← Chapters

ကျားပါးစပ်မှ သွားကို နှုတ်ခြင်း ( ၂ )

Vol. 29 Ch. 435

ကျားပါးစပ်မှ သွားကို နှုတ်ခြင်း ( ၂ )

Vol. 29 Ch. 435

“ အစ်ကိုကြီး၊ သွားကြရအောင် ”

ရွှီချင်း၏စကားသံ ထွက်ပေါ်လာသည်နှင့် အဝေးရှိ ခေါင်းဆောင်မှာ တုံ့ခနဲ ရပ်သွားပြး အံ့အားသင့်သွားသည့်အမူအရာကို ဆင်မြန်းလိုက်သည်။

“ ချင်းလေး၊ ငါက ဒီမှာလေ ”

ရွှီချင်းသည် သူ့ကို လျစ်လျူရှုထားပြီး သူ့ရှေ့ရှိသစ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ယန်ယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ ငါ့မှာ ကောင်းမွန်တဲ့ပြကွက်တွေနဲ့ ကျောက်စိမ်းပေလွှာတွေ ရှိတယ်။ မင်း ကြည့်ချင်လား ”

ယန်ယန်၏အဖြေကိုပင် မစောင့်ဘဲ ရွှီချင်း၏ဘေးရှိ သစ်ပင်ကြီးထံမှ တဟားဟား ရယ်မောသံများ လွင့်ပျံလာသည်။ ထို့နောက် ခေါင်းဆောင် ရုပ်လုံးပေါ်လာပြီး သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သောအရိပ်အယောင် စိုးစဉ်းမျှ ရှိမနေဘဲ နွေးထွေးစွာ ပြုံးလိုက်သည်။

“ ဟားဟား ဆရာတူညီလေး၊ ငါ မင်းကို နောက်လိုက်တာပါကွ။ အတည်ကြီး လုပ်နေစရာမလိုပါဘူး။ သွားကြစို့၊ သွားကြစို့။ ငါတို့ စကားပြောနေဖို့ အချိန်မရှိဘူး။ မြန်မြန်သွားပြီး ရတနာယူကြမယ် ”

ခေါင်းဆောင်က ပြောလိုက်ရင်း လျင်မြန်စွာ ပြေးသွားပြီး သူ့ကိုယ်ပွားဘေးသို့ ရောက်လာသည်။ ဖြန်းခနဲ ရိုက်လိုက်ရာ သူ၏ကိုယ်ပွား ချက်ချင်း လွင့်ပျယ်သွားသည်။

ယန်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းဆောင်ကို မနှစ်မြို့သောအမူအရာဖြင့် ကြည့်လိုက်သည်။ ခေါင်းဆောင်က သူမနှင့် အစ်ကိုကြီးရွှီချင်းတို့ကို ရှေ့မှသွားစေရန် စီစဉ်ထားကြောင်း ပြောနိုင်သည်။

ရွှီချင်းသည် ဘာမှမပြောပေ။ ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ခေါင်းဆောင်နောက်သို့ လိုက်သွားသည်။ ယန်ယန်သည် ခေါင်းဆောင်ကို မကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်ကာ ရွှီချင်းနောက်သို့ ခပ်သွက်သွက်လိုက်သွားသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် အမြန်ဆုံး ပြေးသွားကြသည်။ သူတို့ရောက်နေသည့် တောင်ပေါ်မှ ဆင်းလာကြပြီးနောက် သူတို့ပတ်လည်တွင် ရှုပ်ယှက်ခတ်နေသည်ကို အခွင့်အရေးယူကာ ပုန်းကွယ်ရင်း တိုက်ပွဲကွင်းပြင်တစ်လျှောက် ဖြတ်သန်းသွားသည်။

လမ်းတွင် ရွှီချင်း၏မျက်လုံးများသည် အေးစက်စက်အရိပ်အယောင်များဖြင့် ကြိမ်ဖန်များစွာ ဝင်းလက်သွားသည်။ ပြိုကျပျက်စီးနေသော မြို့ကြီးထဲမှ မြင်ကွင်းများကို သူ မြင်လိုက်ရသည်။

ချက်ပြုတ်စရာဧရာမအိုးကြီးများနှင့် တွဲလောင်းချထားသော အသားခြောက်များ ရှိသည်။ မြေပြင်က ခရမ်းပုပ်ရောင်သွေးများဖြင့် ဖုံးလွှမ်းနေပြီး သွေးညှီနံ့များက အပြင်ဘက်ကထက် အဆပေါင်းများစွာ အားကောင်းသည်။

နေရာများစွာတွင် စုပြုံထားသော အသားနွှာထားသည့် အရိုးများစွာ ရှိသည်။ အစာများအဖြစ် အသုံးပြုကြသော မျိုးနွယ်များအားလုံး၏ သာမန်မျိုးနွယ်ဝင်များကို ထည့်ထားသည့် လှောင့်ချိုင့်များ မရေမတွက်နိုင်လောက်အောင် ရှိသည်။

ရွှီချင်းသည် ထိုကဲ့သို့အရာများကို မြင်ရခဲပါသော်လည်း ဤနေရာတွင်မူ နေရာအနှံ့ တွေ့နေရသည်။

“ မင်း သတ်ချင်ရင် သတ်လိုက် ”

ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်ပြီး အသံနှိမ့်၍ ပြောလိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပါသော်လည်း သူ့ခန္ဓာကိုယ်က ဓားကိုင်တစ်ယောက်ထံမှ ဆုတ်ခွာနေသော သက်စောင့်မီးလုံးနှစ်လုံးနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူ့ညာလက်ရှိ ဓားမြှောင်က အေးစက်စက်ဝင်းလက်သွားပြီး ထိုလူ၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။

စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ခေါင်းကြီး လွင့်ပျံသွားသည်။ ရွှီချင်းသည် မျက်နှာသေဖြင့် ရှေ့ဆက်လျှောက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်သုံးဖော်တပည့်တစ်ယောက်နောက်သို့ ရောက်သွားသည်။ သူသည် ခေါင်းကို ဖမ်းဆုပ်လိုက်ပြီး လည်ပင်းကို အညှာအတာမဲ့စွာ လှီးဖြတ်လိုက်သည်။

ယန်ယန်သည်လည်း တိုက်ခိုက်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက် ပေါ်ထွက်လာသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံက ရွှေအမြုတေအဆင့်မှာ မဟုတ်ပါသော်လည်း သူမ သတ်နိုင်သည့် ပြိုင်ဘက်များကို လိုက်ရှာနေသည်။ မကြာခဏ အနီးကပ်သွားတိုင်း သူမက ပြိုင်ဘက်ကို ဖမ်းဆုပ်ကာ ဝမ်းဗိုက်ကို ထိုးခွဲတတ်သည်။

ခေါင်းဆောင်သည် မည်သည့်အရာကိုမျှ မပြောပေ။ သူသည် လေထဲပျံတက်သွားပြီး သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ဝိညာဉ်သုံးဖော်တပည့်များ တုန်ရီကာ ရေခဲဖြစ်သွားသည်။

သူတို့သုံးယောက်သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် တိုက်ခိုက်နေပေရာ စစ်မြေပြင်ပေါ်မှ လုပ်ကြံသတ်ဖြတ်ရေးသမားသုံးဦးကဲ့သို့ပင်။ သူတို့ ရောက်သွားသည့်နေရာတိုင်း သွေးချောင်းစီးသွားသည်။ ရွှီချင်းသည် ဓားကိုင်များနှင့် နားလည်မှုလွဲသွားမည်ကို ကာကွယ်ရန် အဆိပ်အား အသုံးမပြုပေ။

ထိုသို့သာမဟုတ်ပါက အဆိပ်တာအိုကို သူ အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ကပ်ဘေးများ ပို၍ ကျရောက်လာပေမည်။

ဓားကိုင်များ ရောက်မလာခင် သူတို့ တိုက်ခိုက်လိုက်ပါက သေချာပေါက် ဖရိုဖရဲ ဖြစ်သွားအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပြီး သူတို့သည်လည်း ဒဏ်ရာတစ်စုံတစ်ရာမရဘဲ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုအခါ တိုက်ပွဲကွင်းပြင်က အလွန် ရှုပ်ယှက်ခတ်နေသည်။ သတ်ဖြတ်သံများနှင့် ပေါက်ကွဲသံများကို နေရာအနှံ့တွင် ကြားနိုင်သည်။ မြေပြင်တွင် အလောင်းများဖြင့် ပြည့်နေသည်ဖြစ်၍ သူတို့သုံးယောက်က ပေါ်လွင်မနေပေ။

ရွှီချင်းသည် သူ့ဘဝတစ်လျှောက် အကျိုးသင့်အကြောင်းသင့် တွေးတောရင်း နေထိုင်ခဲ့သည်။ သို့ဖြစ်ပေရာ သူ သတ်ဖြတ်သည့်တိုင်အောင် သူ၏ဦးတည်ချက် ပြောင်းလဲမသွားပေ။ တတိယမြောက်တောင်ကြီးဆီသို့ ချက်ချင်း ချဉ်းကပ်သွားသည်။

တစ်နာရီကြာပြီးနောက် သူတို့သည် တတိယမြောက်တောင်ကြီးနှင့် နီးကပ်နေပြီဖြစ်သည်။ ကောင်းကင်ယံမှ တိုက်ပွဲကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ပထမတောင်သည် အငွေ့အသက်များစွာ ထွက်နေပြီး ဒုတိယတောင်မှ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ လွင့်ပျံနေသည်။ သူတို့ အာရုံစိုက်နေသည့် တတိယတောင်တွင် လူရိပ်များစွာ ရှိသည်။

ဝိညာဉ်သခင်မယုံကျင်း၏ မြင့်မားသောလူရိပ်က လှစ်ခနဲ လှုပ်ရှားသွားပြီး လူရိပ်သုံးရိပ်အဖြစ် ခွဲထွက်သွားပြီး ဓားကိုင်အကြီးအကဲသုံးဦးကို တိုက်ခိုက်လိုက်သည်။

လှိုင်းတွန့်များ ဖြာထွက်လာပြီး ရာသီဥတု ပြောင်းလဲသွားသည်။ လောကကြီး ပြိုကွဲသွားတော့မည့်အလား ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ထိုအငွေ့အသက်များအောက်တွင် ရွှီချင်းတို့သုံးယောက်သည် မနိုင်ဝန်ထမ်းနေရသည့်အလား အရှိန်လျော့သွားကြသည်။

တတိယတောင်အနီးသို့ ရောက်သောအခါ တိုက်ပွဲကွင်းပြင်က ပို၍ ရှုပ်ယှက်ခတ်လာသည်။ သတ်ပွဲများကို နေရာအနှံ့ မြင်နိုင်ပြီး ခေါင်းဆောင်သည် ရံဖန်ရံခါ ဝပ်ကာ အာရုံစိုက်ခံရခြင်းမှာ ရှောင်တိမ်းလိုက်သည်။

ရွှီချင်းသည်လည်း ခေါင်းဆောင်နှင့် တစ်ထပ်တည်းနီးပါးပင်။ သူ့ကို သတိပေးနေရန် မလိုအပ်ဘဲ အရာအားလုံးက အလိုလို ဖြစ်နေဟန်တူသည်။

သူ့ပတ်လည်တွင် တိုက်ပွဲများစွာ ရှိနေသည်ကို မြင်သောအခါ မြေပြင်တွင် တွားသွားရန် သူ ဆုံးဖြတ်လိုက်သည်။ ရံဖန်ရံခါ သူ ရပ်သွားတတ်ပြီး ရံဖန်ရံခါ အရှိန်တင်ကာ တစ်ခါတရံတွင် ဖြတ်ကျော်လာသည့် မည်သည့်ကျင့်ကြံသူကိုမဆို လှစ်ခနဲ သတ်ဖြတ်တတ်သည်။

ယန်ယန်သည်သာ ထိုနည်းလမ်းကို အသားမကျသေးသည်ဖြစ်၍ အနည်းငယ် နှေးကွေးနေသည်။

သို့သော်လည်း ယန်ယန်သည် သင်ယူရာတွင် အလွန် ထူးချွန်သည်ဖြစ်၍ တုပနိုင်လာသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် နည်းလမ်းအမျိုးမျိုးသုံး၍ တိုက်ပွဲကွင်းပြင်ကို ဖြတ်ကျော်နေသည်။

ထိုအတောအတွင်း ဓားကိုင်များကိုလည်း သူတို့ ထိပ်တိုက်ကြုံတွေ့ခဲ့ရသည်။ ဓားကိုင်များအားလုံး သူတို့ကို မစစ်ဆေးနိုင်ပါသော်လည်း သဲလွန်စတချို့ မြင်သွားသော ဓားကိုင်များ ရှိသည်။ သို့သော်လည်း ခေါင်းဆောင်က အမှန်ပင် သေချာပြင်ဆင်လာခဲ့သည်။ သူသည် ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် ထားလိုက်သည်။

သူတို့ကို သတိထားမိလိုက်သည့် ဓားကိုင်များသည် ထိုတံဆိပ်ပြားကို မြင်သောအခါ မျက်နှာများ တစ်မျိုး ဖြစ်သွားကြပြီး သူတို့ကို လျစ်လျူရှုသွားကြသည်။

“ ဘယ်လိုလဲ။ ငါ ကောင်းကောင်း ပြင်ဆင်လာခဲ့တယ်လို့ မပြောခဲ့ဘူးလား။ ဒါ ဘာလဲသိလား။ ဒါက ဓားကိုင်သတင်းပေးသမားရဲ့ ဂိုဏ်းတံဆိပ်ပြားပဲ။ ဒါကို ရဖို့ ငါ အများကြီး ကုန်ကျထားရတာ။ ဒါက ပုံမှန်ဆိုရင် သိပ်အသုံးမဝင်ပေမဲ့ တိုက်ပွဲကွင်းပြင်မှာ ဓားကိုင်တွေက ရန်သူတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ဒါက အသုံးဝင်လာမယ် ”

ခေါင်းဆောင်သည် ရှေ့သို့ တွားသွားလိုက်ပြီး ခေါင်းလှည့်၍ ရွှီချင်းကို ဘဝင်ခိုက်နေဟန်ဖြင့် ပြောပြလိုက်သည်။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူ၏လေးစားခြင်းကို သင့်တော်စွာ ထုတ်ပြလိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်မှာ ပို၍ သဘောခွေ့သွားသည်။

သူတို့သည် အန္တရာယ်များစွာ ထိပ်တိုက်ကြုံတွေ့ခဲ့ရပါသော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ သတိကြီးမှုကြောင့် အန္တရာယ်များကို ရှောင်တိမ်းနိုင်ခဲ့သည်။

နောက်ထပ်တစ်နာရီ ကျော်လွန်သွားပြီးနောက် တိုက်ပွဲကွင်းပြင်မှ သူတို့ ထွက်လာနိုင်ခဲ့ပြီး တတိယတောင်ခြေသို့ ရောက်လာသည်။

တတိယတောင်အထက်ရှိ ကောင်းကင်ယံတွင် ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာသုံးခုက တိုက်ခိုက်နေသည်။

ဆည်းဆာရောင်ခြည်တန်းများ သူမ၏ကိုယ်ပေါ် ကျရောက်နေသည်။ သူမ ဝတ်ဆင်ထားသည့် ဝတ်စုံသည် ချီရွှဲ့ထုံဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ပေါ်လာစဉ်အခါက ဝတ်ခဲ့သည့်ဝတ်စုံမဟုတ်သည်ကို မြင်နိုင်သည်။

“ ဒီမိန်းမက အဝတ်အစားတွေ တကယ်များတာပဲဟ ”

“ ချင်းလေး၊ ကံကြမ္မာဖန်တီးကြဖို့ အချိန်ကျပြီ ”

ခေါင်းဆောင်၏ မျက်လုံးများက လောဘအရိပ်အယောင်များဖြင့် ဝင်းလက်နေသည်။ သူသည် သူ့ကိုယ်သူ ကွယ်ဝှက်မနေတော့ဘဲ ခုန်လိုက်ပြီး တောင်ပေါ်သို့ တချိုးတည်း တက်သွားသည်။

ရွှီချင်းသည် ခေါင်းဆောင်အတိုင်း ပြေးထွက်သွားသည်။ ယန်ယန်သည် နောက်မှ လိုက်သွားသည်။ ယန်ယန်မှာ နှေးသော်လည်း ရတနာများစွာ ရှိပြီး အတတ်နိုင်ဆုံး ကြိုးစားလိုက်သွားသည်။ သူမအနေဖြင့် မမီနိုင်သည့်တိုင်အောင် ရပ်မသွားပေ။

မြေပြင်မှာ ရှုပ်ယှက်ခတ်နေပြီး ကောင်းကင်တွင် တိုက်ပွဲများဖြင့် ပြည့်နေသည်။ သူတို့သုံးယောက်သည် တတိယမြောက်တောင်မည်းကြီးဆီသို့ အစွမ်းကုန် ပြေးတက်သွားကြပြီး တောင်အထက်ရှိ ဂူနှင့် လျင်မြန်စွာ နီးကပ်လာသည်။

ခေါင်းဆောင်၏ မျက်လုံးများထဲ ရူးသွပ်ခြင်းများ ပေါ်လာသည်။

ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။

“ မိုက်ရူးရဲဆန်တာ၊ မိုက်ရူးရဲဆန်တာ … ”

ယန်ယန်သည် လမ်းတစ်လျှောက်တွင် စကားတစ်ခွန်း မဆိုခဲ့သော်လည်း ရင်ထဲတွင် တစ်ခါမှမကြုံဖူးလောက်အောင် တဒိန်းဒိန်းခုန်နေသည်။

သူမ၏ရှေ့ရှိ ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ကြည့်၍ ထိုနှစ်ယောက်သည် ကျားပါးစပ်မှ ‘ သွား ’ ကို နှုတ်ယူနေခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။

“ ဒါပေမဲ့ အဲဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ် ”

ယန်ယန်၏ အသက်ရှူသံများ မြန်ဆန်လာပြီး လှမ်းကြည့်လိုက်သည်။ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်လေး တုန်ရီလာ၏။

All Chapters