← Chapters

သူခိုးရှေ့က ပုလဲများ

Vol. 29 Ch. 437

သူခိုးရှေ့က ပုလဲများ

Vol. 29 Ch. 437

ရွှီချင်း၏အသံ လွင့်ပျံသွားသည့်အခိုက် ခေါင်းဆောင်က လှည့်ကြည့်လိုက်ပြီးသား ဖြစ်သည်။ အဝတ်စင်များပေါ်တွင် ချိတ်ဆွဲထားသော တဖျပ်ဖျပ်လက်နေသည့် ရတနာဝတ်စုံများကို သူ မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

ရတနာဝတ်စုံများ ဒါဇင်ချီ၍ ရှိပြီး ဝတ်စုံတစ်စုံချင်းစီကို သပ်သပ်ရပ်ရပ် ခေါက်ထားသည်။ ထိုဝတ်စုံများအားလုံးကို တစ်ခုနှင့်တစ်ခု အနည်းငယ်ခြား၍ စီရီထားပြီး ခေါက်ရာလုံးဝ မရှိပေ။

ထိုသို့ အသေးစိတ်စီစဉ်ထားသည်ကို ကြည့်၍ ပိုင်ရှင်က ထိုဝတ်စုံများအား မည်မျှ သဘောကျသည်ကို မြင်နိုင်ပေသည်။

အဓိကအားဖြင့် ဝတ်စုံများသာ ရှိသည်။ ဝတ်စုံတစ်စုံက အင်မော်တယ်ကျောက်စိမ်းကို အဖြူရောင်ပိုးချည်မျှင်အဖြစ် သန့်စင်ကာ ဖန်တီးထားသည့် မြစိမ်းရောင်ဝတ်စုံဖြစ်ပြီး ဝတ်စုံပေါ်တွင် ပန်းပွင့်များ ပုံဖော်ထားသည်။ အင်မော်တယ်ရွှေများပင် ထိုဝတ်စုံကို အလှဆင်ထားသည်။ ဝတ်စုံ၏ အနားကွပ်များသည် ပန်းရောင်ပန်းပွင့်များနှင့် ဆင်တူပြီး အလွန် လှပသည်။

ဘေးတွင် ပါးလျသော ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသော မြစိမ်းရောင်ဝါဂွမ်းဝတ်စုံရှိသည်။ သာမန်အမျိုးသမီးတစ်ယောက်ပင် ထိုဝတ်စုံကို ဝတ်ဆင်လိုက်ပါက လှပကြော့ရှင်းသွားပေမည်။

ကျောက်စိမ်းနန်းတော်ဝတ်စုံလည်း ရှိသည်။ ထိုဝတ်စုံပေါ်တွင် ခရမ်းပြာရောင်လိပ်ပြာရုပ်ပုံများဖြင့် အလှဆင်ထားသည်။ ထိုလိပ်ပြာလေးများသည် ရံဖန်ရံခါ ရုပ်လုံးပေါ်လာပြီး အပြင်ဘက်တွင် ကခုန်နေတတ်သည်။

အနားလိပ်ထားသော ဝတ်စုံက ထူးခြားပြီး တဖျပ်ဖျပ်လက်နေသည်။ ထိုဝတ်စုံသားကို အစွမ်းထက်ချပ်ဝတ်တန်ဆာလုပ်ရာတွင် သုံးနိုင်သည်။

အဖြူရောင်ဝတ်ရုံတစ်ခုလည်း ရှိသည်။ ထိုဝတ်ရုံပေါ်တွင် ထူးဆန်းသော သစ်ပင်၏ အကိုင်းအခက်များကို ပုံဖော်ထားပြီး သန္ဓေပြောင်းသွားသော အပင်၏ အကြောများကို ပန်းပွင့်များနေရာတွင် အသုံးပြုထားသည်။ ထိုဝတ်ရုံသည် မြင်ရသူအဖိ့ု ပေါ့ပါးသော ခံစားချက်ဖြစ်စေပြီး သန္ဓေပြောင်းသားရဲများ ဝတ်ရုံအပြင်ဘက်သို့ ခုန်ထွက်လာသည့်ပမာ ခပ်ရေးရေး ခံစားရပေသည်။

ဝတ်စုံတိုင်းက တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ထိုဝတ်စုံများကို ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အလွန် အဖိုးတန်သည်။ ထိုဝတ်စုံများပေါ်ရှိ ပုလဲများသည်လည်း လူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

ခေါင်းဆောင်တစ်ယောက်သာ မှင်သက်နေသည်သာမက ဘေးရှိ ယန်ယန်သည်လည်း ရတနာဝတ်စုံများကို ငေးကြည့်နေသည်။

သို့သော်လည်း ခေါင်းဆောင်က ထိုဝတ်စုံများ၏ တန်ဖိုးကို ကြည့်နေခြင်း ဖြစ်ပြီး ယန်ယန်က ထိုဝတ်စုံများ၏ လှပမှုကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။

“ ကောင်းတယ် ”

ခေါင်းဆောင်သည် တံတွေးကို မျိုချလိုက်ပြီး အဝတ်အစားစင်များဆီသို့ ပြေးသွားသည်။ တခဏလေးအတွင်း သူသည် ဝတ်စုံတစ်စုံကို ယူကာ သိုလှောင်အိတ်ထဲ ထည့်ရန် ပြင်လိုက်ပါသော်လည်း ထိုသို့ မလုပ်နိုင်ကြောင်း သူ နားလည်လိုက်သည်။

ထိုဝတ်စုံများသည် ထူးဆန်းပြီး သိုလှောင်အိတ်ထဲ ထည့်ရန် ခက်ခဲရလောက်အောင် ထူးခြားသော ဝိသေသလက္ခဏာများ ရှိသည်။

“ ဒီလိုမျိုး ဖြစ်မယ်လို့ ငါ ထင်ထားပြီးသား။ ချင်းလေး၊ နောက်ကျ ရွှမ်ယုံဂိုဏ်းနဲ့ အပေးအယူ လုပ်ရင် ငါ့ကို ကူညီပေးဦးနော်။ ငါတို့ကိစ္စကြီးအတွက် ဒီအစွယ်ရအောင် ငါ လုပ်ခဲ့ရတာ ”

ခေါင်းဆောင်သည် ပြောပြီးသည်နှင့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် လူတစ်ယောက်အရွယ်မျှ ရှည်လျားသော သွားကြီးတစ်ချောင်း သူ့ရှေ့တွင် ပေါ်လာသည်။

သွားပေါ်တွင် ရွှေရောင်စွန်းထင်းနေသော နေရာရှိသည်။ ထိုအချိန်၌ ထိုသွားကြီး ပေါ်လာသည်နှင့် ကြောက်ခမန်းလိလိ အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။ ရွှီချင်းက ထိုသွားကြီးကို ကြည့်လိုက်သောအခါ မြွေမိစ္ဆာကြီး၏ အစွယ်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

ယန်ယန်သည် မြွေမိစ္ဆာကို ယခင်က တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ ထိုဧရာမ အစွယ်ကြိးကို မြင်သောအခါ ထိုအစွယ်ကြီး၏ ထူးဆန်းမှုများကို အာရုံရလိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။

ခေါင်းဆောင်သည် အစွယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဝတ်စုံကို လှီးဖြတ်လိုက်သည်။ ယန်ယန်မှာ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရစဉ် ခေါင်းဆောင်မှာ လှပသော မြစိမ်းရောင်ဝတ်စုံကို စုတ်ဖြဲလိုက်သည်။

ထိုဝတ်စုံ စုတ်ပြဲသွားသည်နှင့် ရတနာအလင်းများ မှိန်ဖျော့သွားသည်။

ခေါင်းဆောင်သည် ဝတ်စုံစုတ်ပြဲသွားသောအသံအား သဘောကျသွားဟန်တူသည်။ သူသည် လှစ်ခနဲ လှုပ်ရှားသွားပြီး ဖျစ်ခနဲ မြည်သံနှင့်အတူ ရတနာဝတ်စုံ လုံးလုံးလျားလျား စုတ်ပြဲသွားသည်။

သို့သော်လည်း ယင်းသည် ဝတ်စုံပေါ်တွင် စီခြယ်ထားသော ရတနာများ၏ တန်ဖိုးကို လျော့ကျသွားခြင်း မရှိပေ။

အစွယ်က အလွန် အလုပ်ဖြစ်သည်ကို မြင်၍ ခေါင်းဆောင်မှာ အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။

“ ဒီအဘွားကြီးရဲ့ ဝတ်စုံတွေကို ပထမဆုံး မြင်တော့ တစ်နေ့ကျ ဘယ်လို လှီးဖြတ်ပစ်ရမလဲ ငါ တွေးနေတာ။ ဒီအစွယ်နဲ့ဆိုရင် ချန်အားညိုဆိုတဲ့ငါ မဖွင့်နိုင်တာ မရှိဘူး ”

ခေါင်းဆောင်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။

“ ရွှမ်ယုံဂိုဏ်းက ငါ့ကို အရှင်လတ်လတ်အရေခွံနွှာရင်တောင် ငါ လက်ခံတယ်ကွာ ”

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူ၏ခံစားချက်များကို သင့်တော်စွာ ထုတ်ပြလိုက်သည်။

ခေါင်းဆောင်သည် ထိုသည်ကို မြင်၍ ပို၍ သဘောခွေ့သွားသည်။ ရွှီချင်းသည် ထိုအခွင့်အရေးကို အသုံးချ၍ အလျင်အမြန် လျှောက်သွားပြီး ဝတ်စုံကို ဆွဲကိုင်ထားကာ ခေါင်းဆောင်နှင့်အတူ စုတ်ဖြဲလိုက်သည်။ ထိုဝတ်စုံကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်သည် ပြောနေစရာမလိုတော့ပေ။ အလုပ်ခွဲဝေခြင်းက ရှင်းလင်းသွားပြီ ဖြစ်သည်။

ရွှီချင်းသည် ဝတ်စုံများကို ယူကာ အဖိုးတန်အစိတ်အပိုင်းများကို ဖော်ထားကာ ဖြန့်ရသည့်အပိုင်းကို တာဝန်ယူပြီး ခေါင်းဆောင်က ထိုဝတ်စုံများကို စုတ်ဖြဲရသည့်အပိုင်းကို တာဝန်ယူလိုက်သည်။

တဖျစ်ဖျစ်စုတ်ဖြဲသံများ ဆက်လက်လွင့်ပျံလာသည်။ ယန်ယန်မှာ ထိုအခြင်းအရာကို ကြည့်၍ တဆစ်ဆစ် နာကျင်နေရသည်။ ဝတ်စုံများသည် သူမ၏ဝတ်စုံများ မဟုတ်ပါသော်ငြား ဝိညာဉ်သခင်မယုံကျင်းသာ ထိုအကြောင်းကို သိသွားလျှင် မည်မျှဒေါသထွက်သွားမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

ထိုအချိန်၌ ယန်ယန်သည် အလုပ်ရှုပ်နေသော သူတို့နှစ်ယောက်ကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ အဲဒီသခင်မယုံကျင်းလည်း မှားတာပဲ။ ဒီဝတ်စုံတွေကို သေချာသိမ်းထားသင့်တာ။ ဒီအကြောင်းသာ သိသွားရင် သေချာပေါက် အကြီးအကျယ် ဒေါသထွက်မှာ … အမျိုးသမီးတစ်ယောက်ရဲ့ အဝတ်အစားကို စုတ်ဖြဲတယ်ဆိုတော့ နင်တို့ တော်တော်တရားလွန်တာပဲ ”

ခေါင်းဆောင်က နှာမှုတ်လိုက်သည်။

“ ဒါက ဘာမှမဟုတ်ဘူး။ ငါနဲ့ ချင်းလေးရဲ့ဆရာက ပိုဆိုးတယ်။ အဘိုးကြီး ငယ်ငယ်တုန်းက ဆရာကတော်နဲ့ စကားများနေတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ်။ ဆရာကတော်က ဒေါသထွက်ပြီး အဘိုးကြီး သဘောကျတဲ့ ရှေးစာအုပ်တွေနဲ့ ကျောက်စိမ်းပေလွှာတွေကို ဖျက်ဆီးပစ်လိုက်တယ် ”

ခေါင်းဆောင်သည် အစွယ်ကို ကိုင်လိုက်ပြီး သူ့ရှေ့ရှိ ရတနာဝတ်စုံများကို ဆက်လက် ထိုးခွဲလိုက်သည်။

“ အဲဒီနောက်မှာ ဆရာက ကတ်ကြေးတစ်လက် ထုတ်လိုက်ပြီး ဆရာကတော် သဘောကျတဲ့ အဝတ်အစားတွေကို ထုတ်လိုက်တယ်။ အဲဒီအဝတ်အစားတွေကို ဆရာကတော်ရှေ့မှာ အပိုင်းပိုင်းဖြစ်အောင် ညှပ်ပစ်လိုက်တာ ”

“ အဲဒီအချိန်တုန်းက ဆရာကတော်က ခဏလောက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတယ်။ အဲဒါလည်း ပြီးရော အကြီးအကျယ် ဒေါသထွက်သွားတော့တာပဲ။ အဲဒီကိစ္စကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အခေါ်အပြောမလုပ်တာ သုံးနှစ်ကြာသွားတယ် ”

ရွှီချင်းသည် ခေါင်းဆောင်ကို ဖျပ်ခနဲ ကြည့်လိုက်ပါသော်လည်း တစ်ခွန်းမျှ မဆိုပေ။ သူ၏စိတ်အာရုံက ‘ အဘိုးကြီး ငယ်ငယ်တုန်းက ’ ဆိုသည့်စကားပေါ် ရောက်နေသည်။

ဆရာသည် ငယ်တော့သည် မဟုတ်ပေ။

ထိုအချက်ကို ကြည့်၍ ခေါင်းဆောင်က အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပြန်လည်ဝင်စားနေခဲ့ကြောင်း သိနိုင်ပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ယန်ယန် တွေးတောနေသည်မှာ စိတ်ခံစားချက်များသာ ဖြစ်သည်။ ယောက်ျားများသည် ကိစ္စများကို ဖြေရှင်းရသည့်အခါ ပထမဦးစွာ ဆင်ခြင်တွေးတော၍ ပြုမူတတ်ပြီး အမျိုးသမီးများက ခံစားချက်များကို ရှေးရှုတတ်သည်။

ထို့ကြောင့် ယန်ယန်သည် ထိုကိစ္စထဲ နစ်မျောသွားပြီး ယခင်က ရွှီချင်း၏ ဆရာကတော်မှာ မည်မျှ ရူးသွပ်သွားခဲ့ရမည်ကို ခံစားမိလိုက်သည်။

“ သိပ်အောက်တန်းကျတာပဲ …”

ယန်ယန်မှာ ဆွံ့အသွားရပါသော်လည်း အလျင်အမြန် ပူးပေါင်းလိုက်ပြီး အဝတ်အစားများကို ကူညီသိမ်းဆည်းပေးလိုက်သည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် အဖိုးတန်အဝတ်အစား ဒါဇင်ကျော်ကို တဖြည်းဖြည်း စုတ်ဖြဲလိုက်ကြသည်။

ထိုအဝတ်အစားများ၏ ပစ္စည်းများသည် အံ့အားသင့်စရာကောင်းလှသည်။ ထိုဝတ်စုံများတွင် ခံ့ညားထည်ဝါသော အင်မော်တယ်ချီများ ကိန်းအောင်းနေပြီး သခင်မယုံကျင်းက အရပ်ရှည်သည်ဖြစ်၍ အဝတ်အစားများက အလွန် ကြီးမားလေးလံသည်။

သူတို့အနေဖြင့် အဝတ်အစားများအားလုံးကို ယူဆောင်မသွားနိုင်ဘဲ အဖိုးတန်ဆုံးနေရာများကိုသာ ညှပ်ပစ်နိုင်သည်။

သို့ဖြစ်၍ မကြာခင် ဤနေရာရှိ အဝတ်အစားအစိတ်အပိုင်းတိုင်း စုတ်ပြဲသွားသည်။ တချို့ဝတ်စုံများက လိုက်ကာများ ဖြစ်လာပြီး တခြားဝတ်စုံများက ဆင်းရဲသားအဝတ်အစားများအလား အပေါက်အပြဲများဖြင့် ပြည့်နှက်သွားသည်။

အပြင်ဘက်တွင် တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေဆဲပင်။ ထိုအသံများသည် ကျယ်လောင်သည်ထက် ကျယ်လောင်လာပြီး တောင်တစ်ခုလုံး ပြိုကျသွားတော့မည့်အလား ခံစားလာရသည်။

ထိုသည်ကို ရွှီချင်း အာရုံခံမိလိုက်သောအခါ ချက်ချင်း ပြောလိုက်သည်။

“ သွားကြစို့။ ကျနော်တို့ အခု ထွက်မသွားရင် အန္တရာယ်ထဲရောက်မှာ ”

ရွှီချင်းသည် ပြောနေရင်း ထိုနေရာအပေါ် လောဘစိတ်ကို ဖြတ်တောက်လိုက်သည်။ သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ယန်ယန်သည် အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် အလျင်အမြန် ဆုတ်ခွာလိုက်သည်။

ခေါင်းဆောင်မှာ ထွက်မသွားချင်သေးပေ။ မြေပြင်ပေါ်ရှိ ဝိညာဉ်အုတ်ခဲများကို တူးထုတ်ရန် ဖြစ်စေ၊ နောက်တစ်ဖန် ရှာတွေရန် ဖြစ်စေ သူ ပြင်ဆင်လိုက်သည်။

သို့သော်လည်း ရွှီချင်းနှင့် ယန်ယန်တို့ ထွက်သွားတော့မည်ကို သူ မြင်သောအခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်ရပ်ကို ရုတ်တရက် ပြန်တွေးမိလိုက်သည်။ ထိုအချိန်က ဤကဲ့သို့ သူ ဓားစာခံတစ်ယောက် ဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အံတင်းတင်းကြိတ်ကာ ရွှီချင်း၊ ယန်ယန်တို့နှင့်အတူ ဂူထဲမှ ထွက်သွားသည်။

“ ရှေ့ဆက်တိုးချင်တဲ့စိတ်ကို ဖျောက်၊ ရှေ့ဆက်တိုးချင်တဲ့စိတ်ကို ဖျောက်။ လောဘကြီးတဲ့ ငါ့အကျင့်ကို ပြင်မှ ဖြစ်မယ်။ ဒီတစ်ခေါက် ငါ လောဘကြီးလို့ မရဘူး ”

ခေါင်းဆောင်သည် သူ့ကိုယ်သူ သတိပေးရင်း လျှောက်သွားသည်။

မကြာခင် သူတို့သုံးယောက်သည် ဝင်ပေါက်ရှိ ကျဉ်းထဲမှတစ်ဆင့် ဂူအပြင်ဘက်သို့ အပြေးအလွှား ထွက်လာသည်။ ကိုယ်ယောက်ဖျောက်ပစ္စည်းများကို သူတို့ အသက်သွင်းလိုက်ကြပြီး တောင်အောက်သို့ ပြေးဆင်းသွားသည်။

သူတို့သုံးယောက် ထွက်သွားပြီး မရှေးမနှောင်းမှာပင် အနီရောင်လူရိပ်တစ်ရိပ် ဂူကြီးဆီသို့ ချဉ်းကပ်လာသည်။

ထိုလူရိပ်သည် နီမြန်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင်မျက်နှာဖုံးတပ်ထားသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ ထိုမိန်းမပျိုသည် ပခုံးပေါ်တွင် ရှည်လျားသော အနက်ရောင် မိစ္ဆာတစ္ဆေတံစဉ်ကြီးကို ကိုင်ထားပြီး ခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုအမျိုးသမီးသည် သွက်လက်ပြီး ကြော့ရှင်းသည်။ တဖြည်းဖြည်း ချဉ်းကပ်သွားပြီးနောက် ထိုအမျိုးသမီးသည် ဘေးပတ်လည်ကို ကြည့်ကာ မခိုးမခန့် ရယ်မောလိုက်သည်။

“ ဂိုဏ်းထဲက အကြီးအကဲတွေက ဝိညာဉ်သုံးဖော်က ဝိညာဉ်သခင်မယုံကျင်းက ရတနာတွေ သိမ်းထားရတာကို ကြိုက်တယ်လို့ အမြဲ ပြောတယ်။ ဒီတစ်ခေါက် ဒီအခွင့်အရေးကို အသုံးချပြီး ဘာရတနာတွေရှိလဲ ကြည့ရမယ် ”

ထိုမိန်းမပျိုသည် စကားပြောရင်း ဂူထဲသို့ ဝင်ရောက်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။

ပထမဆုံး သူမ မြင်လိုက်ရသည်မှာ ပြောင်ရှင်းနေသော မြေပြင် ဖြစ်သည်။

“ အပြင်ဘက်မှာ တိုက်ပွဲကြီးဖြစ်နေပြီး တောင်တစ်ခုလုံး ပြိုကျနေတာတောင် ဒီနေရာက သန့်ရှင်းပြီး သပ်ရပ်နေတာပဲ ”

မိန်းမပျိုက ခပ်တိုးတိုး ပြောလိုက်သည်။ သို့သော်လည်း မိန်းမပျိုသည် ဘေးပတ်လည်ရှိ နံရံများကို ကြည့်၍ ဆွံ့အသွားသည်။

နံရံများပေါ်ရှိ နေရာအများစုတွင် ချိုင့်ခွက်များစွာ ရှိနေသည်။ ကြည့်ရသည်မှာ ထိုချိုင့်ခွက်များထဲတွင် ပုလဲများကို မြှုပ်နှံထားခဲ့ဟန်တူသည်။

မိန်းမပျိုသည် ချီတုံချတုံဖြစ်သွားပြီး ဂူအတွင်းပိုင်းသို့ အလျင်အမြန် ဝင်ရောက်သွားသည်။ အခန်းများစွာကို စစ်ဆေးကြည့်ပြီးနောက် ထိုမိန်းမပျို၏မျက်နှာ အရုပ်ဆိုးသွားသည်။

စားပွဲနှင့် ခုတင်များကဲ့သို့ ပရိဘောဂပစ္စည်းများသည်ပင် မရှိတော့သည်ကို နားလည်လိုက်သည်။

ကြမ်းပြင်ရှိ စုတ်ပြဲနေသော အဝတ်အစားများကို နောက်ဆုံး မြင်တွေ့လိုက်ရပြီး ပင့်သက်ရှိုက်သွားသည်။

“ တစ်ယောက်ယောက်က ငါ့ထက် ခြေတစ်လှမ်းဦးသွားပြီ။ အဲဒီလူက ယုန်လား။ ဒါမှမဟုတ် ဝိညာဉ်သခင်မယုံကျင်းကို မုန်းတီးနေတဲ့လူလား။ ရတနာတွေကို လုယူဖို့ သူ့အဝတ်အစားတွေကိုတောင် ဖျက်ဆီးပစ်တယ် ”

မိန်းမပျိုသည် ရုတ်တရက် ချာခနဲ လှည့်ကာ သတိကြီးကြီးထား၍ အလျင်အမြန် ထွက်သွားသည်။

တချိန်တည်းမှာပင် တတိယမြောက်တောင်ခြေ၌ ရွှီချင်းတို့သုံးယောက်သည် ဤနေရာမှ ထွက်ခွာရန် စီစဉ်လိုက်ပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ကာ တရိပ်ရိပ် သွားနေသည်။

ယခုအခါ သူသည် တနင့်တပိုး ရလာခဲ့ပြီဖြစ်၍ ဤနေရာတွင် ကြာကြာမနေချင်တော့ပေ။ အထူးသဖြင့် သူ၏သိုလှောင်အိတ်ထဲရှိ ရတနာများအကြောင်းကို တွေးမိသောအခါ တတ်နိုင်သမျှ မြန်မြန် သူ အပြင်ထွက်ချင်နေသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာကဲ့သို့ မတော်တဆဖြစ်ရပ်မျိုး ဖြစ်လာမည်ကို သူ မလိုချင်ပေ။

သို့သော်လည်း ခေါင်းဆောင်၏ မျက်နှာက ရှုံ့မဲ့နေသည်။ ယခုတစ်ခေါက် သူ အားရကျေနပ်ခြင်း မရှိသးသလို ခံစားနေရသည်။

“ ချင်းလေး၊ ဒီတစ်ခေါက်က စိတ်လှုပ်ရှားဖို့လည်း မကောင်းဘူး ”

ခေါင်းဆောင်က ခပ်တိုးတိုး ပြောလိုက်သည်။

ထိုစကားကို ရွှီချင်းမှာ ရင်းနှီးနေသလို ခံစားလိုက်ရပြီး ချက်ချင်း သတိကပ်သွားသည်။ သူသည် ယန်ယန်ကို ဆွဲခေါ်ကာ အရှိန်တင်လိုက်သည်။

ခေါင်းဆောင်သည် နောက်မှ သက်ပြင်းများ ထပ်ခါထပ်ခါ ချလိုက်သည်။ သူသည် ဒုတိယတောင်ကြီးကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။

“ ငါတို့ ဘာလို့ ဒုတိယတောင်ကို သွားပြီး မကြည့်တာတုံး ”

ရွှီချင်းက ပြောရန်ပြင်လိုက်စဉ် ကောင်းကင်ယံမှ ဘုန်းခနဲ မြည်ဟည်းသံ ရုတ်တရက် လွင့်ပျံလာသည်။ စူးစူးဝါးဝါးအော်ဟစ်သံကြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

ထိုအသံက ကျယ်လောင်လွန်းလှသည်ဖြစ်ပြီး သူတို့သုံးယောက်မှာ ထိုအသံနှင့် အနီးတွင် ရှိမနေသည့်တိုင်အောင် အသံလှိုင်းဒဏ်ကို ခံလိုက်ရသည်။ သူတို့သုံးယောက်လုံး တုန်ရီသွားပြီး သွေးတစ်ပွက် အန်သွားသည်။ ယန်ယန်၏ ကိုယ်ပေါ်မှ ကျောက်စိမ်းပေလွှာ ဆယ်ခုကျော် ပျက်စီးသွားပြီး ယန်ယန်သည်လည်း သွေးအန်သွားသည်။

ခေါင်းဆောင်သည်လည်း တုန်ရီသွားပြီး သွေးအန်သွားသည်။ သူတို့သုံးယောက်လုံး ကောင်းကင်ကို အထိတ်တလန့်ဖြင့် မော့ကြည့်လိုက်သည်။

ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာသုံးခုသည် ဓားကိုင်သုံးယောက်နှင့် တိုက်ခိုက်နေသည်။ သူမကိုယ်ပွားတစ်ယောက်၏ နှလုံးသားကို ဓားကိုင်တစ်ယောက်က ဓားဖြင့် ထိုးစိုက်လိုက်ပြီး ခန္ဓာအောက်ပိုင်းမှာ လက်သီးတစ်ချက်ဖြင့် ပျက်စီးသွားပြီ ဖြစ်သည်။ ဧရာမတံဆိပ်တော်ကြီးလည်း ပေါ်လာပြီး ကောင်းကင်တစ်ခွင် ကြောက်ခမန်းလိလိ စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ ထိုတံဆိပ်တော်ကြီးတွင် အဆုံးအစမဲ့တာအိုကမ္ပည်းစာများဖြင့် ပြည့်နှက်နေပြီး အောက်သို့ ဖိချလိုက်သည်။

ရုတ်တရက် ထိုဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားအောက်ပိုင်းနှင့် ဝမ်းဗိုက်မှာ ပေါက်ကွဲသွားသည်။ ကိုယ်ပွားက စူးစူးဝါးဝါး အော်ဟစ်လိုက်စဉ် တာအိုကမ္ပည်းစာများ ပါဝင်သော ဧရာမတံဆိပ်တော်ကြီးက ထိုကိုယ်ပွားကိုလည်း ရိုက်ခတ်လိုက်သည်။

ထိုတံဆိပ်တော်ကြီးသည် သခင်မယုံကျင်းအတွက် ပြင်ဆင်ထားခဲ့မှန်း သိသာသည်။ ထိုတိုက်ခိုက်မှုက သေစေနိုင်လောက်သည် မဟုတ်ပါသော်လည်း ကိုယ်ပွားနှင့် ခန္ဓာအစစ်အကြား ဆက်နွယ်မှုကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေသည်။

ထို့နောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသော ကိုယ်ပွားကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး တတိယမြောက်နှင့် ဒုတိယမြောက်တောင်အကြား မြေပြင်သို့ ဘုန်းခနဲ ကျသွားသည်။ မြေပြင်မှာ တုန်ခါသွားပြီး ကိုယ်ပွားမှာ အသိစိတ်ကို ဆုံးရှုံးလိုက်ရပြီး လှုပ်ရှားရာမှ ရပ်တန့်သွားသည်။

သို့သော်လည်း ကိုယ်ပွား၏ ဒဏ်ရာမှ ထွက်ပေါ်လာသည်မှာ အသွေးအသားများ မဟုတ်ဘဲ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသော အလင်းရောင်များနှင့် အလွန် သိပ်သည်းထူထပ်သော အင်မော်တယ်ချီများ ဖြစ်သည်။ ထိုအင်မော်တယ်ချီများကို တစ်ကြိမ်မျှ ရှူရှိုက်မိရုံဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။

မြေနဂါးကြီး လူးလွန့်လိုက်သည့်အလား မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံလာသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားစဉ် ရွှီချင်းတို့သုံးယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ယန်ယန်မှာ သွေးပျက်ချောက်ချားသွားပါသော်လည်း ခေါင်းဆောင်၏မျက်လုံးများထဲတွင်မူ ရူးသွပ်ခြင်းများ ချက်ချင်း ပေါ်ထွက်လာသည်။

All Chapters