အခန်း(၁၄၉) သူတို့ကြိုက်သလိုသာ လုပ်ခိုင်းလိုက်
Vol. 10 Ch. 149
အခန်း(၁၄၉) သူတို့ကြိုက်သလိုသာ လုပ်ခိုင်းလိုက်
အငှားတိုက်ခန်းတွင်...
ဖေးချမ့်ကာ နေ့လည်နေ့ခင်း ကုတင်ပေါ်မှာအနားယူပြီး အခုမှ နိုးလာခြင်းဖြစ်သည်။ သူ့ဆဲလ်ဖုန်းကို ယူလိုက်ပြီး ကြည့်လိုက်ပါသည်။ မက်ဆေ့ချ်အသစ်တစ်စောင် ဝင်နေ၏။
"ဘော့စ်ဖေး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ကျွန်တော်တို့ တိုင်ပင်ချင်တဲ့ ပြဿနာလေးတစ်ခု တွေ့လို့ပါ။ ကျွန်တော်တို့ အခု ဆွေးနွေးပြီး အနှစ်ချုပ်ကြည့်လိုက်တော့ ဂိမ်းထဲက ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းလိုက်ရင် သူဌေးတွေ ကျေနပ်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲလို့ မေးလို့ရမလားဗျ။”
ဖေးချမ့်က မျက်လုံးကို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်ပြီး တတွတ်တွတ် ပြောလိုက်ပါသည်။ "ဘယ်သူ ပို့ထားတာလဲဟ။”
အနီးကပ်ကြည့်လိုက်သောအခါ ရှန်းယန်ဂိမ်းမှာ အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်သွားသည့် ယဲ့ကျစ်ကျိုးမှန်း တွေ့လိုက်ရပါသည်။
ဖေးချမ့်က သူ့ကို အကြွင်းမဲ့အာဏာတစ်ခုပေးခဲ့ပြီး သူ့ဝန်ထမ်းများကို ကန့်ကွက်ခြင်း သို့မဟုတ် ချက်ချင်း အလုပ်တောင် ဖြုတ်ပစ်ခွင့် ပေးထားသည်။ ဖေးချမ့်က သူနှင့် ရင်းနှီးအောင် လုပ်ထားမှ အဆက်အသွယ်ရှိနေနိုင်မည်ဖြစ်သည်။
နောက်ဆုံးမှာတော့ ယဲ့ကျစ်ကျိုးက သူများတွေကို အလုပ်ဖြုတ်ဖို့ကိစ္စကို လာပြောတာ မဟုတ်ဘဲ ဂိမ်းတစ်ခုနဲ့ ပတ်သတ်သည့် မေးခွန်းတစ်ခု လာမေးထားခြင်း ဖြစ်သည်။
ဖေးချမ့်သည် မေးခွန်းကို ထပ်ဖတ်ကြည့်လိုက်ပါသည်။
ဂိမ်းထဲက ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းလိုက်ရင် သူဌေးတွေ ကျေနပ်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲလို့ မေးလို့ရမလားဗျ။
ဒါက ဖြစ်သင့်ပါသည်။ Bloody Battle Song က Paywall များဖြင့် ဂိမ်းတစ်ခု ဖြစ်သည်။ သူဌေးများက တိုက်ပွဲပါဝါဖြင့် သူများတွေကို အသာစီးရဖို့ ပိုက်ဆံတွေ ထောင်ချီ သို့မဟုတ် သောင်းချီပြီးတော့တောင် သုံးထားလောက်သည်။
ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းအားလုံးနှင့် အကျိုးခံစားခွင့်များကို ဖျက်သိမ်းလိုက်ပြီး သူများတွေကို အလွယ်လေး သတ်နိုင်သည့် စိတ်ကျေနပ်မှုမျိုး သူတို့ မရတော့ပါက ဒေါသထွက်ပြီး ငွေပြန်အမ်းခိုင်းကာ ဂိမ်းကစားတာကို မရပ်လိုက်ကြနိုင်ဘူးလား။
အမှန်ပင်။ ဖေးချမ့်က ဘယ်တော့မှ ငွေပြန်အမ်းခွင့်ပေးမှာ မဟုတ်ပါ။
အကြွေးတိုင်းမှာ အကြွေးရှင် ရှိသည်။ ထိုပိုက်ဆံများကို ထုရွေ့ကျီ ယူသွားခြင်း ဖြစ်သဖြင့် သူ့ဆီကသာ ပြန်သွားတောင်းနိုင်သည်။
ဂိမ်းကို ဆက်မကစားတော့တာကတော့...
ပိုကောင်းပါသည်။ ကျေးဇူးပြုပြီး ကစားတာ ရပ်လိုက်ကြပါ။
ဘော့စ်ဖေးက ဒီလိုလူတွေသူနဲ့ သူ့ကုမ္ပဏီဆီကို ငွေတွေ ပုံပေးတာကို ဂရုမစိုက်ပါ။ သူ့မူလ ရည်ရွယ်ချက်က ဆက်လက်ခိုင်မာဆဲဖြစ်၏။ ထန်းတာ့ကို လူတွေ ပိုက်ဆံလာလှူချင်တာလား။ ဆုတောင်းလေ။
မင်းတို့လို သူဌေးတွေ ငါတို့လုပ်တာကို နာခံပြီး တစ်ပြားမှ ပေးစရာမလိုတဲ့ ကစားသမားတွေ လုပ်ချင်လုပ် မလုပ်ချင်ရင်တော့ ဂိမ်း မကစားနေနဲ့တော့။
ဟုတ်တယ်။ ဒါ အကောင်းဆုံးပဲ။
ဖေးချမ့်က သူ့ဖုန်းကို ကိုင်လိုက်ပြီး အိပ်ချင်မူးတူး စာရိုက်လိုက်ပါသည်။ "သူတို့လုပ်ချင်တာ လုပ်ကြပါစေ။”
ထို့နောက် ဖုန်းကို သူ့ခေါင်းအုံးနောက်လှမ်းပစ်လိုက်ပြီး ဆက်အိပ်နေလိုက်ပါသည်။
ရှန်းယန်ဂိမ်းအစည်းအဝေးခန်းထဲတွင် အားလုံးက ဘော့စ်ဖေး၏ မက်ဆေ့ချ်ကို စောင့်မျှော်နေကြ၏။ ယဲ့ကျစ်ကျိုးက အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးမှာထိုင်နေပြီး သူ့ဖုန်းဖန်သားပြင်ကိုကြည့်ကာ ဘော့စ်ဖေး၏ ပြန်စာကို စိတ်မသက်သာစွာ စောင့်ဆိုင်းနေခဲ့ပါသည်။
ဘော့စ်ဖေးက ချက်ချင်း စာမပြန်ပေ။ သူ အလုပ်ရှုပ်နေတာ ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ရှန်းယန်ဂိမ်းဆိုတာလည်း ဘော့စ်ဖေး၏ လုပ်ငန်းခွဲများစွာထဲက တစ်ခုသာ ဖြစ်ပါသည်။ ဘော့စ်ဖေး၏ နှလုံးသားနဲ့ အနီးဆုံး မဟုတ်ဘဲ သူ့စာရင်းထဲက အောက်ဆုံးအဆင့်လောက်မှာတောင် ရှိနေလောက်သည်။
အားလုံးကတော့ မတူညီသည့် အမြင်များ ရှိကြပါသည်။
တချို့က ဂိမ်းကိုပြောင်းလဲမည့် ယဲ့ကျစ်ကျိုး၏ အစီအစဥ်များကို ကြားပြီး စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိကြသည်။ သူတို့ စမ်းသပ်ကြည့်ချင်ကြသည်။ တချို့တွေက ယဲ့ကျစ်ကျိုးကို သိပ်ပြီး ဘဝင်မကျသော်လည်း ထုတ်မပြောရဲကြပါ။
ဘာပဲဖြစ်ဖြစ် ဒီဇိုင်းအဖွဲ့၏ ဝါရင့်ကြီး ဝမ်ရှောင်းပင်ကပါ ယဲ့ကျစ်ကျိုးနဲ့ အတူတူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားသောကြောင့် ဖြစ်ပါသည်။ ကျန်နဲ့လူတွေက တခြားနည်းလမ်းများ စမ်းသပ်ချင်တောင် သူတို့ သိပ်ပြီး အောင်မြင်နိုင်မှာ မဟုတ်ပေ။ ထို့အပြင် ယဲ့ကျစ်ကျိုးက ဘော့စ်ဖေးကို တစ်ခွန်းတည်းသာ ပြောလိုက်ဖို့ လိုအပ်သည်။ ဒါက ကြီးမားသော ခြားနားချက်ကြီးတစ်ခု ဖြစ်ပါသည်။
တချို့လူတွေက ယဲ့ကျစ်ကျိုးတစ်ယောက် ဒီမေးခွန်းအား ဘော့စ်ဖေးကို မေးရခြင်းမှာ သူ့အာဏာကို ထုတ်ပြချင်၍ဖြစ်သည်ဟုတောင် ထင်နေကြပါသည်။ ဘော့စ်ဖေးကို သူ တိုက်ရိုက်ဆက်သွယ်နိုင်တယ် ဆိုတာကို အားလုံးကို အရိပ်အမြွက်ပြနေခြင်းဖြစ်ပြီး အကုန်လုံးကို ကောင်းကောင်းမွန်မွန် နေကြဖို့ ပြောနေသလို ဖြစ်ပါသည်။
ထို့ကြောင့် အစည်းအဝေးခန်းထဲက အခြေအနေတစ်ခုလုံးက တည်တံ့နေပြီး ဘော့စ်အသစ် ယဲ့ကျစ်ကျိုးက ရပ်တည်နိုင်နေဆဲ ဖြစ်သည်။
တင်။
ဖုန်းမှ နိုတီအသံထွက်လာပြီး ယဲ့ကျစ်ကျိုးက ဘော့စ်ဖေး၏ ပြန်စာကို အမြန်ဖတ်ကြည့်လိုက်ပါသည်။ စကားလုံးက နည်းပါးလွန်း၏။ "သူတို့လုပ်ချင်သလို လုပ်ကြပါစေ။”
... ဒါပဲလား။
ယဲ့ကျစ်ကျိုး အနည်းငယ် ကြောင်စီစီ ဖြစ်သွားပါသည်။
ဝမ်ရှောင်းပင်က ယဲ့ကျစ်ကျိုးဘေးမှာ ထိုင်နေပြီး သူ့နားကို ကိုင်းကာ စိတ်ဝင်တစား မေးလိုက်ပါသည်။ "ဘော့စ်ဖေး စာပြန်လာပြီလား။”
ယဲ့ကျစ်ကျိုးက သူ့ဆဲလ်ဖုန်း မျက်နှာပြင်ကို ဝမ်ရှောင်းပင်အား ပြလိုက်ပါသည်။ "သူ ဒါပဲပြောတယ် အစ်ကိုဝမ်... ဒါ...။”
ယဲ့ကျစ်ကျိုး လောလောဆယ် အနည်းငယ် လမ်းပျောက်သွားပါသည်။ ပုံမှန်ဆို ဘော့စ်ဖေးထံက အမိန့်များကို သစ္စာရှိရှိ လိုက်နာရမည်ဖြစ်သည်။ သို့သော်လည်း သူဌေးကစားသမားတွေကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်ဖို့ကတော့ သေကြောင်းကြံစည်တာပဲ မဟုတ်လား။
Bloody Battle Song လို တိုက်ပွဲဂိမ်းမျိုးမှာ သူဌေးများ သုံးစွဲသည့် ပမာဏက ကစားသမားများအားလုံး ငွေဖြည့်သွင်းသည့် ပမာဏ၏ ၈၀ ရာခိုင်နှုန်း ရှိသည်။ သူဌေးတွေကို ဒီလိုလျစ်လျူရှုလိုက်ခြင်းက ဝင်ငွေ ၈၀ ရာခိုင်နှုန်းကို ဆုံးရှုံးလိုက်ရတာနဲ့ ညီမျှပါသည်။
ဒါက ခန္ဓာကိုယ်တစ်ခုလုံးကို ကယ်တင်ဖို့ ခြေတစ်ချောင်း လက်တစ်ချောင်း ဖြတ်တောက်ရတာ မဟုတ်ဘဲ ခေါင်းဖြတ်ခံလိုက်ရသလိုပင်။
ထို့ကြောင့်လည်း သူတို့ဆွေးနွေးပွဲကြီးက အဖြေ ကောင်းကောင်းမွန်မွန် မရသေးဘဲ အချိန်အတော်ကြာခဲ့ပါသည်။ ဝယ်ယူနိုင်သော ပစ္စည်းများကို ဖယ်ရှားလိုက်ခြင်းက သေချာပေါက် သူဌေးကစားသမားများ၏ စိတ်ဝင်စားမှုအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။ သူဌေးကစားသမားများသာ မပျော်ပါက ဂိမ်း၏ ဝင်ငွေလည်း တော်တော်လေး ကျဆင်းသွားလိမ့်မည်။
ဆိုလိုတာက သူတို့ ဘယ်လိုပဲ ကြည့်ကြည့် ဘော့စ်ဖေး၏ နည်းလမ်းတိုင်း လုပ်ပါက ဂိမ်းဝင်ငွေ ဧရာမ ကျဆင်းမှုကြီးနဲ့ ကြုံတွေ့ရပါလိမ့်မည်။ နဂိုကတည်းက နစ်မြုပ်နေသည့် ဂိမ်းနှစ်ခုဟာ ပိုပြီးတောင် ဆုံးဆုံး မြုပ်သွားနိုင်ပါသည်။
ယဲ့ကျစ်ကျိုးသည် ရွေးချယ်စရာများ မရှိတော့သဖြင့် နောက်ဆုံးတော့ ဘော့စ်ဖေးကို တိုင်ပင်ဖို့ ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတော့ ဘော့စ်ဖေးက ဒီလို စကားလုံး နည်းနည်းလေးသာ စာပြန်ခဲ့ပါသည်။ နောက်ဆုံးဖြေရှင်းချက်က... ဂရုမစိုက်ဖို့တဲ့လား။ ဒီသူဌေးကစားသမားတွေကို လုံးဝ လျစ်လျူရှုလိုက်ဖို့တဲ့လား။
ဘယ်လောက်တောင်... အတင့်ရဲလိုက်သလဲ။
ဝမ်ရှောင်းပင်၏ မျက်ခုံးများ တဖြည်းဖြည်း ကျယ်လာသည်။ "ဘော့စ်ဖေးက တကယ်သတ္တိကောင်းတဲ့ လူတစ်ယောက်ပဲ။ ငါ အထင်ကြီးသွားပြီ။ ဒီစကားလုံးတွေမှာ ဉာဏ်အမြော်အမြင်တွေ ပါဝင်နေတယ်။”
ဝမ်ရှောင်းပင်က စိတ်ခံစားချက်ကြီးစွာဖြင့် သက်ပြင်းချလိုက်ပါသည်။
သူ တကယ်တမ်း နားမလည်သော်လည်း ဒါက တကယ်ပဲ အထင်ကြီးစရာကောင်းသည်ဟု ယဲ့ကျစ်ကျိုး ခံစားမိပါသည်။ အမှန်ပင်။ အတွေ့အကြုံရှိသည့် ဝါရင့်တစ်ယောက်က သူ့အတွေ့အကြုံနဲ့ အမြင်တို့ကြောင့် တန်ဖိုးရှိသည်။ ဒီလို လေးနက်သည့် ကိစ္စကို ဝမ်ရှောင်းပင်၏ အတွေ့အကြုံနဲ့ ဗဟုသုတကြွယ်ဝမှုတို့ဖြင့်သာ နားလည်နိုင်ပါလိမ့်မည်။
ဝမ်ရှောင်းပင်က လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်ပါသည်။ "ဒါကို ဆက်ဆွေးနွေးစရာ မလိုတော့ဘူး။ ဘော့စ်ဖေးက ငါတို့ကို ဖြေရှင်းချက်တစ် ခုပို့လိုက်ပြီ။ "သူတို့လုပ်ချင်သလိုသာ လုပ်ကြပါစေတဲ့။” ဆိုလိုတာက ငါ့တို့ပြောင်းလဲမှုတွေကြောင့် သူဌေးတွေအပေါ် သက်ရောက်မှုရှိမှာကို စိတ်ပူစရာ မလိုဘူးဆိုတဲ့ သဘောပဲ။”
"New Edition အွန်လိုင်းပေါ် တက်လာတာနဲ့ အရင်ဆာဗာတုန်းက သူဌေးတွေရဲ့ Stats တွေကတော့ အရင်အတိုင်းပဲ ရှိနေလိမ့်မယ်။ ဒါပေမယ့် ဝယ်လို့ရတဲ့ပစ္စည်းတွေတော့ ရှိမှာမဟုတ်တော့ဘူး။ ပြီးတော့ သူတို့ရဲ့ တိုက်ပွဲပါဝါကို ပိုက်ဆံသုံးပြီး တိုးမြှင့်လို့ မရနိုင်တော့ဘူး။”
"ဆာဗာအသစ်က ကစားသမားတွေကတော့ အကုန်လုံး စမှတ်တူပြီး ငါတို့ New Edition ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရလိမ့်မယ်။”
အားလုံးက ဇဝေဇဝါဖြစ်နေသည့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒါပဲလား။ ပြဿနာက ရှိတုန်းပဲ မဟုတ်ဘူးလား။ သူဌေးတွေသာ မကစားတော့ဘဲ ငွေဖြည့်သွင်းတာတွေ မရှိတော့ရင် ဘာဖြစ်လာမလဲ။
ဝမ်ရှောင်းပင်က ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေးက ဒီပြဿနာကို ဖြေရှင်းဖို့ ငါတို့ကို ကူညီပေးပြီးသွားပြီ။ ဝယ်ယူနိုင်တဲ့ပစ္စည်းတွေကို ဖယ်ရှားလိုက်တာက သေချာပေါက် သူဌေးတွေရဲ့ စိတ်ဝင်စားမှုအပေါ် သက်ရောက်မှု ရှိစေလိမ့်မယ်။ အဲ့လိုပဲ ဖြစ်ရမှာ။ ငါတို့ အကောင်းဆုံး ဖြေရှင်းချက်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပြီးပြီ။ ဒါပေမယ့် ဒါကို ဖြေရှင်းဖို့ နည်းလမ်းကို မရှိတာ။”
"ဒါက အောက်ဘက်က ပြန်စရမယ့် တော်လှန်ရေးပဲ။ ငါတို့က သူဌေးတွေရဲ့ စိတ်ဝင်စားမှုကို တိုက်ခိုက်ရမှာဆိုတော့ သူတို့ ဘယ်လိုခံစားရမလဲဆိုတာ ဘာဂရုစိုက်ဖို့လိုသေးလို့လဲ။ မလိုအပ်ဘူး။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်က အရမ်းရှင်းလင်းတယ်။ သူတို့စိုက်ပျိုးတာကို သူတို့ကို ပြန်ရိတ်သိမ်းခိုင်းဖို့ပဲ။”
"ငါတို့ အကြာကြီး ပဋိပက္ခဖြစ်ခဲ့ကြတာ။ ဘော့စ်ဖေးဆီက စကားတစ်ခွန်းတည်းနဲ့ ဒါတွေအားလုံးကို ဖြေရှင်းပြီး အဖြေတစ်ခု ပေးနိုင်ခဲ့တယ်။ ဒါက ငါတို့နဲ့ သူ့အကြားက ခြားနားချက်ပဲ။”
အားလုံး နားလည်သွားကြတော့သည်။
ရှုပ်ထွေးနေသော ကြိုးထုံးတစ်ခုကို အပိုင်းအစများဖြစ်အောင် ဖြတ်တောက်လိုက်သလိုမျိုး ဖြေရှင်းလို့မရဘူးဟု ထင်ရသည့် ပြဿနာကို ဘော့စ်ဖေးက အလွယ်လေး ဖြေရှင်းသွားပါသည်။
သို့သော်လည်း ပြောဖို့က လွယ်သော်လည်း လုပ်ဖို့က ခက်ခဲပါသည်။ ဘယ်သူက ဝင်ငွေ ၈၀ ရာခိုင်နှုန်းလောက်ကို ဖြတ်တောက်ပစ်ရလောက်တဲ့အထိ သတ္တိရှိမှာလဲ။ ဘော့စ်ဖေးမှာ သတ္တိရှိပါသည်။
ထိုသို့စဥ်းစားပြီး အားလုံးက ဘော့စ်ဖေးကို ပိုပြီး လေးစားလာကြပါသည်။ သူက လိုအပ်သည့်အခါ စွန့်လွှတ်တတ်သည်။ တွန့်ဆုတ်မှုလည်း မရှိပေ။ အမှန်ပင်။ ဒါက ပညာရှင်အစစ်အမှန်တစ်ယောက်၏ စွမ်းပကားပင်။
ယဲ့ကျစ်ကျိုးက အားတက်ကြွလွန်းသဖြင့် စားပွဲခုံကို ရိုက်လိုက်ပါသည်။ "ဟုတ်ပြီ။ ငါတို့ နောက်ဆုံး ပြဿနာတော့ ပြေလည်သွားပြီ။ အခု... အလုပ်လုပ်ကြစို့ ငါတို့ဘော့စ်ဖေးရဲ့ တွေးခေါ်ပုံအတိုင်း လိုက်နာပြီ ဒီဂိမ်းနှစ်ခုကို ပြန်အဖတ်ဆည်ကြမယ်။”