အခန်း(၁၃၇) ဆိုင်ခွဲမန်နေဂျာအသစ်များ ရွေးချယ်ခြင်း
Vol. 10 Ch. 137
အခန်း(၁၃၇) ဆိုင်ခွဲမန်နေဂျာအသစ်များ ရွေးချယ်ခြင်း
ဖေးချမ့်က လက်ထောက်ရှင်းကို ခေါ်လိုက်သည်။ ယွီအင်တာနက်ကဖေးကို လိုက်ပို့ခိုင်းလိုက်၏။ လမ်းတွင် ဖေးချမ့်က ရှန်းယန်ဂိမ်း၏ အခြေအနေအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။
"အားလပ်ရက်တွေပြီးရင် ရှန်းယန်ဂိမ်းကုမ္ပဏီကို စုံစမ်းဖို့ အချိန်ယူပြီး ကျွန်တော့်အကြောင်း ရှင်းပြလိုက်ပါ။ တချို့အချက်အလက်တွေကိုတော့ သူတို့ဘော့စ်ကို ပြောပြလို့ရတယ်။ ကျွန်တော်က သူတို့ကုမ္ပဏီကို ဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောလိုက်။”
သူတို့အကြောင်းကို စတင်စုံစမ်းတာနဲ့ သူတို့ ကုမ္ပဏီကို ဖြိုခွဲလိုက်မှာ ဖေးချမ့် စိတ်ပူပါသည်။ ဒီလိုသာဖြစ်လာလျှင် ဝန်ထမ်းများကို တစ်ယောက်ချင်း ပြန်ရှာနေရဦးမည်။ ဒီလိုသာဆို တော်တော် ဒုက္ခများနိုင်ပါသည်။
မှန်ကွဲတစ်ချပ်ကတော့ အက်ကွဲကြောင်းများ ရှိနေပါလိမ့်မည်။ အဆိုပါလုပ်ငန်းကို သူသိမ်းပိုက်ချင်ပါက တစ်ခုလုံးကို သိမ်းပိုက်ရမည်။
ထို့ကြောင့်လည်း ရှန်းယန်ဂိမ်း၏ ဘော့စ်ကြီးကို အချက်အလက်တချို့ ပြောပြဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူက ဒီလုပ်ငန်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ဖြစ်၏။ ဒါဆို သူ့ကို ရှန်သန်ဖို့ မျှော်လင့်ချက်ပေးလိုက်သလို ဖြစ်မည်။ ဒါမှ ကုမ္ပဏီကို အလွန်လျင်မြန်စွာ မဖြိုခွဲလိုက်မှာ ဖြစ်ပါသည်။
လက်ထောက်ရှင်းက ကားမောင်းနေ၏။ သူမ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ဒါပေမယ့် ကျွန်မ နားလည်သလောက်တော့ အဲ့ကုမ္ပဏီက အတော်အခြေအနေဆိုးနေတဲ့ ကုမ္ပဏီ ထင်တယ်နော်။”
လက်ထောက်ရှင်းက အလွန်ဗျူဟာကြွယ်၏။
"အခု လက်ရှိအခြေအနေကို စိတ်မဝင်စားဘူး ရေရှည်အတွက်ပဲ ကြည့်တာပါ။” ဖေးချမ့်က ယုံကြည်ချက်ပြည့်ဝစွာ ဖြေလိုက်ပါသည်။
"ဟုတ်ကဲ့ ဘော့စ်ဖေးရဲ့ အမြော်အမြင်ကို ကျွန်မယုံကြည်ပါတယ်။” လက်ထောက်ရှင်းက ပြန်ဖြေလိုက်ပါသည်။ "သူတို့အကြောင်း စုံစမ်းဖို့ အချိန်ဘယ်လောက်ပေးချင်လဲ။ အချိန်များများရလေလေ ကျွန်မ ပိုနားလည်လေလေဖြစ်မှာမို့လို့ပါ။ ဆွေးနွေးတဲ့အခါကျရင် ကျွန်မတို့ အားသာချက် ပိုရနိုင်တယ်။”
လက်ထောက်ရှင်းက ခဏလောက် ရပ်တန့်သွားပြီး ထပ်ပြောလိုက်ပါသည်။ "ပြီးတော့လည်း လောလောဆယ် သူတို့ အရှုံးပေါ်နေတဲ့ပုံပဲ။ ကျွန်မတို့ ဝယ်ယူမှုကိုလောလောဆယ် ခဏ ရွှေ့ဆိုင်းထားလို့ရတယ်။ အဲ့တာဆို စျေးကို နှိမ်ဖို့ ပိုလွယ်သွားလိမ့်မယ်။”
စျေးနှိမ်မယ်ဟုတ်လား။
ဘာလို့စျေးနှိမ်မှာလဲ။ စျေးကြီးလေ ကောင်းလေပဲ။
ဖေးချမ့်ချင်ချင်း ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်တို့ ဒီကိစ္စကို တမင်တကာ အချိန်ထပ်မဆွဲသင့်တော့ဘူး။ တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ပါ။”
"ဂိမ်းလောကထဲက ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ပြင်းထန်နေတာ။ စျေးနှိမ်ဖို့အတွက်နဲ့ အချိန်ဆွဲတာထက်စာရင် အမြန်အပိုင်သိမ်းပြီး သူ့ရဲ့လည်ပတ်မှုတွေကို စုံစမ်းလိုက်တာ ပိုကောင်းမယ်။ ကျွန်တော်တို့ ဒီလိုအသေးအဖွဲကိစ္စတွေကြောင့် ပိုကြီးတဲ့ ပန်းတိုင်တွေကို မမြင်လို့ မဖြစ်ဘူး။”
"ကောင်းပါပြီ" လက်ထောက်ရှင်းက ထပ်မေးသည်။ "ဒါဆို ကျွန်မတို့ ကုမ္ပဏီတစ်ခုလုံးကို ဝယ်မှာလား ဒါမှမဟုတ်...။”
ကုမ္ပဏီများကို နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူနိုင်သည်။ တစ်ခုက မူလဝန်ထမ်းများ မပါဘဲ ကုမ္ပဏီအခွံသက်သက်ကို ဝယ်ယူခြင်း ဖြစ်၏။ ကုမ္ပဏီပိုင်ဂိမ်းများ၏ IP မူပိုင်ခွင့်များအတွက်သာ ဖြစ်သည်။ နောက်တစ်ခုက ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူဖို့ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ခြင်း၊ လူသားရင်းမြစ်စနစ်ကို ပြောင်းလဲခြင်း စသဖြင့် ၎င်း၏ တည်ဆောက်ပုံကို ပြောင်းလဲနိုင်သည်။
ဒီတစ်ခေါက် ကုမ္ပဏီကို ဘယ်လိုနည်းလမ်းနဲ့ ဝယ်ယူချင်တာလဲဆိုတာကတော့ ဖေးချမ့်ဘာကြောင့် ရှန်းယန်ဂိမ်းကို စိတ်ဝင်စားတာလဲ ဆိုသည့်အပေါ်မှာ မူတည်ပါသည်။ ဒါဆို လက်ထောက်ရှင်း စျေးနှုန်းညှိနှိုင်းရတာာ ပိုလွယ်ကူပါသည်။
ဖေးချမ့်က ရှန်းယန်ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်နေသည့် ဝန်ထမ်းများကို စိတ်မဝင်စားပါ။ ကုမ္ပဏီလက်အောက်က ဂိမ်းတစ်ခုကိုမှလည်း စိတ်မဝင်စားပေ။ သူစိတ်ဝင်စားတာက ရှန်းယန်ဂိမ်းများ၏ အရှုံးပေါ်နိုင်သည့် အလားအလာကို ဖြစ်သည်။
ထို့ကြောင့် ဖေးချမ့်က ရှန်းယန်ဂိမ်းကုမ္ပဏီကို သူ့ရှိသည့်အတိုင်း အားလုံးဝယ်ယူပါမည်။ ဒါမှ 'မူလအနှစ်သာရ' ကိုဆက်ပြီးထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ဖေးချမ့်က ချက်ချင်း ပြန်ဖြေလိုက်၏။ "တစ်ခုလုံးကို ဝယ်လိုက်။ မူလ တည်ဆောက်ပုံကို ဘာမှ မပြောင်းလဲနဲ့။”
"ကောင်းပါပြီ ဘော့စ်ဖေး ကျွန်မ နားလည်ပါပြီ" သူမဘော့စ်၏ ရည်ရွယ်ချက်များကို နားလည်သွားသောအခါ လက်ထောက်ရှင်း မေးခွန်း ထပ်မမေးတော့ပါ။
ဒါက ကျိုးကြောင်းသင့်လျော်သည့် ဝယ်ယူမှုတော့ မဟုတ်လှပါ။ အဘယ့်ကြောင့်ဆိုသော် ရှန်းယန်ဂိမ်းကုမ္ပဏီထဲက ဘာကမှ ဝယ်ယူဖို့ မတန်သောကြောင့် ဖြစ်သည်။ ဖေးချမ့်သာ ပါရမီရှင်တစ်ယောက်ယောက်ကို ခေါ်ယူချင်တာဆို ထန်းတာ့ဆီ တိုက်ရိုက်ခေါ်လိုက်တာက ပိုမရှင်းသွားဘူးလား။
ဒါတောင် ဖေးချမ့်က အပြည့်အဝ ဝယ်ယူဖို့ စဥ်းစားနေတယ်တဲ့လား။
ကျိုးကြောင့်သင့်လျော်မှု မရှိပေ။
သို့သော်လည်း လက်ထောက်ရှင်းက မေးခွန်း ထပ်မထုတ်တော့ပါ။ ဒါ သူမအလုပ်ပဲ ဖြစ်သည်။ သူမဘော့စ် ညွှန်ကြားသည့်အရာများကို အတည်တကျ လုပ်ရမည်။ အဖြေများကို သိဖို့ မလိုအပ်ပါက မေးခွန်းများ မမေးသင့်ပါ။
ထို့အပြင် ဘော့စ်ဖေးမှာလည်း ဒီလိုစီစဥ်ရသည့် ကိုယ်ပိုင် အကြောင်းအရင်း ရှိပေလိမ့်မည်။ ရှန်းယန်ဂိမ်းကုမ္ပဏီမှာ တန်ဖိုး တစ်ခုခုကိုတွေ့မိလို့ ဖြစ်နိုင်သည်။
အလုပ်သမားနေ့ပိတ်ရက်ရှည်ကြီးကို ရောက်လာပြီဖြစ်သဖြင့် ကျင်းကျိုးမြို့မှာ လူစည်ကားနေပါသည်။ ယွီအင်တာနက်ကဖေးကိုရောက်ဖို့ သူတို့ပုံမှန်အချိန်ထက် ပို၍ ကြာမြင့်သွား၏။ ဖေးချမ့်က ကားထဲကထွက်လာပြီး အင်တာနက်ကဖေးထဲ ဝင်သွားပါသည်။
အင်း... ပုံမှန်အတိုင်း တိတ်ဆိတ်ခြောက်ကပ်နေတာပဲ။ တော်သေးတာပေါ့။
အခုချိန်ထိ ယွီအင်တာနက်ကဖေးတွင် တချို့ ဖောက်သည်တွေတော့ ရှိနေပါသည်။ ထိုလူတွေက စျေးနှုန်းကို စိတ်မဝင်စားသည့် သူဌေးများ ဖြစ်ကြသည်။ သူတို့လာရတာ ပျော်သည်။ အင်တာနက်သုံးရင်း ကော်ဖီလေးသောက်ရင်း တချို့ဆို သူတို့ဧည့်သည်များကိုတောင် ဒီခေါ်လာပြီး ဧည့်ခံတတ်ပါသေးသည်။
တစ်ခါတစ်လေ သူငယ်ချင်းတစ်အုပ်စုလုံး ဒီကိုလာပြီး ဂိမ်းကစားတတ်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီက ပတ်ဝန်းကျင်အခြေအနေနဲ့ ဝန်ဆောင်မှုများက ကောင်းမွန်သည် မဟုတ်လား။ လူတွေလည်း အလွန်နည်းပါသည်။ ထိုသူဌေးများအတွက် ဒီလိုပတ်ဝန်းကျင်ကောင်းမှာ ဂိမ်းကစားရဖို့ ပိုက်ဆံသုံးရတာ တန်ပါသည်။
ဒီလိုဆိုရင်တောင် ယွီအင်တာနက်ကဖေးက အရင်းတောင် ပြန်မရသေးပါ။ ပတ်ဝန်းကျင်မှာ သူဌေးတွေ နည်းလွန်းသောကြောင့်ပင်။
ကဖေးက စျေးရပ်ကွက်နဲ့ တစ်လမ်းကျော်လောက်မှာ ရှိနေသည်။ လူတွေကို ဒီနေရာသို့ ညွှန်ကြားပေးသည့် ဧရာမ ဆိုင်းဘုတ်ကြီးများလည်း မရှိ၊ အဆင့်မြင့် အိမ်ရာကြီးများလည်း အနားမှာ မရှိပါ။ ကဖေး၏ တည်နေရာနဲ့ စျေးနှုန်းကြောင့် သူဌေးအုပ်စုငယ်တစ်စုသာ လာအားပေးနိုင်သည်။ သူတို့ရသည့် ပိုက်ဆံပမာဏက လုပ်ငန်းကို မလည်ပတ်နိုင်ပါ။
ထို့ကြောင့် ဖေးချမ့် လုံးဝ စိတ်မပူပေ။
ဖေးချမ့်ရောက်လာတာကို မြင်သောအခါ မာယန်နဲ့ ကျန်းယွမ်တို့ ချက်ချင်း ဧည့်ခံလိုက်ပါသည်။
"ဘော့စ်ဖေး ရောက်လာတာလား။ ဘာသောက်ချင်လဲ။” ကျန်းယွမ်က မေးလိုက်၏။
ဖေးချမ့်က မီနူးကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "Margarita တစ်ခွက်။”
အင်တာနက်ကဖေးကို သူလှည့်ပတ်ကြည့်လိုက်သည်။ အင်တာနက်ဧရိယာထဲမှာကော ကော်ဖီဧရိယာထဲမှာကော ဖောက်သည် မရှိပါ။ ဒီနေ့ တစ်ဆိုင်လုံး တော်တော်လေး ခြောက်ကပ်နေပါသည်။
"ဒီနေ့ ကတ်စတမ်မာမရှိဘူးလား" ဖေးချမ့်က သာမန်အတိုင်း မေးလိုက်ပါသည်။
မာယန်က လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး ရှက်ရွံ့သည့်ပုံစံဖြင့် ပြောလိုက်ပါသည်။ "ဟုတ်တယ် ညီအစ်ကိုချမ့်။ ဒီနေ့ဘာဖြစ်တာလဲ မသိဘူး။ အားလပ်ရက်တွေကြောင့်လားတော့ မသိပါဘူး။”
ဒိနေ့မတိုင်ခင်က ဂိမ်းလာကစားသည့် ကတ်စတမ်မာတချို့တော့ရှိသေးသည်။ သို့သော်လည်း ဒီနေ့ကျမှ ကတ်စတမ်မာ တစ်ယောက်တစ်လေတောင် ရောက်မလာပါ။ အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။
သို့သော် ဖေးချမ့်ကတော့ နည်းနည်းလေးမှ ဂရုမစိုက်ပေ။ တကယ်တော့ ပျော်တောင် ပျော်နေပါသေးသည်။
"အေးပါ ဆိုင်တံခါးသာ ပိတ်လိုက်တော့။ ငါတို့ ဒီနေ့ ကဖေးကို စောစောပိတ်ကြမယ်။ ကျန်းယွမ် ဒီက ငါတို့ ညီအစ်ကိုတွေအတွက်လည်း တစ်ခွက်စီ လုပ်ပေးလိုက်။ ကုမ္ပဏီက တိုက်တာ။ ဒီနေ့ ဘာအလုပ်မှမလုပ်ကြနဲ့။ အားလုံးပဲ လာထိုင်ကြ။”
ဖေးချမ့်က ကော်ဖီဧရိယာမှာ ထိုင်ရင်း အားလုံးကို လာဖို့ ခေါ်လိုက်ပါသည်။ စားပွဲထိုး တချို့က ချက်ချင်း လှုပ်ရှားကြသည် တချို့ကတော့ အထုတ်အပိုးများ ပြင်ဆင်ကြ၏။ တချို့က စားပွဲများ ထိုင်ခုံများကို စီရီနေသည်။ ကျန်းယွမ် သူတို့အားလုံးအတွက် ကော့တေးများ စဖျော်ပါသည်။
အလွန်လျင်မြန်စွာဖြင့် စားပွဲထိုးများနဲ့ စားဖိုမှူး ၃ ယောက် (အစကတော့ တစ်ယောက်တည်း ရှိသော်လည်း ထန်းတာ့ကို ဟင်းလျာများချက်ပြုတ်ပေးဖို့ စားဖိုမှူး ၂ ယောက် ထပ်မံ ခန့်အပ်ခဲ့သည်) အားလုံး ကော်ဖီနယ်မြေအတွင်းမှာ ထိုင်လိုက်ကြပါသည်။ သူတို့တစ်ယောက်ချင်းစီ၏ ရှေ့တွင် ကော့တေး တစ်ခွက် ရှိနေသည်။
ကျန်းယွမ်နဲ့ မာယန်တို့က ဖေးချမ့်၏ တစ်ဖက်တစ်ချက် ရှေ့တည့်တည့်တွင် ထိုင်လိုက်ကြပါသည်။ သူတို့အားလုံး သူ စကားပြောမှာကို စောင့်နေသည်။ ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြီး မုဒ်သွင်းလိုက်၏။
"နောက်လကစပြီး ယွီအင်တာနက်ကဖေးကို ဆိုင်ခွဲ ၄ ဆိုင် ထပ်ဖွင့်တော့မယ်။ ဒါပေမယ့် အစဥ်လိုက်ဖွင့်သွားမှာ။ တစ်ချီတည်းနဲ့ ငွေအကုန်မလောက်လို့။”
"ဆိုင်ခွဲတစ်ခု စီမံချင်တဲ့လူတိုင်း လက်ထောင်ကြ။”
အရှေ့က စားပွဲထိုး ၄ ယောက်က ချက်ချင်း လက်ထောင်လိုက်ပါသည်။ အနောက်မှာ ထိုင်နေသည့် စားဖိုမှူးတစ်ယောာက်ကလည်း ခဏလောက် တွန့်ဆုတ်သွားပြီး လက်ထောင်လိုက်ပါသည်။
ကျန်းယွမ်လည်း လက်ထောင်သည်။
ဖေးချမ့်က ကျန်းယွမ်ကို လက်ချခိုင်းလိုက်သည်။"မင်းက နောက်ပိုင်း မန်နေဂျာအဖြစ် ရာထူးတိုးခံရမှာ။ ဆိုင်ခွဲမန်နေဂျာတွေထက် ပိုဦးစားပေးခံရမယ်။ အဲ့တာကြောင့် လက်မထောင်နဲ့။”
ကျန်းယွမ်က ကျေနပ်သွားသည့်ပုံစံဖြင့် လက်ချလိုက်ပါသည်။ ဘာတွေ ဖြစ်နေတာလဲ။ အကြောင်းအရင်းမရှိဘဲ သူ ရာထူးတိုးခံလိုက်ရပါသည်။
ဖေးချမ့်က လက်ထောင်ထားသည့် လူ ၄ ယောက်ကို ကြည့်လိုက်ပါသည်။ "ဟုတ်ပြီ။ ဒါဆို မင်းတို့ ၅ ယောက်ပဲပေါ့။ ကျန်းယွမ် သူတို့နာမည်ကို မှတ်ထားလိုက်။ သူတို့ ၅ ယောက်က အင်တာနက်ကဖေးဆိုင်ခွဲအသစ်တွေအတွက် ဆိုင်ခွဲမန်နေဂျာ လုပ်လိမ့်မယ်။”
ဒီကဖေးအတွက် ဆိုင်ခွဲမန်နေဂျာက မာယန် ဖြစ်သည်။ သို့သော်လည်း ဆိုင်ခွဲများစွာကို ဖွင့်ပြီးနောက်ပိုင်း မာယန်နဲ့ ကျန်းယွမ်တို့ကို စီမံရေးအပိုင်းထဲ ရာထူးတိုးပေးမည်ဖြစ်သည်။ ထို့ကြောင့် ဒီဆိုင်ခွဲ၏ မန်နေဂျာ ရာထူးလည်း လစ်ဟာသွားပါလိမ့်မည်။
ထို့ကြောင့်ဖေးချမ့်က ဆိုင်ခွဲမန်နေဂျာ ၅ ယောက် ရွေးလိုက်ခြင်း ဖြစ်သည်။
အားလုံး ကြောင်စီစီ ဖြစ်သွားကြ၏။ နည်းနည်း မလောလွန်းဘူးလား။
လက်မထောင်ခဲ့သည့် တချို့ စားပွဲထိုးများက ရီဝေသွားကြပါသည်။ လခွမ်း။ ငါတို့သာ စောစောသိရင် လက်ထောင်လိုက်ပါတယ်။
အားလုံးက ဆိုင်ခွဲမန်နေဂျာရာထူးအတွက် အရည်အချင်း မပြည့်မှီမှာ ကြောက်ရွံ့နေကြသဖြင့် တွန့်ဆုတ်နေခဲ့ကြသည်။ စမ်းသပ်ချက်ပြီးမှ အရည်အချင်း မပြည့်မှီမှန်း သိလိုက်ရပါက ရှက်ဖို့ကောင်းပါသည်။
သို့သော်လည်း ဘာစမ်းသပ်ချက်မှ ရှိမနေပါ။
ဇဝေဇဝါအဖြစ်ဆုံးလူက လက်ထောင်လိုက်သည့် စားဖိုမှူးပင်။ ယုတ္တိရှိရှိပြောရလျှင် အင်တာနက်ကဖေးဆိုင်ခွဲများအတွက် ဆိုင်ခွဲမန်နေဂျာများ ရွေးချယ်ခြင်းက စားဖိုမှူးများနဲ့ ဘာမှမသက်ဆိုင်ပါ။ ရွေးချယ်သင့်သည့် လူများက အရှေ့က စားပွဲထိုးများ ဖြစ်သည်။
သို့သော်လည်း လက်ကို ယောင်ပြီး ထောင်လိုက်မိတာနဲ့ အရွေးခံလိုက်ရတာလား။ ထိုအချိန်တွင် စားဖိုမှူးတစ်ယောက်အဖြစ်မှ ဆိုင်ခွဲမန်နေဂျာတစ်ယောက်အဖြစ် ၁၈၀ ဒီဂရီ ပြောင်းလဲမှုကြီးကို သူလက်မခံနိုင်တော့ပေ။
မာယန်က ဖေးချမ့်က အင်္ကျီလက်ကို ဆွဲလိုက်ကာ တီးတိုးပြောလိုက်၏။ "ညီအစ်ကိုချမ့် အဆင်ပြေပါ့မလား။ ဒီတိုင်း ရိုးရိုးတန်းတန်း ဝန်ထမ်းခေါ်ကြရအောင်လား။”
ဖေးချမ့်က ခေါင်းခါလိုက်သည်။ "ဒါတွေက မင်းခန့်ထားတဲ့ ဝန်ထမ်းတွေပဲလေ။ ငါမင်းကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး။”
မာယန်က ရှက်ရွံ့စွာ ပြုံးလိုက်၏။ "ဟုတ်သားပဲ။”