လီထူဂိုဏ်းရဲ့ သမီးပျို
Vol. 29 Ch. 439
ထိုအချိန်၌ ကောင်းကင်ယံတွင် တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ဘုံကိုးထပ်သို့ တိုင်အောင် ရိုက်ခတ်သွားသည်။ ဝိညာဉ်သခင်မယုံကျင်းနှင့် ဓားကိုင်အကြီးအကဲသုံးယောက်ကြားက တိုက်ပွဲသည် နေရာတိုင်းတွင် မြေငလျင်များ လှုပ်ခတ်သွားစေသည်။
ယင်းအပြင် တိုက်ပွဲသည် တစ်နေရာတည်းသာ ဖြစ်ပွားနေသည်မဟုတ်ဘဲ တိုက်ခိုက်နေရင်း နေရာများ ရွှေ့သွားသည်။
နှစ်ဖက်လုံးသည် နှောင့်ယှက်ရန်ပင် မဆိုထားဘိ မြေပြင်ပေါ်ရှိ အရာများကို ဂရုစိုက်ရန် အချိန်မရပေ။
တစ္ဆေဧကရာဇ်၏ ယင်ဝိညာဉ်သုံးခုအနက်တစ်ခုဖြစ်၍ ဝိညာဉ်သခင်မယုံကျင်းသည် ဗလာနတ္ထိပထမအဆင့်သာ ရှိပါသော်ငြား ထူးခြားသော နောက်ခံအင်အားကြောင့် တိုက်ရည်ခိုက်ရည်က ကြောက်မက်ဖွယ်ကောင်းပြီး ဗလာနတ္ထိပထမအဆင့် အထွတ်အထိပ်ကို ယှဉ်နိုင်သည်။
ပို၍ လွန်ကျူးသည့်အချက်မှာ မသေနိုင်သော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယင်ဝိညာဉ်သုံးပါးနှင့် ယန်ဝိညာဉ်ခုနစ်ပါးတို့က တစ်ပြိုင်နက်တည်း မသေသေးသမျှ သခင်မယုံကျင်း၏ အသက်ဓာတ်က အဆုံးအစမဲ့ ဖြစ်နေမည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း ဓားကိုင်ရုံးခွဲက ယခင်က ဝိညာဉ်သံုံးဖော်ကို မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုဝိညာဉ်သုံးဖော်သည် ရင်ဆိုင်ရ အလွန်ခက်သည်။
သို့သော် ယနေ့တွင်မူ ဓားကိုင်ရုံးခွဲသည် အနိုင်ယူရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့သည်။ ဓားကိုင်အကြီးအကဲသုံးယောက် အတူတကွ တိုက်ခိုက်နေ၍ ဝိညာဉ်သခင်မ ယုံကျင်းမှာ ချက်ချင်း အရေးနိမ့်လာသည်။ သို့ဖြစ်၍ သူမသည် မြေပြင်ကို ဂရုမစိုက်နိုင်အားဘဲ ဝေဟင်တွင် အမြင့်ဆုံးရေချိန်အထိ ထုတ်ဖော်တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။
မြေပြင်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့ ကိုယ်ပွား၏နှာခေါင်းဆီ အပြေးအလွှား သွားလိုက်စဉ် ကိုယ်ပွား၏ခေါင်းနှင့် ဒါဇင်များစွာ ဝေးကွာသောနေရာရှိ ဝတ်စုံနီမိန်းမပျိုသည် အံတင်းတင်းကြိတ်၍ တွားသွားသည်။
သူမထက် နှာတစ်ဖျား သာနေသည့် ထိုလူနှစ်ယောက်၏ လုပ်ရပ်များကြောင့် ရင်ထဲတွင် ရွံမုန်းစိတ်များ ပေါ်လာသည်။ အမှန်စင်စစ် ဂူထဲမှ ထွက်လာပြီးနောက် သူမသည် အကျိုးအမြတ် နည်းနည်းပါးပါးသာ ရခဲ့သည်ဖြစ်၍ ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွား ကျသွားသည့်နေရာသို့ သွားကြည့်ရန် စီစဉ်ထားခဲ့သည်။
ဝိညာဉ်ကိုယ်ပွား၏ ထူးဆန်းမှုများကို မြင်ပြီးနောက် သူမသည် တွန့်ဆုတ်မနေဘဲ အပြေးအလွှား သွားခဲ့သည်။ သူမ၏ ပစ်မှတ်သည်လည်း ခေါင်း ဖြစ်သည်။
သူမ ရထားသည့် အချက်အလက်အရ ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားများသည် ဝိညာဉ်အပင်များ ဖြစ်ကြပြီး ထိုကဲ့သို့ ဝိညာဉ်အပင်ကိုယ်ပွားများ၏ အနှစ်သာရက ခေါင်းများထဲတွင် ရှိသည်။
“ ဒီနှစ်ယောက်က ရုပ်ပြောင်းရုပ်လွဲလုပ်ထားကြတာပဲ။ ဒီတော့ သူတို့ရုပ်ရည်အစစ်အမှန်ကို ငါ မမြင်ရဘူး။ ဘယ်အင်အားစုကဆိုတာလည်း ငါ မသိဘူး ”
ဝတ်စုံနီမိန်းမပျို၏ အကြည့်က အေးစက်တင်းမာသွားသည်။ ဝတ်စုံနီမိန်းမပျိုသည် အံတင်းတင်းကြိတ်လိုက်ပြီး မိစ္ဆာတစ္ဆေတံစဉ်ကြီးက အနက်ရောင်အလင်းများ ဖြာထွက်လာသည်။
မိစ္ဆာတစ္ဆေ၏ မျက်လုံးများ ပွင့်လာပြီး ချောက်ချားစရာအလင်းများ ဖြာထွက်လာသည်။
တံစဉ်မှ အားဖြည့်ပေးခြင်းနှင့်အတူ ဝတ်စုံနီမိန်းမပျို၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်လာပြီး ပို၍ နီးကပ်လာသည်။
သို့သော်လည်း နှေးကွေးနေဆဲပင်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ဖိအားဒဏ်ကို ခံကာ ကိုယ်ပွား၏ နှာခေါင်းဆီသို့ တွားသွားလိုက်သည်။
ကိုယ်ပွားက ကြီးမားပြီး ရှည်လျားလွန်းသည်ဖြစ်ရာ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ကိုယ်ပွား၏ မျက်နှာပေါ်တွင် ပုရွက်ဆိတ်ကလေးနှစ်ကောင်အလားပင်။
ထိုအချိန်၌ သူတို့နှစ်ယောက်သည် ကိုယ်ပွား၏ ဘေးနှစ်ဖက်တွင် ရပ်လိုက်ပြီး အစွမ်းကုန် စုပ်ယူလိုက်ကြသည်။ သူတို့ဘေးတွင် လူတစ်ယောက်၏ အရပ်တမျှ ရှည်လျားသော နှာသီးဝနှစ်ခု ရှိသည်။
ခေါင်းဆောင်က အရူးအမူး စုပ်ယူနေသည်။ သူသည် နှာခေါင်းထိပ်ကို ကိုင်လိုက်ပြီး သူ့သူငယ်အိမ်များထဲတွင် ပေါ်လာခဲ့သော မကောင်းဆိုးဝါးမျက်နှာကြီးက မျက်လုံးများ ပွင့်လာသည်။
သူ့ကိုယ်ထဲရှိ မွေးညင်းပေါက်တိုင်းမှ ကြမ်းတမ်းသော စုပ်အားတစ်မျိုး ထွက်ပေါ်လာပြီး အစွမ်းကုန် စုပ်ယူလိုက်သည်။
သူ ကိုင်ထားသည့် နှာခေါင်းထိပ်မှာ တဖြည်းဖြည်း ညိုမည်းလာသည်။
ရွှီချင်းသည်လည်း နောက်ကျမနေပေ။ သူ၏မျက်လုံးများ စူးရှတောက်ပသွားသည်။ သူသည် ညာလက်ကို မြှောက်၍ ကွေ့ယုံသိုတောက်အတတ်ကို လှည့်ပတ်လိုက်ရာ သူ၏ညာလက်သည် ဖောက်ထွင်းမြင်လာရပြီး သူ့ရှေ့ရှိ နှာထိပ်ကို ဖိချလိုက်သည်။
သငူ့လက်က လုံးလုံးလျားလျား ဖောက်ထွင်း မသွားနိုင်ပါသော်လည်း တစ်လက်မခန့် တိုးဝင်သွားခဲ့သေးသည်။
အဆုံးအစမဲ့ အင်မော်တယ်စွမ်းအင်များ ရွှီချင်း၏ကိုယ်ထဲသို့ အလုအယက် တိုးဝင်လာသည်။ အရိပ်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့သည် ထိုဖြစ်ရပ်နှင့် အစိမ်းသက်သက် ဖြစ်မနေကြပေ။ ထိုအချိန်၌ ၎င်းတို့နှစ်ဦးသည်လည်း စိတ်လှုပ်ရှားလာကြပြီး အပြင်ထွက်လာကြသည်။
အရိပ်လေးက ဘေးရှိ အရေပြားကို လွှမ်းခြုံလိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သုံးလအတွင်း အဆင့်တက်မည်ဖြစ်ကြောင်း ရွှီချင်းကို ရဲတင်းစွာ ပြောပြထားသည်ဖြစ်၍ စိုးရိမ်ကြောင့်ကြနေခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ်ပွား၏ နှာသီးဝဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။
ရွှီချင်းသည် နားလည်ရခက်သောအကြည့်ဖြင့် ကြည့်လိုက်ပါသော်လည်း မည်သို့မျှ မဆိုပေ။ ထိုအချိန်၌ သူ၏အင်္ကျီအောက်ရှိ အရေပြားက တမြေ့မြေ့လောင်ကျွမ်းလာသည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ ဆေးမှင်ကြောင်က ဝင်းလက်လာပြီး ရွှေကျီးကန်းကြီး၏ မျက်လုံးများ ပွင့်လာသည်။
သို့သော် ရွှီချင်းသည် ရွှေကျီးကန်းကြီးကို လွှတ်မပေးဘဲ သူ့လက်အောက်သို့ စီးဆင်းစေလိုက်ပြီး နှာသီးထိပ်သို့ ဝင်စေကာ စုပ်ယူစေလိုက်သည်။
ရွှေကျီးကန်းကြီး၏ ရွှင်မြူးသော အော်မြည်သံက ရွှီချင်း၏ စိတ်ထဲ ပဲ့တင်ထပ်သွားသည်။ တစ်ယောက်မှ မမြင်ရနိုင်သော သူ့အရေပြားအောက်ရှိ ရွှေကျီးကန်းမှင်ကြောင်က လှုပ်ရှားလာသည်။ ရွှေကျီးကန်းကြီးတွင် အမြီးဆယ့်သုံးချောင်း မဟုတ်တော့ဘဲ ဆယ့်ခုနစ်ချောင်းအထိ ရှိလာပြီ ဖြစ်သည်။
ရွှေကျီးကန်းကြီးက မြဲ့မုန်ကို ဝါးမျိုလိုက်သည်ဖြစ်၍ အမြီးဆယ့်သုံးချောင်းကို ပိုင်ဆိုင်သွားခဲ့သည်။ ထို့နောက် သူတော်စင်ကြယ်နှင့် တိုက်ပွဲမှာ ရွှေကျီးကန်းကြီးက အဆင့်နှစ်သို့ ရောက်သွားခဲ့သည်။ ထိုအချိန်က ၎င်း၏ အဓိကအပြောင်းအလဲမှာ အမြီးမဟုတ်ဘဲ ခန္ဓာကိုယ်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ထို့ကြောင့် အမြီးက နောက်ထပ် အကျိုးကျေးဇူး မရတော့ပေ။
သို့သော်လည်း အဆင့်တက်သွားပြီးနောက် ရွှေကျီးကန်းကြီးသည် အလွန်လျင်မြန်စွာ အင်အားတိုးပွားလာသည်။ ယခု ရွှီချင်း၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အမြီးဆယ့်ခုနစ်ချောင်း ဖုံးလွှမ်းထားသည်။ သူ၏အင်္ကျီက သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည့်တိုင်အောင် အပူဓာတ် ရှိနေဆဲပင်။
ရွှီချင်း၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ သူသည် ရွှေကျီးကန်းကြီးကို ထိန်းချုပ်၍ အစွမ်းကုန် စုပ်ယူလိုက်သည်။
တခဏလေးအတွင်း သူ့ရှေ့ရှိ နှာထိပ်သည်လည်း ပကတိမျက်စိဖြင့် မြင်နိုင်သော နှုန်းဖြင့် ညိုမည်းလာသည်။ ထိုကဲ့သို့ တိုးဝင်လာသော စွမ်းအားများစွာကြောင့် ရွှီချင်း၏ ကိုယ်ထဲရှိ တတိယမြောက်ကောင်းကင်နန်းတော်က အလျင်အမြန် ရုပ်လုံးပေါ်လာသည်။
ယင်းမတိုင်ခင်က တတိယမြောက်ကောင်းကင်နန်းတော်၏ တစ်ဝက်ကျော်က ရုပ်လုံးပေါ်နေခဲ့ပြီး ဖြစ်သည်။ ယခု သိပ်သည်းထူထပ်သော အင်မော်တယ်ချီများ တိုးဝင်လာသောအခါ ကိုးဆယ်ရာခိုင်နှုန်းသို့ ရောက်သွားသည်။ ထို့နောက် တစ်ရာရာခိုင်နှုန်းသို့ အလွန့်အလွန် နီးကပ်သွားခဲ့ပြီး အရိပ်အငွေ့တစ်ခုစာသာ ကွာဝေးတော့သည်။
ယင်းသည် ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ် ပြောင်းလဲရာတွင် ကန့်သတ်ချက်ဖြစ်သည်။
နောက်ဆုံးအငွေ့အသက်မှာ ရွှေအမြုတေကို ကောင်းကင်နန်းတော်ထဲထည့်ရန် လိုအပ်သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ ရွှေအမြုတေများနှင့် ပတ်သက်၍ ရွှေအမြုတေတိုင်းက သီးခြားဆန်သည်။ ရွှေအမြုတေများကို မထည့်ခင် မည်သည့်ရွှေအမြုတေများအား ထည့်ရမည်ကို ကြိုတင်စဉ်းစားထားရသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ပြင်ပပစ္စည်းများသည် ဦးတည်ချက်တစ်ခု ဖြစ်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများစွာက ပြင်ပပစ္စည်းများကို ရွှေအမြုတေများအဖြစ် ရွေးချယ်ထားတတ်သည်။ ပြင်ပပစ္စည်းများကို ရွှေအမြုတေများအဖြစ် အသုံးချကာ ကောင်းကင်နန်းတော်ထဲတွင် ထည့်ထားပြီးနောက် ထိုပြင်ပပစ္စည်းများသည် သူတို့၏ မွေးရာပါ ရတနာများ ဖြစ်လာကြသည်။
ဥပမာအနေဖြင့် ရွှီချင်း၏ သက်စောင့်မီးအိမ်များပင် ဖြစ်သည်။
ရွှေအမြုတေ ပုံဖော်ခြင်းသည်လည်း ဦးတည်ချက်တစ်ခု ဖြစ်သည်။ ထိုနည်းလမ်းသည် ကျင့်ကြံခြင်းအတတ်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ဖြစ်သည်။ ယင်းနည်းလမ်းသာ အောင်မြင်သွားပါက ကျင့်ကြံခြင်းအတတ် သို့မဟုတ် ဂါထာက ကြီးမားစွာ တိုးတက်သွားမည် ဖြစ်သည်။
ထို့ကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတိုင်း၏ ရွေးချယ်မှုများက မတူညီကြပေ။
ရွှီချင်း၏ အစီအစဉ်က အဆိပ်တားမြစ်ဆေးကို ရွှေအမြုတေအဖြစ် အသုံးပြုကာ တတိယမြောက် ကောင်းကင်နန်းတော်တွင် ထည့်သွင်းရန် ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် လူများစွာ ရှိနေပြီး အဆိပ်တားမြစ်ဆေးကို ထုတ်ရန် မလွယ်ကူပေ။ ထို့ကြောင့် အတန်ငယ် တွေးတောပြီးနောက် ရွှီချင်းသည် သူ စုပ်ယူလိုက်သော အင်မော်တယ်ချီများကို စတုတ္ထမြောက်ကောင်းကင်နန်းတော်တွင် ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူ ချက်ချင်း နားလည်သွားသည်။
စည်းခြားထားသည့်အလား အင်မော်တယ်ချီများက စတုတ္ထမြောက်ကောင်းကင်နန်းတော်ထဲသို့ မဝင်ရောက်နိုင်ပေ။
အင်မော်တယ်ချီများက စတုတ္ထမြောက်ကောင်းကင်နန်းတော်အပြင်ဘက်၌သာ ဆက်လက်စုစည်းနေပြီး စတုတ္ထမြေက်ကောင်းကင်နန်းတော်နှင့် မပေါင်းစည်းနိုင်ပေ။
ကောင်းကင်နန်းတော်များ၏ အဆင့်တက်ခြင်းသည် တစ်ဆင့်ချင်းသွားရသည်မှာ သိသာသည်။ ကောင်းကင်နန်းတော်တစ်ဆောင် ရုပ်လုံးပေါ်ပြီးသောအခါမှသာ ဒုတိယမြောက် ကောင်းကင်နန်းတော်သို့ ဆက်သွားနိုင်သည်။
ထိုသို့ မဟုတ်လျှင် ပုံရိပ်ယောင်သာ ဖြစ်နေမည် ဖြစ်သည်။
သို့သော်လည်း ယင်းသည် ပြဿနာမရှိပေ။ သူ ချက်ချင်း မပေါင်းစည်းနိုင်သေးပါသော်လည်း သူ၏အသိပင်လယ်ထဲတွင် သိုလှောင်ထားနိုင်သည်။ အဆိပ်တားမြစ်ဆေးကို တတိယမြောက်ကောင်းကင်နန်းတော်ထဲတွင် ထည့်လိုက်ပြီးနောက် ထိုအင်မော်တယ်ချီများကို စတုတ္ထမြောက်ကောင်းကင်နန်းတော်နှင့် ပေါင်းစည်းနိုင်မည် ဖြစ်သည်။
သူသည် ဆက်လက်စုပ်ယူနေရင်း သူ၏အသိပင်လယ်ထဲရှိ အင်မော်တယ်ချီများက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ သို့သော် ခဏအကြာ ရွှီချင်းကို အံ့အားသင့်သွားစေသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။
သူသည် ဆက်လက်စုပ်ယူနေရင်း သူ၏အသိပင်လယ်ထဲရှိ အင်မော်တယ်ချီများ သိပ်သည်းထူထပ်လာသည်နှင့်အမျှ သူ့အသိပင်လယ်ထဲမှာ တုပထားသော တစ္ဆေဧကရာဇ်တောင်ကြီးက ရုတ်တရက် တုန်ခါလာသည်။ ထိုတစ္ဆေဧကရာဇ်တောင်ကြီးသည် ဝေလငါးတစ်ကောင် ဝါးမျိုနေသည့်အလား ပြင်းထန်သော စုပ်အားများကို ထုတ်လွှတ်ကာ ဘေးပတ်လည်ရှိ အင်မော်တယ်ချီများကို ချက်ချင်း စုပ်ယူနေသည်။
ထိုသို့ စုပ်ယူလိုက်စဉ် တစ္ဆေဧကရာဇ်တောင်ကြီးက ပို၍ပင် ဝင်းလက်တောက်ပလာသည်။ အမှန်စင်စစ် မျက်နှာလက္ခဏာများ ရှိမနေခဲ့သော တစ္ဆေဧကရာဇ်တောင်ကြီး၏ မျက်နှာတွင် ဝိုးတဝါး ပုံကြမ်းများ ပေါ်လာသည်။
ထိုပုံကြမ်းကိုမူ ရွှီချင်းသည် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ယင်းသည် သူ့မျက်နှာဖြစ်ပုံရသည်။
သို့သော်လည်း ယခုအခါတွင် ဝိုးတဝါး ဖြစ်နေသေးသည်ဖြစ်၍ သူ မသေချာပေ။
ယင်းကြောင့် ရွှီချင်း အံ့အားသင့်သွားရပါသော်လည်း ယခုအခါတွင် များစွာ တွေးတောနေရန် အချိန်မရှိပေ။ အတန်ငယ် တွေးတောပြီးနောက် သူသည် စုပ်ယူခြင်းကို လက်မလျော့လိုက်ပေ။
ခဏအကြာတွင် သူ၏ညာလက်ထိထားသည့် ကိုယ်ပွား၏ နှာခေါင်းက ပို၍ ညိုမည်းလာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ သူ စုပ်ယူလိုက်သည့် အင်မော်တယ်ချီများသည်လည်း တစ္ဆေဧကရာဇ်တောင်ကြီးဆီသို့ အဆုံးအစမဲ့ တိုးဝင်သွားသည်။
ထိုတစ္ဆေဧကရာဇ်တောင်ကြီးက ရွှီချင်းကို အလွန်ထူးခြားသော ခံစားချက် ဖြစ်စေသည်။ ယင်းသည် ယခင်က သူ မြင်ခဲ့ရသည့် အစစ်အမှန် တစ္ဆေဧကရာဇ်တောင်ကြီးနှင့် ကွဲပြားပုံရသည်။
ထိုတစ္ဆေတောင်ကြီးသည် နန်ယွဲ့တစ္ဆေဧကရာဇ်တောင်ကြီးဆီမှ လာပါသော်ငြား သူ အားဖြည့်ပြီးနောက် သီးခြားဖြစ်သွားပုံရသည်။ ပို၍ အရေးကြီးသည်မှာ ထိုတစ္ဆေဧကရာဇ်တောင်ကြီးသည် အစစ်အမှန်အလား ဖြစ်လာပြီးနောက် သူနှင့် ခွဲခြား၍မရနုင်လောက်အောင် ဆက်နွယ်နေပုံရသည်။
ထိုတွေ့ရှိချက်ကြောင့် ရွှီချင်းမှာ ရင်တဒိန်းဒိန်း ခုန်သွားရသည်။ ထိုအပြောင်းအလဲကို သူ့ဆရာအား မေးမြန်းရန် သူ ဆုံးဖြတ်လိုက်သည်။
ရွှီချင်းမှာ တွေးတောနေစဉ် ခေါင်းဆောင်သည်လည်း အရူးအမူး စုပ်ယူနေသည်။ မကြာခင် နှာခေါင်း၏ကိုယ်ပွားက မည်းနက်လာပြီး နေရာများစွာအထိ ပျံ့နှံ့လာသည်။
တချိန်တည်းမှာပင် ဝတ်စုံနီအမျိုးသမီးသည် ခေါင်းဆီသို့ ရောက်လာသည်။ သူမသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို အေးတိအေးစက် ကြည့်လိုက်ပြီးနောက် ကိုယ်ပွား၏ မျက်ခုံးနှစ်ကြားတွင် ချက်ချင်း လှဲကာ စွမ်းအင်များကို စုပ်ယူလိုက်သည်။
သူမ၏ စုပ်ယူနှုန်းသည်လည်း အလွန် မြန်ဆန်သည်။ တံစဉ်ကြီးပေါ်ရှိ မိစ္ဆာတစ္ဆေကြီး ရုပ်လုံးပေါ်လာသည်။ ထိုတစ္ဆေကြီးက စုပ်ယူခြင်းကို အထောက်အကူပေးနေစဉ် ဝတ်စုံနီမိန်းမပျို၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်သည် သွေးရေကန်တစ်ကန်၏ အရိပ် ဖြစ်သည်။
ထိုသွေးရေကန် ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ ဖြာထွက်သွားပြီး ထိုကန်ထဲရှိ သွေးထဲတွင် ဖော်ပြရခက်သော မကောင်းဆိုးဝါးများ ကိန်းအောင်းနေသည့်အလားပင်။
ထိုသွေးရေကန် ပေါ်လာသည့်အခိုက် ရွှီချင်းက လှမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ရွှေကျီးကန်းကြီးသည်လည်း ရက်စက်ကြမ်းကြုတ်သောအလင်းများ ထုတ်လွှတ်လိုက်ပြီး မိန်းမပျိုနောက်ရှိ သွေးရေကန်ကို စူးစိုက်ကြည့်လိုက်သည်။
“ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်၊ အငွေ့အသက်တွေကို ကြည့်ရတာ ပထမအဆင့် မဟုတ်ဘူး။ ဒုတိယအဆင့်ပဲ ”
ရွှေကျီးကန်းကြီး၏ တုန့်ပြန်ပုံကြောင့် ရွှီချင်း ချက်ချင်း ဉာဏ်အလင်းပွင့်သွားသည်။ ဘေးရှိ ခေါင်းဆောင်သည်လည်း အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲ နားလည်ရခက်သော အရိပ်အယောင်များ ပေါ်လာကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ လီထူဂိုဏ်းက ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေကို ယုံကြည်ကိုးကွယ်တဲ့ မျိုးနွယ်ပေါင်းများစွာက မျိုးနွယ်ဝင်တွေနဲ့ ပြည့်နေတာ။ ကောလာဟလတွေအရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်လောက်က မြင့်မြတ်သောနယ်မြေကနေ ကံကြမ္မာစီရင်သူတစ်ယောက် ဆင်းသက်လာပြီး ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် အမွေမျိုးစေ့ကို လီထူဂိုဏ်းရဲ့ အခွဲကိုးခုကို ပေးခဲ့တယ်လို့ ဆိုတယ် ”
“ ဒါပေမဲ့ အဲဒီအတတ်တွေကို နားလည်ဖို့ သိပ်ခက်တယ်။ အဲဒီအတတ်တွေကို နားလည်နိုင်တဲ့လူ သိပ်နည်းတယ်။ အဲဒီအတတ်တွေထဲကမှ ရှေးဘုရင်ရွှမ်ယုံဆီက အမွေကို ငရဲလောကသွေးပင်လယ်လမ်းစဉ် လို့ ခေါ်တယ်။ အဲဒါက ထူးဆန်းတယ်။ ကျင့်ကြံသူတစ်ယောက်က မြန်မြန်ဆန်ဆန် တိုးတက်ချင်ရင် မြင့်မြတ်သောနယ်မြေကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်မှုတစ်ခါလုပ်တိုင်း သေခြင်းတရားနဲ့ ပိုပြီး နီးကပ်လာတယ် ”
ဝတ်စုံနီမိန်းမပျိုက ခေါင်းဆောင်ကို အေးတိအေးစက် လှမ်းကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်း မဆိုဘဲ ဆက်လက်စုပ်ယူလိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး သူ၏စုပ်ယူခြင်းကို အရှိန်တင်လိုက်သည်။ ရွှီချင်းသည်လည်း အတူတူပင်။
ထိုသို့ဖြင့် သူတို့သုံးယောက်သည် ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားမျက်နှာပေါ်တွင် အရူးအမူး စုပ်ယူလိုက်ကြသည်။ ခဏအကြာ နှာခေါင်းနှင့် မျက်ခုံးမွေးနှစ်ခုကြား နေရာမှ စတင်၍ မျက်နှာက ညိုမည်းလာသည်။ ထိုအညိုအမည်းကြောင်းများ ဆက်စပ်သွားသောအခါ ဝိညာဉ်သခင်မယုံကျင်း၏ မျက်နှာက လူသေတစ်ယောက်၏ မျက်နှာအလား ညိုမည်းသွားသည်။
အမှန်စင်စစ် တချို့နေရာများတွင် မည်းနက်နေသည့် လက္ခဏာများပင် ရှိသည်။
ထိုသည်ကို မြင်၍ ရွှီချင်းက ရပ်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်တွင် ထွက်သွားသည်က သင့်တော်သည်ဟု သူ ခံစားရသည်။ ယခုအတိုင်းသာ ဆက်သွားနေပါက ကိုယ်ပွား၏ မျက်နှာကြီး မည်းနက်သွားသည်နှင့် သိသာထင်ရှားသွားမည် ဖြစ်သည်။
ထိုအတွေးကြောင့် ရွှီချင်းသည် ခေါင်းမော့၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူသည် ခေါင်းဆောင်ကို အကြည့်ဖြင့် အချက်ပြလိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
ခေါင်းဆောင်သည် ရွှီချင်း၏အကြည့်ကို မြင်လိုက်ရပြီး ဆက်လက်စုပ်ယူနေသေးသော ဝတ်စုံနီမိန်းမပျိုကို ကြည့်ကာ ယခုတစ်ခေါက်တွင် ဓားစာခံက သူ ဖြစ်တော့မည် မဟုတ်ကြောင်း တွေးလိုက်သည်။
ထို့ကြောင့် ကိုယ်ပွား၏ နှာခေါင်းဆီမှ ထွက်သွားရန် ပြင်လိုက်သည်။ ပြင်းထန်သော တွန်းကန်အားအောက်တွင် သူ၏ခန္ဓာကိုယ်က မနီးမဝေးသို့ ရုတ်တရက် လိမ့်သွားသည်။ ရွှီချင်းသည်လည်း ခုခံနေသည်ကို ရပ်ရန်ပြင်လိုက်စဉ် ထိုအချိန်၌ …
ကိုယ်ပွား၏ ညိုမည်းနေသော မျက်နှာမှ ရွှေရောင်အလင်းတစ်စ ရုတ်တရက် ဖြာထွက်လာသည်။ ယင်းသည် ရွှေရောင်သွေးစက်တစ်စက် ဖြစ်သည်။
“ ဗလာနတ္ထိတာအိုသွေး ”
တွန်းကန်အားကြောင့် မနီးမဝေးသို့ လွင့်ထွက်သွားသော ခေါင်းဆောင်သည် ထိုဖြစ်ရပ်ကို မြင်သောအခါ သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။ သူ အရူးအမူးဖြစ်သွားပြီး အပြေးအလွှား သွားရန် ကြိုးစားလိုက်ပါသော်ငြား အချိန်တိုအတွင်း မသွားနိုင်သည်မှာ သိသာသည်။
ရွှီချင်းသည်လည်း စိတ်ထဲ တုန်ရီသွားသည်။ သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးသည်လည်း ထိုသွေးစက်မှ ဆွဲဆောင်နေသည့်အလား အပြင်းအထန် တုန်ရီလာသည်။
ဝတ်စုံနီမိန်းမပျို၏ အသက်ရှူသံများ မြန်ဆန်လာပြီး စူးရှသောအလင်းများဖြင့် ဝင်းလက်လာသည်။ ဝတ်စုံနီမိန်းမပျိုသည် လှစ်ခနဲ ခုန်လိုက်ပြီး ရွှေရောင်သွေးစက်ဆီသို့ တဟုန်ထိုး သွားလိုက်သည်။
ဝတ်စုံနီမိန်းမပျိုက မြန်ဆန်ပါသော်ငြား ရွှီချင်းက ပို၍ မြန်နေပေသည်။