အခန်း(၁၄၀) ရှန်းယန်ဂိမ်းကုမ္ပဏီအား အနီးကပ် လေ့လာခြင်း
Vol. 10 Ch. 140
အခန်း(၁၄၀) ရှန်းယန်ဂိမ်းကုမ္ပဏီအား အနီးကပ် လေ့လာခြင်း
ကျန်းယွမ်က သူတင်ပြထားသည့် ပထမဆုံး ဆိုင်သုံးဆိုင်ကို အကြိုက်ဆုံး ဖြစ်ပါသည်။ ထိုသုံးဆိုင်သာဆို သေချာပေါက် ဝင်ငွေကောင်းနိုင်မှန်း ယုံကြည်ချက်ရှိသည်။ စာရင်းအောက်ဘက်ရှိ ၄ နေရာမှ ၆ နေရာလောက်ထိကလည်း သိပ်မဆိုးကြသေးပေ။ အရှံးပေါ်နိုင်သော်လည်း အရမ်းကြီး ဆိုးဝါးမှာတော့ မဟုတ်ပေ။
နောက်ဆုံး ၄ နေရာကတော့ ယွီအင်တာနက်ကဖေး မူရင်းဆိုင်ထက်ပင် တည်နေရာ ပိုဆိုးကြပါသည်။ ၁၀ နေရာပြည့်ရုံသာ ထည့်ထားသည့် နေရာများ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က ၁၀ နေရာ ပြည့်ရမည်ဟူသော ကန့်သတ်ချက်ကို တိတိကျကျ သတ်မှတ်ထားသောကြောင့် ဖြစ်၏။
ကျန်းယွမ်က အနည်းငယ် ဒုက္ခများနေသည်။ နောက်ဆုံးတော့ ထုတ်ပြောလိုက်ပါ၏။ "ဘော့စ်ဖေး ဒီ ၄နေရာက မကောင်းတာတော့ မဟုတ်ပေမယ့် ပထမ ၃ နေရာလောက် မသင့်တော်ဘူးထင်တယ်...။”
ကျန်းယွမ်က ဒီ ၄ နေရာကို တိုက်ရိုက်ကြီး မကောင်းမပြောပါ။ ဒါတွေက မာယန် တင်ပြထားသည့် စာရင်းထဲမှာ ပါနေသည်။ ဆိုင်တွေက မကောင်းဘူးဟု ပြောလိုက်ပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။
ဘာလို့ မကောင်းတဲ့ဆိုင်နေရာ ၄ ခုကို အစကတည်းက ထည့်ထားတာလဲဟု ဘော့စ်ဖေး မေးလာပါက သူတို့ ဘယ်လိုပြန်ဖြေရမည်နည်း။ ထို့ကြောင့် ကျန်းယွမ်က ဘော့စ်ဖေးကို ပထမ ၃ ဆိုင်က ပိုကောင်းတယ်ဆိုတာ အရိပ်အမြွက်ပေးဖို့ သွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုခဲ့ပါသည်။
ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး အားအင်ပြည့်ဝစွာဖြင့် ပရိုဂျက်တာ မျက်နှာပြင်ဆီ လျှောက်သွားပြီး ထိုနေရာများကို အသေးစိတ် ကြည့်ရှုလိုက်ပါသည်။ "ငါကတော့ ဒီနေရာ ၄ ခုက တကယ်မဆိုးဘူးလို့ ထင်တယ်။”
"ယွီအင်တာနက်ကဖေးက လူတွေကို လာဖို့ လွယ်ကူတဲ့နေရာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ပေးသင့်တယ်လို့ ငါထင်တယ်။ သူတို့ တွေ့လိုက်ရတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုမျိုးကို လူတွေကို ခံစားစေချင်တာ။”
"လူစည်ကားနေတဲ့ မြို့နေရပ်ကွက်တွေမှာ ဆိုင်ခွဲတွေကို ဖွင့်ရမှာလား။ မဟုတ်သေးဘူး။ အဲ့တာဆို အရမ်းဆူညံနေမှာပေါ့။ ငါတို့ အင်တာနက်ကဖေးနဲ့ ကိုက်ညီမှု မရှိဘူး။ ငါတို့ အင်တာနက်ကဖေးရဲ့ မုဒ်က တိတ်ဆိတ် အေးချမ်းတဲ့ မုဒ်လေ။ အဲ့တာ ငါတို့အစကတည်းက ဆုံးဖြတ်ထားတဲ့ သွင်ပြင်လက္ခဏာပဲ မဟုတ်ဘူးလား။”
"ငါတို့က ဆေးလိပ်သောက်တာကို တားမြစ်ထားပြီး ကွန်ပျူတာလည်း အလုံး ၅၀ ပဲရှိတယ်။ ပုံပြင်စာအုပ်တွေအများကြီးရှိတယ်။ ပြီးတော့ ညဘက်ကျရင် ဖျော်ဖြေပွဲတွေပါ ရှိသေးတယ်။ ဆိုတဲ့သီချင်းတွေကတောင် ရော့ခ်သီချင်းတွေ မဟုတ်ဘူး၊ ရိုးရာတေးသီချင်းတွေ။ အကုန်လုံးက ငါတို့ အင်တာနက်ကဖေးရဲ့ မုဒ်ကို အထောက်အကူပြုပေးနေတာပဲ။”
"ငါတို့တွေ တခြားလူတွေလိုပဲ လူစည်ကားတဲ့နေရာမှာ ဖွင့်လိုက်ရင် ငါတို့အင်တာနက်ကဖေးက ဗရုသုက္ခ အသီးအရွက်စျေးလို ဖြစ်မသွားဘူးလား။ ငါတို့ရဲ့ လက္ခဏာနဲ့ လုံးဝ ကွာခြားနေပြီး ထန်းတာ့ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေတယ်။”
ကျန်းယွမ် ကြက်သေ သေသွားသည်။
ထန်းတာ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့တော့ ဘော့စ်ဖေးက ပြောလာတယ်လား။ ဘော့စ်ဖေး ငါ့အပေါ်ပုံချနေတဲ့ တာဝန်တွေကို ငါမယူနိုင်တော့ဘူး။
ဖေးချမ့်က နောက်ဆုံး နေရာ ၄ နေရာကို ညွှန်ပြလိုက်ပါသည်။ "အဲ့ဒီနေရာတွေက ပိုကောင်းတယ်။ တိတ်ဆိတ်တယ်။ အေးချမ်းတယ်။ လူတစ်ယောက်ရဲ့ စိတ်ကို ရှင်းလင်းစေပြီး ဘဝအကြောင်း သုံးသပ်ဖို့ အထူးကောင်းမွန်တဲ့ နေရာတွေပဲ။”
ကျန်းယွမ်က ပို၍ပင် အံ့သြသွားပါသည်။ ဘာလို့ ကတ်စတမ်မာတွေက ဘဝအကြောင်း သုံးသပ်ရမှာလဲ။ ကတ်စတမ်မာတွေကို ပိုက်ဆံပိုသုံးချင်စိတ်ပေါ်အောင် လုပ်ရမှာ မဟုတ်ဘူလား။
ဖေးချမ့်က ဆက်ပြောသည်။ "ပြီးတော့လည်း ပိုအရေးကြီးတာက ဒီတည်နေရာ ၄ ခုရဲ့ မြေနေရာက တော်တော်လေး ပြည့်စုံတယ်။ အရမ်းကျယ်ပြီး ငါတို့ကတ်စတမ်မာတွေကို နေရာပိုပေးနိုင်တယ်။ ဒီလိုရသမျိုးက အရမ်းအရေးကြီးတာ။”
ကျန်းယွမ် ဆွံ့အနေပါပြီ။
ဒီနေရာ ၄ ခုရဲ့ မြေနေရာက ကျယ်တယ်ဟုတ်လား။ ကျယ်မှာပေါ့၊ အဲ့တာတွေက ကော်မာရှယ်ရပ်ကွက်တွေနဲ့ နီးမှ မနီးတာ။ ပြီးတော့ မြေကလည်း စျေးပေါတယ်။ မြေနေရာ ကျယ်တာ ပုံမှန်ပဲပေါ့။
ကျန်းယွမ်က ထပ်ပြီး ရှင်းလင်းပြဖို့ တွေးမိပါသေးသည်။ သို့သော်လည်း ဖေးချမ့်က သူ့ထိုင်ခုံသူ ပြန်သွားပါပြီ။ "ဒီတစ်ခေါက် မင်းတို့ နှစ်ယောက် အရမ်းတော်တယ်။ ဒါဆို ငါတို့ အဲ့ဒီ ၄ နေရာမှာ အခြေချကြတာပေါ့။”
ပါးစပ်ထဲက ထွက်လာခါနီး စကားလုံးများကို ကျန်းယွမ် ပြန်မျိုသိပ်လိုက်ပါသည်။
"မင်းတို့ပြန်ရင် ဆိုင်ခွဲမန်နေဂျာတွေကို ဘယ်ဆိုင်ခွဲကို စီမံချင်သလဲ ရွေးခိုင်းလိုက်ဦး။ အများကြီး ပြန်ပြုပြင်ရမယ့် ဆိုင်တွေကို ဦးစားပေးမယ်။ သိပ်ပြီး ပြောင်းလဲစရာမလိုတဲ့ ဆိုင်တွေကို နောက်ပို့လိုက်။ ငွေလွှဲဖို့ အချိန်ရောက်ပြီဆိုရင် လက်ထောက်ရှင်းကိုပဲ ဆက်သွယ်လိုက်။”
ထိုဆိုင်ခွဲ ၄ ခု၏ တည်နေရာများက လက်ရှိ မူရင်းဆိုင်ထက် ပို၍ပင် လူသူကင်းမဲ့သဖြင့် ငှားရမ်းခများက သေချာပေါက် ပိုစျေးပေါလိမ့်မည်။
သို့သော် ဖေးချမ့်မှာလည်း လောလောဆယ် လက်ထဲမှာ ငွေအများကြီး မရှိသေးပါ။ အများဆုံး ဆိုင် ၂ ဆိုင်လောက်သာ အရင်ဖွင့်နိုင်သည်။ လက်ရှိ ဂိမ်းများထံမှ ဝင်ငွေတချို့ကို ရပြီးနောက် ထိုငွေများကို ကျန် ၂ဆိုင် ဖွင့်ဖို့ သုံးနိုင်ပါသည်။
သို့သော် ဒီကိစ္စကိုလည်း လောဖို့ မလိုအပ်ပါ။ ၂ လလောက် ကျန်နေပါသေးသည်။ နောက်ထပ် ငွေစာရင်းရှင်းချိန် မတိုင်ခင် တစ်ပတ်အလိုတွင် အားလုံး ဖွင့်နိုင်ပါက အဆင်ပြေပါသည်။
ကျန်းယွမ်က မာယန်ကို ဘော့စ်ဖေးအား ထပ်ပြီး ဖျောင်းဖျချင်သေးလား ဟူသည့်သဘောဖြင့် လှမ်းကြည့်လိုက်ပါသည်။
မာယန်က အရိပ်အကဲနားလည်သည့်ပုံစံဖြင့် ဖေးချမ့်ရှေ့ကို လျှောက်သွားလိုက်ပါသည်။
"ဟုတ်ပြီ ညီအစ်ကိုချမ့်။ ငါတို့ ဒါတွေ သွားကိုင်တွယ်လိုက်တော့မယ်။ ဘာမှ အလွဲအချော် မရှိစေရဘူး။”
ကျန်းယွမ် "..."
ငါမင်းကို ကြည့်တဲ့သဘောက ဒါ မဟုတ်ဘူးကွာ။
သို့သော်လည်း မာယန်က ပြောလိုက်ပြီဖြစ်သဖြင့် မာယန့်နောက်ကလိုက်ပြီး စိတ်ပျက်လက်ပျက် ရုံးခန်းထဲက ထွက်သာထွက်လာနိုင်တော့သည်။
ကျန်းယွမ်က သူ့လက်ပ်တော့ကို ဖက်ထားပြီး စိတ်ထဲမှာလည်း စိတ်ဓာတ်ကျနေပါသည်။ ဒီကမ်းလှမ်းချက်များအတွက် သူအလွန်ကြိုးစားခဲ့သည်။ နေရာတိုင်းဆီကို သွားရောက်ပြီး သေသေချာချာ တွက်ချက်မှုများ ဆောင်ရွက်ခဲ့၏။ ပထမ ၃ နေရာကို သူထပ်ခါထပ်ခါ အတည်ပြုထားပြီး အမြတ်ရမှာ သေချာသလောက်ရှိသည်ဟုပင် ဆိုနိုင်ပါသည်။
နောက်ဆုံး ၄ နေရာက ၁၀ ခုပြည့်ရုံသာဖြစ်ပြီး အများကြီး အားမစိုက်ခဲ့ပါ။ နောက်ဆုံးတော့ ဖေးချမ့်က သေချာတောင် မကြည့်ဘဲ ထိုနေရာ ၄ နေရာကို ရွေးချယ်ခဲ့ပါသည်။
တကယ့်ကို... ဒေါသထွက်ဖို့ကောင်းပါသည်။
ဒီလိုဆုံးဖြတ်တာ တခြားဘော့စ်တစ်ယောက်သာဆို ကျန်းယွမ် ထိုဘော့စ်ကို အားကိုးလို့မရသည့်အတွက် ဆဲဆိုဝေဖန်မိလောက်သည်။
အမှန်ပင်။ ကျန်းယွမ်က စိတ်ထဲမှာပဲ ဝေဖန်မှာ ဖြစ်သည်။ သူ အလုပ်မပြုတ်ချင်ပါ။ ဒီလို လစာမျိုး တခြားနေရာမှာလည်း မရနိုင်ပေ။
သို့သော်လည်း ဒီဆုံးဖြတ်ချက်ချတာ ဘော့စ်ဖေးဖြစ်သဖြင့် ကျန်းယွမ် ဘာမှ အငြှိုးမထားတော့ပါ။ ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကို နားလည်ရလောက်အောင် သူ ဉာဏ်မကောင်းဘူးဟုသာ ပြောနိုင်ပါတော့သည်။
ဘော့စ်ဖေးက တည်နေရာ မရွေးတတ်ဘဲ နေပါ့မလား။
သေချာပေါက် ရွေးတတ်ပါသည်။ ဘာကြောင့် အမြတ်ရမှာ သေချာသည့် နေရာတွေကို မရွေးခဲ့တာလဲ ဆိုတာကတော့ ဘော့စ်ဖေးမှာ တခြား အတွေးတွေရှိလို့ ဖြစ်နိုင်သည်။
ကျန်းယွမ်က ခဏလောက် စိတ်ဓာတ်ကျသွားသော်လည်း ဆိုင်ခွဲသစ်များဖွင့်ဖို့ ပြင်ဆင်ရန်နဲ့ ငှားရမ်းခများ ဆွေးနွေးရန် မာယန်နဲ့ လိုက်သွားရင်း အတွေးများကို ထုတ်ပစ်လိုက်ပါတော့သည်။
ဖေးချမ့်က ရွေးချယ်လိုက်သည့် နေရာများကို အလွန်အားရ ကျေနပ်မှု ရှိပါသည်။ သူသာ ဒီတိုင်း ဆက်သွားပါက ထိုဆိုင်ခွဲများက မူလဆိုင်ထက်ပင် ပိုပြီး အရှုံးပေါ်နိုင်ပါသည်။ ဖြစ်နိုင်သည်။ မူရင်းဆိုင်အနေဖြင့် ပထမဆုံး တည်နေရာက ရောင်းအား အကောင်းဆုံး ဖြစ်ရမည်။ မဟုတ်ပါက မူရင်းဆိုင်ဟုခေါ်နိုင်မှာ မဟုတ်ပေ။
အပန်းဖြေကာ လက်ဖက်ရည် ခဏလောက် သောက်ပြီးနောက် လက်ထောက်ရှင်းက တံခါးခေါက်ပြီး ဝင်လာပါသည်။ "ဘော့စ်ဖေး ရှန်းယန်ဂိမ်းကုမ္ပဏီနဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ ရလာပါတယ်။ ဘော့စ်ဖေး စစ်ကြည့်ချင်လား။”
ဖေးချမ့် ချက်ချင်း စိတ်အားထက်သန်သွား၏။ "ကြည့်မယ်။”
ဖေးချမ့်က လတ်တလော ဒါကို အာရုံအစိုက်ထားဆုံး ဖြစ်ပါသည်။ ရှန်းယန်ဂိမ်းကုမ္ပဏီကို သူသာ ဝယ်နိုင်လိုက်ပါက ယွီအင်တာနက်ကဖေး ပြီးနောက် ဒုတိယ တည်မြဲသည့် အရှုံးရင်းမြစ်တစ်ခု ရလာပါလိမ့်မည်။ အချိန်အကြာကြီး အကျိုးကျေးဇူးပြုနေမည့်အရာမျိုး ဖြစ်၏။
လက်ထောက်ရှင်းက ဖိုင်တွဲတစ်ခုကို ဖေးချမ့်အား ပေးလိုက်သည်။ ဖေးချမ့်က ဖတ်နေကာ လက်ထောက်ရှင်းက စတင်ရှင်းပြပါသည်။
"ရှန်းယန်ဂိမ်းက ဝန်ထမ်း ၅၂ ယောက်ရှိတဲ့ ပရိုက်ဗိတ် ကုမ္ပဏီတစ်ခုပါ။ လက်ရှိ ရှန်းယွမ်ဂိမ်းကုမ္ပဏီမှာ ဂိမ်းနှစ်ခုရှိတယ်။ တစ်ခုက Romantic Taoist လို့ ခေါ်ပါတယ်။ စီးပွားရေး ဂိမ်းတစ်ခုပါ။ နောက်တစ်ခကတော့ Bloody Battle Song လို့ ခေါ်တယ်။ Web နဲ့ ကစားရတဲ့ စစ်ဂိမ်းတစ်ခုပါ။”
ထိုဂိမ်းနာမည်များကို ကြားသောအခါ ဖေးချမ့် အသိအမှတ်ပြုစွာဖြင့် သက်ပြင်းချလိုက်သည်။ ဂိမ်းစုတ်တွေ ဖန်တီးဖို့ဆိုတာ ကောင်းချီးနဲ့ အထုံပါရမီတွေ လိုအပ်သေးတာပဲ။
ဒီဂီမ်းနာမည်ကို ကြည့်လိုက်ပါဦး။ Romantic Taoist တဲ့။ ဂိမ်းနာမည်ကိုက မသင့်တော်ပေ။ ဒိလိုနာမည်နဲ့ ဂိမ်းမျိုးသာ ရေပန်းစားလာပြီး ရောင်းအားကောင်းလာပါက ကမ္ဘာကြီးထဲက အကြီးမားဆုံး ဟာသကြီး ဖြစ်သွားလိမ့်မည်။ ဒါက အတော်လေး ဒွိဟဖြစ်စေသည့် နာမည်ဖြစ်တာကို ဖေးချမ့် သိသော်လည်း ဒီဂိမ်းက ဘယ်လိုဂိမ်းလဲ သိချင်ပါသေးသည်။
"Romantic Taoist က လောလောဆယ် ရပ်နားထားပါတယ်။ ဝင်ငွေက ယွမ် ၅၀,၀၀၀ အောက် နည်းနေတာ တာ်တော်ကြာပြီ။ တစ်ဖက်မှာ Bloody Battle Song ကတော့ ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ အဓိကဝင်ငွေလမ်းကြောင်းပါပဲ။ ဒါပေမယ့် ဂိမ်းထဲက တချို့ပြောင်းလဲမှုတွေကြောင့် ဗြောင်းဆန်သွားပြီး သူ့ဝင်ငွေလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။”
ဖေးချမ့်က ဒီဗြောင်းဆန်မှုအကြောင်း သိပါသည်။ မာယိချွမ် ပြောဖူးသည်။
Bloody Battle Song က အစ်ကိုကြီးလျို့က ဓားတစ်လက်ကို ၈၈၈ ယွမ်နဲ့ ရောင်းချလိုက်ပြီး ကုမ္ပဏီ ကစားသမားများ ပက်စက်စွာ ဝေဖန်တာကို ခံခဲ့ရသည့် ဂိမ်းဖြစ်လောက်သည်။
မဆိုးပါဘူး။ ဒါတွေက သိမ်းပိုက်လို့ ကောင်းမယ့် အခွင့်အရေးတွေပဲ။
လက်ထောက်ရှင်းက ဆက်ပြောလိုက်သည်။ "အကြမ်းဖျင်း ခန့်မှန်းချက်အရ ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ငှားရမ်းခက တစ်လကို ၁၅၀,၀၀၀ ဖြစ်ပြီးတော့ လစာတွေက တစ်လကို ၂၀၀,၀၀၀ လောက် ရှိတယ်။ လက်ရှိမှာ ဒီလိုဆက်ပြီး ထိန်းသိမ်းထားဖို့တောင် အရမ်းခက်ခဲနေပြီ။ ဒီလ လစာတောင် ပေးဖို့ မရှိတော့ဘူးလို့ ကောလဟာလတွေတောင် ထွက်ပေါ်နေပါတယ်။”
ထန်းတာ့ထက် ဝန်ထမ်း ပိုများပေမယ့် အဲ့ဒီကုမ္ပဏီထဲမှာ ရာထူးတွေကများပြီး ပျမ်းမျှလစာကလည်း နည်းပါတယ်။။ အဲ့တာကြောင့် ကုမ္ပဏီနေရာ ငှားရမ်းခနဲ့ လစာတွေက ထန်းတာ့ထက် အများကြီး ပိုနည်းတယ်။”
ဖေးချမ့်က ဒါကို စိတ်မဝင်စားပါ။ သူ သိမ်းပိုက်ပြီးတာနဲ့ အခြေအနေကို ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်သည်။ အကျိုးအမြတ်များ ရလာနိုင်သည့် ပုံးကွယ်နေသော ဒုက္ခအိုးများ မရှိပါက အားလုံး အဆင်ပြေပါသည်။