ဆည်းဆာရောင်ခြည်
Vol. 29 Ch. 433
ထိုမြင်ကွင်းသည် ရွှီချင်းတို့သုံးယောက်ကို ပင့်သက်ရှိုက်သွားစေသည်။ ဤနေရာကို သူတို့ ရင်းနှီးနေခဲ့ပြီ ဖြစ်ပြီး လမ်းတစ်လျှောက်တွင် များစွာ မြင်ခဲ့ရပါသော်လည်း တောင်ကြီးသုံးတောင်၏ ယှဉ်တုမရအောင် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကို ကိုယ်တိုင် မြင်တွေ့ရသောအခါ သူတို့စိတ်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်လာသည်။
ယန်ယန်မှာ စိတ်ထဲရှိ ခံစားချက်လှိုင်းများကြောင့် တသိမ့်သိမ့်တုန်လာသည်။
ရွှီချင်းမှာ စိတ်ထဲမှ ခံစားချက်လှိုင်းများကြောင့် သူ စတင်ကျင့်ကြံကတည်းက ရရှိခဲ့သည့် ကိုယ်ယောင်ဖျောက်ပစ္စည်းများကို ထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် အသက်သွင်းလိုက်သည်။
ခေါင်းဆောင်မှာမူ သူတို့နှစ်ယောက်နှင့် မတူညီပေ။ သူ့စိတ်ထဲရှိ ခံစားချက်လှိုင်းများက သူ့မျက်လုံးများပေါ်တွင် ထိန်းချုပ်မရသော ဆန္ဒများအဖြစ် ထင်ဟပ်လာသည်။ သူသည် ပလ္လင်ကြီးသုံးလုံးကို အငမ်းမရ ကြည့်လိုက်သည်။
“ ရတနာ၊ ဒါလည်း ရတနာပဲ ”
ယန်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းဆောင်ကို တစ္ဆေတစ်ကောင်အလား ကြည့်လိုက်သည်။
ရွှီချင်းသည် အသားကျနေပြီဖြစ်ပြီး မည်သို့မျှမဖြစ်ပေ။ ထိုအစား အတန်ငယ် တွေးတောပြီးနောက် ယန်ယန်ကို ကိုယ်ယောက်ဖျောက်ပစ္စည်းတချို့ ပေးလိုက်သည်။
သူ၏အပြုအမူများသည် ယန်ယန်၏အာရုံကို ချက်ချင်း လွှဲပေးလိုက်သည်။ ယန်ယန်သည် ထူးဆန်သောအကြည့်ဖြင့် ရွှီချင်းပေးလိုက်သော ပစ္စည်းများကို ယူလိုက်သည်။ ယန်ယန်သည် မထိန်းချုပ်နိုင်ဘဲ လက်ချောင်းကို မြှောက်၍ ကိုက်လိုက်ပြန်သည်။
“ ဒါက အန္တရာယ်နယ်မြေပဲ။ အစ်ကိုကြီး၊ ဓားကိုင်ရုံးခွဲက ဘယ်တော့လာမှာလဲ ”
ရွှီချင်းက ရုတ်တရက် မေးမြန်းလိုက်သည်။ သူသည် တောင်နက်ကြီးများဆီမှ အကြည့်လွှဲလိုက်ပြီး တောင်ခြေမှာ ဆင်းသက်လိုက်သည်။
ထိုအချိန်၌ သူတို့သည်လည်း တောင်တစ်တောင်ပေါ် ရောက်နေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သည် တောင်ပေါ်ရှိ ဧရာမကျောက်တုံးကြီးနောက်ကွယ်တွင် လှဲနေရင်း အဝေးသို့ ကြည့်လိုက်သည်။
သူတို့ရောက်နေသည့်တောင်သည် ဘေးပတ်ဝန်းကျင်ရှိ တောင်များအနက် တစ်တောင်ဖြစ်သည်။ ထိုတောင်သည် များစွာ သိသာပေါ်လွင်ခြင်းမရှိဘဲ တောင်နက်ကြီးသုံးလုံးထက် များစွာ သေးငယ်သည်။ သို့သော်လည်း အရာအားလုံးကို စူးစမ်းလေ့လာရန်အတွက်မူ လုံလောက်သည်။
ထိုအချိန်၌ အဝေးရှိ တောင်နက်သုံးလုံးကို မြူခိုးများက ရစ်သိုင်းလျက် ရှိသည်။ မြူခိုးများသည် လေထဲတွင် မျောလွင့်ကာ ဧရာမတစ္ဆေခေါင်းကြီးများအသွင် ပြောင်းလဲ၍ တရွှီရွှီအော်မြည်ကာ တောင်များပတ်လည်တွင် ရစ်ပတ်နေသည်။
အနက်ရောင်မြို့များစွာကို မြေပြင်တွင် မြင်နိုင်သည်။
ထိုမြို့များသည် ပွက်ပွက်ညံအောင် စည်ကားနေသည်။ ထူူးဆန်းသော အော်ဟစ်သံများ၊ သားရိုင်းမာန်သွင်းသံများ၊ သွေးဆာနေသော ရယ်မောသံများ အရပ်မျက်နှာတစ်ခွင် ပျံ့လွင့်နေသည်။
သူတို့အားလုံး ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ ဂိုဏ်းသားများ ဖြစ်ကြသည်။ သာမန်လူများစွာမှာ အစေခံများနှင့် အစာများအဖြစ် ပြုမူခံရသည်။ သာမန်လူများသည် သေသည်ထက်ဆိုးဝါးသော ဘဝကို ရသွားကြသည်။
ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင် ဂိုဏ်းသားများမှာမူ မျိုးနွယ်အသီးသီးမှ အဖွဲ့ဝင်များ ပါဝင်ကြပြီး ရောနှောနေသည်။ သူတို့သည် ဝိညာဉ်သုံးဖော်၏ အကာအကွယ်ရရန် ဤနေရာတွင် စုရုံးနေကြသော ရာဇဝတ်ကောင်များ ဖြစ်ကြသည်။
အဆင့်နိမ့်ကျင့်ကြံသူများလည်း ရှိသည်။ အများစုမှာ ဖမ်းဆီးခံရ၍ ဖြစ်စေ၊ အားဖြည့်ရန်အတွက် သာမန်လူ့လောကမှ အဆင့်တိုးမြှင့်၍ ဖြစ်စေ ရောက်လာကြခြင်း ဖြစ်သည်။
သူတို့မှာ လူသားဆန်စိတ်ကို ဆုံးရှုံးသွားခဲ့ကြပြီး သူတို့စိတ်ထဲ ကျန်နေသည်မှာ အဆုံးစွန်ထိ ကောက်ကျစ်ယုတ်မာစိတ်များသာ ဖြစ်သည်။
ယင်းသည် ဤနေရာတွင် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ထိုအခြင်းအရာအားလုံးသည် ရွှီချင်းတို့အုပ်စု၏ မြင်ကွင်းထဲ ပေါ်နေသည်။ မရေမတွက်နိုင်သော မိစ္ဆာများနှင့် မွန်းစတားများသည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်သို့ သွားမည့် သူတို့ခရီးအတွက် ပထမအတားအဆီး ဖြစ်သည်။
ယင်းအပြင် အထဲတွင် ထိပ်သီးကျင့်ကြံသူများစွာ ရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် ရွှီချင်းအတွက် အစွမ်းထက်အငွေ့အသက်များစွာကို အာရုံခံမိရန် လုံလောက်သည်။
ကံကောင်းထောက်မ၍ သူတို့က သေချာဖုံးကွယ်ထားပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်များသည် သံသယဝင်စရာမရှိပေ။ သို့ဖြစ်၍ ဆူဆူညံညံဖြစ်အောင် မလုပ်သမျှ အချိန်တိုအတွင်း သူတို့ကို ရှာတွေ့သွားရန် ခက်မည် ဖြစ်သည်။
သို့သော်လည်း ယင်းမှာ သူတို့ နီးကပ်လွန်းမနေသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သူတို့သာ အနီးသို့ တိုးကပ်သွားခဲ့မည်ဆိုပါက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ အစီအရင်ကြီးကို ထိမိလိုက်သည်နှင့် ချက်ချင်း ရှာတွေ့သွားမည် ဖြစ်သည်။
လက်ရှိအခြေအနေသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တားမြစ်နယ်မြေနှင့် ကွဲပြားသည်။ သူတို့အနေဖြင့် ပြောင်ပြောင်တင်းတင်း ဝင်သွား၍ မရဘဲ အခွင့်အရေးတစ်ခု လိုအပ်သည်။
“ ခဏနေရင် စလောက်မှာပါ။ ငါတို့ မြန်မြန်လုပ်လို့ မရဘူး။ ဒီမှာ ပုန်းနေပြီး အခြေအနေကို စောင့်ကြည့်ကြစို့ ”
ခေါင်းဆောင်သည် လျှာများကို သပ်၍ ရင်ထဲမှ စိတ်ဆန္ဒများကို ချိုးနှိမ်လိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး မလှုပ်မယှက် လှဲနေလိုက်သည်။ ယန်ယန်သည် ရွှီချင်း ပေးခဲ့သည့် ကိုယ်ယောင်ဖျောက်ပစ္စည်းများကို ထုတ်လိုက်ပြီး ရွှီချင်းအနားသို့ တိုးကပ်သွားလိုက်ရာ အနည်းငယ် မျက်နှာလေး နီမြန်းသွားသည်။ ယန်ယန်၏ ဘယ်လက်က ရွှီချင်း၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သောအခါ ဓာတ်လိုက်သွားသည့်အလား ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ ယန်ယန်မှာ ငေးကြောင်သွားသည်။
ရွှီချင်းသည် အနည်းငယ် ခွာချင်ပါသော်လည်း ထိုအချိန်၌ အဝေးမှ စွမ်းအင်အငွေ့အသက်များ ရောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှဲကျင်းတိုက်ခတ်သွားသည်။ ရွှီချင်းသည် မလှုပ်ရှားဝံ့ဘဲ ကိုယ်နေဟန်ထားကို ပုံမှန်အတိုင်း ထားလိုက်သည်။
ခဏအကြာ စွမ်းအင်အငွေ့အသက်များ ဖြတ်ကျော်သွားပြီး ပျောက်ကွယ်သွားသည်။
“ ဒါက ဝိညာဉ်ချုပ်နှောင်ရာတောင်ရဲ့ အပြင်ဘက်ပိုင်းပဲ။ စိတ်မပူနဲ့ ကိုယ့်သဘောအတိုင်း စည်းကျော်မသွားရင် ဒီလိုရိုးရိုးရှင်းရှင်း စစ်ဆေးတာက ဘာမှမဖြစ်ဘူး။ အဲဒါက ယွမ်ယင်အဆင့်နဲ့အထက်ကိုပဲ စစ်ဆေးတာ ”
“ ပြီးတော့ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ရဲ့ အမြင်မှာ ယွမ်ယင်အဆင့်အောက် ကျင့်ကြံသူတွေက ပုရွတ်ဆိတ်တွေသာသာပဲ ရှိတယ် ”
ခေါင်းဆောင်က ခပ်တိုးတိုး ပြောလိုက်သည်။
ရွှီချင်းသည် ဘာမှမဆိုပေ။ သူသည် ကိုယ်ယောင်ဖျောက်ပစ္စည်းအနည်းငယ် ထပ်ထုတ်လိုက်ပြီး အသက်သွင်းလိုက်သည်။ ထို့နောက် ယန်ယန်ကို လက်ဟန်အမူအရာဖြင့် သူတို့နှစ်ယောက် တခြားနေရာသို့ ရွှေ့ရန် အချက်ပြလိုက်သည်။
နှစ်များစွာ တွေ့ကြုံခဲ့ရပြီးနောက် ခေါင်းဆောင်က တစ်ခါတရံ ယုံကြည်ရသူမဟုတ်ကြောင်း သူ သိသည်။
ထိုသည်ကို မြင်၍ ခေါင်းဆောင်၏ မျက်ခုံးမွေးများ အထက်သို့ မြင့်သွားပြီး မကျေမနပ်ဖြစ်သွားသည်။
“ ချင်းလေး၊ မင်းက ပြောင်းလဲသွားပြီပဲ။ ငါနဲ့ ဝေးရာ သွားနေတာ ဘာလို့တုံး ”
“ အစ်ကိုကြီး၊ ဆရာက အစ်ကိုကြီးကို ရတနာအသစ်တွေ ပေးလိုက်လား ”
ရွှီချင်းက ခေါင်းဆောင်ကို မနီးမဝေးမှနေ၍ ကြည့်လိုက်သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး၊ အဘိုးကြီးက သိပ်ကပ်စေးနဲှတာ။ ဒါနဲ့ ချင်းလေး မင်းမှာ ပန်းသီးတွေ ပါလား။ ငါ နည်းနည်း ဆာလာလို့ ”
ခေါင်းဆောင်သည် သံသယဝင်စရာမရှိဘဲ ပုံမှန်အမူအရာဖြင့် ပြောလိုက်သည်။
ရွှီချင်းသည် ဘာမှမပြောဘဲ ပန်းသီးအနည်းငယ် ပစ်ပေးလိုက်သည်။ သို့သော်လည်း ခေါင်းဆောင်အနီးသို့ သူ တိုးကပ်မသွားပေ။ ထိုအစား ဘေးပတ်လည်တွင် အဆိပ်များ ပက်လိုက်သည်။
ခေါင်းဆောင်သည် မျက်တောငာ်တဖျပ်ဖျပ်ခတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ဘေးရှိ ယန်ယန်သည် သူတို့စကားများနှင့် အပြုအမူများကို နားမလည်နိုင်အောင် ဖြစ်နေသည်။ ယန်ယန်သည် အလွန် စိတ်ရှုပ်ထွေးသွားရပါသော်လည်း မည်သို့မျှ မမေးမြန်းပေ။
သုံးရက် ကုန်လွန်သွားသည်။
“ ခေါင်းဆောင်၊ ဓားကိုင်ရုံးခွဲသာ ရောက်မလာရင် ကျနော်တို့ အခုလိုပဲ ဆက်စောင့်နေမှာလား။ ခေါင်းဆောင်မှာ တခြားရွေးချယ်စရာတွေ ရှိသေးလား ”
ရွှီချင်းသည် တခြားတစ်ဖက်တွင် လှဲနေရင်း မေးမြန်းလိုက်သည်။
“ ဓားကိုင်ရုံးခွဲ သေချာပေါက် လာမှာကွ ”
ခေါင်းဆောင်က သေချာနေသည့်လေသံဖြင့် ပြောလိုက်သည်။
“ ခေါင်းဆောင် သေချာလား ”
ရွှီချင်းက အံ့အားသင့်သောလေသံဖြင့် မေးမြန်းလိုက်သည်။
“ သေချာတာပေါ့ကွ။ အဲဒီသတင်းရဖို့ ငါ ပိုက်ဆံအများကြီး ကုန်ထားရတာ ”
ခေါင်းဆောင်သည် အခြေအနေတစ်ခုလုံး သူ့လက်ထဲတွင် ရှိနေသည့်အလား သူ့မျက်လုံးများထဲ နက်နဲသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။
ရွှီချင်းသည် တွေးတောလိုက်ပါသော်လည်း မည်သို့မျှ မဆိုပေ။
ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ စိတ်မပူပါနဲ့ကွ ”
နောက်ထပ်ခုနစ်ရက် ရှစ်ရက် ကုန်လွန်သွားသည်။
ပြီးခဲ့သည့်ခုနစ်ရက်ရှစ်ရက်တာအတွင်း အန္တရာယ်များစွာ ကြုံခဲ့ရသည်။
ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ဂိုဏ်းသားတချို့က လေထဲမှ ပျံသန်း၍ ကင်းလှည့်ရာ သူတို့ကို သတိထားမိလုနီးပါး ဖြစ်သွားခဲ့သည်။ အန္တရာယ်အရှိဆုံးဖြစ်ရပ်တစ်ခုမှာ ဝိညာဉ်ချုပ်နှောင်ရာတောင် ဂိုဏ်းသားတစ်စု ဖြတ်သန်းသွားစဉ်အခါက ဖြစ်သည်။ ဂိုဏ်းသားတချို့က တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားဟန်တူပြီး သူတို့ရှိနေသည့်တောင်ကို အနီးကပ်ကြည့်ခဲ့ကြသည်။
ရွှီချင်းသည် ဆက်၍ ပုန်းအောင်းနေပြီး သူ့ကိုယ်သူ ဖုံးကွယ်ရန် အရိပ်ကိုပင် အသုံးချခဲ့သည်။ ယန်ယန်မှာလည်း ရတနာများ ရှိနေပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် စူးစမ်းရှာဖွေသည့် အကြည့်များကို ရှောင်ကွင်းသွားနိုင်ခဲ့သည်။
ခေါင်းဆောင်မှာမူ ကိုယ်ယောင်ဖျောက်ရတနာကို ချက်ချင်း အသုံးချခဲ့ပြီး ကိုယ်ပျောက်သွားခဲ့သည်။ ရွှီချင်းသည် သူ့အရိပ်ကို ငုံ့ကြည့်လိုက်သည်။
ညအမှောင်ထုတွင် အပြင်လူများ မမြင်နိုင်သော အရိပ်လေးသည် အဝေးရှိ ကျောက်တုံးကြီးရှိရာသို့ အလျင်အမြန် ညွှန်ပြလိုက်သည်။
ရွှီချင်းသည် ထိုနေရာသို့ မျက်နှာသေဖြင့် ကြည့်လိုက်သည်။
တချိန်တည်းမှာပင် အရိပ်လေး ညွှန်ပြသည့်နေရာ၌ ကျောက်တုံးကြီးရှိနေသည့်မြေပြင်မှ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုအက်ကွဲကြောင်းသည် မျက်လုံးများ မှေးသွားရာမှ ပေါ်လာခြင်း ဖြစ်သည်။
“ တစ်ခုခု မူမမှန်ဘူး။ ချင်းလေးက ငါ့ကို သတိထားမိနေတာလား။ အဘိုးကြီးက ငါ့ကို ကိုယ်ပွားနဲ့ ပုံရိပ်ယောင်အသွင်ပြောင်းရတနာကို ပေးလိုက်တယ်လို့ ချင်းလေးကို ပြောပြလိုက်တာလား ”
“ ဒီကလေးက သိပ်ပါးနပ်လာပြီ။ ပျော်စရာမကောင်းတော့ဘူး ”
ထိုကျောက်တုံးကြီးသည် ခေါင်းဆောင်၏ ကိုယ်ယောင်ဖျောက်ထားခြင်း ဖြစ်သည်။
အမှန်စင်စစ် ယင်းသည် သူ၏ခန္ဓာကိုယ်အစစ် ဖြစ်သည်။ အဝေးရှိ တစ်ယောက်မှာ သူ၏ကိုယ်ပွား ဖြစ်သည်။ သူ၏မူလအစီအစဉ်မှာ ဓားကိုင်ရုံးခွဲ ရောက်လာပြီး တိုက်ခိုက်သောအခါတွင် အခြေအနေဖရိုဖရဲ ဖြစ်နေသည်ကို အခွင့်အရေးယူ၍ သူ၏ကိုယ်ပွားနှင့် ရွှီချင်းတို့ ရှေ့မှသွားသောအခါတွင် သူက နောက်မှ လိုက်ရန် ဖြစ်သည်။
ယင်းသည် များစွာ ဘေးကင်းလုံခြုံသော အစီအစဉ်ဖြစ်ပြီး ပိုကောင်းသော အကျိုးအမြတ်များကိုပင် လျှို့ဝှက်စွာ ရရှိနိုင်ပေသည်။
ရေသူမကျွန်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တားမြစ်နယ်မြေမှာ အလားတူ ပြုလုပ်ခဲ့ဖူးပါသော်လည်း အကြိမ်တိုင်း မအောင်မြင်ခဲ့ပေ။
ရေသူမကျွန်း၏ ရေအောက်ကမ္ဘာဥမင်ထဲတွင် ရွှီချင်းနောက်သို့ တစ်လမ်းလုံး လိုက်သွားခဲ့သည်။ နောက်ဆုံးတွင် ရွှီချင်း ဖြန့်ထားသည့်အဆိပ်ကို မိသွားခဲ့သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မတော်တဆဖြစ်ရပ်မှာ သူ အပြစ်တင်ခြင်းပင် ခံခဲ့ရသည်။
ယင်းသည် သူ့ကိုယ်သူ မယုံမကြည်ဖြစ်လာရသည်။ ယခုတစ်ခေါက်တွင် သူ့ဆရာပေးလိုက်သော ရတနာဖြင့် သူ အောင်မြင်နိုင်မည်ဟု ခံစားရသည်။
သို့သော်လည်း စောစောက ရွှီချင်း၏ အကြည့်ကြောင့် သူ အနည်းငယ် သံသယဝင်လာရသည်။
အတန်ငယ် တွေးတောပြီးနောက် ကျင့်ကြံသူအုပ်စု ထွက်သွားသောအခါတွင် သူ ဦးတည်ချက် ပြောင်းလိုက်သည်။
ထိုသို့ဖြင့် သုံးရက်ကြာပြီးနောက် ရွှီချင်းတို့သုံးယောက် တစ်လနီးပါး စောင့်နေပြီး ညနေခင်းတစ်ခုတွင် ကောင်းကင်ယံရှိ တိမ်မည်းများထဲမှာ မြေပြင်တုန်ဟီးသွားစေနိုင်သော လျှပ်စီးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
မိုးကြိုးကြီးသည် အလွန် ကြီးမားပြီး ပေတစ်သိန်းနီးပါး ရှည်လျားသည်။ ကောင်းကင်ကို စုတ်ဖြဲပစ်နိုင်သော အက်ကွဲကြောင်းကြီးအလားပင်။
အသံက ကျယ်လောင်လွန်းလှ၍ မရေမတွက်နိုင်သော မိုးကြိုးများ ပစ်ခတ်ကာ လောကကြီး တုန်ခါနေသည့်အလားပင်။
ဧရာမမိုးကြိုးကြီး ပေါ်လာပြီးနောက် ကောင်းကင်မှ မိုးကြိုးငယ်များစွာ ပေါ်လာပြီး တစ်ချက်ပြီးတစ်ချက် မြေပြင်ကို ပစ်ခတ်သွားလေသည်။
လျှပ်စီးလောကကြီး ဖြစ်သွားသည့်အလား နေရာတစ်ခုလုံးကို မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းသွားသည်။
အာကာပြင်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
တိမ်မည်းများ ပြိုကွဲသွားသည်။ စစ်စည်တီးသံများ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ဓားအလင်းတန်းတစ်တန်း ကောင်းကင်ယံမှ ပျံသန်းလာသည်။
ထိုဓားအလင်းတန်းသည် အလွန်ကြီးမားပြီး တာအိုအမှတ်အသားထောင်ဂဏန်းခန့် ဝန်းရံထားသည်။ ထိုဓားအလင်းတန်းတွင် ကောင်းကင်ကို အက်ကွဲသွားစေနိုင်လောက်သည့် ပြင်းထန်သော တန်ခိုးစွမ်းအားများ ကိန်းအောင်းနေသည်။ ယင်းသည် ကောင်းကင်ကပ်ဘေးအလား ဝိညာဉ်ချုပ်နှောင်ရာတောင်တန်းကြီး၏ ပထမတောင်ကို ပစ်ခတ်သွားသည်။
ဓားချက်ကျဆင်းသွားသည်နှင့် ပထမတောင်ကြီး ဂျိမ်းခနဲ မြည်ဟည်းသွားသည်။
မည်းနက်သော မြူခိုးများ ဝေဟင်သို့ အလိပ်လိုက်တက်လာပြီး ဓားအလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ လူတစ်ယောက်၏စိတ်နှလုံးသားကို တုန်ခါသွားစေနိုင်သည့် အော်ဟစ်သံကြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။
“ ဓားကိုင်အကြီးအကဲ ”
“ ဓားကိုင်ရုံးခွဲက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို ဖိနှိပ်ဖို့ မြို့တော်ရဲ့အမိန့်ကို နာခံပါတယ် ”
ဓားအလင်းတန်းထဲမှ ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။
ထိုရုတ်တရက် ဖြစ်ရပ်သည် ဝိညာဉ်သုံးဖော်ကို တုန်လှုပ်သွားစေသည်။ တချိန်တည်းမှာပင် မြေပြင်က ပို၍ ရုန့်ရင်းဆန်ခတ်ဖြစ်လာသည်။
ကောင်းကင်မှ ဧရာမလက်တစ်စုံ ဆန့်ထွက်လာပြီး ဝှေ့ယမ်းလိုက်ရာ အရပ်မျက်နှာအနှံ့ လေပြင်းများ တိုက်ခတ်သွားပြီး တိမ်မည်းများကို အဝေးသို့ တွန်းဖယ်လိုက်သည်။
နောက်ဆက်တွဲ ပေါ်လာသည်မှာ ဓားကိုင်များ ဖြစ်သည်။ သူတို့ ပေါ်လာပြီးနောက် သူတို့သည် ဓားအလင်းတန်းများအသွင် ပြောင်းလဲ၍ မြေပြင်သို့ ဦးတည်သွားသည်။
သူတို့ ဆင်းသက်လာသည်နှင့် တိမ်မည်းများကို ဖယ်ရှားခဲ့သည့် ဧရာမလူ့ဘီလူးကြီးသည်လည်း လောကကြီးသို့ ဆင်းသက်လာသည်။ လူ့ဘီလူးကြီးသည် ခေါင်းနောက်လှန်၍ ဟစ်ကြွေးလိုက်ပြီး ဒုတိယမြောက်တောင်ထိပ်ထံ တဟုန်ထိုး ပြေးဝင်သွားသည်။ ထို့နောက် လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ ဒုတိယတောင်ကြီး တုန်ခါသွားပြီး တောင်တစ်ခုလုံး ပြိုကျသွားတော့မည့်အလား အက်ကွဲကြောင်းများစွာ ပေါ်လာသည်။
လူ့ဘီလူးကြီး၏ ခေါင်းပေါ်တွင် ရပ်နေသော လူရိပ်သုံးရိပ်လည်း ရှိသည်။ ထိုလူတစ်ယောက်စီတိုင်းက တုန်လှုပ်ချောက်ချားစရာ စွမ်းအင်များကို ထုတ်လွှတ်နေပြီး သူတို့၏မျက်လုံးများ ဝင်းလက်နေသည်။ ထိုလူ့ဘီလူးကြီး ရှေ့တက်သွားသည်နှင့် ထိုလူသုံးယောက်သည် တတိယမြောက်တောင်ကြီးဆီသို့ တဟုန်ထိုး ဦးတည်သွားသည်။
သူတို့၏ဓားချီများက တတိယမြောက်တောင်ကြီးကို ရိုက်ခတ်သွားသည်။
ထို့နောက် တတိယမြောက်တောင်ကြီးထံမှ တဝုန်းဝုန်းမြည်သံများ ပျံ့လွင့်လာသည်။ တောင်ကြီးပတ်လည်ရှိ အကာအကွယ်များ၊ အချုပ်အနှောင်များနှင့်အတူ တောင်ကြီးတစ်ဝက်ကျော် ပြိုကျသွားသည်။ တောင်ကြီး စောင်းသွားစဉ် တောင်ကြီးထံမှ ထွက်ပေါ်နေသော ဖိအားများ ပျောက်ကွယ်သွားသည်။
တောင်လယ်တွင် ကျဉ်းနက်ကြီးတစ်ကျဉ်းရှိနေသည်ကို မြင်နိုင်သည်။ ကျဉ်းနက်ထဲတွင် ဝိညာဉ်သခင်မယုံကျင်းရှိသည်။
ဝိညာဉ်သခင်မယုံကျင်းသည် မျက်နှာအမူအရာပြောင်းလဲသွားပြီး တင်းမာခက်ထန်လာသည်။
ဒုတိယတောင်မှ အရိုးခြောက်လူ့ဘီလူးကြီးသည်လည်း မတ်တတ်ရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ ဓားကိုင်ရုံးခွဲ၊ ငါတို့ကို တိုက်ခိုက်ရင် ဘာဖြစ်သွားမယ်ဆိုတာ သိတယ်မလား။ ငါတို့က သင့်တော်အောင်နေပြီး ဘာစည်းမှ ကျော်နေတာ မဟုတ်ဘူး။ တစ္ဆေဧကရာဇ်ရဲ့ ဆင့်ခေါ်သံတွေကိုလည်း ငါတို့ တုံ့ပြန်ခဲ့တာ မဟုတ်ဘူး။ မင်းတို့က ငါတို့ကို တစ္ဆေဧကရာဇ်ကြီး နှိုးထသွားအောင် သူနဲ့ အတင်းအကြပ် ပူးပေါင်းစေချင်နေတာလား ”
“ မင်းတို့က သူခိုးတွေပဲကို။ ရှေးဘုရင်ခေတ်မှာ သူခိုးဓားပြအဆင့်ပဲ ရှိတယ်။ အခု လူသားမျိုးနွယ်နိမ့်ပါးလာလို့ ငါတို့ကို ခြိမ်းခြောက်နေတာလား ”
ကောင်းကင်ယံမှ သက်လတ်ပိုင်းလူတစ်ယောက် လျှောက်လာသည်။
သူသည် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး တာအိုရုပ်ပုံများနှင့် ဦးထုပ်ကို ဆောင်းထားသည်။ သူသည် တည်ငြိမ်သောအမူအရာဖြင့် ကျောတွင် ရှေးဟောင်းဓားကြီးတစ်လက်ကို လွယ်ပိုးထားသည်။
သူ လျှောက်သွားစဉ် သူ၏အဝတ်အစားများ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ့ပတ်လည်တွင် ဓားချီများ လည်ပတ်နေသည်။ အံ့အားသင့်စရာကောင်းစွာပင် သူ့နောက်တွင် မရေမတွက်နိုင်သော သူ့အရိပ်များ ရှိသည်။ အရိပ်တစ်ခုက နောက်အရိပ်ထက် ပိုကြီးပြီး ထိုအရိပ်များက ကောင်းကင်ယံသို့တိုင်အောင် ထိစပ်နေသည့်အလားပင်။
ယင်းသည် ဗလာနတ္ထိ ဒုတိယအဆင့် ဖြစ်သည်။
သူ့နောက်ရှိ မိုးသားတိမ်စိုင်များ စုတ်ပြဲသွားသည်နှင့် အချိန်အတော်ကြာ အလင်းရောင် ရှိမနေခဲ့သော ဆိုးဝါးသောနယ်မြေကြီးထဲသို့ ဆည်းဆာရောင်ခြည်တန်းများ ဖြာကျလာသည်။
ယင်းသည် ဆည်းဆာချိန်အလင်းတန်း ဖြစ်ပါသော်လည်း တဖျပ်ဖျပ် ဝင်းလက်နေဆဲပင်။
ကြည့်ရသည်မှာ လူသားမျိုးနွယ်အလား …