အခန်း(၁၃၆) ထပ်မပြောနဲ့တော့ ငါဝယ်လိုက်မယ်
Vol. 10 Ch. 136
အခန်း(၁၃၆) ထပ်မပြောနဲ့တော့ ငါဝယ်လိုက်မယ်
မကြာမီ ဂိမ်းတိုင်းအတွက် အပ်ဒိတ်အသစ်များအားလုံးကို ဆုံးဖြတ်ပြီး စီစဥ်ပြီးသွားပါပြီ။ ထိုအစီအစဥ်မျာား၏ အသေးစိတ်ကိုတော့ ဖေးချမ့် ဂရုမစိုက်ဘ လုမင်လျန်ကိုသာ တာဝန်ပေးထားလိုက်ပါသည်။ ဖေးချမ့်က ဒီကိစ္စကို အကောင်းဘက်ကသာ ကြည့်ပါသည်။
ထိုတည်းဖြတ်ထုတ်ဝေမှုများနှင့် DLC များက သေချာပေါက် ငွေဝင်ပေါက်များ ဖြစ်လာမှာ သိပါသည်။ သို့သော် ပိုက်ဆံတချို့ ရနိုင်သော်လည်း အများကြီးတော့ မဟုတ်ပါ။
ထိုဂိမ်းများထံမှ ငွေရခြင်းကို သူမျှော်လင့်ပြီးသားဖြစ်သဖြင့် ဒါနဲ့ ပတ်သတ်ပြီး စိတ်ညစ်ရမှာ မဟုတ်တော့ပေ။
ထိုဂိမ်းတွေသာ အရှုံးအဖြစ် ပြောင်းလဲသွားရင်ကော။ ဒါဆိုရင်တော့ မထင်ထားစရာ ပျော်စရာကိစ္စ ဖြစ်လာပါလိမ့်မည်။
သူ့တွေးပုံခေါ်ပုံကို ပြောင်းလဲပြီးနောက် သူ့ဘဝက ပိုလွယ်ကူလာပြီး သူလည်း ပိုမိုပျော်ရွှင်လာရပါသည်။
အစည်းအဝေးပြီးသွားသောအခါ ဖေးချမ့်က ယွီအင်တာနက်ကဖေးသို့သွားဖို့ ပြင်လိုက်ပါသည်။ ဆိုင်ခွဲအသစ်များဖွင့်ဖို့ ကိစ္စကို အမြန် အချောသတ်ချင်ပြီး အလုပ်သမားနေ့များ ပြီးသွားတာနဲ့ ကုန်ကျစရိတ်များကို သတ်မှတ်ကာ မွန်းမံမှုများ စတင်ချင်ပါသည်။
မွန်းမံပြင်ဆင်မှုများကို တစ်လအတွင်းပြီးအောင်လုပ်ပြီး အရှုံးပေါ်အောင်လုပ်ပါက နောက်ထပ် ငွေစာရင်းရှင်းချိန်ကို မှီရုံလောက် ဖြစ်နိုင်သည်။ အချိန်ကိုက်ပင်။
ဖေးချမ့် အစည်းအဝေးခန်းထဲကထွက်လာစဥ် မာယိချွမ်က လှမ်းခေါ်ပြီး တားမြစ်လိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်နဲ့ သီးသန့်စကားပြောလို့ရမလား။”
ဖေးချမ့်က အနည်းငယ်ကြောင်သွားပြီး ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ရတယ်လေ ငါ့ရုံးခန်းထဲကိုလိုက်ခဲ့။”
ဖေးချမ့်က မာယိချွမ်လိုလူမျိုးကိုတကယ်ပဲ သဘောကျပါသည်။ ဒီလိုကံကောင်းခြင်း အဆောင်မျိုးကို ရှာတွေ့ဖို့ ခက်ခဲ၏။ အခုချိန်ထိ မာယိချွမ်က အလွန်ဝီရိယရှိပြီး ကုမ္ပဏီထဲမှာလည်း အမိန့်နာခံသူ ဖြစ်သည်။ ဘော့စ်ဖေး၏ အဆင့်မြင့် ဂိမ်းဒီဇိုင်းအတွေးအခေါ်များကို လေ့လာသင်ယူနေသူ ဖြစ်သည်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လည်း တစ်ခုမှ မလုပ်ရသေးပါ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖေးချမ့်က ကျေနပ်ပါသည်။ ဝန်ထမ်းတိုင်းသာ မာယိချွမ်လိုဖြစ်နိုင်ပါက ဖေးချမ့် စိတ်ပူစရာတောင် သိပ်မလိုတော့ပါ။
"ဘာကိစ္စလဲ။” ဖေးချမ့်က သူ့စားပွဲခုံနောက်မှာ ထိုင်လိုက်ပြီး သူ့ရှေ့က ခုံကို ညွှန်ပြလိုက်ကာ မာယိချွမ်ကိုပါ ထိုင်ခိုင်းလိုက်ပါသည်။
မာယိချွမ်က အနည်းငယ်ရှက်ရွံ့နေသည့် ပုံပင်။ သို့သော်လည်း တွန့်ဆုတ်ပြီးနောက် ထုတ်ပြောခဲ့ပါသည်။ "ဘော့စ်ဖေး ဒီလိုပါ။ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မကြာသေးခင်က သူ ပြဿနာ နည်းနည်းလေး တက်နေလို့ပါ။”
ဖေးချမ့်က ခပ်ပါးပါး ပြောလိုက်သည်။ "အဲ့သူငယ်ချင်းဆိုတာ မင်းပဲမလား။ စိတ်မပူပါနဲ့၊ မင်းမှာ အခက်အခဲရှိရင် ငါ့ကို တိုက်ရိုက်သာပြော။ မင်းပြဿနာတွေကို ဖြေရှင်းဖို့ လစာမဖြတ်ဘဲ ခွင့် ၃ရက် ပေးမယ်။ ပြီးမှ အလုပ်ကို ပြန်လာပေါ့။”
မာယိချွမ်က ခေါင်းကို အမြန်ခါလိုက်ပါသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘော့စ်ဖေး နားလည်မှုလွဲနေပြီ။ တကယ့် ကျွန်တော့်သူငယ်ချင်းပါ။ ဟွမ်စစ်ပေါ်နဲ့ ကျွန်တော်တို့က ရှန်းယန်ဂိမ်းမှာ အလုပ်လုပ်ဖူးတယ်လေ။ ဘော့စ်ဖေးလည်း သိမှာပါ။ ဟွမ်စစ်ပေါ် ထွက်သွားတော့ သူတို့ အစီအစဥ်ရေးဆွဲသူခေါင်းဆောင်တစ်ယောက် လိုနေတာနဲ့ သူ့နေရာမှာ အစားထိုးပြီး တခြားတစ်ယောက်ကို ခန့်လိုက်ကြတယ်။”
"လတ်တလောက အဲ့ဒီလူ အလုပ်ပြုတ်သွားပြီး သူ့အတွက် အလုပ်တစ်နေရာ ညွှန်းပေးနိုင်မလားလို့ ကျွန်တော့်ကို လာတောင်းဆိုလို့ပါ...။”
ဟမ်။
ဖေးချမ့်က မာယိချွမ်၏ 'အလုပ်ပြုတ်သွားသည်' ဟူသည့်စကားကို အာရုံစိုက်လိုက်ပါသည်။ အလုပ်ပြုတ်တယ်ဆိုတာ ကိုယ်ပိုင်ဆန္ဒကြောင့် အလုပ်ထွက်တာမဟုတ်ဘဲ အလုပ်ဖြုတ်ခံရတာကို ဆိုလိုတာမဟုတ်ပါလား။
ဖေးချမ့်က သူ့လက်ချောင်းများကိုသုံးရင်း ရေတွက်ကြည့်လိုက်သည်။ ဟွမ်စစ်ပေါ်က မနှစ်က နိုဝင်ဘာလမှာ ထန်းတာ့သို့ ဝင်လာခဲ့သည်။ ဒါဆို နှစ်ဝက်ဝန်းကျင်သာ ရှိသေး၏။ ဒီလူက ဟွမ်စစ်ပေါ်၏ အစားထိုးဝန်ထမ်းဆိုတော့ ရှန်းယန်ဂိမ်းကုမ္ပဏီမှာ အစီအစဥ်ရေးဆွဲသူခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ နိုဝင်ဘာလမှာ ဝင်သွားတာ ဖြစ်နိုင်၏။ ဒါဆို... ၆ လတည်းနဲ့ အလုပ်ဖြုတ်ခံလိုက်ရတာလား။
ဒီလူက ပါရမီရှိမည့်ပုံပင်။ ဖေးချမ့်လည်း ဒီနေရာမှာ ဒီလိုပါရမီရှင်မျိုးကို ခေါ်ထားရမည်။
သို့သော်လည်း ဖေးချမ့် ပြန်စဥ်းစားကြည့်သောအခါ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သေသေချာချာ မေးမြန်းသင့်သည်ဟု ခံစားမိပါသည်။
ဒီလူ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အကြောင်းအရင်းက ဘာလဲ။
စံနှုန်းမှီအောင် မလုပ်နိုင်လို့ အဖြုတ်ခံရတာဆိုရင် ဖေးချမ့် ထပ်မပြောတော့ဘဲ ချက်ချင်း သူ့ကိုခေါ်လိုက်မည်။ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားအောင်လုပ်ခြင်း သို့မဟုတ် အခြားတရားမဝင်အရာများကို လုပ်၍အဖြုတ်ခံရတာဆိုရင်တော့ ဖေးချမ့် လက်မခံနိုင်ပါ။
သူသာ တစ်ခုခု အမှားလုပ်လိုက်ပါက ဖေးချမ့် ပြဿနာတက်လိမ့်မည်။ စနစ်က ကုမ္ပဏီအတွင်းမှာ တရားမဝင်လုပ်ရပ်များ လုပ်ခွင့် မပေးထားပါ။
"မင်းသူငယ်ချင်းက... ဘာလို့ အလုပ်ဖြုတ်ခံလိုက်ရတာလဲ။” ဖေးချမ့်က မေးလိုက်ပါသည်။
"အလုပ်ဖြုတ်ခံရတာလား၊ အဲ့လိုမဟုတ်ဘူး၊ မဟုတ်ဘူး။" မာယိိချွမ်က ခေါင်းအမြန်ခါလိုက်ပါသည်။ "ရှန်းယန်ဂိမ်းကုမ္ပဏီက ဒေဝါလီခံတော့မှာမို့လို့ အလုပ်ပြုတ်သွားတာပါ။”
ဖေးချမ့် "...။”
စိတ်ပျက်စရာပဲ။
ရှန်းယန်ဂိမ်းကုမ္ပဏီအကြောင်းကို ဖေးချမ့် သိပါသည်။ ဒါက ဟွမ်စစ်ပေါ်၏ ကုမ္ပဏီဟောင်း မဟုတ်ပါလား။ ထို့အပြင် ကျင်းကျိုးမြို့မှာလည်း ဂိမ်းကုမ္ပဏီ များများစားစား မရှိပါ။ ရှန်းယန်ဂိမ်းက နာမည်ကျော်ကုမ္ပဏီဟု သတ်မှတ်နိုင်ပါသည်။
သို့သော်လည်း ဒီကုမ္ပဏီက အတော်လေး အဆင်ပြေနေသည်ဟု သူ ကြားမိတာတောင် ဘာကြောင့် ပြိုကွဲသွားရတာလဲ။
ဖေးချမ့် အလွန်အားကျမိပါသည်။
"ရှန်းယန်ဂိမ်းက... ဘာလို့ ပြိုကွဲသွားတာလဲ။” ဖေးချမ့်က အလွန်စိတ်ပူသည့် လေသံဖြင့် မေးလိုက်ပါသည်။ သူတကယ်လည်း စိတ်ပူနေပါသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ဒါက တန်ဖိုးရှိတဲ့ သင်ခန်းစာဖြစ်လာနိုင်မယ် မဟုတ်ပါလား။
မာယိချွမ်လည်း အနည်းငယ် စိတ်မကောင်း ဖြစ်နေသည်။ သူလည်း ရှန်းယန်ဂိမ်းအတွက် အကြာကြီး အလုပ်လုပ်ပေးခဲ့သည်။ ထိုကုမ္ပဏီကို သံယောဇဥ်မရှိဘူးဟု ပြောရင် လိမ်ရာကျပါလိမ့်မည်။
"ဟူး ဇာတ်လမ်းက နည်းနည်းတော့ ရှည်တယ်ဗျ။”
"ဒီလက္ခဏာတွေက အစောပိုင်းကတည်းက ပြနေတာပါ။ မနှစ်က အောက်တိုဘာလကတည်းက ရှန်းယန်ဂိမ်းကုမ္ပဏီထဲက လူတော်တော်များများက အလုပ်သစ်တွေ စရှာနေကြပြီ။ အဲ့တုန်းက ကျွန််တော်တို့ အစီအစဥ်ရေးဆွဲသူချုပ် အစ်ကိုကြီးလျို့ကတောင် လှေခုန်ကူးဖို့ ကြိုးစားသေးတယ်။ အဲ့တုန်းက အခြေအနေတွေ တော်တော်ဆိုးနေတာ။”
ဖေးချမ့် ပြန်စဥ်းစားကြည့်လိုက်ပြီး တကယ်ပဲ ဒီလိုဖြစ်ခဲ့မှန်း သိသွားပါသည်။
မနှစ်က နိုဝင်ဘာလမှာ အစ်ကိုကြီးလျို့က ဟွမ်စစ်ပေါ်နဲ့ ရှေ့နောက်ပဲ အင်တာဗျူး လာဖြေသွားသည်။ အစ်ကိုကြီးလျို့က အတွေ့အကြုံ အများကြီး ပိုရှိသဖြင့် ဖေးချမ့် ငြင်းဆိုခြင်းကို ခံလိုက်ရပါသည်။ စဥ်းစားကြည့်မှ ကုမ္ပဏီ၏ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်က ခြံခုန်ဖို့ ကြိုးစားနေသဖြင့် ထိုကုမ္ပဏီ၏ အခြေအနေက တော်တော်လေး ဆိုးရွားနေတာ ဖြစ်နိုင်ပါသည်။
မာယိချွမ်က ဆက်ပြော၏။ "ဒါပေမယ့် အဲ့တုန်းက ကုမ္ပဏီရဲ့ အခြေအေနက ဆိုးနေတယ်ဆိုပေမယ့် ထိန််းလို့တော့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အဓိက ဂိမ်းတွေက ဝင်ငွေပုံမှန်ရနေတုန်းပဲလေ။ ဒါပေမယ့် ကုန်ကျစရိတ် ဖိအားတွေက စပြီး စုပြုံလာနေပြီ။”
"ကျွန်တော်သိသလောက်တော့ အစ်ကိုကြိးလျို့က အလုပ်ထွက်ဖို့ပဲ ဆက်တိုက်စဥ်းစားနေတာ။ ဒါပေမယ့် အခွင့်အလမ်းကောင်းတွေ မတွေ့ခဲ့တော့ အဲ့မှာပဲ အလုပ်ဆက်လုပ်ခဲ့တယ်။”
"အဲ့နောက် သမုဒ္ဒရဲတိုက်ရဲ့ အောင်မြင်မှုနဲ့ ၈၈၈ ယွမ်တန် ဆန်းကြယ်လက်နက် အနီရောင်ချီလင်က အရမ်းနာမည်ကြီးနေမှန်း အစ်ကိုကြီးလျို့က မြင်သွားတယ်။ သူ့ဂိမ်းထဲက လက်နက်တစ်ခုကိုလည်း အဲ့စျေးနဲ့ ရောင်းချဖို့အတွက် ပရိုမိုးရှင်းတစ်ခု လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်ထင်တယ်။”
"ကုမ္ပဏီပြိုကွဲတော့မှာကို သူသိလို့ နောက်တစ်ခေါက်လောက် အစွမ်းကုန် ကြိုးစားချင်တာ ဖြစ်လိမ့်မယ်။”
"နောက်ဆုံးတော့ ဘော့စ်ကြီးက သဘောတူခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ငွေရေးကြေးရေး အခက်အခဲနဲ့ ကြုံနေရပြီး အချိန်တိုအတွင်း ဝင်ငွေနည်းနည်းလောက် ပြန်ရနိုင်ခဲ့ရင် အနည်းဆုံးတော့ ခဏလောက်အထိ သူတို့ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်သေးတယ်လေ။”
"ဒါပေမယ့် သူတို့တွေ ကစားသမားတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရတယ်။ သူတို့ ဘာပိုက်ဆံမှ မရရုံတင် မကဘူး။ သူတို့ဂိမ်းရဲ့ နာမည်လည်း ပျက်သွားတယ်။ ရှိပြီးသား ကစားသမားတွေပါ ပျောက်ကုန်တယ်။ အဲ့အချိန်မှာ သူတို့ဝင်ငွေတွေ ဆက်တိုက် နစ်မြုပ်ကုန်တော့တာပဲ။”
"သူတို့ကိုယ်သူတို့တောင် မကယ်နိုင်တော့ဘူး။ အခု လစာတွေလည်း ပေးဖို့ မရှိတော့ဘူး။ အရင်အပတ်တုန်းက ဘော့စ်ကြီးက အားလုံးကို ခေါ်ပြီး ကုမ္ပဏီရန်ပုံငွေကုန်နေပြီမို့လို့ အားလုံးကို တခြားအလုပ် မြန်မြန်ရှာထားဖို့ ပြောခဲ့တယ်။”
"အဲ့လိုနဲ့ ကျွန်တော့်ရဲ့ အဲ့ဒီညီအစ်ကိုက ကျွန်တော့်ကို ဆက်သွယ်လာတာပဲ။”
ဖေးချမ့် တိုးတိတ်စွာ နားထောင်နေခဲ့သည်။
ဒီလိုဖြစ်လာအောင် ငါလုပ်လိုက်မိတာလား။
ဖေးချမ့်တောင် မသိလိုက်ဘဲ သမုဒ္ဒရာရဲတိုက်က ရှန်းယန်ဂိမ်းကို မီးလောင်ရာလေပင့်ကာ ဘဝဆုံးတာ ပိုမြန်အောင် အထောက်အကူပြုခဲ့ပါသည်။
အနှစ်ချုပ်ပြောရလျှင် တိုက်ဆိုင်လွန်းပါသည်။
ထို့အပြင် ကျင်းကျိုးမြို့၏ ဂိမ်းလောကကလည်း သေးငယ်သည်။ ထိုအချိန်တွင် ဖေးချမ့်က ရှန်းယန်ဂိမ်းဘော့စ်ကြီးကို အနည်းငယ် အားကျနေမိပါသည်။ သူ့ကို ကြည့်ပါဦး။ ကြိုက်သလောက် အရှုံးပေါ်နိုင်လိုက်တာ။ ထို့အပြင် အလွန်ဆိုးရွားလွန်းသဖြင့် ချက်ချင်း ဒေဝါလီပါခံသွားရသည်။
ဟင်... နေဦး။
ဖေးချမ့် ရုတ်တရက်ကြီး စိတ်ကူးစိတ်သန်းကောင်းတစ်ခု ပေါ်လာခဲ့သည်။
ငါသူ့ကို အားကျနေစရာ မလိုဘူး။
ငါ အဲ့လုပ်ငန်းကို သိမ်းပိုက်လိုက်ရင် ရပြီမဟုတ်လား။ ဘာတွေ မနာလိုဖြစ်ဖို့လိုလို့လဲ။ ငါသာ ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဘော့စ်အဖြစ် တာဝန်ယူလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဆိုးဆိုးရွားရွား ငွေတွေ ဆက်တိုက်ရှုံးနေတဲ့ ကုမ္ပဏီတစ်ခုကို ငါသာ တာဝန်ယူလိုက်ရင် ငါလည်း အရှုံးပေါ်မယ် ဆိုတဲ့ သဘော မဟုတ်ဘူးလား။
ဒါ ရတနာတစ်ပါးပင်။
ဖေးချမ့် ချက်ချင်း လက်မခံတာကိုမြင်ပြီး မာယိချွမ် အမြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဝန်ထမ်းတွေကို ခန့်အပ်တဲ့နေရာမှာ ထန်းတာ့ရဲ့ စံနှုန်းက အရမ်းမြင့်တာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်သူငယ်ချင်းကို အင်တာဗျူးလေး... လာဖြေခွင့်လောက်တော့ ပေးဖို့ မျှော်လင့်မိပါတယ်။”
ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "စိတ်မပူနဲ့။ မင်းသူငယ်ချင်း အလုပ်မပြုတ်စေရဘူး။”
မာယိချွမ် ကြောင်သွားပါသည်။ ချက်ချင်း ဝမ်းပမ်းတသာ ပြောလိုက်၏။ "တကယ်လား။ ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး။ ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်။”
မာယိချွမ်က ဘော့စ်ဖေး၏ စကားလုံးများကို အဓိပ္ပာယ်ကောက်လိုက်ပုံက သူ့သူငယ်ချင်းသာ ထန်းတာ့၏ စံနှုန်းများကို မပြည့်မှီဘဲ ဒီကုမ္ပဏီမှာ အလုပ်မရခဲ့ရင်တောင် ဘော့စ်ဖေးက သူ့ကို တခြားအလုပ်များအတွက် ထောက်ခံပေးမည်ဟူ၍ပင်။
တော်လိုက်တာ။ တကယ်တော်လိုက်တာ။
ဘော့စ်ဖေး ဒီလောက်မြန်မြန် လက်ခံလိမ့်မည်ဟု မာယိချွမ် မထင်ထားပါ။ ဘော့စ်ဖေးက သူ့ဝန်ထမ်းအားလုံးကို မိတ်ဆွေလို ညီအစ်ကိုလို သဘောထားသည့်ပုံပင်။
မာယိချွမ်က ကျေးဇူးတင်စွာနဲ့ ဝမ်းမြောက်စွာဖြင့် ထွက်သွားပါသည်။
ဖေးချမ့်လည်း စိတ်အေးသွားရသည်။ မာယိချွမ်၏ သူငယ်ချင်း ထန်းတာ့၏ ဝန်ထမ်းစံနှုန်းများကို ပြည့်မှီသည်ဖြစ်စေ မပြည့်မှီသည်ဖြစ်စေ အရေးမကြီးတော့ပါ။ ရှန်းယန်ဂိမ်းကုမ္ပဏီတစ်ခုလုံးကို သူ ဝယ်လိုက်ရင် ပြဿနာအကုန်ရှင်းသွားပြီး မဟုတ်ဘူးလား။ ဖေးချမ့်သာ ဝယ်လိုက်ပြီး ပုံမှန်အတိုင်း ဆက်လက် လည်ပတ်ခိုင်းလိုက်ပါက အရှုံးအားလုံး သူ့ဆီရောက်လာလိမ့်မည်။
ဒီလို အပေးအယူကောင်းမျိုး ဘယ်မှာ ရှာလို့ရနိုင်ဦးမှာလဲ။