← Chapters

နှာသီးဝသို့ ရိုက်ခတ်လာသော ဆိုးဝါးသောအနံ့များ

Vol. 29 Ch. 438

နှာသီးဝသို့ ရိုက်ခတ်လာသော ဆိုးဝါးသောအနံ့များ

Vol. 29 Ch. 438

ခေါင်းဆောင်အရူးအမူး ဖြစ်သွားရသည်မှာ ဝိညာဉ်သခင်မယုံကျင်း၏ ဒဏ်ရာမှ လာနေသော သိပ်သည်းထူထပ်သည့် အရှိန်အဝါနှင့် တစ်ကိုယ်လုံး ပြည့်နှက်နေသော အင်မော်တယ်ချီများကြောင့် ဖြစ်သည်။

ထိုခန္ဓာကိုယ်သည် အသွေးအသားများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ဝိညာဉ်အပင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဝိညာဉ်အပင်အမျိုးအစားကို သူ မသိပါသော်လည်း ထိုဝိညာဉ်ပင်ကို ယခုလို ကြီးမားသော အရွယ်အစားထိ ရောက်ရန် ဝိညာဉ်သခင်မယုံကျင်းက စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်မှာ သိသာသည်။

ဤခန္ဓာကိုယ်သည် သဘာဝရတနာတစ်ပါး ဖြစ်သည်။

သို့သော်လည်း ကြောက်စရာကောင်းသည့် အန္တရာယ် ရှိသည်။

ဝိညာဉ်အပင်ပတ်လည်ရှိ လေထုမှာ တွန့်လိမ်ရှုံ့တွနေပြီး ကြောက်ခမန်းလိလိစွမ်းအင်အငွေ့အသက်များ ဖြာထွက်နေသည်။ ပြင်းထန်သောဖိအားများ သက်ရောက်နေပြီး ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါနှင့် ပူးပေါင်းလိုက်သောအခါ တုန်လှုပ်ချောက်ချားစရာလှိုင်းကြီးတစ်ခု ဖြစ်သွားသည်။

ထိုမမြင်နိုင်သော ဖိအားအောက်တွင် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် အပင်များ ချက်ချင်း ပြာဖြစ်သွားသည်။ မြေပြင်သည်ပင် တိုက်စားခံလိုက်ရသည်။

ထိုကိုယ်ပွားအနား တိုးကပ်သွားပါက မည်မျှအန္တရာယ်များသည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

သို့သော်လည်း ထိုအခြင်းအရာအားလုံးသည် ခေါင်းဆောင်၏ မျက်လုံးများထဲရှိ စိတ်အားထက်သန်ခြင်းနှင့် ရူးသွပ်ခြင်းများကို မရပ်တန့်နိုင်ပေ။

“ အဖိုးတန်ပစ္စည်းလေး၊ အဖိုးတန်ပစ္စည်းလေး၊ ဒါ အသွေးအသားနဲ့ ခန္ဓာမဟုတ်ဘူး။ ဝိညာဉ်အပင်ခန္ဓာပဲ။ ကောင်းကင်ရတနာတစ်ပါးပဲ။ ဝိညာဉ်သခင်မ ယုံကျင်းက ဒီလိုလူသားပုံစံ ဝိညာဉ်အပင်ကို ဘယ်နေရာက ရလာတာလဲ ”

ခေါင်းဆောင်မှာ အလွန် စိတ်လှုပ်ရှားလာသည်။ ယန်ယန်မှာမူ ခေါင်းဆောင်ကို တစ္ဆေသရဲတစ်ကောင်အလား ကြည့်လိုက်သည်။

ဤလူသည် သာမန်အရူးတစ်ယောက် မဟုတ်ဘဲ အသက်နှင့် ရင်း၍ ဆော့ကစားရသည်ကို ခုံမင်နေသော အရူးတစ်ယောက်သာ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားသည် အဖိုးတန်ပါသော်လည်း ယန်ယန်သည် အဝေးမှာရှိနေသည့်တိုင်အောင် ရင်ထဲ ယောက်ယက်ခတ်နေသည်။ အနီးသို့ ကပ်သွားရန်ပင် မဆိုထားဘိ သူမ၏အသွေးအသားနေရာတိုင်းမှ ချက်ချင်း ထွက်သွားရန် စူးစူးဝါးဝါး အော်ဟစ်နေကြဟန်တူသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးနေသော ကိုယ်ပွားပတ်လည်ရှိ လှိုင်းအရိပ်များက ယန်ယန်၏စိတ်ကို တုန်ခါသွားစေသည်။

ယန်ယန်က စကားပြောမည်ပြုစဉ် ရွှီချင်း၏အမူအရာကို သတိထားမိလိုက်သည်။ ရွှီချင်း၏မျက်လုံးများထဲတွင် ခေါင်းဆောင်နှင့်တူသော အလင်းများ ရှိနေသည်ကို မြင်လိုက်ရသည်။

ယန်ယန် ငြိမ်သက်သွားသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ညီမတို့ ကိုက်ကြည့်ကြမလား ”

ရွှီချင်း လှုပ်ရှားသွားသည်။

ရွှီချင်း၏ ရူးသွပ်ခြင်းသည် ခေါင်းဆောင်နှင့် မတူညီပေ။

တိတိကျကျဆိုရလျှင် ရွှီချင်းသည် အန္တရာယ်အဆင့်အား တွက်ချက်ရသည်ကို ပိုအလေးပေးသည်။ ခေါင်းဆောင်မှာလည်း ထိုအချက်ရှိသည့်တိုင်အောင် မကြာခဏ လျစ်လျူရှုတတ်သည်။

ခေါင်းဆောင်အတွက် ရတနာက အဖိုးတန်နေသမျှ အသက်က အရေးမကြီးပေ။

ယခင်က ကျူးယင်အသားကိုပင် သူ ရဲတင်းစွာ လုယူခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်ကျော် ပျက်စီးသွားခဲ့သည်။

သူ လုံလောက်အောင် စိတ်မလှုပ်ရှားသေးသည့်အတွက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်ထုကိုပင် ကိုက်ခဲ့သည်။

ကြယ်ငါးမျိုးနွယ်တွင် ခေါင်းသာ ကျန်တော့သည့်တိုင်အောင် ပိုင်လီ၏ ခန္ဓာကိုယ်အား ကိုက်ရန် ရွှီချင်းကို ပြောခဲ့သေးသည်။

ထိုအချိန်၌ ခေါင်းဆောင်၏မျက်လုံးများထဲ တခြားအရာများ မရှိပေ။ အန္တရာယ်နှင့် ဖိအားများသည် အရေးမပါပေ။ အရေးကြီးသည်မှာ လတ်တလော သူ့ရှေ့တွင် ရှိနေသည့် ရတနာသာ ဖြစ်သည်။

သို့သော်လည်း ရွှီချင်းမှာ မတူညီပေ။

ဝိညာဉ်သခင်မယုံကျင်း၏ကိုယ်ပွားက ထူးခြားသည်ကို သူ သိသည်။ ယင်းသည် အသွေးအသားဖြင့် ခန္ဓာမဟုတ်ဘဲ ဝိညာဉ်အပင်တစ်ပင်မှ ပြောင်းလဲလာခြင်း ဖြစ်ကြောင်းကို သူလည်း အာရုံမိသည်။

ထိုကဲ့သို့ ကောင်းကင်ရတနာမျိုးက သူ၏ကျင့်ကြံခြင်းအတွက် အလွန် အထောက်အကူ ဖြစ်ရာ သူ စိတ်ဝင်စားသွားသည်။

ယခု ဝိညာဉ်သခင်မယုံကျင်းကို ဓားကိုင်သုံးဦးက ဝိုင်းတိုက်နေပြီး ယင်းသည် အခွင့်အရေး ဖြစ်သည်။

ထို့ကြောင့် သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ပြည့်နှက်နေရခြင်းဖြစ်ပြီး သူ ကြိုးစားကြည့်ချင်သည်။

သူ စဉ်းစားသည့်တစ်ခုတည်းသောအရာမှာ ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားဖြစ်သော ထိုခန္ဓာသာ ဖြစ်သည်။ ထိုကိုယ်ပွားမှ ဖိအားသည် သူ့ကို ရင်ခုန်သွားစေသည်။ သူ့ကိုယ်ထဲရှိ အရာအားလုံး ဖိနှိပ်ခံလိုက်ရပြီး အလိုလို နောက်ဆုတ်ချင်လာသလို သူ ခံစားလိုက်ရသည်။

ထိုကိုယ်ပွားအနီးသို့ အတော်လေး ခက်ခက်ခဲခဲ သွားရမည်ဖြစ်ကြောင်း သူ ကောင်းစွာ တွက်ဆမိလိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို သူ ကြည့်လိုက်သည်။

ခေါင်းဆောင်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်၏အကြည့်ကို တစ်ယောက်က နားလည်လိုက်ကြသည်။

“ ဖိအားဒဏ်ခံနိုင်တဲ့ ဓမ္မအသုံးအဆောင် ”

ရွှီချင်းက အလျင်အမြန် ပြောလိုက်သည်။

“ ငါ့မှာ ရှိတယ် ”

ခေါင်းဆောင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူသည် ဖိအားဒဏ်ခံနိုင်သော ဓမ္မအသုံးအဆောင် အမြောက်အမြားကို အလျင်အမြန် ထုတ်လိုက်သည်။ စုစုပေါင်း ဓမ္မအသုံးအဆောင်နှစ်ဆယ်နှင့်အထက် ရှိသည်။

ခေါင်းဆောင်က ထိုဓမ္မအသုံးအဆောင်များ ပြင်ဆင်လာသည့်အတွက် ရွှီချင်း အနည်းငယ် အံ့အားသင့်သွားရသည်။

“ ယင်ဟွမ်ပြည်နယ်ကို မလာခင်က ဒါတွေ ငါ ပြင်ထားတာ။ အစက မီးဖီးနစ်ငှက်ကြီးဆီက တစ်ခုခု ရအောင်ယူဖို့ သူ့အသိုက်ကို သွားမလို့။ ဒီက ဖိအားက အတော်လေး ကြီးတယ်လို့ ငါ ထင်တယ်။ ငါတို့က ယင်ဟွမ်ပြည်နယ်ကို ရောက်လာတော့ လောလောဆယ် မီးဖီးနစ်ငှက်ကြီးကို အလွတ်ပေးထားရတော့မှာပေါ့ ”

“ ဒါတွေကို ဒီမှာ သုံးလိုက်ရရင်လဲ နစ်နာစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ရွှီချင်း၊ မင်းကို ငွေပြန်ပေးရမှာနော်။ ငါ့မှာ ဘယ်လောက်မှ မရှိတော့ဘူး ”

ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်ပြီး ထိုဓမ္မအသုံးအဆောင်များကို ရွှီချင်းအား ခွဲပေးလိုက်သည်။

ဤကိစ္စသည် အန္တရာယ်များလွန်းပြီး ယန်ယန်၏ ကျင့်ကြံခြင်းအဆင့်ကို ထောက်ပံ့ပေးရန် ခက်ခဲသည်။ ထို့ကြောင့် ခေါင်းဆောင်နှင့် ဆွေးနွေးပြီးနောက် ရွှီချင်းက ယန်ယန်ကို ဝင်မပါခိုင်းတော့ပေ။

ခဏအကြာ သူတို့နှစ်ယောက် အဆင်သင့်ပြင်ပြီးနောက် အံတင်းတင်းကြိတ်လိုက်ပြီးနောက် ယန်ယန် တုန်လှုပ်နေစဉ်မှာပင် ကိုယ်ပွားဆီသို့ တန်းတန်းမတ်မတ် ပြေးးသွားသည်။

သူတို့သည် ပေရာဂဏန်းခန့်ကို ချက်ချင်း ပျံသန်းသွားသည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ ကိုယ်ပွားမှ လာနေသော ဖိအားသည်လည်း အလွန် ပြင်းထန်လာသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်ကြီး အေးခဲသွားဟန်တူသည်။ ကိုယ်ပွားမှ အရှိန်အဝါနှင့် မမြင်ရသော ဖိအားများက နှင်းများပြိုကျနေသည့်အလား အရပ်မျက်နှာအနှံ့ သက်ရောက်နေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ဖိအားကို ပြင်းပြင်းထန်ထန် ခံလိုက်ရသည်။ သူတို့ မျက်နှာများ ဖြူဖျော့သွားပြီး ပါးစပ်များမှ သွေးများ စီးကျလာသည်။ ဖိအားဒဏ်ခံနိုင်ရန် သူတို့ ယူဆောင်သွားကြသော ဓမ္မအသုံးအဆောင်များအားလုံးကိုလည်း အသက်သွင်းလိုက်သည်။

သို့တိုင်အောင် ဖိအားဒဏ်က ကြီးမားနေဆဲပင်။

အမှန်စင်စစ် ကိုယ်ပွားပတ်လည်ရှိ လေဟာနယ်ကြီးက တစတစ ပုံပျက်လာနေသည်ကို မြင်နိုင်သည်။ ယင်းအပြင် မမြင်နိုင်သော လေဟာနယ်ပုံပျက်ခြင်းများကြောင့် အနက်ရောင်အလင်းများ ပေါ်လာသည်။

ယင်းသည် မြင်သူတိုင်းကို အလိုလို ကြောက်လန့်သွားစေသည့် မြင်ကွင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့မှာ လက်လျော့မည့်အတွေးများ စိုးစဉ်းမျှ မရှိပေ။ သူတို့နှစ်ယောက်သည် မြေပြင်ပေါ် လှဲကာ ရှေ့သို့ အလျင်အမြန် တွားသွားလိုက်သည်။

သူတို့သာ မတ်တတ်ရပ်နေလျှင် သူတို့ ပတ်လည်တွင် ပေါ်ပေါက်နေသော လျှပ်စီးများ၏ ရိုက်ခတ်ခြင်း ခံရရန် လွယ်ကူသည် မဟုတ်ပါလား။ မြေပြင်ပေါ်တွင် ဝပ်ကာ တွားသွားခြင်းသည်သာ ပို၍ လွယ်ကူသော နည်းလမ်း ဖြစ်သည်။

ထိုကိစ္စသည် ထုတ်ပြောနေရန် မလိုအပ်ပေ။ သူတို့နှစ်ယောက်က အလိုလိုသိစိတ်ဖြင့် ပြုမူလိုက်ကြခြင်းသာ ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ ကောင်းကင်ယံတွင် တိုက်ပွဲကြီး ဆက်လက်ဖြစ်ပွားနေပြီး တဂျိမ်းဂျိမ်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ကိုယ်ပွားအနီးသို့ အဆက်မပြတ် တိုးကပ်သွားသည်။

ဖိအားက သူတို့အပေါ် ကျရောက်နေပြီး ကိုယ်ပွား၏ အရှိန်အဝါက ချောက်ချားစရာလှိုင်းများ ဖြစ်စေကာ လျှပ်စီးများ ပေါက်ကွဲနေပါသော်ငြား သူတို့ကို မည်သည့်အရာမျှ ရပ်တန့်အောင် မလုပ်နိုင်ပေ။

သူတို့ နီးကပ်လာသည်နှင့်အမျှ ဓမ္မအသုံးအဆောင်များက ဖိအားများကို နောက်ထပ်တောင့်မခံနိုင်တော့ဘဲ တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်။

ခေါင်းဆောင်က မည်မျှပင် ပြင်ဆင်လာပါစေ မလုံလောက်သေးပေ။ အထူးသဖြင့် ပေတစ်ထောင်ပတ်ခြာလည်သို့ သူတို့ ရောက်သွားသောအခါတွင် ဖြစ်သည်။ ကိုယ်ပွားမှလာနေသော ဖိအားက အလွန်ပြင်းထန်ပြီး တွန်းကန်အားပင် ဖြစ်နေသည်။

မရေမတွက်နိုင်သော လက်များက သူတို့ကို အစွမ်းကုန် တွန်းထုတ်နေသည့်အလားပင်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ တုန်ရီသွားသည်။ ထို့ကြောင့် ဝိညာဉ်သခင်မယုံကျင်း၏ ဂူထဲမှ ထုတ်လာခဲ့သည့် အဝတ်အပိုင်းအစများကို သူတို့ ထုတ်လိုက်ကြသည်။

ထိုအဝတ်စများ ပေါ်ပေါက်လာခြင်းကြောင့် သူတို့အပေါ် သက်ရောက်နေသော ဖိအားများ အတန်ငယ် လျော့ပါးသွားသည်။ သို့သော်လည်း ခုခံအားက ရှိနေဆဲဖြစ်ပြီး လွင့်ပျယ်မသွားသေးပေ။

ယင်းအပြင် သူတို့ နီးကပ်လာသည်နှင့် ခုခံအားနှင့် တွန်းကန်အားက ပိုပြင်းထန်လာသည်။ သို့သော်လည်း သူတို့သည် အံတင်းတင်းကြိတ်ကာ တဖြည်းဖြည်း တွားသွားလိုက်သည်။

ခဏအကြာ ရွှီချင်း၏ မျက်လုံးများ ရုတ်တရက် မှေးသွားပြီး တခြားအရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်သည်။

တချိန်တည်းမှာပင် ခေါင်းဆောင်သည်လည်း အာရုံခံမိလိုက်ပြီး ကြည့်လိုက်သည်။

ထို့နောက် ခေါင်းဆောင်၏ မျက်လုံးများက အစာကို ကာကွယ်နေသည့် ခွေးရိုင်းတစ်ကောင်ပုံစံမျိုးဖြင့် စူးရှတောက်ပသွားသည်။ ရွှီချင်းသည် ချက်ချင်း သတိထားသွားသည်။

သူတို့ ကြည့်လိုက်သည့်နေရာ၌ ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားဆီသို့ တဖြည်းဖြည်း တွားသွားနေသော လူရိပ်တစ်ရိပ် ရှိနေသည်။

ထိုလူရိပ်သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို ကျစ်ဆံမြီး ကျစ်ထားသည်။ မျက်နှာတွင် အဖြူရောင်မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး ထိုလူရိပ်ကို ကြည့်ရုံဖြင့် အမျိုးသမီးတစ်ဦး ဖြစ်မှန်း သိသာသည်။

သို့သော်လည်း ထိုမိန်းမပျို၏ လက်နက်က ထူးဆန်းသည်။ ဧရာမမိစ္ဆာတစ္ဆေတံစဉ်ကြီး ဖြစ်သည်။

ထိုတံစဉ်ကြီး၏ ခေါင်းက ပါးစပ်တွင် တံစဉ်သွားများဖြင့် ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင် ဖြစ်သည်။ တံစဉ်လက်ကိုင်မှာမူ နက်မှောင်သော အရိုးတစ်ချောင်း ဖြစ်သည်။

ထိုထူးဆန်းသော လက်နက်သည် ကြောက်ခမန်းလိလိ စွမ်းအင်များ ထုတ်လွှတ်နေသည်။ ထိုလက်နက်သည် အလင်းများ ထုတ်လွှတ်နေပြီး မိန်းမပျို၏ တစ်ကိုယ်လုံးကို လွှမ်းခြုံကာ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိစေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ ထိုမိန်းမပျိုကိုမြင်သွားသောအခါ ထိုမိန်းမပျိုသည်လည်း သူတို့နှစ်ယောက်ကို တွေ့သွားသည်။

နှစ်ဖက်က ပေတစ်ထောင်သာ ကွာဝေးတော့သည်။ သူတို့သည် မြေပြင်ပေါ်ဝပ်၍ တစ်ဖက်ကိုတစ်ဖက် အကဲခတ်လိုက်ကြသည်။

“ ထူးဆန်းလိုက်တာ၊ ငါ့ပစ္စည်းတွေကို လုယူဝံ့တဲ့သူ ရှိနေပါလားဟ ”

ခေါင်းဆောင်၏အကြည့်က ရန်လိုသည့်အကြည့် ဖြစ်သွားသည်။ ရွှီချင်းသည် နှုတ်ဆိတ်နေပြီး အေးတိအေးစက် လှမ်းကြည့်လိုက်သည်။ မနီးမဝေးရှိ ဝတ်စုံနီမိန်းကလေးသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို လှမ်းကြည့်လိုက်ပြီး မျက်နှာဖုံးအောက်ရှိ လှပသော မျက်ခုံးမွေးများ အနည်းငယ် တွန့်ကွေးသွားသည်။ အထူးသဖြင့် ရွှီချင်းတို့ကိုယ်ပေါ်ရှိ အဝတ်အပိုင်းအစများပင်။ သူတို့သည် သူမထက် ခြေတစ်လှမ်းဦးကာ ဂူထဲမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားသူများဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် သူမ၏အကြည့် အေးစက်သွားသည်။

သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြပြီးနောက် အကြည့်များလွှဲကာ ရှေ့ဆက်သွားလိုက်သည်။ သို့သော်လည်း သူတို့က အရှိန်တင်လိုက်ကြသည်။

ခေါင်းဆောင်သည် ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် အလျင်အမြန် ရှေ့တိုးသွားသည်။ ရွှီချင်းသည်လည်း အတူတူပင်။ မိန်းမပျိုသည်လည်း သူတို့နည်းတူ မြန်ဆန်သွားသည်။

သို့သော် ပေတစ်ထောင်အတွင်း သူတို့ ရောက်သွားသည်နှင့်အမျှ ဤနေရာတွင် လျှပ်စီးများ ပို၍ ပစ်ခတ်နေသည်။ လေဟာနယ်ကြီး တွန့်လိမ်ရှုံ့တွနေပြီး ဖိအားများသည်လည်း ပို၍ သက်ရောက်နေသည်။ သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ ဓမ္မအသုံးအဆောင်များနှင့် အဝတ်အစားအပိုင်းအစများအောက်တွင် ထိုအရာများသည် သူတို့၏ မြန်နှုန်းကို လျော့ကျသွားစေသော အရာများ မဟုတ်ပေ။

အဓိကအချက်မှာ ဤနေရာတွင် သက်ရောက်နေသော ဧရာမခုခံအားနှင့် တွန်းကန်အားအသွင် ပြောင်းလဲသွားသော ကိုယ်ပွား၏ အရှိန်အဝါ ဖြစ်သည်။

ထိုတွန်းကန်အားသည် အလွန် ပြင်းထန်သည်။ သူတို့အနည်းငယ် စိတ်အေးလက်အေး နေလိုက်မိသည်နှင့် သူတို့ခန္ဓာကိုယ်များ အဝေးသို့ တွန်းလွှတ်ခံလိုက်ရမည် ဖြစ်သည်။

ထိုတွန်းကန်အားနှင့် ခုခံအားတို့သည် သူတို့ရှေ့တွင် တိုက်ခတ်နေသည့် မုန်တိုင်းကြီးတစ်ခုအလား ဖြစ်နေပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ အဝတ်အစားများ တဖျပ်ဖျပ်လွင့်နေသည်။ သူတို့ဆံပင်ရှည်များသည်လည်း လွင့်နေပြီး မျက်လုံးများကို ကောင်းကောင်း မဖွင့်နိုင်ကြတော့ပေ။

သူတို့မှာ မတတ်သာဘဲ အရှိန်လျော့လိုက်ရသည်။

မနီးမဝေးရှိ မိန်းမပျို၏ လက်နက်မှာမူ အလွန် ထူးဆန်းသည်။ လက်နက်၏ အကာအကွယ်အောက်တွင် ဝတ်စုံနီမိန်းမပျိုသည် အရှိန်လျော့မသွားပေ။ ထိုအချိန်၌ မိန်းမပျိုသည် ကိုယ်ပွား၏ ခေါင်းကို ထိနိုင်ရန် ပေလေးရာသာ လိုတော့သည်။

ခေါင်းဆောင်မှာ စိုးရိမ်ပူပန်သွားသည်။ သူသည် လျှာကို ကိုက်လိုက်ပြီး သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ သူ၏သူငယ်အိမ်များထဲတွင် အိပ်မောကျနေသော မျက်နှာကြီးတစ်ခု ချက်ချင်း ပေါ်လာသည်။ ထိုမျက်နှာသည် သူ၏ရုပ်ရည်နှင့် ချွတ်စွပ်တူပါသော်လည်း မိစ္ဆာအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်၌ ခေါင်းဆောင်၏ အရှိန်အဝါသည်လည်း ပြောင်းလဲသွားသည်။ သူ့အရှိန်အဝါက အေးစက်သည်ထက် အေးစက်လာပြီး သူ၏အရှိန် မြင့်တက်သွားသည်။ သူသည် ရွှီချင်းကို ချက်ချင်း ကျော်တက်သွားပြီး ကိုယ်ပွားနှင့် ပေသုံးရာသာ ကွာဝေးတော့သည်။

ရွှီချင်းမှာမူ ပေငါးရာ ကွာနေသေးသည်။

သူ၏မျက်လုံးများ မှေးသွားပြီး အရိပ်လေးထံသို့ အတွေးတစ်စ ပို့လွှတ်လိုက်သည်။ အရိပ်လေးက ချက်ချင်း ဖုံးကွယ်လိုက်ပြီး ရွှီချင်းရှေ့သို့ အလျင်အမြန် ပြန့်ကားသွားသည်။

အရိပ်လေးအတွက် ဤနေရာတွင် ဖိအားများစွ ရှိနေပုံမရပေ။ ကြောက်ခမန်းလိလိဖိအားများဖြင့် ပြည့်နှက်နေသော ရေသူမဘုရားကျောင်း၏ နံရံဆေးရေးပန်းချီ လောကကြီးထဲမှာပင် အရိပ်လေးက ရွှီချင်းအတွက် သက်စောင့်မီးအိမ်ကို ယူဆောင်ပေးနိုင်ခဲ့သည် မဟုတ်ပါလား။

ထိုနေရာနှင့် ယှဉ်ပါက ကိုယ်ပွား၏ ဖိအားများသည် အတိုင်းအတာတစ်ခုအထိ နည်းနေပေသည်။

မကြာခင် အရိပ်လေးသည် ပေငါးရာကို ကျော်ဖြတ်သွားပြီး ဝိညာဉ်သခင်မယုံကျင်း၏ ဧရာမကိုယ်ပွားကြီးကို ထိတွေ့သွားသည်။ အရိပ်လေးသည် ကိုယ်ပွား၏ နားရွက်များကို ရစ်ပတ်လိုက်ပြီးနောက် ရွှီချင်းကို ချက်ချင်း ချည်နှောင်လိုက်သည်။

ထို့နောက် ရွှီချင်း၏ အမြန်နှုန်းဖြင့် ပေါင်းစပ်လိုက်သောအခါ မည်မျှပင် ခုခံအားကြီးမားသည်ဖြစ်စေ ကိုယ်ပွား၏ ခေါင်းဆီသို့ ရွှီချင်းကို ဆွဲယူသွားသည်။

ပေလေးရာ၊ ပေသုံးရာ၊ ပေတစ်ရာ …

သူသည် မနီးမဝေးရှိ ခေါင်းဆောင်နှင့် ဝတ်စုံနီမိန်းကလေးတို့ကို ကျော်ဖြတ်သွားပြီး ကိုယ်ပွား၏ လည်ပင်းရှေ့သို့ ရောက်သွားသည်။

ရွှီချင်းသည် ရောက်သောအခါ သဘောထားသေးသိမ်မနေဘဲ ပေတစ်ရာကျော်တွင် ရှိသော ခေါင်းဆောင်ကို ဖမ်းဆုပ်လိုက်သည်။

သူ၏အကူအညီဖြင့် ခေါင်းဆောင်၏ အမြန်နှုန်းသည်လည်း မြင့်တက်သွားပြီး အလျင်အမြန် ချဉ်းကပ်သွားသည်။ မကြာခင် ရွှီချင်းဘေးသို့ သူ ရောက်သွားသည်။ သူသည် တဖျပ်ဖျပ်လက်နေသော အကြည့်ဖြင့် ကိုယ်ပွား၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။

“ နှာခေါင်း၊ နှာခေါင်း၊ နှာခေါင်းကို စုပ်ယူလိုက်။ နှာခေါင်းက အရေးကြီးဆုံးနေရာပဲ။ ဝိညာဉ်စွမ်းအားတွေ စုစည်းနေတဲ့နေရာလည်း ဟုတ်တယ် ”

ရွှီချင်းသည် ကိုယ်ပွား၏ နှာခေါင်းရှည်ကြီးကို ကြည့်လိုက်သည်။

ရုတ်တရက် ချီရွှဲ့ထုံဂိုဏ်း၏ ပိုင်နက်ထဲတွင် ပေါ်လာခဲ့သော ဝိညာဉ်သခင်မယုံကျင်းကို သူ တွေးမိလိုက်သည်။ ထိုအချိန်က ဝိညာဉ်သခင်မယုံကျင်းသည် မှန်ကို ကြည့်နေခဲ့ပြီး သူမ၏နှာခေါင်းကို အလွန် ကျေနပ်နေခဲ့ပုံရသည်။

ထို့ကြောင့် ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ ကိုယ်ပွား၏ နှာခေါင်းဆီသို့ ပြေးသွားသည်။

ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ပေါ်လာပြီး ခေါင်းဆောင်သည်လည်း ပြေးသွားသည်။

All Chapters