အခန်း(၁၄၈) ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ခု
Vol. 10 Ch. 148
အခန်း(၁၄၈) ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ခု
ထိုဂိမ်းနှစ်ခုက အတော်လေး ဒိတ်အောက်နေပါပြီ။ ပြဿနာများစွာ ရှိကြကာ ဘယ်က စလုပ်ရမှန်းတောင် တွေးဖို့ ခက်ခဲနေပါသည်။ ကံကောင်းစွာဖြင့် ဘော့စ်ဖေးက အလွန်ကောင်းမွန်သည့် စမှတ်တစ်ခုကို သတ်မှတ်ပေးသွားသည်။ ဝယ်ယူနိုင်သော ပစ္စည်းများဖြစ်၏။
ဂိမ်းထဲမှ ဝယ်ယူနိုင်သော ပစ္စည်းများ အားလုံးကို ဖျက်သိမ်းပြီးတစ်ခုသာ ချန်ထားရမည်။ ဒါက အတော်လေး အားထုတ်ရမည့် တာဝန် ဖြစ်သည်။ ဂိမ်းနှစ်ခုစလုံးတွင် စုစုပေါင်း အနည်းဆုံး ဝယ်ယူနိုင်သည့် ပစ္စည်းများ ဆယ်ဂဏန်း ရှိပါသည်။ ငွေဖြည့်သွင်းခြင်း၊ ငွေသုံးစွဲရသည့် လုပ်ငန်းများနဲ့ သာမန်ပစ္စည်းများ ဝယ်ယူခြင်းများလည်း ရှိသည်။ စနစ်ဝယ်ယူမှုများလည်း ရှိပါသေးသည်။
ဘယ်လို ဝယ်ယူနိုင်သော ပစ္စည်းကိုမဆို ထည့်သွင်းလို့ရသည့် နေရာတိုင်းကိုမဆို သူတို့ ထည့်သွင်းပြီးကြပါပြီ။ ထို ဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းဖို့ဆိုတာ ရှော့ပင်းမောလ်တစ်ခု၏ ဝင်ပေါက်ကို ပိတ်လိုက်ရသလောက် မလွယ်ကူပေ။ ထိုဝယ်ယူနိုင်သော ပစ္စည်းများက စနစ်ဒီဇိုင်း တစ်ခုလုံးနှင့် ဆက်နွယ်နေပါသည်။
ယွမ် ၅၀၀ ဖြည့်သွင်းထားသည့် လူတစ်ယောက်က ယွမ် ၁၀၀ သာ ဖြည့်သွင်းထားသည့် လူကိုအနိုင်ယူနိုင်ပြီး ယွမ် ၁၀၀ ဖြည့်သွင်းထားသူကလည်း ယွမ် ၃၀ သာ ဖြည့်သွင်းထားသူကို အနိုင်ယူနိုင်စေဖို့က ဂိမ်းဒီဇိုင်းကို သေသေချာချာ အစီအစဥ်ဆွဲဖို့လိုပြီး ဝယ်ယူမှု အဆင့်ခြားနားချက်တိုင်းမှာ ၎င်းတို့အတွက် ခြားနားသည့် အတွေ့အကြုံများကို တိုးမြှင့်ပေးဖို့ လိုအပ်ပါသည်။
ထို့အပြင် ထိုတိုက်ပွဲပါဝါစနစ်များက ချိတ်ဆက်မှု ရှိသည်။ ပါဝါဆတိုးစနစ်ကလည်း ဂိမ်းပတ်ဝန်းကျင်နှင့် ချိတ်ဆက်မှု ရှိ၏။ တောရိုင်းထဲက အသားစား သတ္တဝါများနှင့် အပင်စား သတ္တဝါများကဲ့သို့ ဖြစ်သည်။
ထို့ကြောင့် ဒါတွေအားလုံးက စနစ်ဒီဇိုင်း ပြဿနာသာ ဖြစ်သည်။
ထို့ကြောင့်လည်း နိုင်ငံတော်ထဲတွင် အကြီးတန်း အစီအစဉ်ရေးဆွဲသူများက ဒီလို ရာထူးမြင့်မျိုးကို သဘောကျကြခြင်း ဖြစ်သည်။ သူတို့ရှေ့မှာ အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်သာ ရှိတော့၏။ စနစ်ဒီဇိုင်းများက မကြာခဏဆိုသလို Paywall ပါသည့် ဂိမ်းများ၏ ဂိမ်းရသကို အဆုံးအဖြတ် ပေးနိုင်ပါသည်။
ဝယ်ယူနိုင်သောပစ္စည်းများကို ပြောင်းလဲဖို့ဆိုတာ စနစ်ဒီဇိုင်းကို ပြောင်းလဲတာနှင့် ညီမျှသည်။ ဆိုလိုတာက ကစားသမားများအား ၎င်းတို့ သုံးသည့်ငွေပမာဏအလိုက် အဆင့်ခွဲခြားဖို့ကို တခြားနည်းလမ်းတစ်ခု သုံးရတော့မည်ဖြစ်သည်။
အဆင့်ခွဲခြားဖို့ နည်းလမ်းကို ပြောင်းလဲဖို့ တစ်ခုခု အမှားလုပ်မိပါက စနစ်ဒီဇိုင်းတစ်ခုလုံးကို ပြိုလဲသွားစေပါလိမ်န့မည်။
အရင်တုန်းက Bloody Battle Song လိုပင်။ ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ၎င်း၏ ဝင်ငွေက အတော်လေးကို နိမ့်ကျသွားခဲ့ပါသည်။ လျို့ကြီးက ထိုဓား၏ စျေးနှုန်းကို အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး ရိုးရှင်းသည့် စနစ်ဒီဇိုင်းပြဿနာလေးကြောင့် ဒီလောက် ပြင်းထန်သည့် အာနိသင်ဆိုးကို ဖြစ်ပေါ်စေခဲ့သည်။
ယဲ့ကျစ်ကျိုးက ဒါကို အကြာကြီး တွေးကြည့်လိုက်ပြီး ဒါက သူ့လုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟု ခံစားနေရဆဲ ဖြစ်ပါသည်။သူ့မှာ အကြံတချို့ရှိသော်လည်း တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလား မသေချာပါ။ ထို့ကြောင့် စာတမ်းကို ပရင့်ထုတ်လိုက်ပြီး ဝမ်ရှောင်းပင်နှင့် သွားတိုင်ပင်လိုက်ပါသည်။
ဝမ်ရှောင်းပင်က အတွေ့အကြုံရှိသော အကြီးတန်း အစီအစဉ်ရေးဆွဲသူတစ်ယောက်ဖြစ်သည်။ ယဲ့ကျစ်ကျိုး၏ အကြံကို ကြားလိုက်ရသောအခါ သူမျက်မှောင်ကြုတ်သွား၏။ ဒီလိုပြောင်းလဲမှုမျိုးကို စိတ်ကူးရှိတိုင်း လုပ်လို့ မဖြစ်ပါ။
အရင်တုန်းကသာဆို လျို့ကြီးနှင့် ဝမ်ရှောင်းပင်ကို အသာထား၊ ဘယ်လိုအတွေ့အကြုံရှိသည့် အစီအစဥ်ဆွဲသူမျိုးကမဆို ဒီလိုပြောင်းလဲမှုများကို ဒီလိုလုပ်လို့မရကြောင်း ခံစားမိမည်ဖြစ်သည်။ သူတို့ ချက်ချင်းပဲ ယဲ့ကျစ်ကျိုး၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်လိမ့်မည်။
သို့သော်လည်း ယဲ့ကျစ်ကျိုးက ယခု အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်နေသဖြင့် ဘယ်သူမှ ဒီလို လုပ်လို့မရပါ။ ထို့အပြင် ဘော့စ်ဖေးကိုယ်တိုင်က ဒီလို ညွှန်ကြားသွားခြင်းဖြစ်၏။ ဒီလိုဆိုမှတော့ သူတို့ ပြီးမြောက်အောင် လုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဥ်းစားကြရတော့သည်။ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်ရပါလိမ့်မည်။
ဝမ်ရှောင်းပင်က စိတ်ညစ်စွာပြောလိုက်သည်။ "ဒါတော်တော်လေးအဓိပ္ပာယ်ရှိတဲ့လုပ်ရပ်လို့ ငါတော့ထင်မိတယ်။ ဒါပေမယ့် ဘော့စ်ဖေးကိုယ်တိုင်က အကြံပေးသွားတာ ဆိုတော့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ။ ဒါကို ပြီးအောင်လုပ်ဖို့ ငါအကောင်းဆုံး ကြိုးစားမယ်။”
ဝယ်ယူနိုင်သောပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ရုံနဲ့တင် ဂိမ်း၏ အကြောင်းအရာ အများစုကို အစမှ ပြန်လုပ်ရခြင်းနှင့် ညီမျှသည်။ ဒါက သမုဒ္ဒရာရဲတိုက်ကဲ့သို့ FPS ဂိမ်းတစ်ခုနှင့် ကွဲပြားခြားနားပါသည်။
သမုဒ္ဒရာရဲတိုက်တွင် အနီရောင်ချီလင်လက်နက် ရှိသော်လည်း ၎င်းက တစ်ယောက်နဲ့တစ်ယောာက် ယှဥ်ပြိုင်တိုက်ခိုက်ရသည့် ပြိုင်ဆိုင်ရသည့် ဂိမ်းမျိုး ဖြစ်သည်။ သူဌေးတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာနေပါစေ အရည်အချင်းတူသည့် တခြား ရန်သူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါ။
သို့သော်လည်း Bloody Battle Song ကတော့ Paywall များ ပါဝင်သည့် သာမန်ဂိမ်းတစ်ခု ဖြစ်သည်။ သူဌေးများက တစ်ခါတည်းနဲ့ အယောက် ၂၀ လောက်ကို တိုက်ခိုက်နိုင်သည်။ ဒါက အတော်လေးကို မညီမျှပေ။ Bloody Battle Song ၏ ဂိမ်းအကြောင်းအရာတစ်ခုလုံးက ဒီလိုမညီမျှသည့် ဂိမ်းကစားပုံအပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကိုသာ ပယ်ရှားလိုက်ပါက ကစားသမားများအကြား ခွဲခြားနိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိရဦးမည်။ ငွေ မဟုတ်လျှင် အချိန် သို့မဟုတ် ကံတရားဖြင့် ခွဲခြားရမည်။
ဂိမ်းတစ်ခုလုံးကို ဂိမ်းကစားသည့် ကြာချိန်အပေါ် မူတည်ပြီး ပြောင်းလဲလိုက်ရင်တော့ လောင်းကစားဘုရင်၏ ကောင်းကင်ဘုံ ဖြစ်လာပါလိမ့်မည်။
အမှန်ပင်။ ငွေဖြည့်သွင်း ကတ်ဂိမ်းအဖြစ် ပြောင်းလဲလိုက်လို့လည်း ရသည်။ သို့သော်လည်း Bloody Battle Song ၏ မူလဒီဇိုင်းနှင့် ကိုက်ညီမှုရှိတော့မှာ မဟုတ်ပေ။ ငွေဖြည့်သွင်းကတ်ဂိမ်းအဖြစ် ပြောင်းလဲလိုက်ပါက ဂိမ်းသစ်တစ်ခုအဖြစ် ပြန်လည် ပြောင်းလဲလိုက်တာနှင့် မခြားနားတော့ပေ။ လက်တွေ့မဆန်ဘဲ ဘော့စ်ဖေး၏ ကန့်သတ်ချက်များနှင့်လည်း ကိုက်ညီမှာ မဟုတ်ပေ။
ဂိမ်းကို ကံအပေါ် မူတည်ပြီး ပြောင်းလဲရမှာလား။ ဒါဆိုရင်တော့ လောင်းကစားဧကရာဇ်များ၏ ကောင်းကင်ဘုံ ဖြစ်လာလိမ့်မည်။
ဒီလိုပြောင်းလဲမှုများကို လုပ်လိုက်ပါက လက်ရှိ ဂိမ်းစတိုင်နှင့် ဆင်တူနေဆဲဖြစ်လောက်သည်။ မညီမျှဆဲဖြစ်ကာ ကစားသမားအများစု၏ ရသကလည်း ပိုကောင်းလာနိုင်မည်မဟုတ်ပေ။
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ဦးနှောက် အလွန်စားနေကြပါသည်။
ဒါက ပြည်တွင်းဂိမ်းလောကဲက ဘယ်သူမှ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။
အမှန်ပင်။ ဘယ်သူကမှလည်း မဖြေရှင်းချင်ကြပေ။ ဘာပဲဖြစ်ဖြစ် ထိုဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းလိုက်ပါက ဝင်ငွေမရနိုင်တော့တာနဲ့တူတူပဲဖြစ်။ တချို့ရူးသွပ်နေသည့် အစီအစဉ်ရေးဆွဲသူချုပ်များက ဒီလိုလုပ်နိုင်ခဲ့ရင်တောင် ဘော့စ်က သေချာပေါက် ပါးရိုက်ပါလိမ့်မည်။
Paywall မြင့်မားသည့် ဂိမ်းများက အတော်လေး အဆင်ပြေနေကြပြီး ပိုက်ဆံလည်းအများကြီး ပိုရကြသည့်ပုံပင်။ ဘယ်သူက အရမ်းအားလပ်နေပြီး မတူညီသည့် လမ်းကြောင်းမျာားကို ရှာဖွေချင်မည်နည်း။
သို့သော်လည်း ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ပိုပြီး စဥ်းစားကြည့်ကြလေလေ ပိုပြီး အဓိပ္ပာယ်ရှိလာသလို ခံစားရလေလေဖြစ်ပါသည်။
သူတို့ ဖြစ်နိုင်သည့် ဖြေရှင်းချက်တစ်ခုကို စဥ်းစားနိုင်ပါက ဟိုမရောက်ဒီမရောက်ဖြစ်နေရင်တောင် နိုင်ငံတော်တစ်ခုလုံးမှာ တစ်ခုတည်းရှိသော ဖြေရှင်းချက်ဖြစ်လိမ့်မည်။
အမှန်ပင်။ ဘော့စ်ဖေး ပေးလိုက်သည့် အမိန့်တစ်ခုက ဒီလို ဆန်းသစ်သည့် သီအိုရီတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ယဲ့ကျစ်ကျိုးက အကြံတချို့ ပေးသော်လည်း ဝမ်ရှောင်းပင်၏ XXX ရှုထောင့်မှ ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။
သို့သော်လည်း ယဲ့ကျစ်ကျိုးက စိတ်ဓာတ်မကျပါ။။ နောက်ဆုံးတော့ သူ့ခေါင်းသူရိုက်လိုက်မိပါသည်။ "အစ်ကိုဝမ် ငါ့မှာအိုင်ဒီယာ အသစ်တစ်ခု ရှိတယ်။ ငါတို့ အားလုံးကို သူဌေးတစ်ယောက်လိုမျိုး ဟန်ဆောင်နိုင်ခွင့် ပေးလိုက်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။”
ဝမ်ရှောင်းပင်က ခေတ္တကြောင်စီစီဖြစ်သွားပါသည်။ "သူဌေးလို ဟန်ဆောင်မယ်ဟုတ်လား ဘယ်လိုမျိုးလဲ။”
ယဲ့ကျစ်ကျိုးက အလွန်စိတ်လှုပ်ရှားနေပြီး စာရွက်တစ်ရွက်ပေါ်မှာ ရေးကာ ရှင်းပြလိုက်ပါသည်။ "တကယ်တော့ ငါတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက ဂိမ်းရသနဲ့ သက်ဆိုင်နေတာ။”
"ငါတို့ရဲ့ ဂိမ်းရသကို ရိုးရိုးရှင်းရှင်း အမျိုးအစား သုံးခုအဖြစ် ခွဲခြားနိုင်တယ်။”
"ပထမက သူဌေးတွေပေါ့။ သူတို့က ငွေသွင်းပမာဏ အများဆုံးဖြစ်ပြီး စွမ်းအားအကြီးဆုံး တိုက်ပွဲပါဝါတွေ ရှိကြတယ်။ သူတို့က တိုက်ပွဲတစ်ခုမှာ ၁၀ ယောက် ၁ ယောက် ပျော်ပျော်ကြီး တိုက်နိုင်တယ်။”
"နောက်တစ်ခုက စုစည်းသူတွေ။ သူတို့မှာ အချိန်ပိုတွေ အရမ်းရှိပြီး အရမ်းလည်း Active ဖြစ်ကြတယ်။ သူတို့က Guild တွေ စီမံပြီး မန်ဘာသစ်တွေကို ခေါ်ယူကြတယ်။ သူတို့က တခြားသူတွေကို အမိန့်ပေးညွှန်ကြားတာမျိုးကို ပျော်ပျော်ကြီး လုပ်ကြတယ်။”
"တတိယကတော့ သာမန်ကစားသမားတွေပေါ့။ သူတို့က ၁၀ ယောက် ၁ ယောက် တိုက်နိုင်စွမ်းလည်း မရှိဘူး။ စီမံသူတွေလည်း မလုပ်နိုင်ကြဘူး။ ဒါပေယ့် အဲ့ဒီလူတွေကို တဖြည်းဖြည်းနဲ့ တစ်ခုမဟုတ်တစ်ခုဖြစ်လာအောင် ပြောင်းလဲပေးနိုင်တယ်။ ဒါမှမဟုတ် သူဌေးတွေနောက်ကိုလိုက်ပြီး တိုက်ပွဲတွေကို အောင်နိုင်ခြင်းဖြင့် သူဌေးတွေရဲ့ နာမည်ရမှုနဲ့ ရလဒ်တွေကိုပါ မျှဝေနိုင်လိမ့်မယ်။”
"အဲ့ဒီဂိမ်းရသသုံးမျိုးက အခု 'ငွေ'နဲ့ 'အချိန်' တွေနဲ့ ခြားနားထားတယ်။”
" 'အချိန်' ကိုတော့ ပြောင်းစရာ မလိုဘူး။ ဒီတော့ စုစည်းသူတွေနဲ့ သာမန်ကစားသမားတွေရဲ့ သရုပ်တွေကို ပြောင်းလဲဖို့ မလိုဘူး။ ပြောင်းလဲရမယ့်တစ်ခုတည်းသောသူက သူဌေးတွေပဲ။ ငါတို့ ဝယ်ယူနိုင်တဲ့ပစ္စည်းတွေကို ဖျက်သိမ်းလိုက်မယ်ဆို သူတို့ငွေဖြုန်းဖို့ နည်းလမ်းမရှိတော့ဘူး။”
"အဲ့လိုသာဖြစ်လာရင် တိုက်ပွဲအတွင်းမှာ ကစားသမားတချို့ကို ရွေး Boost လိုက်ပြီး တိုက်ပွဲခွန်အားမြင့်မားအောင် လုပ်ပေးလိုက်ပြီးရင် သူဌေးတစ်ယောက်လိုမျိုး ခံစားရစေအောင် လုပ်ပေးလိုက်မယ်။ အဲ့တာဆို ငါတို့ ပြဿနာ ပြေလည်မသွားဘူးလား။"
ဝမ်ရှောင်းပင်က အနည်းငယ် ယောင်လည်လည် ဖြစ်နေဆဲ ဖြစ်သည်။
ယဲ့ကျစ်ကျိုးက ဆက်ပြောပါသည်။ "ငါတို့ ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းပြီးရင် အနှစ်ချုပ်အားဖြင့် ကစားသမားတွေရဲ့ တိုက်ပွဲအင်အားက အနည်းနဲ့ အများ အတူတူလောက်ပဲ ရှိသွားမယ်။ အချိန်နည်းနည်း ပိုရှိပြီး ကံနည်းနည်းပိုကောင်းတဲ့ ကစားသမာားတွေကတော့ သာမန်ကစားသမားတွေထက် နည်းနည်း ပိုအားကောင်းလောက်။ ဒါပေမယ့် အဲ့တာကလည်း အများကြီး မဟုတ်ပါဘူး။”
"ဒါပေမယ့် တိုက်ပွဲတွေအတွင်းမှာ ငါတို့ ကစားသမားတချို့ကို ကျပန်းရွေးချယ်ပြီး သူဌေးတွေလို ခံစားနိုင်အောင် လုပ်ပေးမယ်။ အဲ့ဒီကစားသမားတွေက သူဌေးတွေပဲ ပိုင်ဆိုင်နိုင်တဲ့ တိုက်ပွဲခွန်အားမျိုးကို ရနိုင်လိမ့်မယ်။”
"ကစားသမားတိုင်း ရွေးချယ်ခံရခွင့် ရှိစေဖို့အတွက် ငါတို့ ကစားသမားတိုင်းကို 'ရွေးချယ်ခံ' စနစ် ပေးမယ်။ အားလုံးရဲ့ ရွေးချယ်ခံ ဖြစ်လာနိုင်ချေက သုညကနေစပြီး စုစည်းသွားမယ်။ စနစ်က ကျပန်းရွေးချယ်လိမ့်မယ်။
"ရွေးချယ်မခံလိုက်ရတဲ့လူတွေက နောက်တစ်ချီကျရင် ရွေးချယ်ခံရနိုင်ချေ ပိုမြင့်လာမယ်။ သူတို့ နောက်ဆုံးရွေးချယ်ခံလိုက်ရပြီးရင် အဲ့ဒီတန်ဖိုးက သုညပြန်ဖြစ်သွားပြီး အစက ပြန်စမယ်"
"ရွေချယ်ခံရနိုင်ချေနှုန်းကတော့ ဂိမ်းထဲမှာ သူတို့ရဲ့ Active ဖြစ်မှုနဲ့ ကူညီထောက်ပံ့ပေးမှုတို့အပေါ် မူတည်မယ်။ ငါတို့ ဒီနည်းလမ်းကို အသုံးချပြီး ကစားသမားတွေကို အွန်လိုင်းပေါ် တက်ပြီးတော့ ပွဲတော်တွေမှာ ပိုပါဝင်ဖို့ တိုက်တွန်းရာလည်းကျမယ်။”
"ဒီဆိုလိုရင် ငါတို့ မူလကစားပုံကစားနည်း ပြောင်းလဲမှာ မဟုတ်မှန်း စိတ်ချလို့ရပြီးတော့ ကစားသမားအများစုကလည်း အလှည့်ကျစီ သူဌေးကစားသမားတွေ ဘယ်လိုခံစားရလဲဆိုတာကို ခံစားရမယ်။ ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကိုလည်း ပြည့်ဝစေပြီး ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကိုလည်း ရှင်းထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်။”
"ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပဲ။”
ဝမ်ရှောင်းပင် အတွေးနက်နက်ထဲ ကျရောက်သွားသည်။
ယဲ့ကျစ်ကျိုး ပြောဆိုသော အကြောင်းအရာကို သီအိုရီသဘော အရဆိုရင်တော့ နားလည်ပေးလို့ရသည်။ သို့သော် အလွန် စွန့်စားရာကျပြီး ဆန်းသစ်လွန်းပါသည်။ လက်ရှိ ဂိမ်းလောကကို မီးရှို့လိုက်တာနှင့် တူနေသည်။
ဘာပဲဖြစ်ဖြစ် ဂိမ်းတစ်ခုလုံး၏ စနစ်ဒီဇိုင်းနှင့် ကစားပုံကစားနည်းကို မပြိုလဲစေဘဲ ဘော့စ်ဖေး၏ ဝယ်ယူနိုင်သည့် ပစ္စည်းအားလုံးကို ဖျက်သိမ်းဖို့ တောင်းဆိုချက်ကို လိုက်နာဖို့... ဒါက ဖြေရှင်းချက်အမှန် ဖြစ်ပါသည်။
ဝမ်ရှောင်းပင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ငါတို့ စမ်းကြည့်ကြတာပေါ့။ ငါ စနစ်ဒီဇိုင်း မော်ဒယ်တစ်ခု ဆွဲလိုက်မယ်။ မင်းကတော့ စည်းမျဥ်းစည်းကမ်းနဲ့ အခြေအနေ အရပ်ရပ် အသေးစိတ်တွေကို စဥ်းစားဖို့ တာဝန်ယူလိုက်။ သြော် ငါတို့ အစည်းအဝေးတစ်ခု အရင်လုပ်ပြီး အားလုံးကို ဒီအကြံအကြောင်း ပြောပြလိုက်ကြမလား။”
ယဲ့ကျစ်ကျိုးက ခေါင်းငြိမ့်လိုက်ပြီး အတွေးများကို သေချာစုစည်းကာ မတ်တပ်ရပ်လိုက်ပါသည်။
"အားလုံးပဲ အစည်းအဝေးခန်းထဲကို လာပေးကြပါ။ ကျွန်တော်တို့ ဂိမ်းအတွက် ပြောင်းလဲမှုတွေကို ဆွေးနွေးကြပါမယ်။”
ဘာကြောင့်မှန်းမသိဘဲ ယဲ့ကျစ်ကျိုး ဒီတစ်ခေါက်တော့ ယုံကြည်ချက် ပြည့်ဝနေသလို ခံစားမိပါသည်။ ကြည့်ရတာ အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် သူ အသားကျလာသည့်ပုံပင်။