အခန်း(၁၃၈) အရှုံးပေါ်ချင်စိတ် ပိုပြင်းပြလာခြင်း
Vol. 10 Ch. 138
အခန်း(၁၃၈) အရှုံးပေါ်ချင်စိတ် ပိုပြင်းပြလာခြင်း
ဆိုင်ခွဲမန်နေဂျာသစ်များကို ရွေးချယ်ပြီးနောက် ဖေးချမ့် မာဘန်ဘက်သို့ လှည့်လိုက်သည်။ "မာကြီးနဲ့ ကျန်းယွမ် ငါဆိုင်ခွဲတွေ ဖွင့်တာနဲ့ ဒီဆိုင်ခွဲက အခရာဆိုင် ဖြစ်လာမှာ။ မင်းတို့နှစ်ယောက်စလုံး အင်တာနက်ကဖေးတွေကို စီမံဖို့ အရမ်းကြိုးစားဖို့ မလိုပါဘူး။”
"ကျန်းယွမ် နောက်ပိုင်း မင်းက ကျင်းကျိုးမြို့က ယွီအင်တာနက်ကဖေးတွေအတွက် ဒေသဆိုင်ရာမန်နေဂျာ ဖြစ်လာမယ်။ ဒီက အင်တာနက်ကဖေးတွေ အကုန်လုံးကို မင်းတာဝန်ယူရမယ်။ မာယန် မင်းကတော့ ယွီအင်တာနက်ကဖေးအားလုံးရဲ့ အထွေထွေမန်နေဂျာပေါ့။ မင်းက အရင်တုန်းကအတိုင်းပဲ ဆောင်ရွက်ရမယ်။ ငါမေးတာဖြေပြီး ငါ့ဆီ တိုက်ရိုက်တင်ပြပေးဖို့ပဲ။”
"ငါရွေးလိုက်တဲ့ ဆိုင်ခွဲမန်နေဂျာတွေထဲမှာ မင်းတို့ သဘောအကျဆုံး မန်နေဂျာကို ရွေးလိုက်။ သူက ဒီအင်တာနက်ကဖေးရဲ့ ဆိုင်ခွဲမန်နေဂျာ လုပ်ရမယ်။ ဒီကဖေးက ငါတို့ရဲ့ ပထမဆုံး ယွီအင်တာနက်ကဖေးမို့လို့ အဓိပ္ပာယ်တစ်ခု ရှိတယ်။ အခုကစပြီ ငါတို့ရဲ့ အခရာဆိုင်လည်း ဖြစ်လိမ့်မယ်။”
"ဆိုင်ခွဲမန်နေဂျာအဖြစ် အရွေးချယ်မခံရတဲ့ တခြား ညီအစ်ကိုတွေကလည်း မစိုးရိမ်ပါနဲ့။ နောက်ပိုင်း ယွီအင်တာနက်ကဖေး ဆိုင်ခွဲတွေ ထပ်ဖွင့်တဲ့အခါ ငါတို့နဲ့ အချိန်အကြာဆုံး အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲကပဲ ဆိုင်ခွဲမန်နေဂျာတွေအဖြစ် ရွေးချယ်သွားမယ်။”
"မင်းတို့တွေ ရာထူးတိုးခံရပြီး လစ်ဟာသွားမယ့် နေရာတွေအတွက်လည်း ကျေးဇူးပြုပြီး အမြန်ဆုံး လူတွေပြန်ခန့်အပ်ပြီး ပြန်ဖြည့်ပါ။”
"မာယန်နဲ့ ကျန်းယွမ် အားလပ်ရက်တွေ ပြီးတဲ့အခါကျရင် မင်းတို့နှစ်ယောက်စလုံးကို ဆန်းစစ်လေ့လာဖို့အတွက် ၁ ပတ် အချိန်ပေးမယ်။ သင့်တော်တဲ့ တည်နေရာ ၁၀ ခုကို ရွေးချယ်ပြီး အကောင်းဆုံး ၄ ခုကို ပြန်ရွေးလိုက်။ အဲ့နေရာ ၄ နေရာမှာ ဆိုင်ခွဲတွေ ဖွင့်ကြမယ်။”
"တည်နေရာရွေးချယ်မှု၊ ပြန်လည်ပြုပြင်မှုနဲ့ ဆိုင်ခန်းအလှဆင်မှုတွေကို... ဒီကဖေးအတွက် လုပ်ခဲ့သလိုပဲ အကုန်လုံးကို အတိအကျလုပ်။ နားလည်လား။”
မာယန်က ရင်ဘတ်ကို ထုလိုက်ပြီး ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့ ညီအစ်ကိုချမ့် အားလုံး ငါ့တာဝန်သာထား"
အားလုံး စိတ်လှုပ်ရှားနေသည့်ပုံပင်။ ဘော့စ်ဖေးက အလကား စကားသက်သက် ပြောနေတာ မဟုတ်ပါ။ သူအရင်တုန်းက ပြောခဲ့သမျှက အကုန် အမှန်ဖြစ်လာသည်။ အလင်း၏ မြန်နှုန်းဖြင့် အားလုံးအမှန်ဖြစ်လာခဲ့သည်။
တချို့ဘော့စ်များက အပေါ်ယံ ကတိများ ပေးတာ တော်သည်။ သူတို့လုပ်မည်ပြောသည့် အရာများက အကြောင်းပြချက်တချို့ကြောင့် ဆက်တိုက် နှောင့်နှေးလေ့ ရှိသည်။ သို့သော်လည်း ဘော့စ်ဖေးကတော့ ခြားနားပါသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်လောက်ကမှ ဆိုင်ခွဲအသစ်တချို့ ထပ်ဖွင့်မည်ဟု ပြောခဲ့သည်။ ချက်ချင်းပဲ ထိုနေ့သို့ ရောက်လာခဲ့ပါပြီ။
သူတို့ သိပ်မကြာသေးခင်ကမှ ဒီဆိုင်အတွက် ယွမ် ၃ သန်းကို မြှုပ်နှံခဲ့သည်။ ဆိုင် ၄ဆိုင် ထပ်ဖွင့်ပါက ယွမ် ၁၀ သန်းကျော် ကုန်ကျလိမ့်မည်။ဒါတောင် ဘော့စ်ဖေးက မျက်မှောင်တောင် မကြုတ်ပါ။ တကယ်ပဲ သူက ကြီးမြတ်သည့် အရာများကို လုပ်ဖို့ ကံပါလာသူ ဖြစ်သည်။
သူတို့ ဒီလိုဘော့စ်မျိုးအတွက် အလုပ်လုပ်ပေးရသည်ဟူသည့် အတွေးကြောင့် စားပွဲထိုး တချို့ ဂုဏ်ယူသွားကြပါသည်။
ညွှန်ကြားချက်များ ပေးပြီးတာနဲ့ ဖေးချမ့် အသေးစိတ်အတွက် နောက်ဆုံးစကားများ ပေးခဲ့ပြီး စိတ်သက်သာစွာဖြင့် ပြန်သွားတော့သည်။
အလုပ်သမားနေ့....
ကုမ္ပဏီအား ပိတ်ထားသည်။ ကျောင်းမှာလည်း ဘာမှလုပ်စရာမရှိပေ။ ဖေးချမ့်က အိမ်ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော်လည်း သူအိမ်မပြန်ခင် ကိုယ်ပိုင်စည်းစိမ်ထဲ ၈၀,၀၀၀ လောက်ရှိသည့် ဘဏ်ကတ်ကို ထုတ်လိုက်ပြီး အနီးအနားရှိ အိမ်အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်ကို သွားလိုက်ပါသည်။
ပိတ်ရက်ရှည်ကြီးဖြစ်သဖြင့် ဆိုင်ထဲမှာ လူတော်တော်များနေပါသည်။ တကယ်တော့အားလုံး တစ်ယောက်ပခုံးတောင် တစ်ယော်က တိုက်မိနေကြပြီ။
ထိုအချိန်တုန်းက အိမ်အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းပေါ်က ဝယ်တာမျိုး ခေတ်မစားသေးပေ။ သိုလှောင်ပို့ဆောင်ရေးများကလည်း ဖွဲ့စည်းဖို့ မလွယ်ကူသေးပါ။ ဝယ်ယူပြီးနောက် ဝယ်သူကို ဝန်ဆောင်မှု ပေးရတာလည်း ခက်ခဲလှပါသည်။ ထို့ကြောင့်လည်း လူအများစုက ဆိုင်ခန်းတွေကိုသာ သွားပြီး အိမ်အသုံးအဆောင်ပစ္စည်းကဲ့သို့ စျေးကြီးသည့် အရာများကို ဝယ်ရတာ ပိုအားပေးခြင်း ဖြစ်သည်။
နှစ်အနည်းငယ်ကြာပြီးနောက် အင်တာနက် လုပ်ငန်းများ ပိုရေပန်းစားလာသည့်အခါ ထိုဆိုင်ခန်းများက နည်းပါးသွားပါလိမ့်မည်။
ဖေးချမ့်က ခြေဦးတည့်ရာ လျှောက်ကြည့်နေမိသည်။ "စျေးဝယ်ရတာ တော်တော်ခက်တာပဲဟ။ လက်ထောက်ရှင်းသာ ရှိရင် ကောင်းမှာပဲ..."
ဖေးချမ့် လက်ထောက်ရှင်းကို သတိရနေပါသည်။ သူမ သာရှိပါက ဖေးချမ့်၏ ဦးစားပေးအချက်များအလိုက် အကောင်းဆုံးဆိုင်များကို တင်ပြပေးနိုင်သည်။ ဖေးချမ့်လုပ်ဖို့ လိုတာဆိုလို့ ကတ်ဖြတ်လိုက်ဖို့သာ ဖြစ်သည်။
သို့သော်လည်း ဒီနေ့က အားလပ်ရက်ဖြစ်သဖြင့် လက်ထောက်ရှင်းလည်း ပိတ်ရက်ယူပါသည်။ တိတိကျကျပြောရပါက သူ့အိမ်အတွက် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းက သူမ အလုပ် မဟုတ်ပါ။ လက်ထောက်ရှင်းကို ဒီလိုကိစ္စမျိုးကအစ အကူအညီတောင်းဖို့ မကောင်းပေ။ စနစ်က သတိပင် ပေးနိုင်ပါသည်။
ထို့ကြောင့် ဖေးချမ့်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ပင်ပန်းတာကို တောင့်ခံပြီး တစ်ယောက်တည်း လျှောက်သွားနေရပါသည်။
တီဗီ၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အဲကွန်း...။
အိမ်က ပစ္စည်း အားလုံးနီးပါးကို ပြောင်းရမည်ဆိုတာ ဖေးချမ့် သေချာပါသည်။ သို့သော်လည်း သူတစ်ယောက်တည်း ထိုပစ္စည်းများကို ရွေးချယ်ဖို့က ခက်ခဲနေပါသည်။
အဘယ့်ကြောင့်ဆိုသော် အားလုံးက အတော်လေး ဆိုးရွားသည့်ပုံစံပေါက်နေသောာကြောင့်ပင်။
ထိုအိမ်အသုံးအဆောင်ပစ္စည်းများ၏ ဘရန်းများက ဖေးချမ့် မှတ်မိတာနဲ့ ခြားနားနေသည်။ သို့သော်လည်း ဘယ်ဟာကကောင်းပြီး ဘယ်ဟာက ဆိုးသလဲဆိုတာတော့ အကြမ်းဖျင်း မှတ်မိပါသေးသည်။ ဖေးချမ့် ခေါင်းအကိုက်ရဆုံးက ဒီလောကမှာ ဆဲလ်ဖုန်းနဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲများ တိုးတက်တာ အလွန်မြန်သော်လည်း အိမ်အသုံးအဆောင်ပစ္စည်းများကတော့ သူမှတ်မိတာတွေနဲ့ အတူတူလောက်သာ ရှိသည်။
ဖေးချမ့်က ၂၀၁၀ ခုနှစ်က အသုံးအဆောင်ပစ္စည်းများကို ၂၀၁၉ ခုနှစ်က လူတစ်ယောက်အမြင်ဖြင့် ကြည့်နေရခြင်း ဖြစ်၏။ ထို့ကြောင့် ထိုပစ္စည်းအားလုံး မသင့်တော်ဘူးဟု ခံစားရခြင်း ဖြစ်သည်။ တကယ်တော့ ထိုအိမ်အသုံးအဆောင်ပစ္စည်း ဘရန်းအကြီးစား များစွာက စျေးကွက်ထဲက မကြာခင် ထုတ်ခံရတော့မည်။ သူတို့ ကျရှုံးတော့မှာ ဖေးချမ့် သိပါသည်။ သို့သော် ထိုအသုံးအဆောင်ပစ္စည်းများကို ခေတ်မှီထုတ်ကုန်များအဖြစ် ဆိုင်မှာ တင်သွင်းထားတုန်းပင်။
ဥပမာအားဖြင့် တီဗီ။ ထိုအချိန်တုန်းက နိုင်ငံခြား တီဗီ ၄၀ လက်မများက ယွမ် ၅,၀၀၀ - ၆,၀၀၀ ဝန်းကျင်လောက် ရှိသည်။ ဖေးချမ့်အတွက် ဒါ ကနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ခံနေရသလိုပင်။ ထို ပုံတုံးတုံး ၄၀ လက်မ တီဗီများကို ယွမ် ၁,၀၀၀ ဝန်းကျင်လောက်နဲ့ ရောင်းကြတာကို မြင်နေကျဖြစ်သဖြင့် ဒီလိုတီဗီများကို ဒီလောက်စျေးနဲ့ လုံးဝ မဝယ်ချင်ပါ။
သူ ဒီလိုခံစားရတာလည်း ပုံမှန်ပဲ ဖြစ်သည်။ ဆိုရိုစကားအတိုင်းပင်။ စောစောဝယ်ပါက ကြာကြာ သုံးနိုင်သည်။ နောက်ကျမှ ဝယ်ပါက လျှော့စျေးရနိုင်သည်။ စိတ်ရှည်သည့်လူများက ကျေးကျွန် မဖြစ်တတ်ဟူသော ဆိုရိုးစကားလည်း ရှိပါသေးသည်။
ဒီလိုထုတ်ကုန်မျိုးတွေက ဖွံ့ဖြိုးမြန်ပြီး တိုးတက်လွယ်သည်။ အနာဂတ် ၁၀ နှစ်လောက်က လာခဲ့သော လူတစ်ယောက်၏ အမြင်ဖြင့် ဒီပစ္စည်းများက အနှေးနှင့် အမြန်ဆိုသလို ပြောင်းလဲတော့မည် ဖြစ်သည်။ သို့သော်လည်း သူ စောစောဝယ်ပါက စောစော အသုံးပြုနိုင်ပါလိမ့်မည်။
သူ့မိဘများ၏ အိမ်အသုံးအဆောင်ပစ္စည်းအသစ်များကို ဝယ်ယူလိုက်ပါက အနည်းဆုံးတော့ အဝတ်လျှော်စက်ကြီးမှာ အဝတ်များကို အခြောက်ခံစဥ် ထိန်းမရအောင် လှုပ်တော့မှာ မဟုတ်ဟု ဖေးချမ့် ထင်မိပါသည်။ သူတို့ ရေခဲသေတ္တာထဲမှာလည်း ပစ္စည်းတွေ ထပ်သိုလှောင်နိုင်သလို မျက်စိအတွက် သက်တောင့်သက်သာရှိသည့် တီဗီအကြီးကြီးနဲ့လည်း ကြည့်နိုင်မည်။ အားလုံးက တစ်နေ့တာ လုပ်ငန်းများ ဖြစ်သည်။ ထို့ကြောင့် ထိုအသုံးအဆောင်ပစ္စည်းများကို မြန်မြန်လဲလေ ကောင်းလေ ဖြစ်ပါသည်။
ဖေးချမ့် ဆိုင်ကို ၂ ပတ်ပတ်ကြည့်လိုက်ပြီး သူ ဝယ်ချင်သည့် အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး ဖြတ်လိုက်ပါသည်။ ချက်ချင်းပဲ ကတ်ကိုဖြတ်ကာ ဝယ်ယူမှုကို အဆုံးသတ်လိုက်သည်။
၄၂ လက်မ တီဗီတစ်လုံးက ၆,၀၀၀ ယွမ်ကျော်တန်သည်။ တံခါးနှစ်ခုပါ ရေခဲသေတ္တာများကလည်း ထိုခေတ်က ဆန်းသစ်ဆဲ ဖြစ်၏။ ယွမ် ၁၀,၀၀၀ ပေးခဲ့ရပါသည်။ အဲကွန်းတစ်လုံးကို ယွမ် ၂,၀၀၀ ဖြင့် ဝယ်ခဲ့သည်။ ကျင်းကျိုးမြို့က နွေရာသီမှာ အတော်လေး ပူတတ်သဖြင့် အဲကွန်းဝယ်ဖို့ အချိန်မှန် ဖြစ်ပါသည်။ အဝတ်လျှော်စက်တစ်လုံးကို ၃,၀၀၀ ယွမ်ကျော်ကျော်ဖြင့် ဝယ်ယူခဲ့သည်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ် ထမင်းပေါင်းအိုး၊ ဖုန်စုပ်စက်၊ တခြားအိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ခဲ့ပါသည်။ အားလုံးကို ပေါင်းလိုက်ပါက ယွမ် ၂,၀၀၀ ကျော်သည်။
ဖေးချမ့် ရွေးချယ်လိုက်သည့် အသုံးအဆောင်ပစ္စည်းတိုင်းက အပြည့်အဝ ကောင်းမွန်ပြီး အရည်အသွေးကောင်းသည့် ဘရန်းများဖြစ်ကြသည်။ ပြည်တွင်း အသုံးအဆောင်ပစ္စည်းများနဲ့ နိုင်ငံခြားထုတ် အသုံးအဆောင်ပစ္စည်းများဟူ၍ ရှိသည်။ ထို့ကြောင့် သာမန်အသုံးအဆောင်ပစ္စည်းများထက် ပိုစျေးကြီးခြင်း ဖြစ်ပါသည်။
နောက်ဆုံးတော့ အားလုံးပေါင်းလိုက်သောအခါ ယွမ် ၃၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျခဲ့ပါသည်။ ဒီလိုနဲ့ အဆုံးသတ်သွားခဲ့၏။
အသုံးအဆောင်ပစ္စည်းများကို ဝယ်ပြီးသွားသောအခါ ဖေးချမ့် ဆိုင်ကို နည်းနည်းလောက် လျှောက်ကြည့်လိုက်သေးသည်။ တံမြက်စည်းလှည်း စက်ရုပ်တစ်ရုပ်ကို မြင်သွားသည်။
၂၀၁၀ ခုနှစ်မတိုင်ခင်ကတည်းက တံမြက်စည်းလှည်း စက်ရုပ်များကို လူတွေ စတင်အသုံးပြုနေကြပြီ ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တုန်းက ဘယ်သူမှ ဒီလိုပစ္စည်းမျိုးကို မဝယ်ကြပါ။ စျေးနဲ့လည်း လုံးဝ မတန်သောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန်တုန်းက စက်ရုပ်ကို ထိန်းချုပ်နိုင်သည့် အပီလီကေးရှင်းမျိုးလည်း မရှိသေးပါ။ တစ်နည်းအားဖြင့် စက်ရုပ်များက ငတုံးများဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်ပိုင်းလောက် လူတွေအတွက် အချိန်ကော ခွန်အားကော မသက်သာစေပါ။
ဖေးချမ့်က တံမြက်စည်းလှည်းစက်ရုပ်ကို ကြည့်လိုက်ပြီး ဒီမော်ဒယ်က သိပ်မဆိုးကြောင်း တွေ့သွားပါသည်။ တံမြက်စည်းလှည်းရမည့် လမ်းကြောင်းကို သတ်မှတ်ပေးလို့မရသော်လည်း သန့်ရှင်းရေးမုဒ်များစွာ ပါဝင်၏။ ယွမ် ၃,၀၀၀ ကျော် ကုန်ကျသည်။ သူ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။သူ့ အသုံးအဆောင်ပစ္စည်းဟောင်းများကို ပြန်ရောင်းချဖို့ စျေးကို ဆွေးနွေးကြည့်သည်။ ထို့နောက် ဆိုင်က ထရပ်ကားကြီးဖြင့် သူ့အသုံးအဆောင်ပစ္စည်းသစ်များကို သူ့အိမ်သို့ သယ်သွားတာကို ကြည့်နေလိုက်ပါသည်။
ဆိုင်က သူ့အိမ်နဲ့ မဝေးပါ။ ဖေးချမ့်က စတိုးဆိုင် ထရပ်ကားနောက်မှ အိမ်သို့ လိုက်လာခဲ့ပါသည်။
"လာပါ အထဲကို ရွှေ့ပေးပါ။” ဖေးချမ့်က သူတို့ကို အသုံးအဆောင်ပစ္စည်းအသစ်များ ထားရမည့်နေရာကို ညွှန်ကြားပေးလိုက်သည်။
သူ့အမေက မီးဖိုချောင်ထဲက ပြေးထွက်လာပြီး အနည်းငယ် ကြောင်နေပါသည်။ "ဟဲ့ ဘာဖြစ်တာလဲ။ သား နင် ဒါတွေ အကုန် ဝယ်လာတာလား။”
ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ အဖေကော။”
"အလုပ်ရှင်တွေကို ဧည့်ခံဖို့ သွားတယ်။ ဒီနေ့ည နောက်ကျလိမ့်မယ်။”ဖေးချမ့်က အမေက သူမအိမ်ထဲ ရွှေ့နေကြသည့် အသုံးအဆောင်ပစ္စည်းကြီးများကို ကြည့်ကာ စိတ်ချောက်ချားလာ၏။ "ငါ့သား ဘယ်လောက်တောင် ဝယ်ခဲ့တာလဲ။ ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးခဲ့ရလဲ။”
"စိတ်မပူပါနဲ့ဗျာ။ ၂၀,၀၀၀ ယွမ်ကျော်ကျော်လောက်ပဲ သုံးခဲ့တာ။ ကျွန်တော့်ရိုက်ကူးရေးခနဲ့ ကာမိပါတယ်။ ဆိုင်နဲ့ ဒီက အဟောင်းတွေ ပြန်ရောင်းဖို့ ပြောပြီးပြီ။ သူတို့က အလဲအထပ် လက်ခံတယ်လေ။ အဲ့တာကြောင့် ပစ္စည်းအသစ်တွေအတွက် လျှော့စျေး ရလာတယ်။ စိတ်မပူပါနဲ့။”
ဖေးချမ့်က ဒီကိစ္စတွေ အကုန်လုံးကို အမြန်လုပ်ရမှာ သိနေပါသည်။ သူ့အမေကို တုန့်ပြန်ခွင့်ပေးလို့ မဖြစ်ပါ။ အိမ်အသုံးအဆောင် ပစ္စည်းသစ်အားလုံးကို သူ့အိမ်ထဲမှာ ပါကင်ဖောက်ပြီး ပစ္စည်းဟောင်းများကိုတော့ အကုန်ထုတ်ရပါမည်။
"ဒါ..."
သူ့အမေက တီဗီအသစ်ကို ကြည့်လိုက်ကြသည်။ ရေခဲသေတ္တာအသစ်ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် အဝတ်လျှော်စက်အသစ်ကို ဆန်းစစ်ကြည့်လိုက်၏။ ထိုအချိန်တွင် သူမ ဘာပြောရမှန်းတောင် မသိတော့ပါ။
"အဲကွန်းက မနက်ဖြန် မနက်ရောက်လိမ့်မယ်။ အမေ့ အိပ်ခန်းထဲမှာ တပ်မယ်။ အရမ်းပူလို့ နေ့ဘက် မအိပ်နိုင်ရင် ဖွင့်အိပ်လို့ ရတယ်။ နည်းနည်း အပူချိန်ညှိပေးလိုက်၊ အဲ့တာပဲ။”
"ဒီမှာ တံမြက်စည်းလှည်းစက်ရုပ်လေးလည်း ပါတယ်။ ဘယ်လိုသုံးရလဲ သားသင်ပေးမယ်။”
ဖေးချမ့်က အသုံးအဆောင်ပစ္စည်းသစ်များကို ဘယ်လိုသုံးရသလဲ သူ့အမေကို စတင်ရှင်းပြသည်။ တစ်ချိန်တည်းမှာပင် ညစ်ပေနေသည့် အိပ်ယာခင်းတစ်ခုကို ယူကာ အဝတ်လျှော်စက်ထဲ ပစ်ထည့်ကာ လျှော်ပြလိုက်သည်။ အဝတ်လျှောက်စက်က သိမ်မွေ့ နူးညံ့သည့် အသံများသာ ထွက်သည်။ အခြေကိုလည်း ထိန်းညှိထားပြီးသား ဖြစ်၏။ အဝတ်လျှော်စက်က ခါတောင် မခါပါ။
"ဒီအဝတ်လျှော်စက်က သုံးရ တကယ်လွယ်တာပဲ" ဖေးချမ့်က အမေက အံ့သြစွာ ပြောလိုက်ပါသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ "ဒါပေါ့ သုံးရလွယ်ရုံတင်မကဘူး။ ရေကုန်လည်း သက်သာတယ်။ ရေခဲသေတ္တာက အရင်အလုံးထက် မီတာစားသက်သာတယ်။ အသုံးအဆောင်ပစ္စည်းတွေကို လဲရတာ စျေးမပေါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သုံးစွဲမှုနဲ့ မီတာခတွေကို သက်သာစေလိမ့်မယ်။”
အမေက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်တာပေါ့။”
အလွန်လျင်မြန်စွာဖြင့် ရေခဲသေတ္တာထဲ အစားအသောက်များဖြင့် ပြည့်နှက်သွားပါသည်။ အဝတ်လျှော်စက်ထဲမှာလည်း အဝတ်များစွာ ထည့်လျှော်နေပါပြီ။ တံမြက်စည်းလှည်း စက်ရုပ်ကလည်း ကြမ်းပြင်ပေါ်မှာ လည်နေသည်။ ရုပ်သံအစီအစဥ်တစ်ခုလည်း တီဗီကြီးပေါ်မှာ လာနေသည်။
အမေက အဝတ်လျှော်စက်အသစ်ကို အလွန်သဘောကျနေပါသည်။ လျှော်စရာ အဝတ်အစားအားလုံးကို စုလိုက်သည်။ ဒီအဝတ်လျှော်စက်အသစ်ကို ကောင်းကောင်း အသုံးချချင်နေသည့်ပုံပင်။
ဖေးချမ့်က ဆိုဖာပေါ်တွင် လှဲလျောင်းလိုက်၏။ အိမ်အတွက် အနည်းငယ် ကြီးလွန်းနေသည့် တံခါးနှစ်ချပ်ပါ ရေခဲသေတ္တာကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားပါသည်။
"ဒီအိမ်သာ ဒီ့ထက်ပိုကြီးရင်..."
"ငါအရှုံးပေါ်ဖို့ ပိုကြိုးစားရတော့မယ်...။”
ပိတ်ရက်ရှည်ကြီး၏ အဆုံး ၄ ရက်မြောက်နေ့တွင်...
သူ ရုံးသို့ ပြန်ရောက်နေပြီဖြစ်သည်။ ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၅၀,၀၀၀ လောက် လျော့သွားလေပြီ။ အရှုံးပေါ်ချင်သည့် စိတ်များ ပိုပြင်းပြလာ၏။
"အပ်ဒိတ်အသစ်အတွက် အကြောင်းအရာတွေ စီစဥ်ပြီးပြီလား။” ဖေးချမ့်က လုမင်လျန်၏ အလုပ်စားပွဲနားက ဖြတ်သွားရင်း ပုံမှန်အတိုင်း မေးလိုက်ပါသည်။
လုမင်လျန်က ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်သည်။ "အားလုံး အသင့်ဖြစ်ပါပြီ ဘော့စ်ဖေး"
"ဟမ်" တစ်ခုခု လွဲနေတာကို ဖေးချမ့် သတိထားလိုက်မိပါသည်။ "မင်း အလုပ်သမားအားလပ်ရက်တွေမှာပါ အလုပ်လုပ်နေတာလား။”
လုမင်လျန်က ရပ်တန့်သွား၏။ ဘော့စ်ဖေးက ငါ့ကို စောင့်နေတာလား။
သူ လုပ်နိုင်တာ ဘာမှ များများစားစား မရှိပါ။ အချိန်ပိုမလုပ်ဘဲ မဖြစ်နိုင်ပေ။
သူ့တာဝန်ကို ဧပြီလ ၃၀ ရက်နေ့မှာ ပေးခဲ့သည်။ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိက အားလပ်ရက်ဖြစ်၏။ မေလ ၄ ရက်နေ့ဖြစ်ပြီး ပထမဆုံး အလုပ်ပြန်လုပ်ရသည့်နေ့ ဖြစ်သည်။ ဒါတောင် အစီအစဥ်ဆွဲပြီးသွားပြီတဲ့။ သူအချိန်ပိုမလုပ်ဘူးဟု ပြောပါက မည်သူယုံမည်နည်း။
လုမင်လျန်က အမြန်ရှင်းပြလိုက်၏။ "မဟုတ်ဘူး ဘော့စ်ဖေး။ ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေက အိမ်မှာ ဘာမှလုပ်စရာမရှိလို့။ အပ်ဒိတ်အသစ်အတွက် အစီအစဥ်တွေပဲ စဥ်းစားမိလို့ပါ။”
ဖေးချမ့်က မျက်နှာတည်ကြီးနဲ့ ပြောလိုက်ပါသည်။ "မင်းအိမ်မှာအလုပ်လုပ်လည်း အချိန်ပို လုပ်တာပဲ စည်းကမ်းတွေအတိုင်း အားလပ်ရက်မှာ အချိန်ပိုလုပ်တဲ့အတွက် လစာ ၃ ဆယူ။”
လုမင်လျန် "... ဟုတ်ကဲ့ပါ ဘော့စ်ဖေး။”
ဖေးချမ့် လှည့်ထွက်သွားပြီး အစည်းအဝေးခန်းမထဲ ဝင်သွားပါသည်။ "ဟုတ်ပြီ ထပ်မဖြစ်စေနဲ့။ အားလုံး အစည်းအဝေးခေါ်မယ်။ အပ်ဒိတ်အသစ်တွေအကြောင်း ဆွေးနွေးကြမယ်။”
အလွန်လျင်မြန်စွာဖြင့် ဂိမ်းဖန်တီးအဖွဲ့က လူအားလုံး ရောက်လာကြသည်။ မာယိချွမ်က အရင်တုန်းကလိုပဲ ထောင့်နားလေးမှာ တိတ်တိတ်လေး ထိုင်နေပါသည်။ သူ့မှတ်စုစာအုပ်ကို ကိုင်ထားရင်း မှတ်စုများ ရေးဖို့ အသင့်ဖြစ်နေသည်။
လုမင်လျန်က သူတို့မှာ ရှိနေပြီးသား ဂိမ်းအတွက် အစီအစဥ်များကို စတင်တင်ဆက်သည်။ မကြာသေးခင်က ဖေးချမ့် ပေးခဲ့သည့် ညွှန်ကြားချက်များနဲ့ တော်တော်လေး ဆင်တူနေပါသည်။
အထီးကျန်ကန္တာရလမ်းအတွက် အဆုံးမရှိမုဒ်၊ အတူတွဲကစားလို့ရသည့်မုဒ်နှင့် မြေပုံအသစ်များ ထည့်သွင်းမည်။ စျေးနှုန်းက တစ်ယွမ်ဖြစ်၏။
တစ္ဆေစစ်သူကြီးအတွက် စစ်သူကြီးအသစ်များ ထည့်သွင်းပြီး စျေးနှုန်းကို ၅ ယွမ်အဖြစ် သတ်မှတ်မည်။
သမုဒ္ဒရာရဲတိုက်အတွက် ဆန်းကြယ်လက်နက်အသစ်အသစ် ရှိမည်ဖြစ်ပြီး ၈၈၈ ယွမ်စျေးဖြင့် ရောင်းမည်။ တစ်လကို လက်နက် အခုရေ ၅၀၀ သာ ရောင်းရမည်ဟူသော ကန့်သတ်ချက်လည်း ရှိသေး၏။
ဂိမ်းဒီဇိုင်နာအတွက်ကတော့ ဘာသာစကားအသစ်များနဲ့ ဆက်တင်စတိုင် အသစ်တို့ ပါဝင်ပြီး ၅ယွမ်ဖြင့် ရောင်းချမည်။
တစ်ခုတည်းသော ခြားနားချက်က လုမင်လျန်၏ ရှင်းပြချက်က ဖေးချမ့်ထက် အသေးစိတ်ပိုကျခြင်း ဖြစ်သည်။ ဥပမာအားဖြင့် တစ္ဆေစစ်သူကြီးအတွက် စစ်သူကြီးအသစ်တွေထဲ ဘယ်သူတွေပါမလဲ။ ဘာအစွမ်းတွေရှိမလဲ။ ၎င်းတို့၏ ရုပ်ပုံပန်းချီက ယေဘုယျအားဖြင့် ဘယ်လိုဖြစ်မလဲ စသဖြင့် ရှင်းပြသည်။
ဒါက အသေးစိတ် ပိုကျသော အစီအစဥ် ဖြစ်ပါသည်။ ထို့အပြင် ဒီအစီအစဥ်ကို ကြည့်ခြင်းအားဖြင့် သူတို့ စုစုပေါင်း ကုန်ကျစရိတ်ကို စတင်တွက်ချက်နိုင်နေပါပြီ။