အမာတဲရာဆု မျိုးရိုးဗီဇ
Vol. 30 Ch. 440
မှိုအိမ်လေး၏ အပြင်ဘက်၌ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။ ယင်းက လူတိုင်း၏ စကားဝိုင်းကို နှောင့်ယှက်လာပြီး သူတို့အား အပေါက်ဝသို့ အကြည့်များ လွှဲလာစေသည်။
တစ်ခဏကြာသော် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး သားရေဖိနပ်စီးထားသည့် အမျိုးသားတစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။ သူသည် နှစ်ဆယ့်ငါး ဝန်းကျင် ရှိပုံရပြီး သူ့တွင် စဉ်းလဲသော အပြုံးနှင့် အလွန် စူးရှသော မျက်လုံးများ ရှိသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် သူသည် လွှမ်းမိုးတတ်သော အကျင့်စရိုက် ရှိသူဟု လူတိုင်းကို ထင်မြင်ချက် ပေးစွမ်းလေသည်။
သူ့အနောက်မှ လူသုံးယောက် လိုက်လာသည်။ ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက်၊ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့် တစ်ယောက် နှင့်အတူ သုတေသနသမား ဖြစ်ပုံရသည့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်တို့ ဖြစ်သည်။
“သူတို့ ဒီကို ရောက်လာပြီပဲ”
ဟွမ်လေ့က ပြောလေသည်။ ထိုလူလေးယောက်၏ အဝတ်အစားမှ သင်္ကေတကို မြင်သောအခါ သူ့မျက်လုံးအိမ်က အနည်းငယ် ကျဉ်းမြောင်းသွားပြီး တအံ့တဩ ပြောလေသည်။
“သူတို့က အမာတဲရာဆု မျိုးရိုးဗီဇ ကုမ္ပဏီကပဲ”
“တကယ်ကို အမာတဲရာဆု မျိုးရိုးဗီဇကပဲဟ၊ လခွမ်း၊ ဘာလို့ သူတို့က ဒီကို ရောက်လာတာလဲ၊ သူတို့က သူတို့ကိုယ်သူတို့ လူလုံးထွက်ပြခဲတဲ့ မျိုးရိုးဗီဇ ကုမ္ပဏီလေ၊ ဒါပေမဲ့ တစ်ကမ္ဘာလုံးအနှံ့မှာ နိုင်ငံတကာနဲ့အတူ ရပ်တည်နေတာ”
ဟယ်ကျားသည်လည်း ထိတ်လန့်နေ၏။
သူတို့ ပြောနေသည်ကို ကြားပြီးနောက် လူတိုင်း ရင်တဒိတ်ဒိတ် ခုန်သွားကြပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုကို အတိုင်းသား မြင်နေရသည်။
မျိုးရိုးဗီဇသည် လူအများအတွက် ဆန်းကြယ်သော အရာတစ်ခု ကျန်ရှိနေသော ကမ္ဘာပေါ်ရှိ အရာများထဲမှ တစ်ခု ဖြစ်လေသည်။
ထို့အပြင် ယခုနှစ်များအတွင်း ရုပ်ရှင်နယ်ပယ်၏ အလျင်အမြန် တိုးတက်လာမှုနှင့်အတူ မျိုးရိုးဗီဇ ဆင့်ကဲ ပြောင်းလဲခြင်း၊ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံခြင်း၊ မျိုးရိုးဗီဇ ကုထုံး စသဖြင့် မျိုးရိုးဗီဇနှင့် ပတ်သက်သည့် အမျိုးမျိုးသော ထင်ကြေးများ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ ထိုနယ်ပယ်များထဲမှ မည်သည့်အရာမဆိုသည် ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်လေသည်။
မျိုးရိုးဗီဇ ကုမ္ပဏီများတွင် နားလည်ရခက်သော အငွေ့အသက်တစ်ခု ရှိပြီး တစ်ချိန်တည်းမှာပင် ၎င်းကလည်း ကြောက်စရာ ကောင်းနေ၏။
“ဟဲလို ကျုပ်က ဒီက ဒါရိုက်တာပါ၊ ကျုပ် ခင်ဗျားတို့အတွက် ဘာများ လုပ်ပေးရမလဲ”
ဒါရိုက်တာက သူ့ပုံရိပ်ကိုပင် မထောက်ထားဘဲ အရှေ့သို့ ရောက်သွားလေသည်။ ဒါရိုက်တာ၏ မျက်နှာတွင် မျက်နှာလုပ်သော အပြုံးတစ်ခု ရှိနေပြီး ယင်းက ရဲ့လင်းချန်အား ရှက်သလို ခံစားရစေသည်။
အဖွဲ့ကို ဦးဆောင်လာသော အမျိုးသားက အခြေအနေကို မအံ့ဩပုံရပြီး မျက်မှောင်ကြုတ်နေသည်။
“ခင်ဗျား ကျုပ်ကို သခင်လေးဝေ့လို့ ခေါ်နိုင်တယ်၊ ကျုပ်တို့ အလျင်လိုနေတယ်၊ စပါးအုံးမြွေရဲ့ ခန္ဓာကိုယ်က ဘယ်မှာလဲ”
“ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ”
ဒါရိုက်တာက တစ်ချက်ကလေးမှ တုံ့ဆိုင်းမနေဘဲ လမ်းပြလေသည်။
[လခွမ်း သူတို့က တကယ်ပဲ အမာတဲရာဆု မျိုးရိုးဗီဇကပဲ၊ သူတို့လို လုပ်ငန်းကြီးကတောင်မှ တိုက်ရိုက် ထုတ်လွှင့်မှုကို တကယ်ကြီး ကြည့်နေခဲ့တာလား၊ သူတို့က နေရာတိုင်းမှာ ရှိနေတာပါလား]
[အိုး အမေရေ … ဒီဧရာမ စပါးအုံးမြွေကြီးက ဘာဖြစ်နေတာလဲ၊ အဲ့ဒါက ကုမ္ပဏီကြီးကိုတောင်မှ ဆွဲဆောင်နိုင်တယ်]
[ခုနက ရဲ့နတ်ဘုရား တော်တော် ယုံကြည်မှု ရှိနေတာကို မအံ့ဩတော့ဘူး၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ သုတေသန တန်ဖိုးက တော်တော် ကြီးလောက်တယ်]
[ဒီဒါရိုက်တာက ပုံမှန်ဆို တော်တော်လေး ဟိတ်ဟန်ကြီးတာ၊ အခု သူက နောက်လိုက်ဖြစ်ဖို့ အလားအလာ ရှိတဲ့သူနဲ့ တူနေတယ်၊ တော်တော် ရူးတာပဲ]
[အပေါ်ကလူ၊ မင်း ဘာသိလို့လဲ၊ ဘာက အရေးကြီးဆုံးလဲဆိုတာ မင်း သတိထားမိလား၊ အသက်ကွ၊ လူတစ်ယောက်က ချမ်းသာလေ အသက်ကို ပိုဂရုစိုက်လေပဲ၊ ဒါက ဆေးကုမ္ပဏီထက် အဆင့်အတန်း ပိုမြင့်တဲ့ မျိုးရိုးဗီဇ ကုမ္ပဏီကွ၊ ကိစ္စတော်တော်များများမှာ ကုသလို့ မရနိုင်တဲ့ ရောဂါတွေမှာ မျိုးရိုးဗီဇက နောက်ဆုံးသော ကောက်ရိုးမျှင်ပဲ]
[အမာတဲရာဆု မျိုးရိုးဗီဇ၊ ငါ မှတ်မိသလောက်ဆို မနှစ်က ကိုယ်ပွား နည်းပညာကို ဖြေရှင်းနိုင်ပြီးတော့ တိရစ္ဆာန်တစ်ကောင်ကို သူ့ရဲ့ ဆဲလ်ကနေ ကိုယ်ပွား ဖန်တီးနိုင်တယ်လို့ ပြောခဲ့တဲ့ ကုမ္ပဏီပဲ၊ ကြောက်စရာ ကောင်းတယ်ကွာ]
[ဒီဧရာမ စပါးအုံးမြွေကြီးက ထူးခြားလွန်းလို့ မျိုးရိုးဗီဇ ကုမ္ပဏီက လူတွေတောင်မှ စိတ်ဝင်စားကြတာပဲ]
…
သူတို့သည် မကြာခင်မှာပင် တံခါးနားသို့ ရောက်သွားပြီး မြေကြီးပေါ်မှ ဧရာမ စပါးအုံးမြွေကြီးကို ကြည့်နေကြသည်။ သခင်လေးဝေ့၏ မျက်လုံးတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။
၎င်းကို အနီးကပ် ကြည့်ရခြင်းက ရုပ်သံမှ ကြည့်ရခြင်းထက် ပို၍ ကြည်လင် ပြတ်သားသည်။ စပါးအုံးမြွေသည် တကယ်ကို အခြားမြွေများနှင့် မတူလှပေ။
သူတို့၏ ခရီးက ပွပေါက်တိုးလောက်သည်။
“စမ်းသပ်မှုကို စလိုက်တာပေါ့”
“ဟုတ်ကဲ့”
သုတေသနသမားက ပြန်ဖြေသည်။ သူသည် စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်မှ သွေးကို ထုတ်ရန် သူနှင့်အတူ အပ်တစ်ချောင်း သယ်လာသည်။
ရဲ့လင်းချန်က ဘေး၌ ရပ်နေပြီး ဝင်မနှောင့်ယှက်ဘဲ ငြိမ်သက်စွာ ကြည့်နေသည်။
သို့သော် သခင်လေးဝေ့သည် ဧရာမ စပါးအုံးမြွေကြီးထံမှ အကြည့်ကို ရုတ်သိမ်းလိုက်ပြီးနောက် သူ့မျက်လုံးက လိပ်အိုကြီးထံသို့ တန်းရောက်သွားသည်။ သူ့မျက်လုံးတွင်း၌ အငမ်းမရ လိုချင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အသာ ပြောလိုက်သည်။
“အားစံ၊ ကယ်ရာတင်း တစ်စလောက် သွားယူလိုက်”
ကယ်ရာတင်းဟူသော အရာမှာ တိရစ္ဆာန်များနှင့် အပင်များ၏ အရေပြား အပေါ်ယံလွှာတွင် ရှိသော တစ်ရှူးလွှာ တစ်ခု ဖြစ်သည်။ ၎င်းတွင် မာကြောသော အသားရှိပြီး ကယ်ဆီယမ်နှင့် အခြား အမျိုးမျိုးသော အရာများ ပါဝင်လေသည်။ ၎င်းတွင် အတွင်းပိုင်း တစ်ရှူးများကို ကာကွယ်ပေးသည့် လုပ်ဆောင်ချက် ရှိပြီး တိရစ္ဆာန်များ၏ အရေပြားမှ ကွာကျလာသည့် ပိုနေသော တစ်ရှူးဟောင်းများဟုလည်း သတ်မှတ်နိုင်ပေသည်။
“ဟုတ်ကဲ့ သခင်လေး”
သူ့အနောက်မှ သက်တော်စောင့်က ခေါင်းညိတ်ပြပြီး အရှေ့သို့ လျှောက်လာသည်။
လိပ်အိုကြီးနှင့် မျက်နှာချင်းဆိုင်ရာတွင် သက်တော်စောင့်၏ မျက်လုံးများက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး သူ့တစ်ကိုယ်လုံးမှ ကိုယ်ခံပညာ တတ်ကျွမ်းသူတစ်ယောက်နှင့် တူညီသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူ၏ အရှိန်အဝါအရ သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ချေ ရှိသည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။
အားစံက လိပ်အိုကြီးနား ကပ်သွားသည်ကို မြင်သော် ရဲ့လင်းချန်၏ မျက်လုံးများက မသိမသာ လက်သွားပြီး သရော်ပြုံး ပြုံးလိုက်သည်။
အားစံက လိပ်အိုကြီးနှင့် သုံးမီတာပင် မရှိတော့သည့် အကွာအဝေးသို့ ရောက်သောအခါ လိပ်အိုကြီးသည် ငိုက်မျဉ်းနေရာမှ နိုးလာသည်။ ၎င်းက အားစံဘက် လှည့်ကြည့်၍ ခပ်တိုးတိုး မာန်လေသည်။
အားစံ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း နောက်ဆုတ်မည့်အစား သူက ရှေ့တိုးလာပြီး အရှိန်ပင် တင်လိုက်သေးသည်။
သို့သော် သူသည် ဉာဏ်ရှိသော လူတစ်ယောက် ဖြစ်သည်။ လိပ်အိုကြီးကို သူ မတိုက်ခိုက်နိုင်မှန်း သိနေသောကြောင့် သူသည် မြေကြီးပေါ် လှိမ့်ပြီး လိပ်အိုကြီး၏ ခြေထောက်ကို လှမ်းဆွဲရန် လက်မြှောက် လိုက်သည်။
လိပ်အိုကြီးတွင် လက်သည်းများ ရှိသည်။ ထို့အပြင် လိပ်အိုကြီးသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ရေကန်အောက်ခြေ၌ နှစ်ချီအောင် ပိတ်မိနေခဲ့သဖြင့် လက်သည်းအချို့သည် ကွာကျလုနီးပါး ဖြစ်နေ၏။ ယင်းမှာ အားစံ၏ ရည်ရွယ်ချက် အတိအကျပင်။
သို့သော် သူသည် လိပ်အိုကြီးကို အထင်သေးမိပြီး သူ့ကိုယ်သူ အထင်ကြီးသွားခဲ့သည်။
“ဂါး”
လိပ်အိုကြီးက မာန်လာသည်။ ၎င်းက လှုပ်ရှားမှုများ ထပ်မလုပ်ဘဲ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို တစ်ဖက်သို့ ခါထုတ်လိုက်သည်။
“ဝုန်း”
အားစံသည် ဘဲစာပင်ကဲ့သို့ ချက်ချင်း လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အနောက်သို့ ဆယ်မီတာမျှ လိမ့်သွားပြီးမှ ရပ်သွားလေသည်။ သနားစရာ ကောင်းသော မြင်ကွင်းပါတကား။
လူတိုင်း လိပ်အိုကြီး၏ အစွမ်းကို အထင်သေးခဲ့သည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ၎င်း ပိတ်မိနေသည်ကိုသာ မြင်ခဲ့ရခြင်း ဖြစ်ပြီး တိုက်ခိုက် လှုပ်ရှားသည်ကို တစ်ခါမှ မမြင်ခဲ့ပေ။ သူတို့ မျက်စိရှေ့တည့်တည့်မှ မြင်ကွင်းကို မြင်သောအခါ လူတိုင်း အတော်လေး ထိတ်လန့်သွားကြသည်။
အကယ်၍ လိပ်အိုကြီးသာ မြေအောက် ရေကန်ထဲ၌ မပိတ်မိနေပါက ဧရာမ စပါးအုံးမြွေကြီးသည် ၎င်းကို မယှဉ်နိုင်မှာ သေချာလှသည်။ ၎င်း၏ ပြိုင်ဘက်က ဧရာမ စပါးအုံးမြွေကြီး ဖြစ်နေလျင်တောင်မှ မြွေကြီးသည် လိပ်အိုကြီး ပိတ်မိနေပြီး သေလုနီးပါး ဖြစ်နေသောကြောင့်သာ တိုက်ခိုက်ရဲခြင်း ဖြစ်လေသည်။
“အားစံ မင်း အဆင်ပြေရဲ့လား”
သခင်လေးဝေ့က မျက်မှောင်ကြုတ်၍ မေးသည်။ သူ့မျက်လုံးတွင် အံ့ဩသော အရိပ်အယောင်များ ဖြတ်ပြေးနေ၏။ သူသည် ထိတ်လန့်ရမည့်အစား ပျော်ရွှင်ဟန် ပေါ်နေသည်။
“အံ့ဩစရာကောင်းတဲ့ သတ္တဝါပါလား”
အားစံသည် သူတို့ ကုမ္ပဏီမှ ဈေးကြီးကြီးပေး၍ ခန့်ထားသော စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် သာမန် ကြေးစား လူမိုက် အယောက် နှစ်ဆယ်ခန့်ကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်သည်။ သို့သော် လိပ်အိုကြီးရှေ့၌ သူသည် ကလေး တစ်ယောက်နှင့် တူလေသည်။ ထို့နောက် သခင်လေးဝေ့က လိပ်အိုကြီးကို လေးနက်စွာ ကြည့်သည်။
အားစံ ခေါင်းခါပြသည်ကို မြင်သောအခါ သခင်လေးဝေ့၏ အကြည့်က မလှမ်းမကမ်းမှ ရဲ့လင်းချန်ထံ ကျရောက် သွားသည်။
“မင်းက ဒီလိပ်အိုကြီးကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ၊ မင်း ဈေးပြောလိုက်၊ ဒီဧရာမ စပါးအုံးမြွေကြီးအပြင် လိပ်အိုကြီးရဲ့ ကယ်ရာတင်းနဲ့ သွေးတစ်ပြွန်စာလောက် လိုတယ်”
သူ၏ လေသံက အလွန် မာသည်။ ယင်းမှာ အချိန်အတော်ကြာအောင် ရာထူးမြင့်မြင့်၌ ရှိနေသောကြောင့် ဖြစ်သည်။ သူ၏ အမိန့်ပေးသော လေသံက အာဏာပြ၍ သေချာပေါက် လိုချင်သော လေသံပင်။
“ကောင်းပြီလေ”
ရဲ့လင်းချန်၏ မျက်နှာက တည်ငြိမ်ပြီး ခံစားချက် မရှိပေ။ သူက သူ၏ သွားတန်းများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။
“တစ်ဘီလီယံဆို ငါ မင်းကို ကယ်ရာတင်း ပေးမယ်”
“တစ်ဘီလီယံ ဟုတ်လား၊ မင်း ဓားပြပဲ တိုက်လိုက်ပါတော့လား”
သခင်လေးဝေ့၏ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာ ပြန်တုံ့ပြန်သည်။
ရဲ့လင်းချန်က ပခုံးတွန့်လေသည်။
“မင်း မတတ်နိုင်လို့ရှိရင် ငါ့ကို ဈေးပြောလိုက်လို့ မပြောနဲ့လေ၊ ခုနကတော့ မင်းက အတည်ကြီး လုပ်နေပြီးတော့၊ မင်း ပိုက်ဆံမရှိဘဲ လူချမ်းသာယောင်ဆောင်နေတာလား”
“မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း”
သခင်လေးဝေ့၏ မျက်လုံးများက စူးရှလာသည်။
“တစ်ဘီလီယံက ငါတို့အတွက် မများဘူး၊ ဒါပေမဲ့ အဲ့ဒါက ငါ မင်းကို ချက်ချင်း ပေးလိုက်မယ်လို့ မဆိုလိုဘူး၊ ဒီကယ်ရာတင်းက လိပ်အိုကြီးအတွက် အသုံးမဝင်ဘူး၊ ဇီဝဗေဒ ဖြုန်းတီးမှုလို့တောင် ပြောလို့ရတယ်၊ မင်းရဲ့ ဈေးကို ပြောဖို့ ငါ အခွင့်အရေး တစ်ခေါက် ထပ်ပေးလိုက်မယ်”
“မင်း နားလည်မှုလွဲနေပြီလို့ ငါ ထင်တယ်၊ ငါ့ရဲ့ တစ်ဘီလီယံက မင်းကို အခြေခံ အပြုအမူတွေ သင်ပေးဖို့ ငါ့အတွက် မင်းရဲ့ ကျူရှင်စရိတ်ပဲ”
ရဲ့လင်းချန်၏အသံက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး သခင်လေးဝေ့၏ သန်မာသော အရှိန်အဝါက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိချေ။
“ဟားဟားဟား ငါ ဘယ်သူလဲ မင်းသိလား၊ မင်းကများ ငါ့ကို ဒီလို ပြောရဲတယ်လား”
သခင်လေးဝေ့က ဒေါသနှင့် ပြုံးနေပြီး ရဲ့လင်းချန်အား စွန်ရဲတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်လေသည်။