← Chapters

လက်ကိုင်အိတ်များ၏ ဆွဲဆောင်မှု

Vol. 30 Ch. 438

လက်ကိုင်အိတ်များ၏ ဆွဲဆောင်မှု

Vol. 30 Ch. 438

လူတိုင်း၏ ဆွေးနွေးပြောဆိုမှုနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန် ပြုံးနေပြီး ဘာမှမပြောချေ။

*ငါက တကယ် အံ့ဩဖို့ ကောင်းတယ်လို့ မင်းတို့ ထင်နေတာလား၊ အင်း … မင်းတို့အားလုံး မှားနေပြီ၊ ငါက မင်းတို့ထင်တာထက် ပိုပြီးတော့ကို အံ့ဩဖို့ကောင်းတယ်*

“ရဲ့နတ်ဘုရား”

ထိုသို့သောအချိန်၌ ဒါရိုက်တာသည် ရဲ့လင်းချန်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာပြီး ပြောလေသည်။

“ရဲ့နတ်ဘုရား၊ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူတစ်ယောက်က စပါးအုံးမြွေရဲ့ အရေခွံကို ဝယ်ချင်တယ်လို့ ပြောတဲ့ စာတန်းတစ်ခု တင်လာတယ်”

“ဪ သူတို့က စပါးအုံးမြွေရဲ့ အရေခွံကို ဝယ်ချင်တာလား”

ရဲ့လင်းချန်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိသည်။

“ဘယ်ဈေးနဲ့လဲ”

“ငါးသန်း”

ဒါရိုက်တာက ပြောလေသည်။

“ဟာ”

လူတိုင်း ထပ်မံ၍ ပင့်သက်ရှိုက်မိသွားပြန်သည်။ စပါးအုံးမြွေ၏ အသားက တန်ကြေး များနေပြီဟု တွေးထားခဲ့ သော်လည်း လူတစ်ချို့က မြွေအရေခွံကို ဈေးကြီးပေး၍ ဝယ်လိုသည်ကို သိလိုက်ရသောအခါ ထိတ်လန့် သွားရလေသည်။

*ဒါကြီးက ရက်စက်လွန်းပါတယ်၊ အဲ့ဒီ လူချမ်းသာတွေ ပိုက်ဆံကို ပေါ့သေးသေး မှတ်နေတာလား*

သို့သော် ရဲ့လင်းချန်က မျက်မှောင်ကြုတ်နေသည်။

“နည်းနည်းလေးတောင် ရိုးသားမှုမရှိဘူး၊ ကျွန်တော် မရောင်းဘူး”

“တစ်ဖက်လူက ဈေးကို ညှိနှိုင်းလို့ ရတယ်လို့ ပြောပါတယ်၊ သူက မင်းကို ဈေးပြောပါလို့ ပြောနေတယ်”

ဒါရိုက်တာက ဖန်သားပြင်ကို ကြည့်ပြီး ရဲ့လင်းချန်ကို ပြောလိုက်သည်။

“ကျွန်တော် ဘယ်ဈေးနဲ့မှ မရောင်းဘူး”

ရဲ့လင်းချန်က ခေါင်းခါ၍ တဲ့တိုး ပြန်ဖြေသည်။ သူ့တွင် ကိုယ်ပိုင် အကြံအစည်များ ရှိနေသည်။

ဧရာမ စပါးအုံးမြွေကြီး၏ အသားက အဖိုးတန်သလို ၎င်း၏ အရေခွံကလည်း ထပ်တူ တန်ဖိုး ရှိသည်။

၎င်း၏ အရေခွံကို အိတ်များ ပြုလုပ်ရာ၌ သုံးနိုင်ပေသည်။

အိတ်များသည် မိန်းကလေးတစ်ယောက်၏ အရေးကြီးသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ “လက်ကိုင်အိတ်များ” ဟူသော အရာက ရောဂါအားလုံးကို ကုသနိုင်ပြီး မိန်းကလေးများ၏ အိတ်အပေါ် စွဲလန်းမှုကို ပြသနေသည်။

Gucci၊ Louis Vuitton စသည့် ဈေးကြီးသော အိတ်များကို ဒေါ်လာ ထောင်သောင်းချီဖြင့် ရောင်းနိုင်သည်။ Hermes ကို တစ်သိန်းအထက် ရောင်းကြပြီး လူအများစုက မဝယ်နိုင်ကြချေ။

မည်မျှ ရူးချင်စရာ ကောင်းလဲ သိသာလှသည်။ ယင်းမှာ အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်လာပြီးနေလေသည်။

မြွေအရေခွံသည် အိတ်များ ပြုလုပ်ရန်အတွက် အလွန် ကောင်းသော ပစ္စည်း ဖြစ်သည်။ မြွေအရေခွံနှင့် ပြုလုပ်ထားသော အိတ်များ၏ ဂုဏ်သတင်းနှင့် အရည်အသွေးက ပြောနေစရာပင် မလိုအပ်ပါ။ ဤဧရာမ စပါးအုံးမြွေကြီး၏ အရေခွံကို သုံးပြီး အိတ်တစ်အိတ် ပြုလုပ်လျင် ရလဒ်က တကယ်ကို မယုံနိုင်စရာ ကောင်းပေလိမ့်မည်။

လုပ်ငန်းကို ကောင်းမွန်စွာ စီမံနိုင်လျင် သေချာပေါက် နာမည်ကြီးလာပေလိမ့်မည်။

ရဲ့လင်းချန်သည် လိပ်၏ ကျောပေါ်တွင် ထိုင်နေပြီး သူ့အကြည့်က တဖြည်းဖြည်း အဝေးသို့ ရောက်ရှိနေသည်။ ယင်းသည် အခွင့်အရေးကို အရယူနိုင်သည့်သူ အပေါ်တွင်သာ မူတည်လေသည်။

“ကလင် ကလင် ကလင်”

စက္ကန့်ပိုင်းအတွင်းမှာပင် ရဲ့လင်းချန်၏ ဖုန်းက မြည်လာပြီး ဖုန်းခေါ်သူကို သူ ကြည့်လိုက်သည်။ ထိုအခါ သူ့နှုတ်ခမ်းက တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ ခေါ်သူမှာ Vatti ၏ ဒီဇိုင်နာ ခေါင်းဆောင်း ကျားတိပင်တည်း။

“ဆရာကျား၊ ခင်ဗျားလည်း ဘဝ၏ ရုန်းကန်ခြင်းကို ကြည့်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး”

“ဆရာရဲ့၊ ခင်ဗျား ပါဝင်တဲ့ ရှိုးပွဲက နာမည်ကြီးလွန်းနေတော့ လိုက်မကြည့်ဖို့ ခက်တယ်လေ”

ကျားတိ၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။ တကယ်တမ်းတွင် သူသည် သတင်းကိုသာ မြင်ခဲ့ခြင်း ဖြစ်ပြီး ခေါင်းဆောင် ဒီဇိုင်နာ တစ်ဦး ဖြစ်သောကြောင့် စပါးအုံးမြွေ အရေခွံကဲ့သို့သော အရာမျိုးကို သူ ပို၍ သတိထားမိခဲ့သည်။ သို့သော် ကာယကံရှင်က ဆရာရဲ့ ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

ကျားတိက တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“ဆရာရဲ့၊ ကျွန်တော် တောင်းဆိုချင်တာလေး တစ်ခု ရှိတယ်၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံကို Vatti အတွက် သီးသန့် ဖယ်ထားပေးလို့ ရနိုင်မလား”

ရဲ့လင်းချန် ပြုံးလိုက်မိသည်။

“ဆရာကျား၊ အရင်တစ်ခေါက်က ကျွန်တော် ပေးခဲ့တဲ့ အကြံကို လက်ခံဖို့ အသင့် ဖြစ်သွားပြီလား”

“အင်း”

ကျားတိက အလေးအနက် ပြန်တုံ့ပြန်သည်။

“ဆရာကျားက Vatti ကို ယုံကြည်မှု ရှိမှတော့ ကျုပ်တို့ကလည်း ဆရာရဲ့ကို ယုံကြည်မှု ရှိရတာပေါ့”

“ဒီလိုဆိုရင် ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံကို Vatti အတွက် ဖယ်ထားလိုက်ပါ့မယ်”

ရဲ့လင်းချန် ပြုံးနေသည်။

“ကျွန်တော် ပြန်ရောက်တဲ့အခါကျရင် ကျွန်တော့အိမ်ကို လာခဲ့ပါ၊ ခင်ဗျားအတွက် ကျွန်တော် ပေးစရာ ရှိတယ်၊ စိတ်ချပါ၊ ခင်ဗျားရဲ့ ရွေးချယ်မှုက အမြဲ မှန်နေမှာပါ”

“ကောင်းပါပြီ”

ဖုန်းချလိုက်ပြီးနောက် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံးက သူ့ကို ကြည့်နေသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ သူ မနေနိုင်ဘဲ မေးလိုက်လေသည်။

“မင်းတို့ထဲက ဘယ်သူ အိတ်လိုချင်လဲ”

“ရှင် ကျွန်မတို့ကို အိတ်တစ်လုံး ပေးချင်တာလား”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့၏ မျက်လုံးများ ဝင်းပသွားသည်။ အိတ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးပါ။ အဓိက အချက်မှာ သူတို့သည် ရဲ့လင်းချန် သူတို့ကို ပေးသော ဘယ်အရာကိုမဆို သဘောကျ မှာပင်။

“ဒီစပါးအုံးမြွေရဲ့ အရေခွံက တန်ဖိုးရှိတယ်၊ ဘာလို့လဲဆိုတော့ ဒါကို အိတ်တွေ လုပ်ဖို့ အသုံးပြုနိုင်တယ်လေ”

ရဲ့လင်းချန်က ဆက်ပြောသည်။

“ခုနက ဖုန်းဆက်လာတာက Vatti ကပဲ၊ ငါ သူတို့ကို ဒီစပါးအုံးမြွေရဲ့ အရေခွံ ပေးဖို့ ပြင်ထားတယ်၊ ပြီးတော့ အချိန်တန်ရင် မင်းတို့ကို အိတ်တစ်လုံး ပေးဖို့က ပြဿနာ မရှိဘူး”

“ဝိုး … တကယ်လား”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ နှစ်ယောက်လုံး မျှော်လင့်လာကြသည်။

“တကယ်”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်းတွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ ဤအခွင့်အရေးကို အသုံးချ၍ ကြော်ငြာရန် ဖြစ်သည်။

“ဒီစပါးအုံးမြွေက တော်တော်လေး ထူးခြားတယ်၊ သူ့အရေခွံနဲ့ လုပ်တဲ့ ဘယ်အိတ်မဆို ရေဆိုခံမှာပဲ၊ အရည်အသွေးကလည်း အတော်လေး ကောင်းမှာ၊ ပြီးတော့ ခြစ်ရာ ထင်ဖို့တောင် ခက်တယ်၊ ဒါကို နှစ်တစ်ရာလောက် သိမ်းထားတောင် ပြဿနာ မရှိနိုင်ဘူး၊ ပြီးတော့ ဒါက မီးလောင်ရင်တောင် မြန်မြန် လောင်ကျွမ်းမှာ မဟုတ်ဘူး၊ ဒါမှာ အပူဒဏ် ခံနိုင်တဲ့ လုပ်ဆောင်ချက်လည်း ရှိတယ်၊ အဲ့ဒါက ဆောင်းရာသီဆို နွေးစေပြီးတော့ နွေရာသီဆို အေးမြစေတယ်”

“ဝိုး … ဝိုး … ဝိုး … လင်းချန်၊ ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ၊ ကျွန်မ ရှင့်ကို သေမတတ် ချစ်လိုက်တာ”

ကျောက်လျန့်ရင်က ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လေသည်။

“Vatti လား၊ သူတို့ရဲ့ ဒီဇိုင်းကို မျှော်လင့်နေပြီ”

ဟူယွဲ့အာ၏ မျက်နှာက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စိတ်တို့ကြောင့် နီရဲနေသည်။

မိန်းကလေးများသည် အိတ်များကို ခုခံနိုင်စွမ်း မရှိပါ။

သူတို့၏ စကားဝိုင်းက တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

[အား … ငါ မေ့တော့မလို့၊ မြွေအရေခွံက အိတ်တွေ လုပ်လို့ ရတာပဲ]

[ဒီလိုအိတ်မျိုးကို သူတို့ ဘယ်မှာ ရောင်းမှာလဲ၊ ငါ ဝယ်ချင်တယ်၊ ငါ ဝယ်မှဖြစ်မယ်၊ ငါ တကယ် ရှောင်ရင်နဲ့ ဟူယွဲ့အာကို အားကျလိုက်တာ၊ ငါလည်း လိုချင်တယ်လို့]

[ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံကနေ လုပ်တဲ့ အိတ်က တကယ် ထူးခြားမှာပဲ၊ အခြား ဘယ်သူမှ အတုလုပ်လို့ မရနိုင်ဘူး၊ အဲ့ဒါနဲ့ အပြင်ထွကရင် လူအထင်ကြီး ခံရမှာ]

[ရဲ့နတ်ဘုရား ပြောသလိုသာ ဆိုရင် အိတ်ကို ရတနာအဖြစ် သတ်မှတ်လို့ ရတာပေါ့]

[ရဲ့နတ်ဘုရားက အဲ့ဒါကို Vatti ကို ပေးလိုက်တာ၊ အား … အား … အား … ငါ Vatti ဆီ မြန်မြန် ဆက်သွယ်ပြီး ကြိုစာရင်းပေးထားရမယ်]

[ကောင်းလိုက်တဲ့ ပစ္စည်းကွာ၊ Vatti က ဖြုန်းတီးမပစ်ဖို့ ငါ မျှော်လင့်ပါတယ်၊ သူတို့ ဒါကို ကောင်းကောင်း ဒီဇိုင်း ဆွဲနိုင်မှ ဖြစ်မယ်]

…

ဟယ်ကျား၊ ဟွမ်လေ့နှင့် အခြားသူများသည် ပါးစပ်ကို တင်းနေအောင် စေ့ထားကြသည်။ လက်ထပ်ပြီးသား အမျိုးသားများ ဖြစ်သောကြောင့် ဤသို့သော လက်ကိုင်အိတ်များက မည်မျှ သေစေနိုင်လောက်လည်း သူတို့ ချက်ချင်း သတိထားမိပါသည်။ သူတို့ ရဲ့လင်းချန်ကို ထိုအိတ်များထဲမှ တစ်လုံးလောက် ဝယ်ချင်ပါတယ်ဟု ပြောချင်ပါသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့ ရှက်ရွံ့သလို ခံစားမိနေ၏။

တစ်ခဏကြာသော် မှိုအိမ်လေးက သူတို့၏ မြင်ကွင်းထဲ ပေါ်လာသည်။ လိပ်အိုကြီးက အရွယ်အစား ကြီးမားလွန်း၍ အပြင်၌ နေရလေသည်။ ရဲ့လင်းချန်သည်လည်း ဧရာမ စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကို အပြင်၌ ထားခဲ့ရသည်။

“နေ့လယ်ရောက်ပြီပဲ၊ နေ့လယ်စာ ပြင်ဖို့ အချိန်ကြပြီ”

ရဲ့လင်းချန်က အေးအေးလူလူ ပြောပြီး မီးဖိုချောင်ထဲမှ သားစဉ်းဓားကို ထုတ်လိုက်သည်။ သူက စပါးအုံးမြွေနားသို့ လျှောက်သွားပြီး အသားတစ်ပိုင်းကို ဖြတ်တောက်လိုက်သည်။

“ရဲ့နတ်ဘုရား၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားက ဘာလို့ အဲ့လောက် ပျော့ပြောင်းနေတာလဲ”

ရဲ့လင်းချန် သက်တောင့်သက်သာ ရှိနေပုံကို မြင်ပြီး‌ ဝေ့တရွှင်း သိချင်လာသည်။

“ပျော့တယ် ဟုတ်လား၊ ခင်ဗျား စမ်းကြည့်ပါလား”

ရဲ့လင်းချန် ပြုံးသွားပြီး သားစဉ်းဓားအား သူ့ထံ လွှဲပေးလိုက်သည်။

ဝေ့တရွှင်းသည် ရဲ့လင်းချန် စဖြတ်ထားသော နေရာမှ လိုက်ဖြတ်လေသည်။ သို့သော် သူသည် တောင့်တင်းသော ခုခံမှုကိုသာ ခံစားလိုက်ရပြီး မသိလျင် သစ်သားကို သူ ဖြတ်နေသလိုပင်။ ၎င်းက အလွန်အမင်း မာကြောလှသည်။

“ဒါက … ဘယ်လို ဖြစ်တာလဲ၊ ရဲ့နတ်ဘုရား၊ မင်းခွန်အား နည်းနည်းလေး ပိုသန်မာတယ်လို့ပဲ ငါ ထင်နေတာ၊ အဲ့လို မဟုတ်ဘူးလား”

ဝေ့တရွှင်းသည် ထိတ်လန့်မှုတို့နှင့် ပြည့်နှက်လာ၏။

“တရွှင်း၊ လေ့ကျင့်ခြင်းက ထူးချွန်စေတယ် ဆိုတာကို မင်း မကြားဖူးဘူးလား၊ အရင်က ရဲ့နတ်ဘုရားရဲ့ ဟင်းချက် အစွမ်းကို မင်း မမြင်ဖူးတာလည်း မဟုတ်ဘူး၊ သူ့ဓားကိုင်ပုံ ကျွမ်းကျင်တာကို ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ”

ဟွမ်လေ့က ခပ်ကျယ်ကျယ် ရယ်မောလေသည်။ သို့သော် တကယ်တမ်း၌ သူသည် ရဲ့လင်းချန်၏ အံ့ဩစရာ ကောင်းသော ဓားကိုင် ကျွမ်းကျင်ပုံကို အတော်လေး အထင်ကြီးနေမိသည်။

“လင်းချန်၊ ကျွန်မတို့ တကယ်ကြီး ဒါကို စားမှာလား၊ ကျွန်မ ကလေးဘဝကတည်းက မြွေသားကို တစ်ခါမှ မစားဖူးဘူး၊ ကျွန်မ ဒါ စားရမှာကို ကြောက်တယ်”

ကျောက်လျန့်ရင် အနည်းငယ် စိုးရိမ်ပူပန်နေသည်။

“ကျွန်မလည်း မစားရဲဘူး”

ဟူယွဲ့အာက ပြောသည်။

“မင်းတို့ မစားရဲရင်လည်း ငါတို့ကို ကြည့်ပဲ ကြည့်နေပေါ့”

ရဲ့လင်းချန်က ပြုံးနေပြီး မြွေသားကို စ၍ ပြင်ဆင်လေသည်။

သူသည် ပန်းကန်ပြားချပ်ကြီး တစ်ချပ်ကို ထုတ်လိုက်ပြီး ဟင်းခတ် အမွှေးအကြိုင်များ ထည့်လိုက်ပြီးနောက် ဝိုင်ဖြူ ထည့်လိုက်သည်။ ထို့နောက် သူသည် တုံးထားသော မြွေသားကို ထည့်လိုက်လေသည်။ ပထမအဆင့်မှ အစိမ်းနှပ်ရန် ဖြစ်သည်။ ဆားနှင့် မဟုတ်ဘဲ မြွေအသားထဲမှ ပိုးမွှားများကို ဖယ်ရှားရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယင်းက မြွေအသားကို နူးညံ့လာစေပြီး အရသာ စိမ့်ဝင်ရန် ပို၍ လွယ်ကူလာအောင် ပြုလုပ်ပေးလေသည်။

နာရီဝက်ကြာပြီးနောက် ရဲ့လင်းချန်က မြွေသားကို ထုတ်လိုက်ပြီး စတင် ချက်ပြုတ်လေတော့သည်။

All Chapters