အခန်း(၁၄၆) ဘော့စ်ဖေး ပေးတဲ့ အကြွင်းမဲ့အာဏာ
Vol. 10 Ch. 146
အခန်း(၁၄၆) ဘော့စ်ဖေး ပေးတဲ့ အကြွင်းမဲ့အာဏာ
"အားလုံး ရောက်ပြီလား အစည်းအဝေးလုပ်ရအောင်"
ဖေးချမ့်က အစည်းအဝေးခန်းထဲသို့ လျှောက်သွားသည်။ အားလုံးလည်း ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ကြကာ ဝမ်ရှောင်းပင်နောက်မှ အစည်းအဝေးခန်းထဲသို့လိုက်ဝင်သွားကြပါသည်။ ထိုင်ခုံများတွင် ထိုင်လိုက်ကြပြီး သပ်သပ်ရပ်ရပ် နေလိုက်ကြသည်။ သူတို့ မျက်နှာထားများက တည်ကြည်လေးနက်နေ၏။
ယဲ့ကျစ်ကျိုးလည်း စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာပါသည်။
ဒီမြင်ကွင်းကို ကြည့်လိုက်ပါဦး။
ယခင်တုန်းက လျို့ကြီး အစည်းအဝေးပွဲ ကျင်းပသည့်အခါ အားလုံးက နားထောင်နေသည့်ပုံပေါ်သော်လည်း တကယ်တမ်းတော့ ဘယ်သူမှ အရေးမစိုက်ကြပါ။
အားလုံးက နေ့တိုင်းလိုလို ရေသာခိုချင်ခဲ့ကြသည်။ သူတို့ကို တာဝန်ပေးထားသည့် အလုပ်ကို ဝတ္တရားအရ လုပ်လိုက်ပြီး ဘာမှ မပိုပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုအလုပ်ပတ်ဝန်းကျင်မျိုးမှာ သူတို့ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ အရေးမပါကြောင်း အားလုံး နားလည်ထားကြပါသည်။
သို့သော်လည်း အခုတော့ သူတို့ ခြားနားနေကြလေပြီ။
ဘော့စ်ဖေး သူတို့ဘော့စ်အသစ် ဖြစ်လာတော့မည့် အတွေးက အားလုံံးတွင် သစ်လွင်ပြီး စစ်မှန်သော လေးစားမှုနဲ့ နာခံမှု ခံစားချက်များကို အားလုံး၏ ရင်ထဲတွင် ပေါ်ပေါက်လာစေခဲ့သည်။ အတော်လေး အထင်ကြီးစရာ ကောင်းပါသည်။
ဖေးချမ့်က သူ့ထိုင်ခုံမှာသူ အကြိမ်ပေါင်းများစွာ ပုံစံပြောင်းထိုင်နေသည်။ ဘယ်လိုပဲထိုင်ထိုင် သက်တောင့်သက်သာ မရှိဖြစ်နေသလိုပင်။
ရှန်းယန်ဂိမ်းက အတော်လေး ကပ်စေးနဲသည်ဟုသာ သူ ပြောနိုင်တောာ့သည်။ အားလုံးပင်။ အလုပ်စားပွဲများကစလို့ အစည်းအဝေးခန်းထဲက ထိုင်ခုံများ အဆုံး အကုန် စျေးပေါပေါများသာ ဖြစ်၏။ ထိုထိုင်ခုံများတွင် ဘယ်သူမှ နေရထိုင်ရ မသက်သာပါ။
ငါ ထုရွေ့ကျီရဲ့ စျေးကို ရာဂဏန်းလောက်အထိ နှိမ်ခဲ့တာ။ အဲ့ပိုက်ဆံတွေကို ဒီလူတွေကို လစာတိုးပေးဖို့နဲ့ ဒီနေရာထဲက စားပွဲခုံတွေ ထိုင်ခုံတွေကို ပြောင်းဖို့ သုံးလို့ရတယ်။ ငါရန်ပုံငွေတွေကို ကိုင်တွယ်ခွင့်ရတာနဲ့ ရှန်းယန်ဂိမ်းတစ်ခုလုံးကို ပြန်ပြုပြင်ဖို့ အချိန်ယူမယ်။ အဲ့တာဆို ငွေစာရင်းရှင်းမယ့်အချိန် မရောက်ခင် ဖြုန်းဖို့ နည်းလမ်းတစ်ခုရှာတွေ့ရာလည်း ကျသွားမယ်။
ဒီသက်တောင့်သက်သာမရှိသည့် ထိုင်ခုံကြောင့် ဖေးချမ့် မြန်မြန်ပဲအလုပ်များကို ခွဲပေးကာ ဒီနေရာကြီးကထွက်သွားဖို့ ပိုပြီး စိတ်ဆုံးဖြတ်ချက် ခိုင်မာလာသည်။
ဖေးချမ့်က သူ့ Rolex နာရီကို ကြည့်လိုက်ပြီး အလျှင်လိုနေသည့် ပုံစံမျိုး ဟန်ဆောင်လိုက်ပါသည်။ တကယ်တော့ ဒီနေ့ တစ်နေ့လုံး ဘာမှလုပ်စရာမရှိပါ။ အိပ်စရာကျန်သည့် အကြွေးများကို အိပ်ဖို့ စဥ်စားထား၏။
"အချိန် သိပ်မရှိတော့ဘူး။ ကျုပ် ရိုးရိုးရှင်းရှင်း အချက်လေးတွေပဲ ပြောသွားမယ်။"
ရိုးရိုးရှင်းရှင်း အချက်ဆိုတာကို ကြားလိုက်ရသောအခါ အားလုံး ချက်ချင်း ခါးမတ်မတ် ထိုင်လိုက်ကြပြီး ဘာဆက်ပြောမလဲ သေချာ နားထောင်နေကြ၏။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်များ၏ 'ရိုးရိုးရှင်းရှင်းအချက်' ဆိုတာ နာရီပေါင်းများစွာ ကြာမြင့်တတ်ပါသည်။
ဖေးချမ့်က အခန်းထဲပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ယဲ့ကျစ်ကျိုးဆိုတာ ဘယ်သူလဲ။"
ယဲ့ကျစ်ကျိုး လန့်ဖျပ်သွားသည်။
ဒါဘာသဘောလဲ။ ဘာလို့ ဘော့စ်ဖေးက အစည်းအဝေး စစချင်း ငါ့နာမည်ကို ထခေါ်တာလဲ။
ယဲ့ကျစ်ကျိုးက အမြန်မတ်တပ်ရပ်လိုက်သည်။ "ဘော့စ်ဖေး ကျွန်တော်ပါ။”
ဒီအပြုအမူမျိုးကို မြင်သားမကျသည့် ဖေးချမ့်က လက်ကိုအမြန်ရမ်းပြလိုက်ပြီး ယဲ့ကျစ်ကျိုးကို ပြန်ထိုင်ခိုင်းလိုက်ပါသည်။ "ထိုင်ပြီး ပြောစမ်းပါ။”
ထို့နောက် အစီအစဉ်ရေးဆွဲသူချုပ်နဲ့ အကြီးတန်းဒီဇိုင်နာ ဝမ်ရှောင်းပင်ကို လှည့်ကြည့်လိုက်သည်။ "ဝမ်ရှောင်းပင်။ အကြီးတန်းဒီဇိုင်နာ ဆိုတာ အရေးကြီးတဲ့ အလုပ်တစ်ခုပဲ။ အစီအစဉ်ရေးဆွဲသူချုပ်ကော အကြီးတန်းဒီဇိုင်နာကော အလုပ်နှစ်ခုစလုံး တွဲလုပ်ဖို့က မင်းအတွက် ခက်ခဲလိမ့်မယ်။”
"အခုချိန်ကစပြီး ယဲ့ကျစ်ကျိုးက ရှန်းယန်ဂိမ်းရဲ့ အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်သွားပြီ။ ဝမ်ရှောင်းပင် သူနဲ့ အတူတွဲလုပ်ပါ။” ဖေးချမ့် ပြောရင်းနဲ့ ဝမ်ရှောင်းပင်နဲ့ ယဲ့ကျစ်ကျိုးတို့၏ မျက်နှာထားများကို လေ့လာနေပါသည်။
ယဲ့ကျစ်ကျိုးက လုံးဝ ဇဝေဇဝါ ဖြစ်နေ၏။
ဝမ်ရှောင်းပင်က ကြက်သေ သေနေပါသည်။ ထို့နောက်... နည်းနည်းလေး ပြုံးနေသလိုပင်။ သူ့အပြုံးတွင် စိုးရိမ်စိတ် အနည်းငယ် ပါသော်လည်း စစ်မှန်သည့်အပြုံးဖြစ်ပုံပေါ်ပါသည်။
ဟင်...။
ငါ့ဇာတ်ကွက် တစ်ခုခု မှားနေတာတော့ မဟုတ်ပါဘူးနော်။
ဖေးချမ့်က ဝမ်ရှောင်းပင်ကို အစီအစဉ်ရေးဆွဲသူချုပ် ရာထူးမှ ချလိုက်ပါက သူကြက်သေ သေ၊ တုန်လှုပ်၊ စိတ်ရှုပ်ပြီး စိတ်ဓာတ်ကျသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ အခုတော့ တစ်ခုမှ မဖြစ်ပါ။ ဝမ်ရှောင်းပင်က ဘာဖြစ်လို့ အရမ်းပျော်နေတာလဲ။ ဒီကုမ္ပဏီထဲမှာ ဝန်ထမ်းချင်း ယှဥ်ပြိုင်မှုများ မရှိသလိုမျိုး ပြုမူနေသည်။
ဆိုးရွားလိုက်တာ။
ဖေးချမ့် တခြားသူများ၏ မျက်နှာထားကိုလည်း အကဲခတ်ကြည့်လိုက်ပါသည်။ တခြားဝန်ထမ်း အနည်းငယ်က ကြည့်ရဆိုးနေပါသည်။
ဒါက ပုံမှန်ပဲ ဖြစ်သည်။ ယဲ့ကျစ်ကျိုး ကုမ္ပဏီထဲ ဝင်လာတာ လွန်ခဲ့သည့် လပိုင်းလောက်ကမှ ဖြစ်၏။ ဟွမ်စစ်ပေါ်လို လူတွေကမှ အစီအစဉ်ရေးဆွဲသူချုပ်ရာထူးကို ရသင့်သည်။ သူ့မှာ စကေးလည်း မရှိ အတွေ့အကြုံလည်း မရှိပါ။ ဘယ်သူက သူ့အတွက် ပျော်ပေးမည်နည်း။
ရာထူးချခံရပြီး ဝမ်ရှောင်းပင် ပျော်နေရခြင်းမှာ အစကတည်းက ဒီတာဝန်ကို မယူချင်သောကြောင့် ဖြစ်နိုင်ပါသည်။ သူ့အလုပ်ကို ဒုက္ခရောက်အောင် လုပ်မိမှာ စိုးရိမ်နေခဲ့လို့ ဖြစ်နိုင်ပါသည်။
တကယ်တော့ ယဲ့ကျစ်ကျိုးလည်း တာဝန်ယူနိုင်လိမ့်မည်ဟု သူ မထင်ပါ။ ထို့ကြောင့် သူ့အပြုံးတွင် စိုးရိမ်မှုများလည်း ပါနေခြင်း ဖြစ်ပါသည်။
ဝမ်ရှောင်းပင်က အိပ်မက်များစွာရှိသည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဒီပြောင်းလဲမှုအတွက် သိပ်ပြီး မခံစားခဲ့ရခြင်း ဖြစ်ပါသည်။
သို့သော်လည်း တခြားဝန်ထမ်းများကတော့ ခြားနားပါသည်။
ဒီကောင်စုတ်က အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာခွင့် ဘယ်မှာ ရှိလို့လဲ။ ဘာလို့ ငါ့ကို မရွေးတာလဲ။
သူတို့ မျက်နှာထားများက ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဖေးချမ့်က မသိမသာ ခေါင်းငြိမ့်လိုက်သည်။ ဟုတ်တယ် ဒီလိုမျိုး တုန့်ပြန်ရမှာပေါ့။
အချင်းချင်း တိုက်ခိုက်မှုတွေ။
ဖေးချမ့်၏ ရင်ထဲမှာ စတင် ပျော်ရွှင်လာသည်။ သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ ဒီလောက်နဲ့ အဆင်ပြေပုံ မရပါ။ ထိုလူများအားလုံးက လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ သူတို့နေ့တိုင်း တစ်ယောက်နဲ့ တစ်ယောက် မြင်နေကြရ၏။ မနာလိုမှု တစ်ခုတည်းနဲ့ ပဋိပက္ခများကို ဆွပေးဖို့ မလုံလောက်သေးပါ။
ဖေးချမ့် သူတို့ကို ပိုပြီး ရန်စပေးရမည်။ ခဏလောက် စဥ်းစားလိုက်ပြီးနောက် ထပ်ပြောလိုက်ပါသည်။ "ယဲ့ကျစ်ကျိုး လတိုင်း လူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ဖြုတ်ခွင့်ရှိတယ်။ မင်းအလုပ်ဖြုတ်ချင်တဲ့ လူကို ငါ့ကို မက်ဆေ့ချ်သာပို့လိုက်။”
ယဲ့ကျစ်ကျိုး ပို၍ပင် စိတ်ရှုပ်သွားပါသည်။ ဒါ အကြွင်းမဲ့ အာဏာကြီးပင်။
ဒါက တိုင်ကြားရုံသက်သက်မဟုတ်ဘဲ အကြောင်းပြချက်မရှိဘဲ လူတွေကို အလုပ်ဖြုတ်နိုင်ခြင်း ဖြစ်သည်။ ဘော့စ်ဖေးကို နာမည်တစ်ခု ပေးလိုက်တာနဲ့ ထိုလူမှာ ကုမ္ပဏီမှ ချက်ချင်းပဲ ထွက်ခွာသွားရမည်ဖြစ်သည်။
ဖေးချမ့်က ခုနကတည်းက ကြည့်ရဆိုးနေသော ဝန်ထမ်းများကို ကြည့်လိုက်သည်။ အခု ပို၍ပင် ဆိုးနေပါပြီ။
မဆိုးပါဘူး။ ဒါက သူရှာဖွေနေသည့် အာနိသင်မျိုးပင်။
သူတို့ သဘောမကျသည့် အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက် ရာထူးတိုးခြင်း ခံခဲ့ရသည်။ သူတို့ကို အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ဖို့ အကြွင်းမဲ့အာဏာတောင် ပေးလိုက်သည်။ သူ သေချာပေါက် ဒီအာဏာကို အသုံးချပြီး အရင်တုန်းက သူ့ကိုအနိုင်ကျင့်ခဲ့သည့် ဝန်ထမ်းများကို ကလဲ့စားချေပါလိမ့်မည်။ သူ့ဖိနပ်ကြိုးကို ချည်ခိုင်းလိမ့်မည်။ သူ့အာဏာကို ကြွားဝါလိမ့်မည်။ ထို့နောက် သူတို့ကို ခြိမ်းခြောက်ပါလိမ့်မည်။
အချိန်ကြာလာတာနဲ့အမျှ သူတို့စိတ်ဝမ်းကွဲလာကြမည်။ ယဲ့ကျစ်ကျိုးက ခေါင်းဆောင်အဖြစ် တစ်ယောက်တည်း ကျန်ခဲ့ပြီး ပြန်မပြင်နိုင်သည့် အရှုပ်အထွေး ပြဿနာများကို ရှာပါလိမ့်မည်။
အင်း။ ဒီအကွက်က မဆိုးဘူးပဲ။
ဖေးချမ့်က သူ့လက်ပတ်နာရီကို ကြည့်လိုက်ပါသည်။ အချိန်တွေ ကုန်နေပြီ။ အားလုံး၏ မျက်နှာထားကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသော်လည်း သူသွားရမည့် အချိန်ရောက်လာပါပြီ။ သူ အိမ်မြန်မြန် ပြန်ပြီး အနားယူရတော့မည်။
"ပြီးရင် ရှန်းယန်ဂိမ်းမှာ ခြေလှမ်းနှစ်လှမ်း ဗျူဟာတစ်ခု ရှိရမယ်။”
"ပထမခြေလှမ်းက ငါတို့ရဲ့ လက်ရှိဂိမ်းတွေကို ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဝယ်ယူနိုင်တဲ့ အရာတွေ အကုန်လုံးကို ဖျက်သိမ်းမယ်။ ဘယ်တစ်ခုကို ဖျက်သိမ်းပြီး ဘယ်တစ်ခုကို ဆက်ထိန်းသိမ်းထားမလဲဆိုတာကိုတော့ ယဲ့ကျစ်ကျိုးက ဆုံးဖြတ်လိမ့်မယ်။”
"ဒုတိယခြေလှမ်းက မင်းတို့ တစ်ယောက်ချင်းစီတိုင်း ဂိမ်းသစ်အတွက် အစီအစဥ်တစ်ခုကို စဥ်းစားကြဖို့ပဲ။ ဒီဇိုင်းမူကြမ်းတစ်ခုကို ဖန်တီးကြ။ အကောင်းဆုံးတစ်ခုကိုရွေးပြီး ရှန်းယန်ဂိမ်းရဲ့ ပရောဂျက်အသစ်အဖြစ် သတ်မှတ်မယ်။”
"အင်း... ဇွန်လ အဆုံးထိ စောင့်လိုက်။ ပထမခြေလုံးကိုပဲ မင်းတို့ အာရုံစိုက်စေချင်သေးတယ်။ ဇူလိုင်လမှာ မင်းတို့ရဲ့ ကမ်းလှမ်းချက်တွေ အကုန်လုံးကို အပ်ရမယ်။ ငါတို့ရဲ့ ပရောဂျက်သစ်ကို တရားဝင် စတင်မယ်။”
ဖေးချမ့်က အစည်းအဝေးခန်းထဲကို ကြည့်လိုက်သည်။ "မေးစရာမေးခွန်းရှိလား။”
ယဲ့ကျစ်ကျိုးက အရင်ဆုံး လက်ထောင်လိုက်ပါသည်။
ဖေးချမ့်က မမြင်ချင်ယောင်ဆောင်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ။ သွားလို့ရပါပြီ။”
ဘော့စ်ဖေးက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲက အေးအေးဆေးဆေး ထွက်သွားပါသည်။ ယဲ့ကျစ်ကျိုးက လက်ထောင်ထားဆဲ အနေအထားဖြင့် ကျန်ခဲ့လေသည်။
အားလုံး ဇဝေဇဝါ ဖြစ်နေသည့်ပုံပင်။ ဘော့စ်ဖေးက ရိုးရိုးရှင်းရှင်း အချက်များ ပြောမည်ဟု ပြောသွားသည်။ တကယ်လည်း ရိုးရိုးရှင်းရှင်း အချက်များ ရှိခဲ့ပါသည်။ စုစုပေါင်း စကား ၁၀ ခွန်းအောက်ပဲ ပြောသွားပါသည်။
ယဲ့ကျစ်ကျိုးက ချက်ချင်းပဲ အစီအစဉ်ရေးဆွဲသူချုပ်ရာထူးကို ငြင်းပယ်ချင်သော်လည်း ဘော့စ်ဖေးက သူ စဥ်းစားနေတာကို ကြိုသိနေသလိုပင်။
ယဲ့ကျစ်ကျိုးကို အခွင့်အရေးတောင် မပေးဘဲ အခန်းထဲက ထွက်လာပါသည်။
ထိုအချိန်တွင် ယဲ့ကျစ်ကျိုးတစ်ယောက် ဝန်ထမ်းဟောင်းများစွာ၏ စိုက်ကြည့်မှုကို ခံခဲ့ရပါသည်။ သူတို့ သူနောက်ကျောသို့ ဓားဖြင့် ထိုးကြတော့မည့်ပုံပင်။ ရှန်းယန်ဂိမ်း၏ ယခင်တုန်းက အခြေအနေက ရေငြိမ်တစ်ခုလိုပင်။ အခုတော့ မီးတောက်တွေလို တောက်လောင်နေသည်။ တဖြည်းဖြည်း ပြင်းထန်လာ၏။
ရှန်းယန်ဂိမ်းက ထွက်လာပြီးနောက် ဖေးချမ့် စိတ်ရွှင်နေပါသည်။
လျို့ကြီးမရှိတော့သော်လည်း ဒီလုပ်ငန်းထဲ ဝင်ရောက်လာခါစ လူတစ်ယောက်ကို အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် ရာထူးတိုးပေးလိုက်ခြင်းက တူညီသော ရလဒက်ို ရစေပါလိမ့်မည်။
ထို့အပြင် ဒီခြေလှမ်းနှစ်ဆင့် ဗျူဟာက ကုမ္ပဏီ ခဏလောက်အထိ ငွေများဆုံးရှုံးနိုင်ဖို့ အာမခံနိင်ပါသည်။
ပထမဆုံး Romantic Taoist နဲ့ Bloody Battle Song များကို တကျော့ပြန်လာခြင်းမှ တားဆီးဖို့အတွက် ဝယ်ယူနိုင်သည့် အရာအားလုံးကို ပယ်ချပြီး တစ်ခုသာ ချန်ထားမည်။ ဒါဆို ဘယ်ဂိမ်းမှ အမြတ်ရတော့မှာ မဟုတ်ကြောင်း သေချာပါသည်။ ထို့နောက် သူတို့ကို ဦးနှောက်စားခိုင်းပြီး ဂိမ်းသစ်တစ်ခု ဖန်တီးခိုင်းမည်။ တစ်ယောက်ချင်းစီတိုင်းက အစီအစဥ်တစ်ခုစီ စဥ်းစားရမည်။
ဖေးချမ့်က အဆိုးရွားဆုံးအစီအစဥ်ကို ရွေးချယ်ရမလား ကံစမ်းမဲနှိုက်ပြီး ကံကို ပုံအပ်ထားရမလား စဥ်းစားနေပါသည်။ သေချာ စဥ်းစားပြီးသောအခါ ကံစမ်းမဲနှိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သူ့အမြင်ကို သူ မယုံကြည့်တော့ပါ။
သူ့ပန်းတိုင်အဖြစ် အမှိုက်သရိုက်ကို ရွေးချယ်လိုက်တိုင်း အတော်လေး ရေပန်းစားသည့်အရာအဖြစ် ပြောင်းလဲသွားတတ်သည်။ သည်းခံရခက်လာပါသည်။
အထီးကျန်ကန္တာရလမ်းနှင့် ဂိမ်းဒီဇိုင်နာတို့က သူ့ကို သင်ခန်းစာများ ကောင်းကောင်းပေးပြီးပါပြီ။
ထို့ကြောင့် ဖေးချမ့်က အချိန်တန်လျှင် ကံစမ်းမဲသာ နှိုက်ပြီး ရလာတာကိုသာာ ရွေးမည်။ အမှန်ပင်။ ရွေးထားသည့် အစီအစဥ်က အတော်လေး ကောင်းမွန်နေပါက ကံစမ်းမဲ ပြန်နှိုက်မည်ဖြစ်သည်။
ဒီကိစ္စတွေကလွဲလို့ ဖေးချမ့် ရှန်းယန်ဂိမ်းသို့ ပြန်သွားမှာ မဟုတ်ပါ။ ကုမ္ပဏီအပေါ် သူ့လွှမ်းမိုးမှုကို နည်းပါးစေချင်သောကြောင့်သာ မကဘဲ ထိုနေရာကြီးကို စည်းမဲ့ကမ်းမဲ့ တောအုပ်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲမည်ဖြစ်သည်။ ထိုနေရာက စည်းမျဥ်းစည်းကမ်းများကို တောအုပ်၏ စည်းမျဥ်းစည်းကမ်းများ ဖြစ်လာအောင် ပြောင်းလဲပေးမည်။
ထိုနေရာက လုံးဝ မစည်းလုံးသော အခြေအနေ ဖြစ်လာမည်။ ယဲ့ကျစ်ကျိုးက ခေါင်းဆောင်နိုင်တော့မှာာ မဟုတ်ပေ။ ပြီးပြည့်စုံလွန်းပါသည်။
ဒီလိုသာဆို ရှန်းယန်ဂိမ်းက အရာအားလုံးကို ဆုံးရှုံးသွားမှာပဲ... မဟုတ်လား။