ဒီဧရာမ စပါးအုံးမြွေကြီးက ထူးခြားတာပဲ
Vol. 30 Ch. 442
စာရွက်ပေါ်တွင် ဧရာမ စပါးအုံးမြွေကြီး၏ ကြောက်စရာကောင်းသော ခွန်အားနှင့် ရက်စက်မှုတို့နှင့်အတူ ရဲ့လင်းချန်၏ အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်မှုတို့ကို ဆွဲထားပြီး နဂါးနိုင် သူရဲကောင်းတစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေ၏။
“ဒီမှာ ထိုးလိုက်ပါ”
တုန်းမြောင်မြောင်က ပုံဆွဲစာရွက်၌ တမင်သက်သက် ဗလာချန်ထားသော ပြောင်ရှင်းနေသည့် ဧရိယာကို လက်ညှိုးထိုးပြသည်။
“မင်း ဒါကို ဆွဲထားတာလား”
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်သည်။ တုန်းမြောင်မြောင်က ခေါင်းညိတ်ပြပြီးမှ အနေရခက်စွာ ပြန်ပြောလေသည်။
“ဒါက အချိန် အကန့်အသတ် ရှိလို့ အကြမ်းဖျင်း ဆွဲထားတာလေးပါ၊ ရဲ့နတ်ဘုရား စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”
“မင်းရဲ့ ပုံဆွဲပညာက မဆိုးပါဘူး”
ရဲ့လင်းချန်က ပြုံးပြီး ထိုအပေါ်၌ သူ့နာမည်ကို လက်မှတ် ထိုးပေးလိုက်သည်။ သူ၏ လက်ရေးက လွတ်လပ်မှုကို ထင်ဟပ်စေပြီး ပန်းချီစာရွက်ပေါ်၌ ထင်ရှားပြတ်သားစွာ နေရာယူလေသည်။
“လှလိုက်တဲ့ လက်ရေးလက်သား၊ ရဲ့နတ်ဘုရားရဲ့ လက်ရေးလှ ကျွမ်းကျင်မှုက ဒီအဆင့်အထိ ရောက်နေလို့ ကျွန်မ အံ့ဩမိတယ်၊ ကျွန်မ တကယ်ကို လေးစားမိပါတယ်”
တုန်းမြောင်မြောင်က တအံ့တဩ ပြောသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်ပြီး ငြိမ်မြဲ ငြိမ်နေလိုက်သည်။
သူ့စိတ်ထဲတွင် ဤမိန်းကလေးအပေါ် အမြင် တိုးတက်လာသည်။
*ဉာဏ်ကောင်းတယ်၊ တော်တော် ဉာဏ်ကောင်းတယ်*
သူမက သူ၏ ကျော်ကြားမှုကို သိသာစွာ အခွင့်ကောင်းယူနေခြင်းပင်။
ရဲ့လင်းချန်က ဘယ်သူလဲ။ သူသည် ဤနေရာ၌ မုချမသွေ အရေးအပါဆုံးလူ ဖြစ်သည်။ လက်ရှိတွင် သူတို့က တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နေ၏။ လူတော်တော်များများက ရဲ့လင်းချန်နောက် လိုက်နေကြသည်။ ဤမိန်းကလေးက ရုတ်တရက် သူ့လက်မှတ်ကို တောင်းလာသဖြင့် ကြည့်ရှုသူများထံမှ စိတ်ဝင်စားမှု ရသွားမှာပင်။
အကယ်၍ သူမသာ သူမတို့၏ ကုမ္ပဏီ ပိုစတာများကို ထုတ်၍ သူတို့ကြော်ငြာကို ရောင်းပန်းလှအောင် ကြိုးစားပါက ရဲ့လင်းချန်သည် လက်မှတ် ထိုးပေးရန် ငြင်းပယ်မှာ ဖြစ်သည်။ သို့သော် သူမက ရဲ့လင်းချန်၏ ပုံတူ ပန်းချီစာရွက်ကို ထုတ်လာခဲ့သည်။ ထိုအပြုအမူ တစ်ခုတည်းကတင် အခြေအနေကို ပြောင်းလဲသွားစေသည်။
ထို့အပြင် ပုံကို ကောင်းမွန်စွာ ဆွဲထားခဲ့သည်။ ဤပုံသည် သူ၏ လက်မှတ်နှင့်အတူ အများပြည်သူများကြား၌ အငြင်းအခုံတစ်ချို့ ဖြစ်လာလိမ့်မည်ဟု ရဲ့လင်းချန် မြင်ယောင်နေသည်။ ဤပန်းချီကို သူတို့ မြင်သည့်အခါတိုင်း သူတို့ ချန်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို တွေးမိလောက်သည်။
ယင်းက ခြားနားသော ကြော်ငြာနည်း တစ်မျိုးပင်။ ထို့အပြင် ယင်း၏ အကျိုးသက်ရောက်မှုက အကောင်းဆုံး ဖြစ်လောက်ပေသည်။
ရဲ့လင်းချန်သည် ထက်မြက်သူများထဲမှ တစ်ယောက် ဖြစ်သောကြောင့် ထက်မြက်သူများကို ပို၍ သဘောကျသည်။ ထို့ကြောင့် သူသည် ဤမိန်းကလေးအား သူ့လက်မှတ်ထိုးပေးရန် စိတ်အနှောင့်အယှက် မဖြစ်ပါ။
“မင်း ဘာလို့ ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို မလေ့လာတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“ရဲ့နတ်ဘုရား၊ အခု အဲ့ဒီလူတွေက ကျွန်မအတွက် အဲ့ဒါကို လုပ်ပေးနေတယ် မဟုတ်ဘူးလား”
တုန်းမြောင်မြောင်က ရဲ့လင်းချန်ကို မျက်လုံး တစ်ဖက် မှိတ်ပြပြီး ပြုံးနေလေသည်။
ထိုအခိုက်တွင် အံ့ဩမှင်တက်သော အော်သံတစ်သံကို ကြားလိုက်ရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအသံပိုင်ရှင်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ တစ်ပြင်လုံး နီနေသည့် အံ့ဩနေသော ကျွမ်းကျင်သူ တစ်ယောက်ပင်။
“အံ့ဩစရာပဲ၊ ဒါက အရမ်း အံ့ဩဖို့ ကောင်းတယ်၊ ဒါ ထူးခြားဆန်းကြယ်ပဲ၊ ဒါ ဆေးပညာ လောကထဲက ဆန်းကြယ်မှု တစ်ခုပဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါရဲ့ အသားတွေ အရိုးတွေက ဒီလို ရလဒ်မျိုး ပြနေတာလား၊ ထူးခြားတယ်၊ ဒါက အရမ်း ထူးခြားတယ်”
“ဒီဧရာမ မြွေကြီးက ထူးခြားတာပဲ”
ထို့နောက်တွင်မူ အံ့ဩသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ အချို့သော ကျွမ်းကျင်သူများဆိုလျင် မျက်ရည်ပင် လည်နေ၏။
“ဘာတွေ ဖြစ်နေတာလဲ”
လူတစ်ယောက်က မေးလေသည်။
“ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားမှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်တစ်ခု ရှိတယ်၊ အဲ့ဒီ စွမ်းအင်က သိပ်သန့်စင်ပြီးတော့ စိတ်ဝိညာဉ် ဆေးပင်တွေက ဆေးဘက်ဆိုင်ရာ အာနိသင်တွေနဲ့ ဆင်တူတယ်၊ ဒါပေမဲ့ ဒါက တိရစ္ဆာန်တစ်ကောင်မို့လို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ ဆေးဘက်ဆိုင်ရာ အာနိသင်က ပိုပြီးတော့ ထူးခြားတယ်၊ ပြီးတော့ ဒါရဲ့ အကျိုးသက်ရောက်မှုက ဆေးပင်တွေထက် ပိုသာတယ်”
ကျွမ်းကျင်သူများထဲမှ တစ်ယောက်က သူ့မျက်မှန်ကို ပင့်တင်၍ ရှင်းပြလေသည်။
သူတို့ ပြောနေသော ထူးခြားဆန်းကြယ်သည့် စွမ်းအင်ကို ရဲ့လင်းချန် သိပါသည်။ တကယ်တမ်းတွင် ယင်းသည် ဧရာမ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်တွင်းမှ အားဖြစ်စေသော စိတ်ဝိညာဉ် စွမ်းအင် ဖြစ်လေသည်။ ထို့အပြင် ဤ ဧရာမ စပါးအုံးမြွေကြီးသည် ဘယ်အချိန်အတိုင်းအတာကတည်းက အသက်ရှင်ခဲ့လဲ မသိပါ။ ၎င်း၏ ခန္ဓာကိုယ်က ပင်ကို သဘာဝ ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနေလေပြီ။
“ဒီလို ဆေးဘက်ဆိုင်ရာ အာနိသင်မျိုးက တော်တော်ကို မတူတာ၊ ငါတို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို စမ်းသပ်ခံအဖြစ် သုံးမယ်ဆိုရင် ထူးခြားတဲ့ ရောဂါအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိလောက်တယ်”
တစ်ယောက်က တုန်ယင်နေသောအသံနှင့် ပြောလေသည်။
“ဒါက အခု ငါတို့ ရင်ဆိုင်နေရတဲ့ ကုမရတဲ့ ရောဂါအချို့ကို ပိုပြီး ကောင်းလာစေနိုင်တယ်”
ထိုသို့ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ သူတို့အားလုံးက ဧရာမ စပါးအုံးမြွေကြီး၏ အလောင်းကို လောဘတို့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
ဧရာမ စပါးအုံးမြွေကြီးသည် ကြီးမားသော်လည်း တစ်ကောင်းတည်သာ ရှိသည်။ အထောက်အပံ့က အကန့်အသတ် ဖြစ်နေသောကြောင့် ဧရာမ စပါးအုံးမြွေကြိးကို ရနိုင်သည့် ဘယ်ကုမ္ပဏီမဆိုက အခြား ကုမ္ပဏီများထက် ပိုအရည်အသွေးကောင်းသည့် ဆေးကို ထုတ်လုပ်နိုင်ပေလိမ့်မည်။
ထို့အပြင် ဧရာမ စပါးအုံးမြွေကြီးကို အသုံးပြု၍ ဖန်တီးထားသော ဆေးသစ်တစ်မျိုး ထွက်လာပါက ထိုကုမ္ပဏီ၏ အဆင့်အတန်းက အကြီးအကျယ် ပြောင်းလဲသွားပေမည်။
*ဝယ်ရမယ်၊ ငါ ဒါကို ဝယ်ကိုဝယ်မှ ဖြစ်မယ်*
လူတိုင်း၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခုသာ ရှိနေလေသည်။
[သောက်ကျိုးနည်း အဲ့လောက် အံ့ဩဖို့ ကောင်းတာလား]
[ဒါ မကောင်းဆိုးဝါး ပူးနေတာ၊ ဒါ သေချာပေါက် မကောင်းဆိုးဝါး ပူးနေတာ၊ ဟိုက်ယား … မင်းကိုယ်မင်း ကိုယ်ထင်ပြစမ်း]
[ဦးနှောက်ခြောက်ခံမနေနဲ့၊ ဒါ ပိုင်ဆုကျန်း (The Legend of Whit Snake ထဲမှ မြွေမိစ္ဆာ) ဖြစ်လောက်တယ်]
[မြတ်စွာဘုရား၊ ပိုင်ဆုကျန်းက ဒီလို ဇာတ်သိမ်းသွားတာဆိုရင် ရှုရှန်း (ပိုင်ဆုကျန်းကို ကယ်ပေးပြီး သူမနှင့် လက်ထပ်ခဲ့သော လူသား) က ဘယ်လိုလုပ်မလဲ]
[သောက်ရေးမပါတာတွေ ပြောမနေနဲ့၊ ဒီဧရာမ စပါးအုံးမြွေကြီးက ဘာကို ကိုယ်စားပြုလဲ မင်းတို့ သိလား၊ ဒါသန်းချီတဲ့ အသက်တွေကို ကယ်နိုင်တယ်ကွ၊ ရဲ့နတ်ဘုရားက အံ့ဩဖို့ ကောင်းလိုက်တာ]
[ဒီဧရာမ စပါးအုံးမြွေကြီးက မြွေတွေထဲမှ နတ်ဘုရား ဖြစ်လောက်တယ်]
…
လူတိုင်းက သူတို့၏ အံ့ဩမှုကို ထုတ်ဖော်ပြောဆိုနေစဉ်တွင် သခင်လေးဝေ့ တစ်ဦးတည်းကသာ ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေ၏။
“သခင်လေးဝေ့၊ ဒါ ကျွန်တော်တို့ လေ့လာစမ်းစစ်မှုရဲ့ ရလဒ်ပါ၊ ဒါက ကျွန်တော်တို့ ထင်ထားတာထက် သာနေပါတယ်”
သခင်လေးဝေ့ကို အစီရင်ခံစာတစ်ခု ပေးလာသည်။
အစီရင်ခံစာပေါ်မှ အချက်အလက်ကို ဖတ်ပြီးနောက် သခင်လေးဝေ့၏ မျက်လုံးအိမ်က ချက်ချင်း ကျဉ်းမြောင်း သွားပြီး သူ့အမူအရာက ဘာပဲလုပ်ရလုပ်ရ ရအောင် လုပ်မည်ဟု ဖော်ပြနေသည်။
“ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ မျိုးရိုးဗီဇက မြွေတစ်ကောင်ရဲ့ မျိုးရိုးဗီဇ မဟုတ်တော့ဘူး၊ နေရာတိုင်းမှာ ဆင့်ကဲ ပြောင်းလဲမှုတွေ အများကြီး ရှိနေတယ်”
လက်အောက်ငယ်သားက သခင်လေးဝေ့အတွက် အသေးစိတ် ရှင်းပြလေသည်။
“ဒီမှာ ပြနေတဲ့ အချက်အလက်အရဆိုရင် ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသက်စွမ်းအင်က သူ့မျိုးနွယ်တွေထက် ငါးဆ ပိုမြင့်တယ်၊ ဒါက မြွေတစ်ကောင် မဟုတ်တော့ဘူးလို့ ကျွန်တော် စထင်လာပြီ၊ ဒါက ရှေးခေတ် ဒဏ္ဍာရီထဲမှာ ပြောထားကြတဲ့ မြွေကနေ နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်နေလေမလား”
“ဘာပဲဖြစ်နေပါစေ ငါတို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ကို ရကိုရရမယ်၊ ဒါက ငါတို့ သုတေသနအတွက် အကူအညီ ဖြစ်စေမှာပဲ”
သခင်လေးဝေ့၏ မျက်လုံးက အရောင်တောက်နေသည်။ ထို့နောက် သူက ရဲ့လင်းချန်နှင့် ဧရာမ လိပ်ကြီးကို စဉ်းလဲသော အကြည့်ဖြင့် ကြည့်၍ နှုတ်ခမ်းသပ်လိုက်သည်။
“အဲ့ဒီ ဧရာမ လိပ်ကြီးနဲ့ ပတ်သက်ပြီးတော့လည်း မမေ့နဲ့၊ အဲ့ဒါအပြင် မင်း ရဲ့နတ်ဘုရားဆိုတဲ့ကောင်နဲ့ ပတ်သက်ပြီး စိတ်မဝင်စားဘူးလား”
“သိပ်စိတ်ဝင်စားတာပေါ့”
ထိုလူ၏ အသံက လေးနက်လာသည်။
“ကျွန်တော်တို့ရဲ့ ဗွီဒီယိုကို ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် ရဲ့နတ်ဘုရားရဲ့ ခန္ဓာကိုယ်က သာမန် လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ၊ သူ့ရဲ့ ခွန်အား ဒါမှမဟုတ် ရေထဲမှာ သွက်လက်မှုက လူသားတစ်ယောက် ပိုင်ဆိုင်တာထက် ကျော်နေပြီ၊ သိုင်းပညာရှင် ဖြစ်နေရင်တောင်မှ ဒါက မဖြစ်နိုင်ဘူး၊ သူ့ခန္ဓာကိုယ်ထဲမှ ဆင့်ကဲ ပြောင်းလဲမှုတစ်ချို့ ဖြစ်နေလောက်တယ်လို့ ကျွန်တော် သံသယ ရှိတယ်”
“သူ့မျိုးရိုးဗီဇက ဘာဖြစ်မယ်လို့ မင်း ထင်လဲ”
သခင်လေးဝေ့က တစ်ကိုယ်တည်း ပြောနေသည်။
“ဧရာမ စပါးအုံးမြွေကြီး ဒါမှမဟုတ် ဧရာမ လိပ်ကြီးနဲ့ ယှဉ်လိုက်ရင် လူသား မျိုးရိုးဗီဇက အခြားလူသားတွေနဲ့ ပိုပြီး သဟဇာတ ဖြစ်တယ်၊ ငါ ဒီရဲ့နတ်ဘုရားကို သိပ်စိတ်ဝင်စားတယ်”
“သူ့မျိုးရိုးဗီဇကိုသာ ငါ့ကိုယ်ထဲ အစားထိုး ထည့်သွင်းနိုင်ရင် သူ့ခန္ဓာကိုယ် တည်ဆောက်ပုံအတိုင်း ငါ ရနိုင်မလား ဆိုတာကို သိချင်မိတယ်”
သခင်လေးဝေ့က စိတ်အားထက်သန်မှုနှင့်အတူ မျှော်လင့်နေ၏။
ရဲ့လင်းချန်က သခင်လေးဝေ့၏ အကြည့်ကို သတိထားမိပါသည်။ သို့သော် သူ အေးအေးလူလူသာ ပြုံးနေ၏။ သူ့တွင် မျိုးရိုးဗီဇ ကုမ္ပဏီဟူသော အရာမျိုးကို စိတ်မဝင်စားပါ။ သူ၏ ခံစားချက်က မှန်နေလေသည်။ မျိုးရိုးဗီဇ ကုမ္ပဏီများ၌ အလုပ်လုပ်သော လူများသည် အလွန် ရူးသော အရူးများပင်။
*ဒီမျိုးရိုးဗီဇ ကုမ္ပဏီက သူ့ဘာသာသူ နေနေရင် ဘာမှမဖြစ်ဘူး၊ သူတို့ တစ်ခုခု ရူးမိုက်တာ လုပ်ဖို့ ကြိုးစားလာရင်တော့ ငါလည်း လိုက်ကစားပေးရတာပေါ့*
သူ၏ တိုးတက်လာမှုနှင့်အတူ ရဲ့လင်းချန်သည် သူ့ဗဟုသုတ စွမ်းရည်၏ အစွမ်းကို သိလာသည်။ သူသည် ဤကမ္ဘာကြီးအား အစွမ်းရှိသော လူတစ်ယောက်၏ အမြင်မျိုးနှင့် စတင် မြင်တတ်လာ၏။
“ရဲ့နတ်ဘုရား၊ ငါတို့ လေ့လာစစ်းစစ်လို့ ပြီးပြီ၊ အခု လေလံပွဲကို စလို့ရပါပြီ”
တစ်ယောက်က စိတ်မရှည်စွာ ပြောလာသည်။
“ကောင်းပြီလေ၊ စလိုက်ကြတာပေါ့”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
ဤလေလံပွဲသည် သာမန်ပွဲတစ်ခု မဟုတ်ပေ။ ယင်းသည် မှိုအိမ်လေးရှေ့၌ ထိုင်စရာ ခုံတစ်လုံးမှ မရှိဘဲ ဟင်းလင်းပြင်၌ ကျင်းပခြင်း ဖြစ်သည်။
သို့သော် လူတိုင်းက ထိုအရာကို စိတ်ထဲ မထားချေ။ သူတို့သည် မြန်မြန်ဝယ်၍ ထွက်သွားချင်နေကြလေသည်။
…