အခန်း(၁၅၀) စရိတ်ငြိမ်း အဆိုတော်
Vol. 10 Ch. 150
အခန်း(၁၅၀) စရိတ်ငြိမ်း အဆိုတော်
ညဘက်တွင်..။
ယွီအင်တာနက်ကဖေး မူရင်းဆိုင်၌....။
မာယန်နှင့် ကျန်းယွမ်တို့နှစ်ယောက်သား ပြတင်းပေါက်နားမှာ ထိုင်နေကြသည်။ ကော့တေးများ သောက်ကြရင်း ဆိုင်ထဲက ကတ်စတမ်မာ အနည်းငယ်ကို ကြည့်နေသည်။ ဘာကြောင့်မှန်း မသိတာကြောင့် ဒီအခြေအနေကြီးက သူတို့ကို ဝမ်းနည်းအောင် လုပ်နေပါသည်။
ကတ်စတမ်မာများ အလွန်နည်းပါးနေဆဲ ဖြစ်သည်။
ယခု ယွီအင်တာနက်ကဖေးဆိုင်သစ် နှစ်ဆိုင်ကို ပြန်လည်ပြုပြင်နေပြီဖြစ်သဖြင့် မကြာခင် ဖွင့်လှစ်ကြပါတော့မည်။
သို့သော်လည်း ယွီအင်တာနက်ကဖေး၏ မူရင်းဆိုင်က ဆက်လက် အရှုံးပေါ်နေဆဲ ဖြစ်သည်။
အင်တာနက်ကဖေး၏ ရောင်းအားပမာဏက အနည်းနဲ့ အများတော့ တည်ငြိမ်လာသည်။ ဖောက်သည် အနည်းငယ်က ဆိုင်ထဲက ဝန်ထမ်းများနဲ့ မိတ်ဆွေတောင် ဖြစ်နေကြပါပြီ။ သို့သော်လည်း ဘယ်လောက်ပဲ တွက်ကြည့်ပါစေ ဒီလူနည်းနည်းလေးနဲ့ ကဖေးဆိုင်၏ လုပ်ငန်းကို ဆက်လက် ထိန်းသိမ်းနိုင်မှာ မဟုတ်ပါ။
မာယန်နှင့် ကျန်းယွမ်တို့အကြား တစ်ယောက်က ယွီအင်တာနက်ကဖေး၏ မန်နေဂျာဖြစ်ပြီး တစ်ယောက်ကတောာ့ ကျင်းကျိုးမြို့က ယွီအင်တာနက်ကဖေးဆိုင်များ၏ အထွေထွေမန်နေဂျာ ဖြစ်ပါသည်။
ကျန်းယွမ်က သူ့ကော့တေးကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြောလိုက်၏။ "ငါသီချင်း နှစ်ပုဒ်လောက် ထပ်ဆိုလိုက်ဦးမယ်ကွာ။”
မာယန်က သူ့ကိုလှမ်းတားလိုက်သည်။ "ထားလိုက်ပါကွာ။ မင်း ဘယ်လောက်ပဲ ဆိုဆို ဘယ်သူမှ လာနားထောင်မှာ မဟုတ်ဘူး။”
သူတို့နှစ်ယောက် အပါအဝင် ကော်ဖီဧရိယာထဲမှာ အရက်ထိုင်သောက်နေသည့် စုစုပေါင်း လူ ၈ ယောက် ရှိပါသည်။
ကျန်းယွမ်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်ပါသည်။ "ကိစ္စမရှိပါဘူး။ ငါထပ်မဆိုချင်လောက်တော့တဲ့အထိ ဆိုပစ်မယ်။”
သူ စင်ပေါ်တက်သွားတော့ အရင်တုန်းကလိုပဲ ကျန်းယွမ် ဂစ်တာ စတီးလိုက်ပါသည်။ သူ ဒီနေ့ ဘာသီချင်းဆိုရမလဲ ဆိုတာကို စဥ်းစားနေ၏။ သူ့ရှေ့မှာ ထိုင်နေသည့် လူများက ရင်းနှီးပြီးသား ကတ်စတမ်မာများ ဖြစ်ကြပါသည်။ သူ့ကို စင်ပေါ်မှာ တွေ့ရတာ မအံ့သြကြတော့ပေ။
ထို့အပြင် ဘယ်အင်တာနက်ကဖေးမှာ ပုံမှန် အဆိုတော်တွေ မရှိလို့လဲ။ သူတို့အတွက် ဘာမှ အသစ်အဆန်း မဟုတ်တော့ပါ။
ယွီအင်တာနက်ကဖေးက ဖွင့်လှစ်ထားတာ မကြာသေးပေ။ ညတိုင်း ကျန်းယွမ်က စင်ပေါ်တက်ကာ စိတ်ပါလက်ပါ သီချင်းဆိုပါသည်။ သို့သော်လည်း အသုံးမဝင်ပေ။ ဆိုင်ထဲက အခြေအနေမှာ တိုးတက်လာသော်လည်း တိုးတက်မှုက အကန့်အသတ် ရှိပါသေသည်။
အချိန်တွေကြာလာသည်နှင့်အမျှ သူ သီချင်းဆိုတာ နည်းလာ၏။ ဒီနေ့ည အရက်၏ လွှမ်းမိုးမှုအောက်တွင် သူ စင်ပေါ်တက်သွားခဲ့ပါသည်။
ကျန်းယွမ်သည် မိတ်ဆက်စကားတွေပြောပြီး အချိန်ဖြုန်းမနေတော့ပါ။ သီချင်းဆိုဖို့ လိုအပ်သည့် ချိန်ညှိမှုများ လုပ်လိုက်ပြီး စတင်သီဆိုပါတော့သည်။ သူ့အသံက မကောင်းသော်လည်း အတော်လေး အဆိုကောင်းပါသည်။ ဘာပဲဖြစ်ဖြစ် ဘားတွေရှိ ပုံမှန်အဆိုတော်များက အရမ်းကြီး ဆိုးရွားနေလို့ မဖြစ်ပေ။
သူ့ရဲ့ ခပ်အက်အက် အသံက တစ်နေရာလုံးကို ပဲ့တင်သံထပ်သွားခဲ့ပါသည်။
အရင်တုန်းက ကျန်းယွမ် ပြင်းထန်သည့် ရော့ခ်သီချင်းများကိုသာ အမြဲတမ်း သီဆိုသည်။ သို့သော်လည်း ပရိတ်သတ်က သူ့ကို အားမပေးကြမှန်း သိလိုက်ရပါသည်။ သူတို့ လုံးဝ စိတ်ပျော်ကြပါ။ နောက်တော့ တိုးသဲ့သည့် အချစ်သီချင်းများကိုသာ သီဆိုတော့သည်။
ဒီလိုမှ အနည်းဆုံးတော့ အခြေအနေက ခွကျမှာ မဟုတ်ပါ။
မာယန်က အရက်သောက်ရင်း ကျန်းယွမ်၏ သီချင်းသံကို နားထောင်နေသည်။ မာယန်တစ်ယောက် စိတ်ကူးယဥ်စပြုလာခဲ့သည်။ ရုတ်တရက်ကြီး ဖန်ချပ်အပြင်ဘက်မှာ ရပ်နေသည့် မသဲမကွဲ လူရိပ်တစ်ခုကို သူ မြင်လိုက်သည်။ ထိုသူက ဝင်ပေါက်မှာ တွန့်ဆုတ်နေသည်။
ညအချိန်ဖြစ်နေပြီး အင်တာနက်ကဖေးက အပြင်ဘက်ထက် ပိုလင်းထိန်နေပါသည်။ ဆိုလိုတာက အပြင်ဘက်ကလူတွေ အင်တာနက်ကဖေးထဲ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်သည့် သဘော ဖြစ်သည်။ သို့သော်လည်း အထဲကလူတွေကတော့ အပြင်ဘက်က အခြေအနေကို ရှင်းရှင်းလင်းလင်း သိပ်မမြင်ရပေ။
ဘယ်လိုပဲဖြစ်ဖြစ် အပြင်ဘက်မှာ တစ်ယောက်ယောက် ဝင်ပေါက်နားတွင် ရီဝေဝေဖြစ်နေတာကို မာယန် သေချာမြင်နိုင်ပါသည်။
"ကတ်စတမ်မာ အသစ်လား။ အပြင်ဘက်မှာတောင် တွန့်ဆုတ်နေသေးတယ်။ ဒါ ငါတို့အတွက် အခွင့်အရေးပဲ။”
မာယန်က ချက်ချင်း စိတ်တက်ကြွသွားသည်။ ယွီအင်တာနက်ကဖေး၏ အထွေထွေမန်နေဂျာ ဖြစ်လာသော်လည်း ဧည့်သည်တွေကို အထဲဝင်ဖို့ မဖြောင်းဖြနိုင်ဘူးလို့ ဘယ်သူပြောလဲ။
ဒီမန်နေဂျာမှာ အထွေဂျာမန်နေဂျာတစ်ယောက်၏ အရှိန်အဝါမျိုး ဘာမှ မရှိပေ။
မာယန်သည် အင်တာနက်ကဖေး၏ ဝင်ပေါက်ကို နွေးထွေးသော မျက်နှာထားဖြင့် ဖွင့်လိုက်ပါသည်။ "မင်္ဂလာပါ မစ္စတာ။ အထဲဝင်ပြီး ကစားချင်လို့လားဗျ။”
တံခါးအပြင်ဘက်မှာ ရပ်နေသည့် ကောင်လေးက ထိတ်လန့်သွား၏။ အပြင်ဘက်မှာ ရီဝေဝေဖြစ်ကာ တွေးနေစဥ် တံခါးကြီး ပွင့်လာတာတောင် သတိမထားမိလိုက်ပါ။ ရုတ်တရက်ကြီး သူ့ရှေ့မှာ သူ့ကိုစိုက်ကြည့်နေသည့် မျက်နှာကြီးကြီးတစ်ခု ပေါ်လာပါသည်။
ကောင်လေးက ရှက်သွားပြီး ခေါင်းငုံ့ကာ ပြောလိုက်ပါသည်။ "ကျွန်... ကျွန်တော် အင်တာနက် လာသုံးတာ မဟုတ်ပါဘူး။”
"ရပါတယ်။ အထဲမှာ အရက်လာသောက်လို့လည်း ရပါတယ်" မာယန်က နွေးထွေးစွာ ပြန်ပြောလိုက်ပါသည်။
ကောင်လေးကို သူ သေသေချာချာ အကဲခတ်ကြည့်လိုက်၏။ သူ့ပုံစံက အနည်းငယ် ကြည့်ရဆိုးပါသည်။ သူ့ဆံပင်က ရှုပ်ပွနေ၏။ အဝတ်အစားများကလည်း အတော်လေး စုတ်ပြဲနေသည့်ပုံပင်။ သပ်သပ်ရပ်ရပ်လည်း မရှိလှပါ။
ကောင်လေးက သူ့ရဲ့ ရှုပ်ပွနေသော ဆံပင်ကို ကုတ်ပြီး ပြောလိုက်၏။ "ဒီ... ဒီမှာ စရိတ်ငြိမ်းအဆိုတော်တစ်ယောက်လောက် အလုပ်ခန့်ဖို့ ရှိလားလို့ မေးချင်လို့ပါ။”
မာယန် ”.."
သူ စိတ်ပျက်သွားပါသည်။ သူတို့ ဝန်ထမ်း မလိုအပ်ပါ။ လိုနေတာ ကတ်စတမ်မာ ဖြစ်လေသည်။
ကတ်စတမ်မာ မရှိပါက ဘယ်လောက် အဆိုကောင်းကောင်း အရေးမကြီးပါ။
ကောင်လေးက မာယန်၏ ရှည်ရှည်ကြီးကြီး မျက်နှာပျက်သွားတာကို မြင်သွားပြီးနောက် အမြန်ပြောလိုက်ပါသည်။ "ကျွန်တော် အဲ့ဒီလူထက်တော့ ပိုပြီး ကောင်းကောင်း ဆိုနိုင်တယ် ထင်တယ်။ အဲ့တာကြောင့် လာကြိုးစားကြည့်ချင်လို့ပါ။”
မာယန်သည် တစ်ခဏတာမျှ စဥ်းစားကြည့်ပြီးနောက် အရှုံးမရှိဘူးဟု ဆုံးဖြတ်လိုက်ပါသည်။
ကျန်းယွမ်က ကျင်းကျိုးမြို့ ယွီအင်တာနက်ကဖေးဆိုင်များ၏ ဒေသဆိုင်ရာမန်နေဂျာတောင် ဖြစ်နေပါပြီ။ သူ နေ့တိုင်း စင်ပေါ်တက်ပြီး သီချင်း မဆိုနိုင်လောက်ပါ။
စရိတ်ငြိမ်းအဆိုတော် တစ်ယောက်ကို ခန့်လိုက်လည်း မဆိုးလောက်ပေ။
"ဟုတ်ပြီ။ မင်းနာမည်ဘယ်လိုခေါ်လဲ။”
"ချန်းလျဲ့ပါ။”
"ဟုတ်ပြီ။ ဝင်ခဲ့ ဝင်ခဲ့။”
မာယန်က ချန်းလျဲ့ကို ယွီအင်တာနက်ကဖေးဆိုင်ထဲသို့ ခေါ်လာပြီး ထိုင်ခုံတစ်ခုတွင် ထိုင်ခိုင်းလိုက်သည်။ ခဏလောက်ကြာသောအခါ ကျန်းယွမ်က နောက်တစ်ပုဒ်ဆိုလို့ ပြီးသွားပါပြီ။ ကျန်းယွမ်သည် စင်ပေါ်မှ ဆင်းပြီး အနားယူလိုက်၏။
မာယန်က စတိတ်စင်ကို ထိုးပြလိုက်ပြီး ပြောလိုက်ပါသည်။ "သွားပါ။ စိတ်မလှုပ်ရှားနဲ့။”
မာယန်မှာလည်း ဂီတပါရမီ မရှိပေ။ အသံ ကောင်းတာ ဆိုးတာကို သူ မခွဲခြားနိုင်ပေ။ ဒီကောင်လေးသာ သူ စိတ်ကျေနပ်လောက်အောင် ဆိုနိုင်ပါက အနည်ဆုံးတော့ ကျန်းယွမ်ကို စင်ပေါ်မှာ အစားထိုးဖို့ ခန့်အပ်လို့ ရနိုင်ပါသည်။
ကျန်းယွမ်က ရေတစ်ခွက် ငှဲ့လိုက်ပြီး လှည့်ကြည့်လိုက်ပြီး စင်ပေါ်က သူ့နေရာ ပျောက်သွားမှန်း မြင်လိုက်ရပါသည်။
သူ တစ်ခါမှ မမြင်ဖူးသည့် ကောင်လေးတစ်ယောက်က ဂစ်တာကြိုးများ ညှိနေပြီး သီချင်းတစ်ပုဒ်ဆိုဖို့ ပြင်ဆင်နေသည့်ပုံပင်။
ကျန်းယွမ်က မာယန်ကို ကြောင်စီစီ ကြည့်ပြီး ပြောလိုက်သည်။ "ညီအစ်ကိုမာ အဲ့တာ ဘယ်သူလဲ။”
"သူ့နာမည်က ချန်းလျဲ့တဲ့။ စရိတ်ငြိမ်း အဆိုတော် လုပ်ချင်လို့ လာလျှောက်တာလေ။ သူ ကောင်းကောင်းဆိုနိုင်ရင် သူ့ကို စင်ပေါ်မှာ ဆိုခိုင်းထားလို့ရတယ်။ မင်းကတော့ နောက်ကို နားလို့ရပြီပေါ့။”
မာယန်က စိတ်ပူစွာ ဆက်ပြောပါသည်။ "မင်းအလုပ်တာဝန်တွေက ဝန်ကြီးတယ်။ ငါတို့ ကော့တေးစပ်ဖို့ လူသစ်တစ်ယောက်လည်း ငှားပြီးပြီ။ စရိတ်ငြိမ်း အဆိုတော်တစ်ယောက်ကို ထပ်ငှားလိုက်ရင် မင်း တခြားအင်တာနက်ကဖေးတွေကို စီမံဖို့ အာရုံပိုစိုက်နိုင်တာပေါ့။”
ကျန်းယွမ်က သူ့မှာ ဘာမှ လုပ်စရာလည်း မရှိပါဘူးဟု ပြောချင်သည်။ သို့သော်လည်း မာယန်၏ သဘောကောင်းသော စကားလုံးများကို ကြားသောအခါ သူ အနည်းငယ် စိတ်ပြောင်းသွားပါသည်။
နေဦး။ မဟုတ်သေးဘူး။ ငါတို့ စရိတ်ငြိမ်း အဆိုတော်တစ်ယောက်လည်း တစ်ခါမှ မခန့်ဖူးဘူး။
ကျန်းယွမ်က ထိုမေးခွန်းကို မေးဖို့ ပြင်လိုက်စဥ် ရှင်းလင်းသော်လည်း အနည်းငယ် အက်ကွဲသည့် အသံတစ်ခုက အင်တာနက်ကဖေးတစ်ခုလုံးတွင် ပဲ့တင်သံ ထပ်သွားပါသည်။
"နွေဦးရဲ့ပန်းလေးတွေ၊ ဆောင်းဦးရဲ့ လေပြည်နဲ့ ဆောင်းရဲ့ နွေဝင်ဆည်းဆာ..."
ကျန်းယွမ် ကြောင်သွား၏။ "သူ သီချင်းဟောင်းကြီးကို ဆိုနေတာပဲ။”
ထိုသီချင်းက အလွန်လူသိများပါသည်။ အင်တာနက်ကဖေးထဲက အားလုံးနီးပါး ကြားဖူးကြသည်။ ချန်းလျဲ့ စတင်သီဆိုင်သည့် အချိန်တွင် အင်တာနက်ကဖေးထဲတွင် သောက်နေကြသည့် လူအားလုံးနီးပါး စင်ပေါ်သို့ မျက်နှာမူလိုက်ကြ၏။ စင်ပေါ်က စမ်းရေများ စီးကျလာပြီး ကြည့်ရှုသူအားလုံးကို ဝန်းရံသွားသလိုပင်။
ကျန်းယွမ်က ရီဝေနေဆဲ ဖြစ်သည်။ သူလည်း မနေနိုင်ဘဲ သီချင်းကို လိုက်ညည်းမိပါသည်။
မာယန်က အရက်ကို တိုးတိတ်စွာ ဆက်သောက်နေပြီး ကျန်းယွမ်ကို ပြောလိုက်ပါသည်။ "မင်းလောက်တော့ အဆိုမကောင်းဘူးထင်တယ်။”
ကျန်းယွမ်က မာယန်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ "ညီအစ်ကိုမာ... သူက ငါ့ထက် အများကြီး အဆိုကောင်းတယ်။”
"ဟုတ်လား" မာယန်က အံ့သြသွားပါသည်။ "သူ့အသံက မြင့်လည်း မမြင့် နိမ့်လည်း မနိမ့်ပါဘူး။ ဘာလို့ ပိုကောင်းတာလဲ။”
ကျန်းယွမ်က မာယန်အား ဂြိုဟ်သားစကား ပြောနေရသလို ခံစားလိုက်ရသည်။ သို့သော်လည်း မာယန်က သူ့အထက်လူကြီးဆိုတာကို ပြန်သတိရသဖြင့် အပြုံးကို ဆက်ဆောင်ထားလိုက်သည်။ "အသံကောင်းတစ်ခုက ပရိတ်သတ်ကို အမြဲတမ်း ဆွဲဆောင်နိုင်တယ်။ သူ့လိုအသံနဲ့ အချစ်သီချင်းတွေကို ဆိုလိုက်ရင် ကောင်းကင်ဘုံရောက်သွားသလိုပဲ။”
"ငါတော့ သဘောမတူနိုင်ပါဘူး။”
"ငါ့ကိုမယုံရင် အားလုံးရဲ့ တုန့်ပြန်မှုကို ကြည့်လိုက်လေ။”
မာယန်က ပရိတ်သတ်ကို လှမ်းကြည့်လိုက်ပါသည်။
ဒီ့မတိုင်ခင် ကျန်းယွမ် သီဆိုနေတုန်းက အားလုံး ကိုယ့်သောက်စရာကိုယ်သာ အာရုံစိုက်နေကြပြီး စကားပြောနေကြပါသည်။ ကျန်းယွမ်ဆိုတာကို နားထောင်နေကြသော်လည်း သူ့ကို နောက်ခံသီဆိုသူတစ်ယောက်အဖြစ်သာ သဘောထားကြတာ မြင်သာပါသည်။
သို့သော်လည်း ချန်းလျဲ့ စတင်သီဆိုသည့်အချိန်တွင် အားလုံး စွဲလမ်းသွားကြ၏။
လူအားလုံးက ခွက်များကို ကိုင်ကာ လိုက်ဆိုကြသည်။ ဘယ်သူမှ စကားမပြောကြပါ။ လူတချို့က စင်ကို ရီဝေစွာဖြင့် ငေးကြည့်နေကြပါသည်။ ဒီသီချင်းကြောင့် သူတို့ခေါင်းထဲမှာ ဘယ်လို အမှတ်တရတွေ ပေါ်လာလဲဆိုတာ ခန့်မှန်းကြည့်လို့တောင် ရပါသည်။
ကျန်းယွမ် စိတ်လှုပ်ရှားသွား၏။ "ညီအစ်ကိုမာ မင်း ဒီလိုပါရမီရှင်မျိုးကို ဘယ်ကနေ ရှာတွေ့လာတာလဲ။”
မာယန် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွား၏။ ။”.. သူ့ဖာသာသူ ရောက်လာတာ။”
"တိုက်ဆိုင်လိုက်တာ။”
"အဲ့လိုတော့ မဟုတ်ဘူး" မာယန်က ပြန်ပြောလိုက်သည်။ "အပြင်မှာ မင်းသီချင်းဆိုနေတာကို ကြားလို့ မင်းထက် ပိုကောင်းအောင် ဆိုနိုင်တယ်လို့ ထင်ပြီး တံခါးနားကို ရောက်လာတာ။ ဒီ့အတွက် မင်းကျေးဇူးက ပိုများတယ်ထင်တယ်?"
ကျန်းယွမ် ”...”
"ညီအစ်ကိုမာ ငါစိတ်ပြောင်းသွားပြီ။ သူ့ကို အလုပ်မခန့်ကြရအောင်။ ဟုတ်ပြီလား။”
"မလုပ်ပါနဲ့။”