လူလတ်ပိုင်းအရွယ် လူတွေအတွက် ဘဝက မတရားဘူး
Vol. 30 Ch. 439
ရဲ့လင်းချန်က မြွေစွပ်ပြုတ် လုပ်နေခြင်း ဖြစ်သည်။
ဧရာမ စပါးအုံးမြွေကြီး၏ အသားတွင် ဆေးဖက်ဝင် အာနိသင်များ ပါဝင်နေသည်။ ၎င်းကို နှပ်ခြင်း၊ ကင်းခြင်းက ၎င်း၏ ဆေးဖက်ဝင် အာနိသင်များကို အလွယ်တကူ ဆုံးရှုံးစေ၏။ မြွေစွပ်ပြုတ် လုပ်သည်က အကောင်းဆုံး နည်း ဖြစ်ပြီး ယင်းက လူ့ခန္ဓာကိုယ်အား အာဟာရများ စုပ်ယူရန်လည်း ပို၍ လွယ်ကူစေသည်။
မြွေသားကို ကင်ခြင်း သို့မဟုတ် ပဲငံပြာရည် အနောက်နှင့် နှပ်ခြင်းတို့ကို ညမှ ချက်လည်း ရပေသည်။ လူတိုင်းအတွက် နှစ်ရက်တိတိ စားနိုင်ရန် လုံလောက်သော လေးမီတာ ရှည်သည့် အနာကွန်ဒါ မြွေကြီးတစ်ကောင် ထပ်ရှိနေပါသေးသည်။
မြွေစွပ်ပြုတ် ပြုလုပ်ခြင်းက မရှုပ်ထွေးပါ။ အရေးကြီးဆုံး အရာမှာ အစပိုင်း၌ ၎င်းကို သုံးစင်တီမီတာမျှ ရှိသော တူညီသည့် အရွယ်အစားများ ဖြတ်တောက်ထားရန် ဖြစ်သည်။ ၎င်းကို သင့်တော်စွာ အစိမ်းနှပ်ပြီးသည်နှင့် ဟင်းခတ် အမွှေးအကြိုင်များကို ဂရုတစိုက် ထည့်ကာ ရေပမာဏ တိတိကျကျ ထည့်၍ အိုးပေါ်တင်ကာ တစ်နာရီမျှ ချက်လိုက်ရုံပင်။ ထို့နောက်တွင်မူ စားသုံးရန် အသင့်ဖြစ်လေပြီ။
ရဲ့လင်းချန်၏ ပါဝင်ပစ္စည်းများ ရွေးချယ်ပုံက သာမန် မြွေစွပ်ပြုတ်များနှင့် အနည်းငယ် မတူညီပါ။ အကြောင်းမှာ သူသည် ဧရာမ စပါးအုံးမြွေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်ကို လျော့ပါးစေပြီး ပို၍ အကျိုးရှိအောင် ပြုလုပ်ပေးသည့် အချို့သော ဆေးပင်များ ထည့်ထားသောကြောင့် ဖြစ်သည်။ ထိုနည်းအားဖြင့် ရလဒ်က ပိုကောင်းလာမည် ဖြစ်ပြီး ချက်ပြုတ်ခြင်းအဆင့် များတွင်လည်း သိသိသာသာ ခြားနားမှု မရှိတော့ပါ။
အချိန်ကုန်လာသည်နှင့် အိုးပေါ်မှ အပူလှိုင်းငွေ့တစ်ခု ထွက်လာပြီး မှိုအိမ်လေး တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။
“ဝိုး … အနံ့လေးက ကောင်းလိုက်တာ၊ အနံ့က မွှေးလွန်းတယ်”
သူတို့အားလုံး စိတ်ကို ပြင်ဆင်ထားသော်လည်း လူတိုင်း မွှေးရနံ့၏ ဆွဲဆောင်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ယခုတစ်ခေါက်တွင် ရနံ့က အရသာ ရှိသော ဟင်းလျာ၏ မွှေးရနံ့နှင့် တူသော်လည်း အနည်းငယ် ခြားနားမှုများ ရှိသည်။ ပထမအချက်မှာ ယင်းက လတ်ဆတ်မှု ရနေခြင်းပင်၊ အလွန် လတ်ဆတ်သော ရနံ့ပင်။ ဒုတိယအချက်မှာ ရနံ့က အလွန် ထူးခြားပြီး လန်းဆန်း၍ သန်မာစေသော်လည်း အလွန် စူးရှနေခြင်း မရှိပါ။
“စားချင်တယ်ဆိုရင် ကိုယ်တိုင် လာယူစားလို့ ရပြီနော်”
ရဲ့လင်းချန်က အသာ ပြုံး၍ တစ်ပန်းကန် ခပ်ထည့်လိုက်သည်။
သူ စွပ်ပြုတ်ကို ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။ အရသာရှိသော ရနံ့က သူ၏ အရသာခံ အာရုံဖုတိုင်းကို ဖုံးလွှမ်းသွားသည်။ သူသည် ပါးစပ်ထဲ၌ လျှာဖြင့် ထိုးကြည့်လေသည်။ ယင်းက စွပ်ပြုတ်သာ ဖြစ်သော်လည်း ဂျယ်လီကဲ့သို့ ခပ်ပျစ်ပျစ် အရသာ ရှိလေသည်။
မျိုချလိုက်ပြီးနောက် အပူလှိုင်းတစ်ခုက သူ့အစာအိမ်ထဲ၌ ချက်ချင်း ပွင့်ထွက်လာပြီး သူ၏ ခြေလက်များနှင့် အရိုးများနှင့် ပေါင်းစပ်သွားလေသည်။ ထို့နောက် ၎င်းက သူ၏ ခြေလက်များမှ ချွေးညင်းပေါက်များနှင့် သွေးများထဲသို့ ပျံ့နှံ့သွားပြီး သူ့တစ်ကိုယ်လုံးကို ပူနွေးလာစေသည်။
၎င်းတွင် သူ့အတွက် သေချာပေါက် အားဖြစ်စေသော စိတ်ဝိညာဉ် စွမ်းအင် ပါဝင်နေလေသည်။
“ငါ့ကိုလည်း တစ်ပန်းကန် ပေးပါ”
ဝေ့တရွှင်းက အနားသို့ လျှောက်လာသည်။ သူ ပန်းကန်ကို ကိုင်လိုက်သည်နှင့် မိန်းမလှလေး နှစ်ယောက်၏ ဘေးသို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။
“လင်းချန်၊ ငါတို့လည်း လိုချင်တယ် …”
မိန်းကလေး နှစ်ယောက်က ရဲ့လင်းချန်ကို ငေးကြည့်နေသည်။
သူတို့သည် ထိုသို့ပြောပြီး မြွေစွပ်ပြုတ် အပြည့်ရှိနေသည့် အိုးကို လှမ်းကြည့်ကာ စားချင်သော မျက်လုံးများဖြင့် အလိုလို လျှာသပ်ကြလေသည်။
အမျိုးသမီးများသည် သဘာဝအလျောက် မြွေကို ကြောက်တတ်ကြသည်။ သူတို့သည် တစ်ချက် ကြည့်ရုံနှင့် ကြောက်လန့်ကာ ရွံရှာတတ်ပြီး သူတို့ကို စားခိုင်းလျင် ပို၍ ဆိုးလေသည်။ သို့သော် ဤမျှ အရသာ ရှိသော ဟင်းလျာနှင့် တွေ့သောအခါ သူတို့၏ မြွေကို ကြောက်သောစိတ်အား အရသာရှိသော ဟင်းက အနိုင်ယူ သွားလေသည်။ သူတို့၏ အစားကို ချစ်သော အကျင့်စရိုက်က ပေါ်လာပြီး ဟင်းလျာကို ဘာနှင့် လုပ်ထားလဲ မတွေးတော့ချေ။ အရေးကြီးသော အရာမှာ သူတို့ စားနိုင်ခြင်းပင်။
မြွေစွပ်ပြုတ်ကို ပါးစပ်အပြည့် တစ်လုပ် စားလိုက်ပြီးနောက် အမျိုးသမီး နှစ်ယောက်၏ မျက်နှာက ချက်ချင်း နီမြန်းလာသည်။ သူမတို့ တုန်ယင်လာကာ သူမတို့ ခန္ဓာကိုယ်ထဲမှ အအေးဓာတ် ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည်။ သူမတို့၏ ခန္ဓာကိုယ်က နွေးထွေးလာပြီး သူမတို့ ခန္ဓာကိုယ်တွင်း၌ ပုန်းအောင်းနေသော အန္တရာယ် ရှိသည့် အရာများအားလုံး သုတ်သင်ခံလိုက်ရသလိုပင်။ ယင်းက သူတို့ကို ငြိမ်းအေးသွားသလို ခံစားရစေသည်။
“ရဲ့နတ်ဘုရား၊ ဒီမြွေစွပ်ပြုတ်က တော်တော် မိုက်တယ်၊ နည်းနည်းလောက် သောက်ပြီးတာနဲ့ ငါ့တစ်ကိုယ်လုံး အားတွေ ပြည့်လာသလို ခံစားရတယ်”
ဝေ့တရွှင်း မပြောဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ့ခွန်အားက ယခုလောက် ဘယ်တုန်းကမှ မသန်မာဟုသာ သူ ခံစားနေရလေသည်။
“ငါရောပဲ၊ မင်း ငါ့ကို ကြည့်မယ်ဆိုရင် ငါ့တစ်ကိုယ်လုံး ချွေးထွက်နေပြီးတော့ ငါ့အဝတ်အစားတွေ စိုရွှဲနေတာကို တွေ့ရလိမ့်မယ်”
ဟွမ်လေ့ကလည်း ပြောသည်။ အားဆေး ဟူသော အရာများထက် အဆများစွာ ပိုသာသည့် အံ့ဩဖွယ်ကောင်းသော ခံစားချက်ကို သူ ခံစားမိနေသည်။
“ဆရာဟွမ်လေ့၊ ခင်ဗျား ဒါကို လိုအပ်လိမ့်မယ်၊ များများသောက်ပြီး ခင်ဗျားရဲ့ ကျောက်ကပ်ကို အားဖြည့်လိုက်ပါ”
ရဲ့လင်းချန် ပြုံးနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူတိုင်း ထရယ်ကြလေသည်။
ဟွမ်လေ့ ပြောစရာ စကားမဲ့နေ၏။
[ဝါးဟားဟား ဆရာဟွမ်လေ့က သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို တိုးချင်နေတာပဲ]
[လူလတ်ပိုင်းအရွယ် လူတွေအတွက် ဘဝက မတရားဘူးကွာ]
[ဒီမြွေစွပ်ပြုတ်က တကယ်ပဲ အဲ့လောက် အကျိုးသက်ရောက်မှု ကြီးလို့လား၊ တော်တော် အစွမ်းထက်တာပဲ]
[အပေါ်ကလူ၊ အတွေးမမှားနဲ့၊ ဒီဧရာမ စပါးအုံးမြွေကြီးက အသိဉာဏ် ရနေတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ၊ သူ့ရဲ့ အသားတစ်ပိုင်းကို စားရင် မင်း မသေမျိုး ဖြစ်လာမှာ]
[သောက်ရူးကောင်၊ သူ့ကို ဘုန်းတော်ကြီးလို့များ မင်း ထင်နေလား]
[မှိုအိမ်လေးထဲက လူတွေက တအား နွေးထွေးပြီးတော့ ရယ်မောသံတွေ၊ ပျော်ရွှင်သံတွေနဲ့ ပြည့်နေတာကို ငါ ခံစားမိတယ်]
[ရဲ့နတ်ဘုရားကို ငါ့ကို တစ်ပန်းကန် ပေးဖို့ ပြောပေးပါ၊ ပန်းကန်အကြီးကြီး တစ်ပန်းကန်လောက်၊ ငါ့လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို လှုံ့ဆော်ရမယ်ကွ]
…
“ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်အတွက် ကောင်းတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ပမာဏကိုလည်း သတိထားသင့်တယ်၊ ခင်ဗျားတို့ တစ်ခါတည်းနဲ့ အများကြီး စားလို့ မရဘူး၊ မဟုတ်ရင် အဲ့ဒါက ခင်ဗျားတို့အတွက် အလွန်အမင်း အားပြည့်သွားစေလိမ့်မယ်၊ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်အရဆို တစ်ပန်းကန်နဲ့ တစ်ဝက်က ခင်ဗျားတို့ အများဆုံး စားနိုင်တဲ့ ပမာဏပဲ”
ရဲ့လင်းချန်က ထိုသို့ပြောပြီးသည်နှင့် ပန်းကန်ကြီး တစ်ပန်းကန်အပြည့် ထည့်လိုက်သည်။ ထို့နောက် သူက အပြင်ထွက်၍ လိပ်အိုကြီးရှေ့၌ ချပေးလေသည်။
“ဝူးးးးးး…”
လိပ်အိုကြီး၏ မျက်လုံးတွင် တောင့်တသော အရိပ်အယောင် ပေါ်နေသည်။ ၎င်းသည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့လင်းချန်အနားသို့ တိုးလာပြီး ထပ်မစောင့်နိုင်တော့သည့်ပုံပင်။
“ပါးစပ်ဟ”
ရဲ့လင်းချန်က လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။
လိပ်အိုကြီးက ချက်ချင်း ခေါင်းကို မတ်မတ်တထား၍ ပါးစပ်ဟပေးသည်။
ထိုစွပ်ပြုတ် ပမာဏသည် လူသားများအတွက် များလွန်းသည်ဟု ဆိုနိုင်သော်လည်း လိပ်အိုကြီးအတွက်မူ တစ်လုပ်စာပင် မရှိချေ။ ရဲ့လင်းချန်က အေးအေးလူလူဖြင့် များပြားသော မြွေစွပ်ပြုတ်ကို လိပ်အိုကြီး၏ ပါးစပ်ထဲ လောင်းထည့်ပေးလိုက်သည်။
“ဖတ် ဖတ် ဖတ် ဖတ်”
မြွေစွပ်ပြုတ်ကို ပါးစပ်အပြည့် သောက်ပြီးနောက် လိပ်အိုကြီးက ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားဟန်နှင့် ခြေလက်များကို ရိုက်ပြသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ဘယ်ညာ ယိမ်းနေပြီး မသိလျင် သူက သကြားလုံး စားလိုက်ရသဖြင့် ပျော်နေသော ကလေးတစ်ယောက်လိုပင်။ ထို့နောက် ၎င်းက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို သူ့ခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်လေသည်။
[အာဟာရတွေ အလကား ဖြစ်ပါပြီကွာ၊ သူက အဲ့လောက် မြွေစွပ်ပြုတ် အများကြီးကို လိပ်အိုကြီး တစ်ကောင်ကို တကယ် ကျွေးလိုက်တာပဲ]
[လခွမ်း၊ ငါ့ဘဝကြီးက ဆိုးရွားပြီး ထိုင်းမှိုင်းလိုက်တာ ခဏလောက် ခံစားလိုက်ရတယ်၊ လိပ်တစ်ကောင်လောက် ငါ့ဘဝကြီးက ကောင်းရင် ကောင်းမှာပဲ]
[အကျိုးအကြောင်းကျကျ ပြောရရင် အဲ့လောက် လိပ်စွပ်ပြုတ် ပန်းကန်ကြီးကို ယွမ်တစ်သောင်းကျော်လောက် ရောင်းနိုင်တယ်၊ ဒီလိပ်အိုကြီးကို ဘယ်သူ ဂရုစိုက်နိုင်မှာလဲ]
[ရဲ့နတ်ဘုရား၊ ငါ မင်းကို မုန်းတယ်၊ မင်း ငါ့ကို နေ့တိုင်း ဒီလို အရသာ ရှိတဲ့ ဟင်းလျာတွေ ပြနေမှတော့ ငါ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ]
…
စားသောက်ပြီးနောက် လူတိုင်း ခုံကိုမှီ၍ သူတို့ဗိုက်ကို အေးအေးလူလူ ပွတ်ကာ မျက်လုံးများ မှေးထားကြသည်။
အားလုံး ဗိုက်ပြည့်အောင် စားလိုက်ရသဖြင့် သူတို့ကိုယ်သူတို့ ပြန်မွေးဖွားလာသည်ဟု ခံစားမိကြပြီး သူတို့ အစာကို ဖြည်းဖြည်းချင်း ချေဖျက်ရန် လိုအပ်နေလေသည်။
“ရဲ့နတ်ဘုရား၊ ဘာလို့ ဒီမြွေအသားရဲ့ ဂုဏ်သတ္တိက ဂျင်ဆင်းထက် ပိုပြီး အစွမ်းထက်နေတာလဲ၊ ငါ့လက်ကောက်ဝတ် အခုတ်ခံရရင်တောင်မှ ငါ့သွေးတွေက တော်တော် နွေးနေလိမ့်မယ်လို့ ခံစားနေရတယ်”
ဟယ်ကျားက ပြုံးသည်။
“အံ့ဩဖို့ ကောင်းတယ်ကွာ၊ ဒီလို ဧရာမ စပါးအုံးမြွေမျိုးရဲ့ အသားကို ငါ့ဘဝမှာ စားရလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မထင်ထားခဲ့ဘူး”
ဝေ့တရွှင်းက နှုတ်ခမ်းသပ်နေပြီး အရသာကို ပြန်တွေး၍ ဇိမ်ခံနေသည်။
“လင်းချန်၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားက တကယ် မိုက်တယ်၊ အဲ့ဒါက အရမ်း တန်ဖိုးရှိတယ်လို့ ရှင် ပြောတာ မဆန်းတော့ပါဘူး”
ကျောက်လျန့်ရင်က မှတ်ချက်ပြုသည်။
“ဟုတ်တယ်၊ ငါသာ အဲ့ဒါကို သိမ်းဖို့ နေရာ မရှိတာမျိုး ဖြစ်မနေရင် အဲ့ဒါကို ဈေးကြီးကြီး ဝယ်ပစ်ပြီး ငါ့အားဆေးအဖြစ် သုံးမိမှာ”
ဟွမ်လေ့က ခေါင်းညိတ်သည်။
လူတိုင်း စကားပြောနေချိန်တွင် ဒါရိုက်တာက အနားရောက်လာပြီး ရဲ့လင်းချန်ကို ပြောလေသည်။
“ရဲ့နတ်ဘုရား၊ ကျုပ်တို့ ရိုက်ကူးရေး အဖွဲ့မှာ တောင်းဆိုစရာလေး တစ်ခုရှိလို့ပါ”
“ဘာများလဲ”
ရဲ့လင်းချန် အသာ မျက်ခုံးပင့်လိုက်မိသည်။ ဒါရိုက်တာက အလွန် ရိုကျိုးနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။
“နောက်ပိုင်း လေလံပွဲလုပ်ရင် ကျုပ်တို့ ထုတ်လွှင့်မှုကို ဆက်လွှင့်လို့ ရနိုင်မလား”
ဒါရိုက်တာက ရဲ့လင်းချန်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေပြီး လာမည့် လေလံပွဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူ ခံစားမိနေသည်။
“ကိစ္စမရှိပါဘူး”
ရဲ့လင်းချန်က ဇာချဲ့မနေဘဲ သဘောတူလိုက်သည်။ ယင်းသည် အသေးအမွှား ကိစ္စလေး ဖြစ်ပြီး သူ၏ ရေပန်းစားမှုကိုလည်း တိုးမြှင့်နိုင်သည်။ ထို့ကြောင့် သူ ၎င်းကို မလိုက်လျောနိုင်စရာ အကြောင်း မရှိပါ။
“ကျေးဇူးတင်ပါတယ်”
ဒါရိုက်တာ စိတ်လှုပ်ရှားလာသည်။ သူ ချက်ချင်း ထရပ်ပြီး အသင့်ပြင်ရန် ထွက်သွားလေသည်။
နေ့လယ် သုံးနာရီသို့ ရောက်သောအခါ အနက်ရောင် Mercedes-Benz တစ်စီးနှင့်အတူ အနောက်မှ ငွေရောင် Mercedes-Benz က လီတောင်တန်းသို့ ရောက်လာပြီး မြက်စိမ်းရွာသို့ တန်းတန်းမတ်မတ် ဦးတည်လာနေ၏။
ထို့နောက်တွင်မူ မြက်စိမ်းရွာသို့ အဖွဲ့များ စတင် ဝင်ရောက်လာပြီး အမြဲတမ်း အေးချမ်းသော မြက်စိမ်းရွာက အသက်ဝင် လှုပ်ရှားဆူညံနေလေသည်။
ဤနေရာသို့ လာရောက်သည့် သူတို့၏ ပန်းတိုင်က အတူတူပင်။ သူတို့သည် သာမန်ထက် ထူးခြားသော ဧရာမ စပါးအုံးမြွေကြီးအတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။