ပစ္စည်းများကို စနစ်တကျ မထားသိုတတ်ခြင်းသည် ခိုးယူခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်သည်
Vol. 29 Ch. 436
မြေပြင်မှ တိုက်ပွဲက ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို မရပ်တန့်နိုင်ပေ။
ကောင်းကင်ယံရှိ တဂျိမ်းဂျိမ်းမြည်သံများက သူတို့ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။
မည်မျှပင် အန္တရာယ်များစေကာမူ ဂူနှင့် နီးကပ်လာသောအခါတွင် ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားပြီး ခေါင်းဆောင်၏မျက်လုံးများတွင် ရူးသွပ်ခြင်းများဖြင့် ဝင်းလက်သွားသည်။
ခေါင်းဆောင်က အချိန်မှန်ကို ရွေးချယ်ခဲ့သည်ဟု ဆိုရပေမည်။ ယေဘုယျဆိုရလျှင် ပုံမှန်အခြေအနေတွင် ရွှီချင်းတို့သုံးယောက်အနေဖြင့် ဝိညာဉ်သခင်မယုံကျင်း၏ ဂူသို့ ချဉ်းကပ်လာရန် လုံးဝ မဖြစ်နိုင်ပေ။
ပထမဦးစွာ အောက်ဘက်ရှိ မြို့ထဲမှ ဝိညာဉ်သုံးဖော်၏ တပည့်များစွာကို ကျော်ဖြတ်လာရမည် ဖြစ်သည်။ ထို့နောက် တောင်မည်းကြီး၏ ဖိအားနှင့် မန္တန်အစီအရင်များကို ခံနိုင်ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်သခင်မယုံကျင်းကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ထိုအချက်များအနက် မည်သည့်အချက်မဆို သူတို့အစီအစဉ်ကို ကျရှုံးသွားစေကာ ကြီးမားသော သေရေးရှင်ရေးအန္တရာယ်ထဲသို့ ပို့ဆောင်နိုင်သည်။ အသက်ရှင်နိုင်ရန် အခွင့်အလမ်း ခပ်ရေးရေးပင် မရှိပေ။
သို့သော် ယခုအခါတွင်မူ အတားအဆီးများအားလုံး မရှိတော့ပေ။ ဝိညာဉ်သုံးဖော်၏ တပည့်များက ဓားကိုင်များနှင့် တိုက်ခိုက်နေသည်။ ရှုပ်ယှက်ခတ်နေသော တိုက်ပွဲကွင်းပြင်ကြောင့် သူတို့သုံးယောက်သည် တောင်ခြေသို့ ချောချောမွေ့မွေ့ဖြင့် ရောက်လာခဲ့ကြသည်။
တောင်မည်းကြီးမှ ဖိအားများနှင့် တောင်ကြီးပေါ်ရှိ မန္တန်အစီအရင်များကိုလည်း ဓားကိုင်များက ဖျက်ဆီးလိုက်ကြပြီ ဖြစ်သည်။ တချို့ ကျန်နေသေးသော်လည်း ယခင်ကလောက် အစွမ်းမထက်တော့ပေ။
တောင်ကြီးတစ်ဝက်ပျက်စီးနေပြီး ဂူထဲတွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာခဲ့သည် မဟုတ်ပါလား။
သူတို့ နီးကပ်လာသည်နှင့် တောင်ကြီးတစ်ခုလုံး ပျက်စီးတော့မည့်လက္ခဏာများ ပြနေသည်ကို သူတို့ မြင်နိုင်သည်။ လျှပ်စီးများက ကျောက်သားအက်ကွဲကြောင်းမှတစ်ဆင့် ဖြတ်သွားခဲ့ပြီး တောင်ကြီးပေါ်ရှိ ကမ္ပည်းစာများ ပျက်စီးကာ မှိန်ဖျော့ဖျော့ဖြစ်နေသည်ကို သူတို့ မြင်နိုင်သည်။
နေရာအသီးသီးမှ အစိမ်းရောင်မြူခိုးများ လွင့်ပျံလာပြီး တောင်ကြီးတစ်လျှောက် အက်ကွဲကြောင်းများ ထနေသည်။ သစ်ပင်များ ညှိုးခြောက်နေပြီး ကျောက်စရစ်ခဲများစွာ အောက်ကျနေသည်။
မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်။ ဤနေရာတွင် မနေဝံ့ဘဲ ဝရုန်းသုန်းကား ထွက်ခွာနေကြသော ဝိညာဉ်သုံးဖော်၏ တပည့်တချို့ပင် ရှိသည်။ သူတို့သည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို မြင်သည့်တိုင်အောင် လျစ်လျူရှုကာ အလျင်အမြန် ထွက်သွားသည်။
အထက်ရှိ အပေါက်ကြီးထဲမှ ဂူကြမ်းပြင်ပေါ်တွင် တချို့ပစ္စည်းများ ပြန့်ကျဲနေသည်။
ထိုပစ္စည်းများက ခေါင်းဆောင်၏ မျက်လုံးများကို ဝင်းလက်သွားစေသည်။ ရွှီချင်းသည်ပင် အံ့အားသင့်သွားရသည်။
သူတို့သည် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော ရတနာအလင်းရောင်များနှင့် အင်မော်တယ်ကျောက်စိမ်းဖြင့် ဖန်တီးထားပုံရသော ပစ္စည်းအမြောက်အမြားကို မြင်လိုက်ရသည်။ ဂူထဲရှိ စားပွဲနှင့် ထိုင်ခုံတိုင်း ထူးခြားသော ဓမ္မအသုံးအဆောင်များ ဖြစ်သည်။
ယခုအခါ ရှုပ်ပွနေပြီး ဓားကိုင်များ၏ တိုက်ခိုက်ခြင်းမှ တန်ပြန်ဒဏ်ကြောင့် သေသွားရသော လူသားမဟုတ်သော မျိုးနွယ်ဝင်အစေခံများ၏ အလောင်းများ ရှိနေပါသော်ငြား ထိုအခြင်းအရာအားလုံးသည် ခေါင်းဆောင်၏ ရူးသွပ်ခြင်းကို မရပ်တန့်နိုင်သည်။ သူသည် အလိုလို အရှိန်တင်လိုက်သည်။ ရွှီချင်းသည်လည်း ရတနာများကို စူးစိုက်ကြည့်ရင်း ခေါင်းဆောင်၏ အရှိန်ကို သတိထားမိလိုက်သောအခါ သူ အတွေးနက်သွားသည်။
လက်ရှိရွှီချင်းသည် ကောင်းကင်နန်းတော်သုံးဆောင် တိုက်ရည်ခိုက်ရည် ရှိနေပြီဖြစ်ပါသော်ငြား ခေါင်းဆောင်မှာ ယခုတိုင်အောင် ရွှေအမြုတေအဆင့်သို့ ရောက်သေးပုံမရပေ။ သို့သော်ငြား စောစောက ခေါင်းဆောင်၏ အမြန်နှုန်းကြောင့် သူနှင့် အဆင့်အတူတူ ဖြစ်ကြောင်း ရွှီချင်း ခံစားလိုက်ရသည်။
သို့သော်လည်း သူ အံ့အားသင့်မသွားပေ။ ယင်းကို သူ ခန့်မှန်းထားခဲ့သည် မဟုတ်ပါလား။ အဝေးမှကြည့်နေရင်း ခေါင်းဆောင်နှင့်အတူ ပြေးလွှားသွားရာ ဂူနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။
တောင်ကြီးပေါ်မှ အစီအရင်များ ပျက်စီးနေပါသော်ငြား ကျန်ရှိနေသေးသည့် အစီအရင်များက သူတို့ကို အန္တရာယ်ပေးနိုင်စွမ်း ရှိနေသေးသည်။ တခဏလေးအတွင်း ရွှီချင်း၏ အမူအရာ ပြောင်းလဲသွားပြီး ဆတ်ခနဲ နောက်ဆုတ်လိုက်သည်။
အနက်ရောင်အမျှင်တန်းတစ်ချောင်း သူ့ရှေ့မှ ဗြုန်းခနဲ ပေါ်လာပြီး ချဉ်းကပ်လာသည်။ ထို့နောက် ထိုအမျှင်တန်းမှ သိပ်သည်းထူထပ်သော ဓာတ်နှောများ ပျံ့လွင့်လာသည်။
ရွှီချင်း နောက်ဆုတ်လိုက်သည့်အခိုက် အနက်ရောင်အမျှင်တန်း ချဉ်းကပ်လာသည်။ တဝီဝီမြည်သံနှင့်အတူ ထိုအမျှင်တန်းက ဖြတ်ကျော်သွားသည်။
ကံကောင်းထောက်မ၍ ပွတ်ကာသီကာဖြင့် ရွှီချင်း ရှောင်တိမ်းနိုင်လိုက်သည်။ သို့သော်လည်း လေထဲတွင် ရှိနေသော သူ့ဆံပင်တစ်ချောင်း တိခနဲ ပြတ်တောက်သွားသည်။
ခေါင်းဆောင်သည် မြန်ဆန်သွက်လက်စွာ ပြေးလွှားနေသည်ဖြစ်ပြီး အချိန်မီရှောင်တိမ်းလိုက်ပါသော်လည်း ညာလက် ပြတ်တောက်သွားသည်။ သို့သော် သူက ပြတ်သွားသောလက်ကို ဖမ်းလိုက်ပြီး ပြတ်သွားသည့်နေရာမှ ပြန်တပ်လိုက်သည်။ ထို့နောက် လက်ကို တင်းတင်းကြပ်ကြပ် ဖိလိုက်ရာ ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်သွားသည်။
“ ဘာမဟုတ်တဲ့ အစီအရင်လေးက ငါ့ကို ဟန့်တားနိုင်မှာလားကွ ”
ခေါင်းဆောင်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ဆက်သွားရန်ပြင်လိုက်ပါသော်လည်း သူ့ရှေ့မှ ဖျပ်ခနဲ ဝင်းလက်သွားသည်။ ထိုအမျှင်တန်းရာချီပေါ်လာပြီး သူနှင့် ရွှီချင်းတို့ထံ တရွှီရွှီ ပြေးဝင်လာသည်။ ထိုအမျှင်တန်းများသည် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေပြီး ဧရာမပိုက်ကွန်ကြီးတစ်ခုအလားပင်။
သိပ်သည်းထူထပ်သော ဓာတ်နှောများ ဖြာထွက်လာသည်။
ထိုအမျှင်တန်းများသည် ဓာတ်နှောများမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထိုအချက်ကိုကြည့်၍ ဝိညာဉ်သခင်မယုံကျင်းက မည်မျှအစွမ်းထက်သည်ကို သိနိုင်ပေသည်။
ဓာတ်နှောများသည် ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် တားမြစ်လက်နက်တစ်ခု ဖြစ်ပြီး ထိုဓာတ်နှောများကို အစီအရင်များအဖြစ် သခင်မယုံကျင်းက အသုံးချနေခဲ့ပြီ ဖြစ်သည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ဓာတ်နှောအမျှင်တန်းများ ရာချီ၍ ပြေးဝင်လာသည့်အခိုက် အရိပ်လေးကို ချက်ချင်း ထိန်းချုပ်ကာ တားဆီးလိုက်သည်။
ထို့နောက် အမျှင်တန်းရာချီမှ ဖြစ်ပေါ်လာသော ပိုက်ကွန်ကြီးသည် အရိပ်လေးနှင့် ထထိပ်တိုက်တွေ့ဆုံသွားသည်။
အရိပ်လေးထံမှ ဆော့ကစားချင်သည့် ခံစားချက်များ ပေါ်လာသည်။ အမျှင်တန်းပိုက်ကွန်ကြီးမှာ ရုတ်ခြည်း တုန်ရီသွားပြီး အရိပ်လေးရှေ့တွင် ဝေဝါးကာ ပျောက်ကွယ်သွားသည်။
ယန်ယန်သည် ရွှီချင်း၏နောက်တွင် ကပ်လျက် ရှိနေသည်ဖြစ်၍ ထိုအမျှင်တန်းများကို ရှောင်တိမ်းနိုင်လိုက်သည်။
ခေါင်းဆောင်မှာမူ မြန်ဆန်စွာ သွားနေပြီး အနည်းငယ် ကွာဝေးသောနေရာတွင် ရှိနေသည်ဖြစ်၍ အရိပ်လေး၏ အကာအကွယ်ကို မရပေ။
သူ့မှာလည်း သူ့နည်းလမ်းများ ရှိပေသည်။ ထိုအမျှင်တန်းများ ရောက်လာသည့်အခါ ရှောင်တိမ်းမနေဘဲ သူ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြတ်တောက်ခံလိုက်ရသည်။
အမျှင်တန်းများ ကျော်ဖြတ်သွားသောအခါမှသာ လေထဲရှိ အသားအပိုင်းအစများက ပြန်လည်စုစည်းသွားပြီး ခေါင်းဆောင် ပြန်ဖြစ်သွားသည်။
“ ဟားဟား ချင်းလေး။ ဘယ်လိုလဲ ငါ့နည်းလမ်းတွေကို မင်း ယုံကြည် … ”
ခေါင်းဆောင်က ကြွားလုံးထုတ်ရန် လှည့်ကြည့်လိုက်ပါသော်ငြား ရွှီချင်းနှင့် ယန်ယန်တို့ ဘာမှမဖြစ်ဘဲ အမျှင်တန်းပိုက်ကွန်ကြီး သူတို့ရှေ့တွင် ပျောက်သွားသည်ကို မြင်သောအခါ အတန်ငယ် ဆွံ့အသွားပြီး ရွှီချင်းကို သံသယဝင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ မင်း ဘယ်လိုလုပ်လိုက်တာတုံး ”
ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ခေါင်းဆောင်၏မျက်လုံးများကို အလေးအနက်အမူအရာဖြင့် ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။
“ အလိုလို ပျက်စီးသွားတာ။ အစီအရင်တွေက ပျက်စီးနေတော့ အာနိသင်ကုန်သွားတာ ဖြစ်လောက်တယ် ”
ခေါင်းဆောင် ငြိမ်သက်နေသည်။ သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အမှတ်အသားများကို ကြည့်၍ ရုတ်တရက် အလွန် မောဟိုက်သွားရသည်။ သူသည် ရွှီချင်းနောက်သို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်ပြီး ယန်ယန်၏ဘေးတွင် ရပ်ကာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။
“ ဆရာတူညီလေး၊ ငါတို့ သွားကြတော့မလား ”
ရွှီချင်းသည် ဘာမှမပြောဘဲ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ရှေ့တူရှုရှိ ဂူဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ယခုတစ်ကြိမ်တွင် ခေါင်းဆောင်သည် နှုတ်ဆိတ်နေလျက် ယန်ယန်နှင့်အတူ နောက်မှ လိုက်သွားသည်။
ထိုသို့ဖြင့် သူတို့သုံးယောက်သည် အမြင့်ဆုံးနှုန်းဖြင့် တရိပ်ရိပ်သွားနေသည်။ သို့သော်လည်း ဂူနားသို့ နီးကပ်လာသည်နှင့်အမျှ ပို၍ သတိထားလာသည်။
လမ်းတွင် အစီအရင်တချို့ကို သူတို့ တွေ့ခဲ့ရသော်လည်း ရှောင်ကွင်းနိုင်ခဲ့သည်။ သူတို့ မရှောင်တိမ်းနိုင်သော ဓာတ်နှောများပါသည့် အစီအရင်များကို အရိပ်လေးက ဝါးမျိုလိုက်သည်။
ခဏအကြာ နောက်ဆုံးတွင် ဂူရှေ့သို့ သူတို့ ရောက်လာသည်။ သူတို့သည် ရပ်နေရင်း ဂူထဲမှ လွင့်ပျံလာနေသော မွှေးရနံ့ကိုပင် ရှူရှိုက်မိလိုက်သည်။
ကောင်းကင်ယံရှိ တိုက်ပွဲက ပြင်းထန်နေသည်။ ပထမတောင်ထိပ်မှ ဒေါသတကြီး အော်ဟစ်သံက နေရာအနှံ့ ပျံ့လွင့်နေပြီး ဒုတိယတောင်မှ အရိုးခြောက်ကြီးက လက်ရည်တူ ယှဉ်ပြိုင်နေကာ တတိယမြောက်တောင်မှ ဝိညာဉ်သခင်မယုံကျင်းက ခန္ဓာသုံးခုအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။သူမ၏ခန္ဓာသုံးခုမှာ တိုက်ခိုက်ခံနေရပြီး တုန်ရီနေသည်။
“ ကျနော်တို့ မြန်မြန်လုပ်မှရမယ်။ မဟုတ်လို့ သူတို့ တိုက်ခိုက်ပြီးသွားရင် ကျနော်တို့ … ”
ရွှီချင်းသည် ချက်ချင်း ပြောလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးခင် ခေါင်းဆောင်သည် တဖျပ်ဖျပ်ဝင်းလက်နေသော မျက်လုံးများဖြင့် ဂူကြီးဆီသို့ တရှိန်ထိုး သွားလိုက်သည်။
တခဏလေးအတွင်း ခေါင်းဆောင်က ချောင်တစ်ချောင်ရှိ တဖျပ်ဖျပ်ဝင်းလက်နေသော အင်မော်တယ်ကျောက်စိမ်းကြိုးကြာရုပ်တုကို ကိုက်ချလိုက်သည်။ ထိုပန်းပုသည် အလွန် လက်ရာမြောက်ပြီး ထည်ဝါသည်။
ဂျွတ်ခနဲ မြည်သံနှင့်အတူ ကြိုးကြာ၏ခေါင်းကို ခေါင်းဆောင်က ဝါးစားလိုက်သည်။
“ အင်မော်တယ်ကျောက်စိမ်၊ သိပ်အဖိုးတန်တာ။ ပစ္စည်းကောင်းလေးပဲ။ ဝိညာဉ်ကျောက်တုံးသန်းချီပေးတောင် ဒါမျိုး မရနိုင်ဘူး ”
ခေါင်းဆောင်သည် စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်ပြီး ခေါင်းပြတ်ကြိုးကြာကြီးကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။
ရွှီချင်းသည်လည်း နှေးမနေပေ။ ဂူထဲသို့ ဝင်လိုက်ပြီး ညာလက်ကို သူ မြှောက်လိုက်သည်။ ချက်ချင်းပင် ဘေးပတ်လည်ရှိ မီးအိမ်များ သူ့ထံ ပျံသန်းလာသည်။
မီးအိမ်တစ်လုံးချင်းစီက ထူးခြားပြီး ကြောက်ခမန်းလိလိ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုမီးအိမ်များသည် သက်စောင့်မီးအိမ်များ မဟုတ်ပါသော်ငြား အလွန် အဖိုးတန်သည်။
ဗလာနတ္တိအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဂူထဲတွင် သေချာပေါက် ရတနာအမြောက်အမြား ရှိနေမည်ဟု ရွှီချင်း ခံစားရသည်။ သို့သော်လည်း အချိန်က တိုတောင်းပြီး တစ်ခုချင်း မရှာနိုင်ပေ။ ထို့ကြောင် သူ သယ်နိုင်သလောက် သယ်ရမည်သာ ဖြစ်သည်။
မီးအိမ်များကို ယူဆောင်ပြီးနောက် ရွှီချင်းက ပရိဘောဂပစ္စည်းများကို ယူဆောင်လိုက်သည်။ ခေါင်းဆောင်မှာမူ ပျံသန်းသွားပြီး နံရံတွင် မြှုပ်ထားသော ပုလဲလုံးများကို နှုပ်ယူလိုက်သည်။ ရွှီချင်းက ပရိဘောဂပစ္စည်းများအား ယူနေသည်ကို မြင်သောအခါ ဂုဏ်ယူဝင့်ကြွားသည့်အမူအရာ ဖြစ်သွားသည်။ ရွှီချင်းက ဤကဏ္ဍတွင် သူ့အောက် ပို၍ နိမ့်ကျသည်ဟု သူ ခံစားလိုက်ရသည်။ ပစ္စည်းကောင်များကို နံရံများတွင် မြှုပ်ထားတတ်သည်မှာ သဘာဝပင်။
ရွှီချင်းသည် မျက်မှောင်ကြုတ်သွားပြီး ချာခနဲ လှည့်ကာ ဧည့်ခန်းသို့ ဦးတည်သွားလိုက်သည်။ ဧည့်ခန်းရှိ ဧရာမခုတင်ကြီးကို ယူလိုက်ပြီးနောက် တခြားတိုလီမိုလီပစ္စည်းများကိုလည်း သူ သိမ်းဆည်းလိုက်သည်။
ယေဘုယျပြောရလျှင် များသောအားဖြင့် ဧည့်ခန်းထဲရှိ ပစ္စည်းများသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ ဖြစ်ကြသည်။ ဧည့်ခန်းထဲရှိ ပစ္စည်းများက ပိုကောင်းမွန်သည်ဟု ရွှီချင်း ခံစားရသည်။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နောက်ထပ်ဧည့်ခန်းသို့ သွားလိုက်သည်။ သူသည် သူ့ကိုယ်ပွားကိုပင် ထုတ်လိုက်ပြီး ရွှီချင်းထက် အဆပေါင်းများစွာ မြန်ဆန်အောင် လုပ်လိုက်သည်။
ထိုဂူသည် သူတို့အနေဖြင့် အချိန်တိုအတွင်း ပစ္စည်းအားလုံး မယူဆောင်နိုင်လောက်အောင် ကြီးမားလွန်းသည်။ သူတို့ မြင်သမျှကိုသာ ယူနိုင်သည်။ ခေါင်းဆောင်သည် ပို၍ မြန်ဆန်စွာ သိမ်းယူနိုင်သည်ကို သိလိုက်သောအခါ သူ့ကိုယ်သူ ဘဝင်ခိုက်သွားသည်။
“ ချင်းလေး၊ နောက်ဆုံးတစ်ခေါက်တုန်းက အဏ္ဏဝါမျိုးနွယ်မှာ မင်းက ငါ့ထက် ပိုပြီး စုပ်ယူနိုင်ခဲ့တယ်။ ဒီတစ်ခေါက် သေချာပေါက် မင်း ငါ့လောက် စုပ်ယူနိုင်မှာ မဟုတ်ဘူး ”
ခေါင်းဆောင်သည် စိတ်ပျော်ရွှင်နေသည်။ အမှန်စင်စစ် နောက်ဆုံးတစ်ခေါက်က ဝိညာဉ်ရေများကို ရွှီချင်းက ပို၍ စုပ်ယူခဲ့သည်ကို သူ အမြဲမှတ်ထားခဲ့ပြီး မချိတင်ကဲ ဖြစ်နေခဲ့ရသည်။ ယခုတစ်ကြိမ်တွင် ရွှီချင်းထက် သူက ပို၍ သာနေသည်ကို မြင်၍ အလွန် ပျော်နေတော့သည်။
ရွှီချင်းသည်လည်း ခေါင်းဆောင် အဓမ္မသိမ်းဆည်းနေသည့််အမြန်နှုန်းကို သတိထားမိသွားသည်။ သို့သော် သူသည် ပျာယာခတ်မသွားဘဲ ဂူကို ဝေ့ကြည့်လိုက်ပြီး လမ်းလျှောက်လာနေသော ယန်ယန်ကို မြင်သွားသည်။
ယန်ယန်သည် ဂူထဲသို့ ဝင်လိုက်ပြီး ပြောင်ရှင်းနေသော ကြမ်းခင်းကို ကြည့်လိုက်သည်။ ထို့နောက် အလုပ်ရှုပ်နေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူမသည် အတန်ငယ် ချီတုံချတုံ ဖြစ်သွားပြီး ပစ္စည်းများအား ယူလိုက်ရမလား ဝေခွဲရခက်သွားသည်။ ထို့နောက် သူမ၏မျက်လုံးများထဲတွင် တွေးတွေးဆဆအကြည့်တစ်ခု ပေါ်လာသည်။
ထိုအချိန်၌ ရွှီချင်းက လျှောက်လာသည်။
“ ယန်ယန်၊ အမျိုးသမီးတွေအတွက် အရေးကြီးဆုံးနေရာက ဘယ်နေရာလို့ ထင်လ ”
ရွှီချင်းက မေးလိုက်သည်။
“ အလှပြင်ခန်း ”
ယန်ယန်က မဆိုင်းမတွ ဖြေလိုက်သည်။ ရွှီချင်း၏ မျက်လုံးများ ဝင်းလက်သွားပြီး အလျင်အမြန် လျှောက်သွားကာ ဘေးခန်းကို ဖွင့်လိုက်သည်။
ဘေးခန်းကို ဖွင့်လိုက်ပြီးနောက် စိတ်ဓာတ်ခိုင်မာသော ရွှီချင်းသည်ပင် တအံ့တသြ ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုဘေးခန်းထဲတွင် အရွယ်အစားမျိုးစုံရှိသော မှန်များ မရေမတွက်နိုင်အောင် ရှိသည်။ မှန်တစ်ချပ်ချင်းစီက ကြောက်ခမန်းလိလိ အငွေ့အသက်များ ထုတ်လွှတ်နေပြီး မယုံနိုင်စရာကောင်းလောင်အောင် အရည်အသွေး ကောင်းမွန်သည်။ ပုလင်းများ၊ အိုးကြီးများ အမြောက်အမြား ရှိပြီး အင်မော်တယ်ချီများအပြင် အားကောင်းသော ဆေးရနံ့များလည်း တစ်ခန်းလုံး ပြည့်နေသည်။
မနီးမဝေးတွင် အဝတ်စင်များလည်း ရှိသည်။ တုန်လှုပ်ချောက်ချားစရာ အရှိန်အဝါများ ထုတ်လွှတ်နေသည့် ရတနာဝတ်စုံများကို ထိုစင်များပေါ်တွင် သပ်သပ်ရပ်ရပ် ခေါက်တင်ထားသည်။ ဝတ်စုံတစ်စုံချင်းစီက ရွှီချင်း၏အသက်ရှူသံများကို မြန်ဆန်သွားစေသည်။
ဝတ်စုံများမှာ စီခြယ်ထားသော အင်မော်တယ်ကျောက်စိမ်းများနှင့် ရှားပါးသော ရတနာအမျိုးမျိုးက ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ ပုံရိပ်ယောင်ကောင်းကင်နန်းတော်များကို တုန်ရီသွားစေသည်။ ဤနေရာတွင် သူ၏ကောင်းကင်နန်းတော်များကို အလျင်အမြန် ရုပ်လုံးပေါ်လာစေနိုင်သော တစ်ခုခု ရှိနေသည်ကို သူ အလိုလို ခံစားလိုက်ရသည်။
အရိပ်လေးသည်လည်း စိတ်လှပ်ရှားသွားသည်။ အရိပ်လေးက ပုလင်းများနှင့် အိုးကြီးများကို စူးစိုက်ကြည့်လိုက်သည်။ ၎င်း၏ အဆင့်တက်ခြင်းအတွက် အလွန် အသုံးဝင်သော ထူးခြားသည့် ပစ္စည်းတချို့ကို အာရုံခံမိလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အတူတူပင်။ မှန်များကို သူ စူးစိုက်ကြည့်လိုက်သည်။ ထိုမှန်များထဲတွင် အစောင့်အရှောက်ဝိညာဉ်များကို ချုပ်နှောင်ထားကြောင်း သူ၏အလိုလိုသိစိတ်က ပြောပြနေပြီး ထိုအစောင့်အရှောက်ဝိညာဉ်များကိုသာ ဝါးမျိုလိုက်ရပါက ဝိညာဉ်များကို ဝါးမျိုရသည်ထက် သူ၏ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
ရွှီချင်းသည် ပင့်သက်ရှိုက်လိုက်သည်။ သူသည် နောက်ထပ် ပြောမနေဘဲ လက်ကိုဝှေ့ယမ်းလိုက်ပြီး ဤနေရာရှိ မှန်များနှင့် ပုလင်းများကို ချက်ချင်း သိမ်းဆည်းလိုက်သည်။ ယန်ယန်သည်လည်း သူ့ကို ကူ၍ သိမ်းပေးလိုက်သည်။
ကံမကောင်းစွာပင် ထိုဝတ်စုံများသည် အလွန် ထူးဆန်းပြီး ကြီးမားလွန်းနေသည်။ ထိုဝတ်စုံများမှ ဖြာထွက်နေသော အလင်းရောင်များကြောင့် သူ၏သိုလှောင်အိတ်ထဲတွင် ထည့်သိမ်းရန် မဖြစ်နိုင်ပေ။ ယင်းကြောင့် ရွှီချင်းမှာ အနည်းငယ် စိတ်ပျက်သွားရသည်။
မကြာခင် ခေါင်းဆောင်သည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး အပြင်ဘက်မှ အပြေးအလွှား ရောက်လာသည်။ အထဲသို့ သူ ဝင်လိုက်ပြီးနောက် ဘေးပတ်လည်ကို ရှင်းရှင်းလင်းလင်း မကြည့်နိုင်သေးခင်မှာပင် ရွှီချင်းက မနီးမဝေးရှိ အဝတ်စင်ကို ချက်ချင်း ညွှန်ပြလိုက်သည်။
“ အစ်ကိုကြီး၊ ရတနာဝတ်စုံတွေက အဲဒီမှာ ”