အခန်း(၁၃၉) ဆိုင်ခွဲသစ်များ၏ တည်နေရာ
Vol. 10 Ch. 139
အခန်း(၁၃၉) ဆိုင်ခွဲသစ်များ၏ တည်နေရာ
ဖေးချမ့်က အစီအစဥ်ကို စိတ်ကျေနပ်မှုရှိပါသည်။
ဘာပဲဖြစ်ဖြစ် လုမင်လျန်တွင် ဟွမ်စစ်ပေါ်မှာ မရှိခဲ့သော အဓိက အရည်အသွေး တစ်ခု ရှိသည်။ လုမင်လျန်က အလွန်အမိန့်နာခံတတ်ပြီး အပြောင်းအလဲများ မလုပ်တတ်ပေ။ ဖေးချမ့် လုပ်ခိုင်းသမျှကို ရိုးရိုးသားသားသာ လုပ်သည်။ နာမည်ရဖို့ စိတ်ကူးမရှိဘဲ အမှား မလုပ်မိအောင်သာ မျှော်လင့်သည်။
သို့သော်လည်း ထို့ကြောင့်ပဲ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ သူက စွန့်စားဝံ့သူ မဟုတ်ပါ။ ဒီအစီအစဥ်ကိုပဲ နမူနာယူကြည့်ပါ။ သုံးစွဲရမည့် ငွေပမာဏက နည်းပါးသည်။ ယခု စျေးနှုန်းကို အတည်ပြုပြီးသွားပြီဖြစ်သဖြင့် များများသုံးရလေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။
ဖေးချမ့်က တခဏတာမျှ အတွေးထဲ နစ်မြောသွားခဲ့သည်။ "အထီးကျန်ကန္တာရလမ်းရဲ့ မြေပုံအသစ်မှာ ဆက်တင်သုံးခုပဲ ပါတယ်။ နည်းလွန်းတယ်။ ထပ်ထည့်ရအောင်။ တစ္ဆေစစ်သူကြီးမှာလည်း စစ်သူကြီးအသစ် ၁၀ ယောက်တည်းလား။ မလုံလောက်ဘူး။ အယောက် ၅၀ လောက် လုပ်ရအောင်။ ဂိမ်းဒီဇိုင်နာက ဆက်တင်စတိုင်တစ်ခုပဲ ထပ်ထည့်မှာဆိုရင်တောင် အရင်တစ်ခုနဲ့ အဆင့် အတူတူပဲ ဖြစ်လို့ ရမလား။”
"ငါတို့ ရွမ်ကွမ်းကျန့်ကို တစ္ဆေစစ်သူကြီးအတွက် ရုပ်ပုံပန်းချီလုပ်ခိုင်းလိုက်ရင် ဒီ့အတွက် အချိန်အားမှာ မဟုတ်တော့ဘူး။ ရွမ်ကွမ်းကျန့်ရဲ့ အဆင့်လောက်ရှိတဲ့ ဘော့စ်ကြီး နောက်တစ်ယောက်ကို ရှာပြီး အလုပ်ချိန်ကို နှစ်ဆ တိုးလိုက်ကြရအောင်။ အလုပ်ကို တိတိကျကျနဲ့ သေသေသပ်သပ် လုပ်နိုင်ရမယ်။ ဒီစတိုင်အသစ်က အရင်တစ်ခုထက် ပိုကောင်းရမယ်။”
"သမုဒ္ဒရာရဲတိုက်အတွက်တော့... အင်း ဒီ ဆန်းကြယ်လက်နက်အသစ်အပြင် ဇာတ်ကြောင်းမုဒ်ထဲကို နောက်ထပ် ၂ နာရီစာလောက် ထပ်ထည့်ပြီး ဆက်တင်အသစ်လည်း ထည့်မယ်။ ဇာတ်ကောင်ကာရိုက်တာ အသစ် ၃ ကောင်နဲ့ လက်နက်အသစ် ၁၀ ခုလည်း ထပ်ထည့်မယ်။”
"ဒီအတိုင်းပဲ လုပ်ကြရအောင်။ ငါတို့ အမြန် အလုပ်စလုပ်မှဖြစ်မယ်။ ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် အပ်ဒိတ်တွေ အားလုံးပြီးမှ ဖြစ်မယ်။”
လုမင်လျန်ကြောင်သွားသည်။ DLC ကောင်းကောင်းမရောင်းရပါက အရင်းပြန်မကျေမှာ စိုးရိမ်သဖြင့် လုမင်လျန်က အနိမ့်ဆုံး အကြောင်းအရာအသစ်များကိုသာ စီစဥ်ထားခဲ့ခြင်းဖြစ်သည်။
လုမင်လျန်၏ အစီအစဥ်အရ ပေါင်းထည့်မည့် အကြောင်းအရာအသစ်များ၏ ပမာဏက အကန့်အသတ်တစ်ခု ရှိပါသည်။
ဥပမာအားဖြင့် အထီးကျန်ကန္တာရလမ်းကို ကြည့်လိုက်ပါ။ ဆက်တင်နမူနာအသစ်တစ်ခုကို ယွမ်၄၀,၀၀၀ ကုန်ကျပြီး မူရင်းအစီအစဥ်က ဒီလိုဆက်တင် ၃ မျိုး ထပ်ထည့်ဖို့ ဖြစ်သည်။ ဒီ့အတွက် DLC ကို တစ်ယွမ်ဖြင့်သာ ရောင်းချမည်ဆိုသဖြင့် သူတို့ အရင်းပြန်ရဖို့ DLC ၁၂၀,၀၀၀ လောက် ရောင်းထွက်မှ ဖြစ်ပါမည်။
နောက်ဆုံးတော့ ဖေးချမ့်က ချက်ချင်းပဲ ဒီပမာဏကို ဆက်တင် အသစ် ၁၀ ခုအဖြစ် ပြောင်းလဲလိုက်၏။ သူတို့အရင်းပြန်ရဖို့ DLC ၄၀၀,၀၀၀ လောက် ရောင်းရမှ ဖြစ်ပါတော့မည်။
ဒါ နည်းနည်း မများလွန်းဘူးလား။
တစ္ဆေစစ်သူကြီး၏ ရုပ်ပုံပန်းချီကို ရွမ်ကွမ်းကျန့်က ကိုင်တွယ်လိမ့်မည်။ အမှန်ပင် ရွမ်ကွမ်းကျန့်မှာ ကူညီပေးနိုင်သည့် သူငယ်ချင်းများစွာရှိသော်လည်း ရွမ်ကွမ်းကျန့်ကို မျှော်လင့်ထားတာထက် ပိုနည်းအောင်ပေးလို့မဖြစ်ပါ။
ယခင်တုန်းက တစ္ဆေစစ်သူကြီးထဲက စစ်သူကြီးများအတွက် ရုပ်ပုံပန်းချီမှာ စစ်သူကြီးတစ်ယောက်ကို ၄ ခုစီ ဖြစ်သည်။ စုစုပေါင်း ယွမ် ၃,၀၀ ၀ဖြစ်၏။ ယခု ရွမ်ကွမ်းကျန့်က အများကြီး နာမည်ပိုကြီးနေပြီဖြစ်သဖြင့် သူ့နှုန်းထားကလည်း သေချာပေါက် မြင့်တက်သွားလောက်ပါပြီ။
ဘော့စ်ဖေးက ရွမ်ကွမ်းကျန့်ဆီမှု ခင်မင်ရင်းနှီးမှု လျှော့စျေးကို မတောင်းခံစေဘဲ စျေးကွက်နှုန်းအတိုင်းသာ ပေးဖို့ ပြောထားသည်။ ဆိုလိုရင်းက ရုပ်ပုံပန်းချီတစ်စုံစီကို ယွမ်၅,၀၀၀ ကုန်ကျပါလိမ့်မည်။
စစ်သူကြီး အယောက် ၅၀ ဆို ၂၅၀,၀၀၀ ကျလိမ့်မည်။ ထိုစစ်သူကြီးများကို ၅ ယွမ်ဖြင့် ရောင်းချမည်ဆိုသောကြောင့် အရင်းပြန်ရဖို့ ၁၀၀,၀၀၀ ရောင်းရမှ ဖြစ်မည်။
သမုဒ္ဒရာရဲတိုက်အတွက်ကတော့ ဇာတ်လမ်းအသစ်၊ ဆက်တင်အသစ်၊ ဇာတ်ကောင်အသစ်၊ လက်နက်အသစ်... အားလုံးနီးပါးကို ကစားသမားများက အခမဲ့ပေးနေသလို ဖြစ်နေပါသည်။ စျေးသတ်မှတ်နိုင်သည့် တစ်ခုတည်းသောအရာက ဆန်းကြယ်လက်နက်အသစ်သာဖြစ်၏။ သို့သော် ထိုလက်နက်ကလည်း လစဥ်အကန့်အသတ်ဖြင့် ရောင်းချမှာပဲ ဖြစ်ပါသည်။
"ဘော့စ်ဖေး... ဒီလိုဆို... ကျွန်တော်တို့ အရင်းပြန်မရလောက်ဘူးနော်...." လုမင်လျန်က သူ့မှတ်စုစာအုပ်ထဲမှာ အမြန်တွက်ချက်ကြည့်လိုက်ပြီး စတင်စိတ်ပူပန်လာသည်။
ဖေးချမ့်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။ "အဲ့လို မဖြစ်ပါဘူး။ မှတ်ထား။ ငါတို့လူတွေအပေါ်မှာ ရိုးသားရမယ်။ မင်းကစားသမားတွေကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့အခါ ကစားသမားတွေကလည်း အဲ့ဒီရိုးသားမှုကို တန်ပြန်တတ်တယ်။ ပြီးတော့လည်း ငါတို့ ပိုက်ဆံပြန်မရလည်း ဘာဖြစ်လဲ။ ငါတို့ကစားသမားတွေက ငါတို့ကို ပိုက်ဆံတွေ ဒီလောက်တောင် ပေးပြီးသွားပြီ။ ငါတို့ သူတို့ကို ပြန်ပြီး အလျော်ပေးရမှာပေါ့။”
လုမင်လျန်က ကြောင်စီစီဖြင့် မျက်တောင်ခတ်လိုက်ပါသည်။ ဘော့စ်ဖေး၏ စကားလုံးများက မှန်သလိုလိုရှိပြီး သူ့ကို အလင်းပြပေးလိုက်သလို ခံစားရပါသည်။
သို့သော်လည်း တစ်ခုခုတော့ လွဲနေသည်ဟုတော့ ခံစားမိနေဆဲ ဖြစ်၏။
"ဟုတ်ပြီ။ အချိန်က အရေးကြီးတယ်။ တာဝန်တွေကို မြန်မြန် ခွဲပေးလိုက်တော့။ ငါတို့ အဲ့တာတွေကို ဇွန်လ ၁၈ ရက်နေ့ မတိုင်ခင် ပြီးရမယ်နော်။”
ဖေးချမ့်က ဇွန်လ ၁၈ ရက်နေ့ကို Deadline အဖြစ် ရွေးချယ်လိုက်ခြင်းမှာ နောက်ထပ် ငွေစာရင်းရှင်းချိန် မရောက်မှီ နောက်ဆုံး အလုပ်လုပ်ရမည့်နေ့ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၁၉ရက်နဲ့ ၂၀ ရက်နေ့က ပိတ်ရက်များ ဖြစ်ပြီး ဖေးချမ့်က ၂၁ မှ ၂၃ ရက်အတွင်းကို တစ်ခုခုဖြစ်ခဲ့သည်ရှိသော် လိုရမယ်ရ အချိန်ပိုချန်ထားခြင်း ဖြစ်သည်။
၂၄ ရက်နေ့မတိုင်ခင် အလုပ်အားလုံးကို ပြီးဆုံးအောင်လုပ်ရပြီး DLC များကိုလည်း အသစ်ပြန်လုပ်ရမည်။ မဟုတ်ပါက ငွေစာရင်းရှင်းချိန်ကို ထိခိုက်စေလိမ့်မည်။
ဖေးချမ့်က အစည်းအဝေးခန်းထဲမှ စိတ်ပေါ့ပါးစွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်သွားသည်။ လုမင်လျန််ကတော့ အသည်းအသန် လုပ်ငန်းများ ခွဲဝေပေးဖို့ ပြင်ဆင်ပါသည်။
ဒီတစ်ခေါက် အလုပ်တာဝန်များက အရင်တစ်ခေါက်ကထက် များသော်လည်း အများစုက ပန်းချီရင်းမြစ်များနဲ့ ဆိုင်သည်။ သူတို့နည်းနည်းလောက် လောလောလေး လုပ်လိုက်ပါက ပေးထားသည့် Deadline အတွင်း အားလုံးကို ပြီးဆုံးအောင် လုပ်နိုင်လိမ့်မည်။
တစ်ခုတည်းသော ပြဿနာက သူတို့ သုံးစွဲမည့်ငွေမှာ တော်တော်လေး များပြားနေသောကြောင့်ပင်။
မေလ ၆ ရက်နေ့ ကြာသပတေးနေ့...
မာယန်နဲ့ ကျန်းယွမ်တို့ ဖေးချမ့်၏ ရုံးခန်းဆီလာခဲ့ပြီး သူတို့ လေ့လာထားသည့် တည်နေရာတချို့ကို တင်ပြခဲ့ပါသည်။ မာယန်၏ လက်ပ်တော့ကို ရုံးထဲက ပရိုဂျက်တာနဲ့ ချိတ်ဆက်ထားပြီး တည်နေရာများ၏ အသေးစိတ်ကို ပြသနေပါသည်။
ဒီတစ်ခေါက် ကျန်းယွမ်က အလုပ်အများစုကို လုပ်ရသည်။ တည်နေရာကောင်းသည့် နေရာများကို ရွေးချယ်ရသည်။ မာယန်လည်း ကြိုးစားပါသည်။
ဆိုင်ခွဲအသစ်များဖွင့်ဖို့အတွက် ဖေးချမ့်က တည်နေရာ ရွေးချယ်မှု ၁၀ ခုကို တောင်းဆိုထားသည်။ အားလုံးကို တွေ့ပြီးပါပြီ။
ဒီတစ်ခေါက် ကျန်းယွမ်က အများကြီး စိတ်ရှုပ်ရ၏။
ဘာလို့ ဘော့စ်ဖေးရဲ့ တခြားပရောဂျက်တွေက အရမ်းအဆင်ပြေနေပြီး ယွီအင်တာနက်ကဖေးတစ်ခုတည်းကပဲ ကွက်ပြီး အရှုံးပေါ်နေရတာလဲ။
ရှက်ဖို့ကောင်းလိုက်တာ။
ပြီးတော့ ဘော့စ်ဖေးက ငါတို့ကို အရမ်းအထင်ကြီးပြီး ယုံကြည်ထားတာ။ ငါတို့ ဒီတစ်ခေါက် တကယ်ကြိုးစားပြီး အရှုံးတွေကို အမြတ်အဖြစ် ပြန်ပြောင်းလဲရမယ်။
ဒီတစ်ခေါက် ဆိုင်ခွဲများကို ဖွင့်လှစ်ခြင်းက အခွင့်အရေးကောင်း ဖြစ်သည်။ ကျန်းယွမ်၏ အမြင်အရ လက်ရှိ အင်တာနက်ကဖေး ဆက်တိုက် အရှုံးပေါ်နေရသည့် အဓိကအကြောင်းအရင်းမှာ တည်နေရာကြောင့် ဖြစ်နိုင်ပါသည်။
အနီးအနားမှာ ကြီးမားကျယ်ပြန့်သည့် စီးပွားရေး ရပ်ကွက်လည်း မရှိသလို အဆင့်မြင့် ရုံအးဆောက်အဦးကြီးများလည်း ရှိမနေပါ။ အဆင့်မြင့် အိမ်ရာကြီးတွေနားမှာလည်း မဟုတ်ပေ။ ကီလိုမီတာဝန်းကျင် အနည်းငယ်အတွင်း လူစည်ကားမှုနဲ့ အားပေးသူ လုံလုံလောက်လောက် မရှိဘဲ ဒီအဆင့်မြင့် အင်တာနက်ကဖေးကြီးက ဘယ်လိုလုပ် ရှေ့ဆက်နိုင်မည်နည်း။
သူဌေးတွေ အရက်သောက်ဖို့လောက်နဲ့ ဒီအထိ ကာမောင်းလာကြဖို့တော့ မျှော်လင့်လို့ မရဘူးမလား။
အမှန်ပင်။ တချို့ အထင်ကြီးစရာ ဘားများကတော့ ဒီလိုဖြစ်လာအောင် လုပ်နိုင်ကြသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးက သာမန်ဘားမဟုတ်ဘဲ အင်တာနက်ကဖေး၊ ကော်ဖီအိမ်၊ စားသောက်ဆိုင်၊ စာအုပ်ဆိုင် စသဖြင့် အကုန်ရောစပ်ထားခြင်း ဖြစ်သည်။ ထူးထူးခြားခြား ရောင်းအားကောင်းနိုင်မည့်အချက်မရှိဘဲ လူတွေကို အဝေးကြီးက လာအောင် မခေါ်နိုင်ပါ။ သိပ်မတန်ပေ။
ထို့ကြောင့် ကျန်းယွမ် စဥ်းစားနေတာကြာပြီဖြစ်ပြီး တည်နေရာကောင်းကောင်းရှာဖို့ အများကြီး အားထုတ်ခဲ့ပါသည်။ လူစည်ကားသည့် စီးပွားရေးနယ်မြေတွေထဲမှာပဲ ဖြစ်ရမည်။
"ဘော့စ်ဖေး ကျွန်တော် ဒီနေရာ ၃ နေရာကို ထောက်ခံပေးချင်ပါတယ်။”
"ဒီတစ်ခုက ဟန်တုန်းတက္ကသိုလ်ရဲ့ တောင်ပိုင်း ဂိတ်ပေါက်နားမှာပါ။ ယောက်ျားလေး အဆောင်တချို့နဲ့ နီးပြီး သူ့ရဲ့ မျက်နှာချင်းဆိုင်မှာလည်း အဆင့်မြင့်အိမ်ရာတစ်ခု ရှိတယ်။”
"အင်တာနက်ကဖေးတချို့ ရှိပြီးသားဆိုပေမယ့် လူတွေနဲ့ အမြဲစည်ကားနေတာပါ။ ကျွန်တော်တို့ ယွီအင်တာနက်ကဖေးရဲ့ ပတ်ဝန်းကျင်အခြေအနေက ကောင်းမွန်ပြီး ကွန်ပျူတာတွေကလည်း အဆင့်မြင့်တွေပဲမလို့ သေချာပေါက် ဂိမ်းကစားရတဲ့ ပတ်ဝန်းကျင်ကို ကြေးများတတ်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဆွဲဆောင်နိုင်မှာပါ။ ငွေဖြုန်းနိုင်တဲ့ ဒုတိယမျိုးဆက်သူဌေးသားတွေလည်း ပါတယ်။”
"ဒီနေရာက အစတုန်းက ကော်ဖီဆိုင်ပါ။ ကျွန်တော်တို့ အင်တာနက်ကဖေးတည်ဆောက်ပုံနဲ့လည်း ကိုက်ညီမှုရှိတယ်။ မြေဧရိယာကလည်း မသေးဘူး။ ဒါ ကျွန်တော် ပထမဆုံး ထောက်ခံပေးချင်တဲ့ နေရာပါပဲ။”
ဖေးချမ့်က ဘာမှမပြောပါ။ ဒီနေရာကို သူ ကောင်းကောင်းသိသည်။ သူက ဟန်တုန်း တက္ကသိုလ်မှာ ပညာသင်နေတာဖြစ်ပြီး လက်ထောက်ရှင်း ငှားပေးထားသည့် တိုက်ခန်းကလည်း ဒီလမ်းမျက်နှာချင်းဆိုင်မှာပဲ ဖြစ်သည်။
ထိုနေရာက အင်တာနက်ကဖေးများက အမြဲတမ်း လူတွေနဲ့ ပြည့်ကြပ်နေတတ်သည်။ ကျန်းယွမ် ပြောတာ မှန်ပါသည်။
သို့သော် ဖေးချမ့်ကတော့ သေချာပေါက် ဒီနေရာကို ရွေးမှာ မဟုတ်ပေ။ ဒီနေရာကိုသာ ရွေးလိုက်ပြီး သူတို့ငွေတွေ ဝင်လာပါက ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။
ဖေးချမ့် ဘာမှ မတုန့်ပြန်တာကို မြင်သောအခါ ကျန်းယွမ် နောက်တစ်နေရာကိုသာ ဆက်လက် ညွှန်းပေးနိုင်တော့သည်။
"ဒီနေရာက ကျင်းကျိုးမြို့ရဲ့ အကြီးမားဆုံး ရှော့ပင်းမောလ်ကြီးထဲက ပထမထပ်မှာပါ။ တစ်ခုတည်းသော အပြစ်က ငှားရမ်းခ အရမ်းစျေးကြီးတာပဲ။ ဒါပေမယ့် ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ ဒီမောလ်ကြီးထဲမှာ အနားယူပြီး အပန်းဖြေလို့ရတဲ့ နေရာ များများစားစား မရှိဘူး။ မိန်းမတို့ ကောင်မလေးတို့ကို လိုက်ပို့တဲ့ ယောက်ျားလေးတွေ ပင်ပန်းတဲ့အခါ နားဖို့ နေရာ မရှိပါဘူး။ အဲ့တာ စိတ်မကောင်းစရာပဲ။”
"ကျွန်တော်တို့ ဒီမှာ အင်တာနက်ကဖေးတစ်ခု ဖွင့်လိုက်ရင် အဲ့ဒီအောင်မြင်တဲ့ မိန်းမတွေကို လိုက်ပို့တဲ့ အဲ့ဒီအောင်မြင်တဲ့ ယောက်ျားတွေ ပင်ပန်းတဲ့အခါ အင်တာနက်လေးလာသုံး ကော်ဖီလေးလာသောက်လို့ရတယ်။ သူတို့ သုံးစွဲနိုင်စွမ်းကလည်း မသေးလောက်ဘူး။”
"ဒီလူစည်ကားနှုန်းကိုကြည့်ခြင်းအားဖြင့် ငှားရမ်းခက မြင့်ရင်တောင် ကျွန်တော်တို့ သေချာပေါက် အမြတ်ရနိုင်မှာပါ။”
ဖေးချမ့်က ဘာမှ မတုန့်ပြန်ဆဲဖြစ်သည်။
ကျန်းယွမ်က ပို၍ပင် စိတ်ဖိစီးလာပြီး တခြား နေရာများကို ဆက်လက် တင်ပြပေးပါသည်။ စာရင်းအောက်သို့ရောက်လာလေလေ နေရာများက ပိုပိုပြီး ဆိုးလာလေလေဖြစ်သည်။
မတတ်နိုင်ပါ။ ဖေးချမ့်က ယွီအင်တာနက်ကဖေးကို ကျင်းကျိုးမြို့အတွင်းမှာသာ ဖွင့်ရမည်ဟု သတ်မှတ်ထားပြီး တောင်းဆိုချက်တွေလည်း အများကြီးရှိသောကြောင့် ငှားမည့် ဆိုင် ဒီလောက် အများကြီး ကျန်းယွမ်ရှာဖို့တောင် မလွယ်ကူခဲ့ပါ။
ကျန်းယွမ် နေရာအားလုံးကို မိတ်ဆက်ပေးပြီးသောအခါ စိတ်မသက်သာစွာဖြင့် ဖေးချမ့်ကို ကြည့်လိုက်ပါသည်။ ဘော့စ်ဖေးက စကားတစ်ခွန်းတောင် မပြောပါ။ ဒါ ဘာသဘောလဲ။ သူ မပျော်တာလား။
ဖေးချမ့်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်လိုက်သည်။ "မဆိုးပါဘူး။ မင်းကြိုးစားခဲ့တာပဲ။”
ကျန်းယွမ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်မိပါသည်။
ဖေးချမ့် မပျော်တာမဟုတ်ဘူးပဲ။ တော်သေးတာပေါ့။
ဖေးချမ့်က ပရိုဂျက်တာကို ကြည့်လိုက်ပြီး ချီးကျူးလိုက်ပါသည်။ "မင်းတင်ပြတဲ့အထဲက နောက်ဆုံး ၄ နေရာက မဆိုးဘူးလို့ ထင်တယ်။”
နောက်ဆုံး ၄ နေရာ ဟုတ်လား။
ကျန်းယွမ် မျက်နှာပြင်ကိုကြည့်လိုက်ပြီး ဘော့စ်ဖေးကို ပြန်လှည့်ကြည့်လိုက်သည်။ သူ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။
ဒါတွေက... ဘော့စ်ဖေးရဲ့ ၁၀ နေရာပြည့်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ပြည့်ရုံသက်သက် ထည့်ထားတဲ့ ဆိုင်တွေလေ၊။