်ပတ်သွားလာနေသည်ကို မြင်နိုင်သည်။

ရွှီချင်းသည် သူ၏အသိပင်လယ်ထဲမှ တစ္ဆေဧကရာဇ်တောင်သည် ပို၍ အသက်ဝင်လာသည်သာမက ခပ်ဖျော့ဖျော့ဝင်းလက်လာသည်ကိုလည်း သတိထားမိလိုက်သည်။ ယင်းကြောင့် သူ ပို၍ သတိထားလာသည်။

သုံးရက်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်နှင့် ဆွေးနွေးလိုက်ပြီး မှော်စစ်သင်္ဘောကြီးကို နောက်ထပ်အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

မှော်စစ်သင်္ဘောကြီးသည် အလွန် ကြီးမားသည်။ ဤနည်းအတိုင်း ဆက်သွားပါက ခေါင်းဆောင်၏ ကိုယ်ယောင်ဖျောက်ပစ္စည်းမှာ အစွမ်းထက်သည့်တိုင်အောင် ဟာကွက်များ ပေါ်လာမည်သာ ဖြစ်သည်။

ယန်ယန်မှာ လမ်းတစ်လျှောက်တွင် အလွန် ကျိုးနွံလာသည်။ မြေပြင်မှ သူမ မြင်ရသမျှသည် သူမကို တိတ်ဆိတ်သွားစေသည်။

သူမသည် ပင်ကိုယ်အားဖြင့် ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိသည့်တိုင်အောင် မိစ္ဆာစစ်စစ်မဟုတ်ပေ။ ဤခရီးတွင် သူမ၏မျက်ဝန်းများထဲမှ သနားကြင်နာစိတ်နှင့် အမျက်ဒေါသများကို ရွှီချင်း ကြိမ်ဖန်များစွာ မြင်ခဲ့ရသည်။

ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ အလယ်ဗဟိုအနီးသို့ သူတို့ ရောက်လာသောအခါ ရွှီချင်းသည် မှော်စစ်သင်္ဘောကို သိမ်းဆည်းလိုက်သည်။ သူတို့သုံးယောက် ဆင်းသက်လိုက်သည့်အခိုက် ခေါင်းဆောင်က သူ၏သိုလှောင်အိတ်ထဲမှ ဓမ္မအသုံးအဆောင်များစွာကို အလျင်အမြန် ထုတ်လိုက်သည်။

“ ငါ့ရတနာဝတ်စုံကို ပြန်ယူဖို့ ငါ ပြင်နေတာ ကြာပြီ။ ဒါတွေက အရှိန်အဝါကို ဖုံးကွယ်ဖို့ ငါ စုဆောင်းထားတဲ့ ပစ္စည်းတွေပဲ။ တစ်ခုနဲ့ မလုံလောက်ရင် ငါးခုသုံးမယ်။ ငါးခုနဲ့ မလုံလောက်ရင် ဆယ်ခု သုံးမယ်ကွာ ”

ခေါင်းဆောင်သည် ပြောလိုက်ရင်း ရွှီချင်းနှင့် ယန်ယန်တို့ကို အလျင်အမြန် ခွဲပေးလိုက်သည်။

သူတို့သုံးယောက်သည် ကိုယ်ယောင်ဖျောက်ဓမ္မအသုံးအဆောင်ဆယ်ခုကျော်ကို အသက်သွင်းလိုက်ကြပြီး သူတို့အရှိန်အဝါများနှင့် ရုပ်သွင်များကို အမြင့်ဆုံးအထိ ဖုံးကွယ်လိုက်ကြသည်။ ထို့နောက် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကြီးဆီသို့ တဟုန်ထိုး ပြေးသွားကြသည်။

လမ်းတွင် ရပ်နားခြင်း မရှိပေ။ နောက်ထပ်လဝက်ကြာသွားသည်။ မနီးမဝေးရှိ မှောင်မည်းနေသော လောကကြီးထဲ၌ မိုးသားတိမ်စိုင်များကို ထိုးဖောက်နေသည့် မြင့်မားပြီး နက်မှောင်သော တောင်ကြီးသုံးတောင်က ရွှီချင်းတို့သုံးယောက်၏ အမြင်အာရုံထဲ ပေါ်လာသည်။

တောင်ကြီးသုံးတောင်သည် အဆုံးအစမဲ့ ထည်ဝါပြီး ကောင်းကင်ကြီးကို တုန်ခါသွားအောင် စွမ်းဆောင်နိုင်ဟန်တူသည်။ ထိုတောင်ကြီးများကို ကြည့်မိလိုက်သည့် မည်သူမဆို တုန်ရီသွားကြမည်သာ ဖြစ်သည်။ တစ်ဖက်တွင် ထိုတောင်ကြီးများထံမှ ချောက်ချားစရာဖိအားတစ်ရပ်ကြောင့် ဖြစ်ပြီး တခြားတစ်ဖက်တွင် ထိုတောင်မည်းကြီးသုံးတောင်ပေါ်တွင် နေထိုင်သည့် ထိပ်သီးကျင့်ကြံသူများကြောင့် ဖြစ်ပေသည်။

ရလဒ်အနေဖြင့် ထိုတောင်ကြီးများမှာ လူများစွာကို ကိုးကွယ်သက်ဝင်ယုံကြည်လာစေသည့် ဝိညာဉ်များ ကိန်းအောင်းနေသည့်ပမာပင်။

ရွှီချင်းတို့သုံးယေက်သည် ထိုတောင်ကြီးသုံးတောင်ကို မြင်လိုက်သည့်အခိုက် ခြေလှမ်းများ ရပ်သွားပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ထိုတောင်မည်းကြီးသုံးတောင်သည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် ဖြစ်ပေသည်။

တောင်များထက်ရှိ မိုးသားတိမ်စိုင်များပေါ်တွင် ကောင်းကင်နှင့် မြေပြင်၏ သဘာဝဖြစ်ရပ်ဖြစ်သော ဧရာမအရိပ်ကြီးတစ်ရိပ် ပေါ်လာသည်။ ဧရာမမီးခိုးခေါင်းတိုင်ကြီးသုံးခုက ကောင်းကင်ယံရှိ အနက်ရောင်မြူခိုးများကို စုပ်ယူနေသည့်အလားပင်။

ထိုမြူခိုးများထဲတွင် ဧရာမပလ္လင်ကြီးသုံးခု ရှိသည်။

တတိယမြောက်တောင်ကြီးထက်ရှိ ပလ္လင်ကြီးကို သလင်းကျောက်များဖြင့် ပြုလုပ်ထားသည်။ ထိုပလ္လင်ကြီးသည် အလွန် အဖိုးထိုက်တန်ပြီး ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသည်။ ထိုပလ္လင်ကြီးပေါ်တွင် ထိုင်နေသော အလွန် လှပကြော့ရှင်းသည့်အမျိုးသမီးတစ်ဦး ရှိသည်။

ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် ရှည်လျားပါသော်လည်း ခန္ဓာကိုယ်အချိုးအဆစ်က အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသည်။ သူမသည် ဆွဲဆောင်မှုရှိပြီး လှပသော မျက်ဝန်းများမှ ဖြာထွက်နေသော ညှို့ဓာတ်က ပုရိသတိုင်းကို ကူကယ်ရာမဲ့သွားစေနိုင်သည်။

ထိုအမျိုးသမီးကို အချိန်အတော်ကြာသည့်တိုင်အောင် ကြည့်နေမိပါက အရူးအမူးစွဲလမ်းစိတ်ကို ထာဝရ ချိုးနှိမ်သွားနိုင်တော့မည် မဟုတ်ပေ။

ထိုအမျိုးသမီးသည် တစ္ဆေဧကရာဇ်တောင်ကြီး၏ လူသားဝိညာဉ်ဖြစ်သော သခင်မယုံကျင်းမှလွဲ၍ တခြားမဟုတ်ပေ။

သခင်မယုံကျင်းသည် လက်ထဲတွင် မှန်တစ်ချပ်ကိုင်၍ ထိုင်နေပြီး သူမအလှကို သဘောကျနေသည်။ ရံဖန်ရံခါ သူမသည် လက်ကို ခါယမ်းတတ်ပြီး မျိုးနွယ်အသီးသီးမှ မရေမတွက်နိုင်သော သာမန်မျိုးနွယ်ဝင်များ သူမပတ်လည်သို့ ဆွဲယူခံရတတ်သည်။

စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများကြားတွင် သခင်မယုံကျင်းသည် ထိုသာမန်မျိုးနွယ်ဝင်များအား အရသာရှိသော မုန့်များပမာ ပါးစပ်ထဲ ပစ်ထည့်လေသည်။ ထို့နောက် တဖြည်းဖြည်း ဝါးစားကာ မျိုချလိုက်သည်။ ထိုအခါ သူမ၏အသားအရေသည် ယခင်ကထက် ပို၍ လှပချောမွေ့လာပုံရသည်။

ဒုတိယမြောက်တောင်ကြီးသည် ပို၍ပင် ကြောက်စရာကောင်းသည်။ ထိုတောင်ကြီးရှိ ပလ္လင်ကြီးကို ဧရာမအနက်ရောင်သားရဲကြီးတစ်ကောင်၏ အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဦးခေါင်းခွံကြီးတစ်ခုနှင့် ဆင်တူသည်။ ထိုပလ္လင်ကြီးပတ်လည်တွင် မရေမတွက်နိုင်သော ဝိညာဉ်များ ရှိနေပြီး အရပ်မြင့်မြင့်ကျင့်ကြံသူတစ်ယောက်က ထိုပလ္လင်ကြီးပေါ်တွင် ထိုင်နေသည်။

သူသည် အရပ်ရှည်ပြီး တုတ်ချောင်းတစ်ချောင်းကဲ့သို့ ပိန်ပါးကာ ဧရာမအရိုးခြောက်ကြီးတစ်ခုနှင့် ဆင်တူသည်။ သူ့မှာ ဆံပင်များမရှိဘဲ သူ့တစ်ကိုယ်လုံး ပိန်ချုံးချည့်နဲ့နေသည်။ သူ၏ကျောကော တောင်ပုလေးတစ်လုံးအလား ဖုထွက်နေသည်။

အနီးကပ်ကြည့်ပါက ထိုဖုထွက်နေသော တောင်သည် ဧရာမအကျိတ်ကြီးတစ်ခုဖြစ်သည်ကို မြင်ရပေမည်။ ထိုအကျိတ်ကြီးသည် သူ့ကိုယ်ထဲရှိ အသွေးအသားများကို စုပ်ယူနေသည့်အလား စိမ်းနီရောင်သွေးကြောများဖြင့် ပြည့်နှက်နေသည်။

ထိုသွေးကြောများ စည်းချက်ညီစွာ လှုပ်ရှားသွားပြီး စည်တီးနေသည့်အလား တဂျိမ်းဂျိမ်းမြည်သံများ လာကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ယင်းအပြင် အကျိတ်ကြီးသည် သူ့ကို ဖိအားများစွာပေးနေဟန်တူပြီး ပိန်ချုံးချည့်နဲ့နေသော ကျင့်ကြံသူသည် ခဲယဉ်းပင်ပန်းစွာ အသက်ရှူနေရသည်။ သူသည် မကြာခဏ ပါးစပ်ကြီးကို ဟတတ်ပြီး လေထဲတွင် လေပွေကြီးတစ်ခု ပေါ်လာတတ်သည်။ သက်ရှိရာဂဏန်းခန့် ထိုလေပွေကြီးထဲ စုပ်ယူခံလိုက်ရပြီး သူ၏ဝါးမျိုခြင်း ခံလိုက်ရသည်။

သူသည် တစ်ကြိမ်လျှင် များစွာ စားတတ်သည်ဖြစ်၍ သူ့ပါးစပ်မှာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူ ပို၍စားလေ သူ ပို၍ ဝါးရလေပင်။

ဒုတိယမြောက်တောင်ထိပ်မှ အရိုးစုကျင့်ကြံသူသည် ဝိညာဉ်သုံးဖော်အနက် ဒုတိယမြောက်ဝိညာဉ်ဖြစ်သော မြေဝိညာဉ် အရှင်ကြွယ်ယန်ဖြစ်သည်။

ထိုတောင်နှစ်တောင်မှ ဖြစ်ရပ်များကြောင့် ရွှီချင်းတို့သုံးယောက် တုန်ရီသွားရသည်။ ပထမတောင်အကြောင်းကို ပြောစရာလိုအံ့မထင်။

ပထမတောင်ကြီးကို အနက်ရောင်မြူခိုးများက ဝန်းရံထားသည်။ တောင်ကြီးပေါ်ရှိ ပလ္လင်ကြီးကို မြင်ရပါသော်ငြား ပလ္လင်ကြီးပေါ်တွင် လူမရှိပေ။ သို့သော်လည်း ထိုတောင်ကြီးနှင့်ပတ်သက်ပြီး ချောက်ချားစရာကောင်းသော အရာရှိသည်။ စောစောက တောင်ကြီးနှစ်လုံးသည် ပထမတောင်ကြီးကို လုံးဝ မယှဉ်နိုင်ပေ။

ဤတောင်ကြီးသည် စစ်မှန်သော သွေးပျက်ချောက်ချားဖွယ်ရာ ဖြစ်သည့်အလားပင်။

အဘယ်ကြောင့်ဆိုသော် ဤတောင်ကြီးထဲတွင် တစ္ဆေဧကရာဇ်တောင်ကြီး၏ ကောင်းကင်ဝိညာဉ်ဖြစ်သော အစွမ်းထက်ဆုံးဝိညာဉ်ရှိသည်။

ယင်းဝိညာဉ်မှာ အရှင်ထိုက်ကွမ် ဖြစ်ပေသည်။

All Chapters